အခန်း (၃၃၇)
Vol. 23 Ch. 337
“အန်း ဘ၀ဆိုတာက ပြဇာတ်တစ်ခုလိုပါပဲ။ လူတိုင်းက အကောင်းဆုံးကပြဖျော်ဖြေလိုကြတယ်။ ဒါပေမယ့် ပြပွဲပြီးသွားပြီဆိုရင်တော့ဖြင့် အတော်ဆုံးလူတစ်ယောက်ကပဲ ဆုလာဘ်ကို ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူးလား...”
၀ိုင်၊ ရွှေခွက်၊ ရွှေယက်တောင်၊ ရွှေ၀တ်ရုံတို့ဖြင့် လူတစ်ယောက်သည် ကောင်းကင်ပေါ်တွင်ရှိသောအမဲရောင်တိမ်တိုက်များကြားထဲတွင် ပုန်းအောင်းနေ၏။ ထိုလူမှာ ဇီးနစ်အင်ပါယာ၏နံပါတ်၁ခရီးသွားကဇျာဆရာ မတ်-ရာဇီပင်။ သူ၏ကဗျာစွမ်းများကို ပြသနေသည့်အတိုင်းပင် အရသာရှိသည့်၀ိုင်များကို သောက်ရင်းဖြင့် စကားလုံးများကိုကျယ်လောင်စွာရွတ်ဆိုလိုက်၏။
မတ်-ရာဇီ၏ဘေးတွင် ကောင်းကင်ပေါ်တွင်ရပ်နေသည့် ပိန်ပိန်ပါးပါးနှင့်လူတစ်ယောက်လဲရှိနေ၏။ ထိုလူသည် အညိုရောင်၀တ်စုံတစ်ခုကို ၀တ်ဆင်ထားပြီး သူ၏အောက်တွင်ရှိနေသည့် တိုက်ပွဲကို တိတ်ဆိတ်စွာဖြင့်ကြည့်နေလျှက်ရှိသည်။
“ဒီကောင်လေး...ဟားဟားဟားဟား စိတ်၀င်စားစရာပဲ။ အဲ့မျက်နှာဖုံး၀တ်ထားတဲ့ကောင်လေးက ချမ်းဘော့ဒ်ဘုရင်ပဲမလား။ အန်း ခံစားချက်ကတော့လုံး၀ကို မတူညီတော့ဘူး။ နောက်ပြီးတော့ သူ့ရဲ့ တိုက်ခိုက်မှုစတိုင်ကလဲပြောင်းလဲသွားတယ်။ ချက်ချင်းကို မှော်အစီရင်တွေကို ထုတ်သုံးနေတာ။ အတော်တူတာပဲ။ ကျွန်တော်ဒီလိုထူးဆန်းတဲ့အရာတစ်ခုနဲ့မကြုံရတာ အတော်လေးတောင်ကြာနေပြီ။ အဖိုကြီး ခင်ဗျားတစ်ခုခုပြောနိုင်လား။ ခင်ဗျားကျွန်တော်ပြောတာကို နားမထောင်ချင်ရင်တောင် အနည်းဆုံးကျွန်တော့ကိုတော့ပေးသိသင့်တယ်မလား...” မတ်-ရာဇီသည် ရည်ရွယ်ချက်ရှိရှိဖြင့်ပြောလိုက်၏။
ပိန်ပိန်ပါးပါးနှင့်လူသည် သူ့ဘက်သို့လှည့်ကာ ကြည့်လိုက်၏။
“နန်းတော်ထဲကအဲ့လူက ဘယ်တော့နေပြန်ကောင်းနိုင်မလဲ...” မတ်-ရာဇီသည် ၀ိုင်ကို တစ်ချက်မော့သောက်လိုက်ရင်းဖြင့် စကားလမ်းကြောင်းပြောင်းလိုက်၏။
“မသေချာဘူး...”
“တကယ်ကြီးလား...ခင်ဗျားလဲမသိဘူးပေါ့။”
“ဟုတ်တယ်”
“ဟေး ကျွန်တော်တို့ပြန်ကြရအောင်ဗျာ။ ခင်ဗျားအဲ့လိုကြီးပြန်မဖြေလို့မရဘူးလား။ ကျွန်တော်တို့က တစိမ်းတွေကျနေတာပဲ...”
“အင်း..”
“....”
.....
“ဟီးဟီးဟီး သူ့မှာက လျို့၀ှက်ချက်တွေပိုပြီးရှိနေသေးတဲ့ပုံပဲ။ သူ့လက်အောက်မှာ အဲ့လိုမှော်ဆရာတစ်ယောက်လဲရှိနေသေးတာပဲ။ ဒါမမဟုတ် အဲ့မှော်ဆရာက သူများလား။ ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့မှော်ဆရာလဲ။ သူက ကြယ်ငါးလုံးအဆင့်စစ်သည်ရဲ့တိုက်ခိုက်မှုတွေနဲ့ညီမျှတဲ့ မီးလုံးတွေကို ဆက်တိုက်သုံးပြီးပစ်ခတ်နိုင်နေတာပဲ။ ဒီလိုပုံနဲ့ဆို သူက ကြယ်ခြောက်လုံးအဆင့်မှော်ဆရာတစ်ယောက်ပဲဖြစ်မယ်...”
ခြောက်ထပ်မြောက်အထပ်တစ်ခုတွင်ပဲရစ်သည် ပြတင်းပေါက်တစ်ခုအရှေ့တွင် ရပ်နေရင်းဖြင့် ရေရွတ်ကာပြုံးလိုက်မိသည်။
သူမ၏နောက်တွင် စားပွဲခုံတစ်ခုရှိနေ၏။ စားပွဲခုံပေါ်တွင် ၀ိုင်ပုလင်းများတင်ထားပြီး စားပွဲဘေးတွင် ယောက်ျားတစ်ယောက်ထိုင်နေသည်။
ဤလူသည် အလွန်ရိုးရှင်းသည့်၀တ်စုံတစ်ခုကို၀တ်ဆင်ထားသော်လည်း သူ့ကိုကြည့်ရသည်မှာ အလွန်ခမ်းနားထည်၀ါလျှက်ရှိသည်။ အနီရောင်ခေါင်းစီးကွင်းတစ်ခုနှင့် ချည်နှောင်ထားသည့် အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွှင့်ပျံနေလျှက်ရှိသည်။ သူ၏အသားရေသည် ချောမွေ့ကာဖြူဖွေးနေ၏။ သူ၏နှာတံမှာလည်း ဖြောင့်ဆင်းနေပြီး သူ၏မျက်လုံးများသည်လည်း တောက်ပနေသည်။ ကမ္ဘာပေါ်တွင်ရှိသမျှအလှတရားတို့သည် ဤယောက်ျား၏ခန့်ညားမှု၏ ၀.၀၁ရာခိုင်နှုန်းခန့်သာရှိသည်ဟုဆိုနိုင်၏။ သူသည် ၀ိုက်ခွက်တစ်ခုကို ညင်သာစွာဖြင့်ကိုင်ဆွဲလိုက်သည်။
ဤ၀ိုင်ခွက်အတွင်းတွင် အရည်သွေးမြင့်၀ိုင်များပါ၀င်နေ၏။ ၀ိုင်၏ရနှံ့မှာ အခန်းတစ်ခုလုံးကို အိမ်မက်ဆန်နေစေသည်။
သို့သော် ဤ၀ိုင်သည် လူတစ်ယောက်အတွက်မဟုတ်ပေ။
ခွေးတစ်ကောင်အတွက်သာဖြစ်၏။
နောက်ခြေထောက်နှစ်ဖက်လုံးမရှိတော့သည့် ခွေးလေးတစ်ကောင်သည် ဤခန့်ညားသောလူ၏လက်ထဲတွင်ရှိနေ၏။ သူသည် ၀ိုင်ခွက်အတွင်းမှာ၀ိုင်များကို လျှာဖြင့်ယက်နေရင်းဖြင့် သူ၏သခင်ကို ရံဖန်ရံခါတွင်စိတ်လှုပ်ရှားစွာဖြင့်မော့ကြည့်လျှက်ရှိသည်။ ဤခွေးသည် ရှားပါးမျိုးစိတ်တစ်ခုမဟုတ်ချေ။ ဤခွေးနှင့်နှိုင်းယှဥ်ကြည့်ပါက သာမန်လမ်းဘေးခွေးတစ်ကောင်ကပင် ပိုပြီးချစ်စရာကောင်းလိမ့်မည်ဖြစ်၏။
“ဟေး ဖြေးဖြေးသောက်ပါဟ...” ခန့်ညားသည့်လူငယ်သည် ပြုံးကာ ခွေး၏ခေါင်းကို အသာယာပုတ်လိုက်၏။ သူသည် မိတ်ဆွေဟောင်းတစ်ဦးနှင့် စကားပြေနေသကဲ့သို့ပင်။
ဤလူငယ်၏နောက်တွင် ဂရန်နယ်လိုသည် သံမဏိချပ်၀တ်တစ်ခုကို ၀တ်ဆင်ထားကာ ရပ်လျှက်ရှိနေ၏။ သူ၏ခန္ဓာကိုယ်သည် လှံတံတစ်ချောင်းကဲ့သို့ပင် ထောင်မက်နေပြီး သူသည် ပတ်၀န်းကျင်သို့သတိအပြည့်ဖြင့်စောင့်ကြည့်နေလျှက်ရှိသည်။ သူ၏လက်များသည် သူ၏ဓားရိုးအနီးတွင်သာရှိနေ၏။
ဂရန်နယ်လိုအပြင် လှံတံတစ်ချောင်းကဲ့သို့ပင် ထောင်မက်စွာရပ်နေသည့် တစ်ခြားလူတစ်ယောက်လဲရှိနေ၏။
သို့သော် ထိုယောက်ျားသည် ပဲရစ်၏ဘေးတွင်ရပ်နေခြင်းဖြစ်သည်။
ထိုလူမှာ သူရဲကောင်းနန်းတော်၏အဆင့်၁၀ပါးကွပ်သားသူရဲကောင်းဖြစ်သည့် ခရစ်-ဆူတွန်ပင်။ သူသည် ပဲရစ်အားခန်းမဆောင်ထဲတွင် တစ်ဦးတည်းသောရှိနေသည့်လူကဲ့သို့စိုက်ကြည့်နေ၏။ ဂရုစိုက်မှု...အချစ်များသည် သူ၏မျက်လုံးများထဲတွင်ရှိနေသည့် စိတ်ခံစားမှုများပင်။
“ဟေး ခရစ်။ မင်းပဲရစ်ကို တစ်ခြားနည်းနဲ့ရောကြည့်လို့မရတော့ဘူးလား။ အဲ့တာက မဟုတ်သေးပါဘူးကွာ။ ငါနဲ့ အိုကာတို့တောင်အန်ချင်လာပြီ” ခြေမသန်သည့်ခွေးလေးနှင့် ဆော့ကစားနေသည့် ခန့်ညားသောလူငယ်သည် ရုတ်တရက်ရယ်မောလိုက်သည်။
ခြေထောက်နှစ်ဖက်မပါရှိသည့် ခွေးလေး၏နာမည်မှာ အိုကာပင်။
ထိုလူ၏နာမည်မှာလည်း အိုကာပင်ဖြစ်သည်။
အိုကာ-ဒိုမင်ဂူပင်။
အင်ပါယာအရှင်သခင်ယရှင်းပြီးပါက အရှိန်၀ါကြီးဆုံးလူတစ်ယောက်ဖြစ်သည့် ဇီးနစ်အင်ပါယာ၏ ဒုတိယမင်းသားဖြစ်၏။
“အမ်...ကောင်းပါပြီ။” ဆူလ်တွန်သည် တစ်ဖက်သို့လှည့်လာပြီး သူ၏၀တ်ရုံကိုအသုံးပြုကာ ဒိုင်မင်ဂူ၏အမြင်ကိုပိတ်ပင်လိုက်သည်။ မင်းသားနှင့် ခွေးတို့ သူ၏အမူယာတို့ကိုမမြင်နိုင်တော့စေရန်ဖြစ်၏။
ဤမြင်ကွင်းသည် ဒိုမင်ဂူသည် ဆွံ့အသွားစေကာ သူ၏နဖူးကိုသူပုတ်လိုက်မိ၏။
“အိုကာ အရှင်ဒီကိုလာပြီး ကျွန်မတို့ရဲ့မိတ်ဆွေတိုက်ခိုက်နေကို မကြည့်တော့ဘူးလား။ အတော်စိတ်၀င်စားစရာကောင်းတယ်...” ပြတင်းပေါက်နားတွင်ရပ်နေသည့် ပဲရစ်သည် မင်းသားဒိုမင်ဂူကို လက်၀ှေ့ရမ်းပြလိုက်သည်။ သူမ၏အမူယာမှာ အလွန်ရိုးရှင်းလှသဖြင့် သူမသည် အင်ပါယာအရှင်သခင်၏သားတော်တစ်ယောက်အစား သူငယ်ချင်းတစ်ယောက်ကို ပြောနေသည့်အတိုင်းပင်။
“အဲ့တိုက်ပွဲက ပျင်းစရာကြီးပါ။ နင့်ပါနင်ပဲ ကြည့်နေလိုက်။ ငါပင်ပန်းနေလို့ တရေးလောက်အိပ်လိုက်ဦးမယ်။ ဒါတွေအကုန်ပြီးမှ ငါ့ကိုလာနိုးလိုက်တော့။” ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ဒိုမင်ကူသည် လက်များနှင့် ဦးခေါင်းကို စားပွဲခုံပေါ်တွင်မှောက်ကာ အိပ်လိုက်တော့၏။ သူသည် သူ၏ပုံရိပ်ကို ဂရုစိုက်ခြင်းမရှိပေ။ “တကယ်ကြီးလား..ငါ့ကမင်းသားတစ်ပါးလေ။ ငါ့နန်းတော်ထဲမှာပဲ အလှလေးတွေအများကြီးနဲ့အိပ်နေသင့်တာ။ အခုတော့ တိုက်ပွဲတစ်ခုကြည့်ဖို့ ဒီကိုခေါ်လာခံရတာပဲ...ပျင်းစရာကောင်းလိုက်တာ..” သူရွတ်လိုက်၏။
သို့သော် သူသည် အလွန်ခန့်ညားသည့်လူတစ်ယောက်ဖြစ်သည့်အတွက် သူအိပ်နေသည့်ပုံမှာလည်း အလွန်ဆွဲဆောင်မှုရှိလှ၏။
သူ၏လက်ထဲတွင် ခွေးလေးအိုကာသည်လည်း ၀ိုင်များအားလုံးကိုသောက်ပြီးဖြစ်၏။ သူ၏မျက်လုံးကြီးများကို ပိတ်ထားကာ သူသည် အရက်သမားတစ်ယောက်ကဲ့သို့ပင်။
ကျယ်လောင်သည့်တိုက်ပွဲဆူညံသံများကြားထဲတွင် မင်းသားနှင့် သူ၏ခွေးတို့မှာ အမှန်တကယ်ပင် အိပ်ပျော်သွားတော့၏။
.....
.....
“မင်း...စောက်ကြောက်။ အမှိုက်သရိုက်ပဲ။ မင်းမှာ မှော်ဆရာတစ်ယောက်ရဲ့ဂုဏ်သရေရှိတယ်ဆိုရင် မင်းရပ်လိုက်ပြီးတော့ ငါနဲ့လာရင်ဆိုင်စမ်းပါ...”
သွေးစွန်းဂိုဏ်းခေါင်းဆောင်မှာ အလွန်ဒေါသဖြစ်နေသဖြင့် သွေးများအန်ထွက်တော့မည်ဖြစ်သည်။
သူသည် ဤမှော်ဆရာအားလိုက်ခံတိုက်ခိုက်ရန်ကြိုးစားနေသော်လည်း ဤထူးဆန်းသည့်မျက်နှာဖုံးနှင့် မှော်ဆရာသည် သူ၏မှော်ဆရာများအပေါ်တွင်ထားရှိသည့်အမြင်ကို ပြောင်းလဲသွားစေ၏။
သူ၏ရန်သူသည် မြေခွေးကဲ့သို့ပင်ကောက်ကျစ်လွန်းလှသည်။ ထိုမှော်ဆရာသည် သူနှင့်တိုက်ခိုက်ရန်အတွက် အစီစဥ်ရှိပုံမရပေ။ မီးများလောင်နေသည့်အဆောက်ဦးထဲတွင် ပတ်ပြေးနေ၏။ သူသည် အလွန်လျှင်မြန်လှပြီး ရေမှော်စွမ်းအင်များအသုံးပြုကာ မီးငြိမ်းရန်ကြိုးစားနေကြသည့် သွေးစွန်းဂိုဏ်းမှ မှော်ဆရာများကို မီးလုံးများဖြင့်ပစ်ပေါက်သတ်ဖြတ်လျှက်ရှိပြီး အဆောက်ဦးကို မီးလိုက်ရှို့နေ၏။ ပို၍ထိတ်လန့်ဖွယ်ကောင်းသည်မှာ သူခြေလှမ်းလှမ်းလိုက်သည့်နေရာတိုင်းတွင် မီးတောက်များထွက်ပေါ်လာခြင်းပင်။ မကြာမှီတွင် သွေးစွန်းဂိုဏ်းဌာနချုပ်တစ်ခုလုံးသည် မီးတောက်များဖြင့်ပြည့်နှက်သွားတော့၏။
အသုံးမ၀င်လှချေ။
ဤမှော်မီးတောက်များမှာ ငြိမ်းသက်ရန်ခက်ခဲလှသည်။
တဖြည်းဖြည်းဖြင့် မီးတောက်များသည် ကြီးမားသည်ထက်ပို၍ကြီးမားလာသဖြင့် သွေးစွန်းဂိုဏ်းသားများစတင်၍ဆုတ်ခွာလာကြတော့၏။
“ဟေ့ကောင်တွေ အဖွဲ့ဖွဲ့ပြီးတော့ အရေးကြီးဆုံးအဆောက်ဦးတွေကို ကာကွယ်ကြ။ ရေစွမ်းအင်သုံးမှော်ဆရာတွေက မီးငြိမ်းဖို့ကြိုးစားကြတော့။” သွေးစွန်းဂိုဏ်းခေါင်းဆောင်သည် အော်ဟစ်ကာအမိန့်ပေးလိုက်၏။ “မိနစ်အနည်းငယ်လောက်တောင်ခံထားကြ။ အင်ပါယာစစ်သည်တွေမကြာခင်ရောက်လာကြလိမ့်မယ်...”
“မင်း ရပ်လိုက်စမ်း။ မင်းက မှော်ဆရာတွေအားလုံးရဲ့ဂုဏ်သိက္ခာကို အရှက်ရစေတဲ့ကောင်ပဲ။ မင်းစောက်ကြောက်...” ခေါင်းဆောင်သည် အော်ဟစ်ကာ ပို၍ဆိုး၀ါးအောင်ဖန်တီးနေသည့် ဖှေးအနောက်သို့ ဆက်လိုက်နေ၏။
ကြယ်ခြောက်လုံးအဆင့်မှော်ဆရာတစ်ယောက်ကို ဌာနချုပ်ထဲတွင် မှော်အစွမ်းများလွတ်လွတ်လပ်လပ်အသုံးပြခိုင်းထားခြင်းသည် မိမိကိုယ်မိမိသတ်သေခြင်းကဲ့သို့ပင်။
မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် ကြယ်ခြောက်လုံးအဆင့်မှော်ဆရာများသိပ်ပြီးမရှိလှချေ။ ရှိသည့်မှော်ဆရာများအားလုံးသည်လည်း ထင်ရှားကျော်ကြားသူများဖြစ်ကြသည်။ သွေးစွန်းဂိုဏ်းသည် ထိုမှော်ဆရာများအမြင်ကြည်စေရန်အတွက် လက်ဆောင်များစွာပေးကာ ကြိုးစားခဲ့ပြီးဖြစ်သည်။ ထိုမှော်ဆရာများနှင့် ရင်းနှီးသည့်ဆက်ဆံရေးမျိုးမရှိသော်လည်း သူတို့အဖွဲ့အားရန်လိုမှုမရှိကြချေ။ ထို့အပြင် မှော်ဆရာများသည် သူတို့၏ပုံရိပ်ကို အလွန်ဂရုစိုက်ကြသည့်လူများဖြစ်ပြီး ဤမှော်ဆရာပြုလုပ်နေသည့် အရာများကို လုံး၀ပင်ပြုလုပ်ကြလိမ့်မည်မဟုတ်ပေ။ သူ၏အရှေ့တွင်ရှိနေသည့် မှော်ဆရာသည် သူခိုးတစ်ယောက်ကဲ့သို့ပင်။
“မှော်အစွမ်းတွေကို ချက်ချင်းအသုံးပြုနိုင်နေတဲ့ အဲ့နတ်ဆိုးက ဘယ်သူလဲ...”
“မဟုတ်မှလွဲရော...”
ဖြစ်နိုင်ချေအရှိဆုံးလူတစ်ယောက်သည် ခေါင်းဆောင်၏ခေါင်းထဲတွင်ပေါ်လာကာ သူ၏အမူယာသည်လည်း အေးစက်သွားတော့သည်။
ဤအခိုက်တန့်တွင်...
“ခင်ဗျားက ကျွန်တော်နဲ့တိုက်ခိုက်ချင်လို့လား...”
ပတ်ပြေးနေသည့်မှော်ဆရာသည် စစ်သည်ရုပ်တုပေါ်တွင်ရပ်လိုက်၏။ သူ၏ခြေထောက်အောက်တွင်ရှိနေသည့်မီးတောက်များသည် ချက်ချင်းပင်ကျောက်တုံးများကို စွဲလောင်လိုက်သည်။ မီးတောက်များသည် အလွန်ကြောက်စရာကောင်းလှပြီး ဤကမ္ယာပေါ်တွင် ရှိသမျှအရာအားလုံကို ပြကျသည်အထိစွဲလောင်နိုင်သကဲ့သို့ပင်။ ဤမှော်ဆရာသည် ရယ်မောလိုက်သည်။ “ဟားဟား ကောင်းပြီလေ။ ကျွန်တော် ခင်ဗျားကိုအခွင့်ရေးတစ်ခုပေးလိုက်မယ်။ ခင်ဗျားဒီတိုက်ခိုက်မှုကို ခံနိုင်တယ်ဆိုရင်တော့ ကျွန်တော်ချက်ချင်းထွက်ခွာသွားပေးမယ်။” ထို့ကဲ့သို့ပြောပြီးသည့်နောက်တွင် သူ၀တ်ဆင်ထားသည့်လျို၀ှက်သည့်မျက်နှာဖုံးမှ လှိုင်းငယ်များထလာတော့၏။
ခမ်းနားသည့် မှော်စွမ်းအင်အရှိန်၀ါတို့သည် ဤမှော်ဆရာထံမှာစတင်၍ထွက်ပေါ်လာတော့သည်။
ဤနေရာတွင်ရှိနေသည့် မီးတောက်များအားလုံးဆင့်ခေါ်ခြင်းကို ကြားလိုက်သကဲ့သို့ပင်။ သူတို့အားလုံးဤမှော်ဆရာထံသို့ တောက်လောင်လာကြ၏။
လေးနက်သည့်အမူယာတစ်ခုဖြင့် သွေးစွန်းဂိုဏ်းခေါင်းဆောင်သည် သူ၏စွမ်းအားများကို အာရုံစိုက်လိုက်ပြီး ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန်ပြင်ဆင်လိုက်သည်။ ဤမှော်ဆရာသည် တစ်ခြားအဆင့်တစ်ခုတွင်ရှိနေမှန်းသိရှိသည့်အတွက် သူ၏ကြွက်သားများတင်းမားနေ၏။ သူသည် အတွင်းအားများကို အလွန်ပင်အာရုံစူးစိုက်ထားပြီး သူ၏၀ိဉာဥ်စွမ်းအား၊ ရုပ်ပိုင်းဆိုင်ရာခွန်အားတို့မာ အမြင့်ဆုံးသို့ရောက်ရှိနေပြီဖြစ်သည်။ သူသည် ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် အသင့်ဖြစ်နေ၏။