← Chapters

အခန်း (၃၄၁)

Vol. 23 Ch. 341

အခန်း (၃၄၁)

Vol. 23 Ch. 341

သို့သော် ဖှေးသူ၏လောဘများကို ထိန်းချုပ်လိုက်၏။

သူသွေးစွန်းဂိုဏ်းကို သိမ်းပိုက်နိုင်ခဲ့ရသည့်အကြောင်းအရင်းမှာ ပဲရစ်စီစဥ်ပေးခဲ့သည့်အတွက်ပင်ဖြစ်သည်။ ဖယ်လွန်မိသားစုအပါ၀င် အင်အားကြီးအဖွဲ့စီးကြီးများသည် ဤရက်စက်သည့်ကြေးစားစစ်သည်အဖွဲ့ကို စွန့်ပယ်ခဲ့ကြသည်။ ဤအတွက်ကြောင့်ပင် ဖှေးသည် အင်ပါယာစစ်သည်များ၊ အင်ပါယာကင်းလှည့်တပ်ဖွဲ့များ လာရောက်နှောင့်ယှက်ခြင်းမခံရပဲတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည််။ သဘောတူညီမှုအရ ဖှေးသည် သိမ်းပိုက်ရရှိသည့်ပစ္စည်းများထဲမှာ ၃၀ရာခိုင်နှုန်းကိုယူဆောင်ခွင့်ရှိသည်။ သူသည် ပစ္စည်းများအားလုံးကိုတစ်ယောက်ထဲသိမ်းပိုက်လာပါက တစ်ခြားအဖွဲ့စည်းများသည် ဒေါသဖြစ်ကြလိမ့်မည်ဖြစ်သည်။ ဖှေးသည် ကြောက်ရွံ့သည်မဟုတ်သော်လည်း ဤကဲ့သိုဖြစ်ရန်မှာ မတန်လှချေ။

အင်ပါယာတစ်ခုလုံးသူနှင့် ရန်သူများဖြစ်သွားလိမ့်မည်ကို သူမလိုလားချေ။

ထို့အပြင်ဖှေးသည် ကမ္ဘာပေါ်တွင်မရှိသင့်သည် ဟိုရာဒရစ်ကုဗတုံးကို ပိုင်ဆိုင်ထားသည်။ ထိုကုဗတုံးကို အသုံးပြုပြီး ဖှေးသည် အဆင့်နိမ့်မှော်တလင်းကျောက်များကို အဆင့်မြင့်မှော်တလင်းကျောက်များအဖြစ်ပြောင်းလဲနိုင်စွမ်းရှိသည်။ ထို့ကြောင့် သာမန်ကြွယ်၀မှုများသည် ဖှေးကို သိပ်ပြီးစိတ်၀င်မစားစေပေ။

ဖှေးသည် ပထမတောင်ကြီးထံမှ ရွှေဒင်္ဂါးတစ်ပြားမှပင် ယူဆောင်ခြင်းမရှိပေ။

သူသည် ရွှေများ၊ ကျောက်စိမ်းများပုံထားသည့် တောင်များဘေးမှ လမ်းလျှောက်သွား၏။

ထိုတောင်များနောက်တွင် ပို၍အထင်ကြီးဖွယ်ကောင်းသောပစ္စည်းများပင် ရှိနေသေး၏။

လက်နက်ပစ္စည်းများပင်။ ထိုပစ္စည်းများသည် ရှားပါးသည့်ထိပ်တန်းအဆင့်လက်နက်များနှင့် ချပ်၀တ်များပင်။ ဖှေး ထိုလက်နက်များထဲမှာ ဓားရှည်တစ်လက်ကို ယူကြည့်လိုက်ပြီး လေထဲတွင် ၀ှေ့ရမ်းကြည့်လိုက်သည်။ အေးစက်သည့်စွမ်းအင်များသည် ပတ်၀န်းကျင်သို့ပြန့်နှံ့သွားပြီး ဓားသွားသည် လေထုထဲတွင် ငွေကြိုးမျှင်တစ်ခုကဲ့သို့ ကခုန်လျှက်ရှိသည်။

“အတော်ကောင်းတဲ့ဓားပဲ။”

ဖှေးဤဓားကို ထုလုပ်ခဲ့သည့်ပန်းပဲဆရာကိုပင်လေးစားမိသွား၏။

သူသည် ဓားကိုပြန်ချလိုက်ပြီး ကျန်ရှိနေသည့်လက်နက်ပစ္စည်းများကို ကောက်ယူကြည့်လိုက်သည်။ ဤအရာများအားလုံးသည် ထိပ်တန်းပန်းပဲဆရာများကိုယ်တိုင်ထုလုပ်ထားသည့် ချွန်ထက်ခိုင်မာသောလက်နက်များပင်။ ချပ်၀တ်များသည်လည်း လူခန္ဓာကိုယ်၏သေစေနိုင်သောအဓိကနေရာများကို ကောင်းမွန်စွာကာကွယ်ထားသည်။ သံမဏိပြားများတစ်ခုနှင့်တစ်ခုဆက်သည့်နေရာတွင် လှုပ်ရှားရလွယ်ကူ၍ ခိုင်မာစေရန်အတွက် နတ်ဆိုးသားရဲများ၏သားမွှေးဖြင့် ဖြည့်တင်းထားသည်။ ဤကဲ့သို့အနုစိတ်သေချာစွာပြုလုပ်ထားသည့်ချပ်၀တ်များသည် ပေါ့ပါးပြီးကောင်းမွန်သည့်ခုခံမှုမျိုးကို ပေးအပ်နိုင်၏။ ဇီးနစ်အင်ပါယာ၏စစ်အင်အား၁၀ဖွဲ့နှင့် အင်ပါယာတော်၀င်အစောင့်စစ်သည်များထဲမှ လူနည်းစုတစ်ချို့ပင်ဤကဲ့သို့သောချပ်၀တ်များကို ၀တ်ဆင်နိုင်ကြသည်။

သို့သော် ဖှေးသည် သိပ်ပြီးစိတ်၀င်စားခြင်းမရှိပေ။ သူသည် လက်နက်များကို ပြန်ချကြည့်လိုက်ပြီး အရှေ့သို့ဆက်လက်လမ်းလျှောက်လာ၏။

ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထဲတွင် အကန့်သက်မဲ့သော နတ်ဆိုအကြွင်းကျန်များနှင့် မဟူရာသတ္တုတို့ရှိနေသည်။ ချယ်စီ၏ အဆင့်မြင့်ပန်းပဲအရည်ချင်းနှင့်ဆိုပါက ဤကဲ့သို့အဆင့်ရှိသည့် လက်နက်ချပ်၀တ်ပစ္စည်းများကို လွယ်ကူစွာပင်ပြုလုပ်နိုင်သည့်အတွက်ပင်။ ချယ်စီထုလုပ်သည့်လက်နက်များသည် ဤလက်နက်များထက်ပင် အဆပေါင်းများစွာကောင်းမွန်နေသေး၏။ ထို့ကြောင့် ဖှေးသိပ်ပြီးဂရုမစိုက်ခြင်းပင်။

လက်နက်တိုက်၏အနောက်တွင် စာအုပ်စဥ်ခြောက်ခုရှိနေ၏။

ဤအရာသည်ဖှေးကို အံ့သြသွားစေသည်။ “ဒီဓားမြတွေက စာဖတ်ရတာကိုလဲစိတ်၀င်စားသေးတာပဲ...” သူတွေးလိုက်မိသည်။

သို့သော် စာအုပ်နာမည်များကို ကြည့်ပြီးသည့်အချိန်တွင်မှ ဖှေးအကြောင်းစုံကို နားလည်သွားတော့၏။

စာအုပ်စဥ်ပေါ်တွင်ရှိနေသည့်စာအုပ်များသည် အတွင်းအားကျင့်စဥ်စာလိပ်များပင်ဖြစ်ပြီး ဤကျင့်စဥ်စာလိပ်များသည် အတော်အတန်အဆင့်မြင့်သည့် စာလိပ်များဖြစ်ကြ၏။ ဤကျင့်စဥ်စာလိပ်များတွင် ကောင်းမွန်သည့်ထိခိုက်စေမှုများကို ပေးနိုင်သည့်သိုင်းကွက်များလဲပါရှိနေသည်။ အထူးသဖြင့် နတ်ရှိုင်းသည့်အနံသက်တမျိုးရှိသည် နောက်ဆုံးစာအုပ်စဥ်ပေါ်တွင်ဖြစ်သည်။ ဤသည်မှာ အတော်အလွန်ရှားပါးသည့် မှော်ဆရာကျင့်စဥ်စာလိပ်များပင်။ ထိုစာလိပ်များထဲမှတစ်ခုသည် ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်၏လေ့ကျင့်မှုမှတ်တမ်းပင်။

ဤပစ္စည်းများသည် အလွန်အဖိုးတန်လှသဖြင့် ဖှေးလုံး၀ပင် မျက်နှာလွှဲနိုင်ခြင်းမရှိပေ။

ဤကြယ်ခြောက်လုံးအဆင့်မှော်ဆရာတစ်ယောက်ဖန်တီးထားသည့် ကျင့်စဥ်စာလိပ်၏နာမည်မှာ [လယ်ဗယ်နိမ့် အာကာသမှော်ပညာသီအိုရီ]ဟုရေးထားသည်။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် အဖွဲ့စည်းတော်တော်များများမှ ပိုင်ဆိုင်လိုသည့် ပစ္စည်းအမျိုးစားတစ်ခုပင်။

ဤအကြိမ်တွင်မူ ဖှေးသည် အရင်ကဲ့သို့အေးဆေးမနေတော့ချေ။

တွန့်ဆုတ်ခြင်းရှိမနေပဲ သူသည် ကျင့်စဥ်စာလိပ်များနင့်အတူ စာအုပ်စဥ်များအားလုံးကို သူ၏ထားသိုရာအကန့်အတွင်းသို့ပစ်ထည့်လိုက်သည်။ ချမ်းဘော့ဒ်တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်ရန်အတွက် လက်ရှိလိုအပ်နေသည့် ပစ္စည်းများမှာ ငွေကြေးရတနာများဟုတ်ပေ။ ဤကဲ့သို့ ကျင့်စဥ်စာလိပ်များပင်ဖြစ်၏။

မြေအောက်ခန်းထဲတွင် လမ်းလျှောက်ကြည့်နေရင်းဖြင့် ဖှေးကောင်းမွန်စွာသိမ်းဆည်းထားသည့် အစာရေစာများ၊ ရေခဲမှော်အစီရင်ဖြင့် လည်ပတ်နေသည့် မှော်အအေးခန်းများ စသည်တို့ကိုမြင်လိုက်ရသည်။ ထို့အပြင် မီးဖိုချောင်ခန်းတစ်ခုရှိနေပြီး လူတစ်ယောာက်တစ်လတာခန့်နေထိုင်ရန်အတွက် လုံလောက်၏။

“တစ်ယောက်ယောက်ကများ ဒီနေရာကို ပုန်းအောင်းရာနေရာအဖြစ်လုပ်ဖို့ကြံခဲ့တာလား...”

ဖှေးအနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

သွေးစွန်းဂိုဏ်းသည် အကြံသမားတစ်ယောက်ဖြစ်မှန်းဖှေးမသိခဲ့ချေ။ သူသည် သူကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့် သူရန်စမိခဲ့သည့်အဖွဲ့စည်းများအကြောင်းကို ကောင်းမွန်စွာနားလည်ထားပုံရသည်။ ထို့ကြောင့်ပင် သူသည် ထွက်ပြေးလွတ်မြောက်နိုင်ရန်ကို အရင်ကတည်းက ကြံစည်ထားခြင်းပင်။ ဤမြေအောက်လိုဏ်ဂူသည် ယခင်ကတည်းကရှိနေခဲ့သည်မှာကြာနေလောက်ပြီဖြစ်ပြီး သွေးစွန်းဂိုဏ်းခေါင်းဆောင်သည် အမှတ်မထင်တွေ့ခဲ့လိုက်မိပုံရသည်။ တွေ့အပြီးတွင် သူသည် လျို့၀ှက်စွာဖြင့်ဤနေရာကို ပြင်ဆင်နေခဲ့ခြင်းပင်။ ဤနေရာအကြောင်းကို သူတစ်ဦးတည်းသာသိရှိပုံရ၏။ သူသည် သူ၏ဇစ်မြစ်ကို ပြောင်းလဲကာ ဖယ်လွန်မိသားစုထံမှ ဆွေကြီးမျိုးကြီးရာထူးတစ်ခုကို ရယူပြီး ၀ေးလံခေါင်းဖျားသည့်နေရာတစ်ခုသို့သွားရောက်နေထိုင်ကာ သူ၏ဘ၀ကို အဆုံးသတ်ရန်ကြံရွယ်ထားပုံရသည်။ ဤနေရာတွင် လက်နက်များ၊ ပိုက်ဆံများနှင့် ကျင့်စဥ်စာလိပ်များစွာရှိနေရသည့်အကြောင်းရင်းမှာ ခေါင်းဆောင်သည် ကိုယ်ပိုင်တိုင်းပြည်တစ်ခုတည်ထောင်ရန်ကြံရွယ်ထားသည့်အတွက်ပင်။ သူသည် တစ်ချိန်တည်းမှာပင် သွေးစွန်းဂိုဏ်းတနေ့နေ့တွင် ပျက်ဆီးလိမ့်မည်ကို ခန့်မှန်းမိထားပုံရ၏။

သို့သော် ထိုကဲ့သို့သောအရာသည် ယနေ့တွင်ဖြစ်သွားလိမ့်မည်ဟု သူထင်ထားမိခဲ့သည့်ပုံမပေါ်ချေ။ သူ၏အစီစဥ်များအားလုံးကို အသုံးမချလိုက်ရပဲ အစ်ဇာနီ၏ချောင်းမြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားရ၏။

ဤသည်မှာ ကံကြမ္မာ၏တုန့်ပြန်မှုဟူ၍သာပြောရမည်ဖြစ်သည်။

သူ၏ဘ၀တစ်၀က်ခန့်ကြိုးစားကာ စုဆောင်းခဲ့ရသည့်ပစ္စည်းများသည် ယခုအချိန်တွင် ဖှေးအလွယ်တကူဖြင့်ရလိုက်သည့်ပစ္စည်များဖြစ်လာတော့သည်။

အစာရေစာထားသိုသည့် နေရာအားဖြတ်ကျော်ပြီးသည့်နောက်တွင် မီးရောင်များအနည်းငယ်မှေးမိန်စပြုလာတော့၏။ မြေအောက်လမ်း၏အနက်ရှိုင်းဆုံးသောနေရာတွင်ရှိနေသည်မှာ ကြီးမားသည့်တွင်းကြီးတစ်ခုပင်။ ဤတွင်းကြီးသည် အလွန်နက်ရှိုင်းလှသဖြင့် အောက်ထဲတွင် မှောင်မဲနေ၏။ အေးစက်မှောင်မိုက်သည့်ခံစားချက်တစ်ခုကို ခံစားနေရသည်။ တွင်း၏အောက်ခြေတွင်မည်သည့်အရာများရှိနေသည်ကို မည်သူမှမသိနိုင်ချေ။

ဖှေးမှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်ပြီး ယာယီအားဖြင့်အလင်းရောင်ရရှိစေရန်အတွက် မီးတန်းတစ်ခုကို ဖန်တီးလိုက်သည်။

ကျဥ်းထဲတွင်ရှိနေသည့်အရာများကို ယခုအချိန်တွင် မြင်နိုင်ပြီဖြစ်၏။

ဖှေးအောက်သို့ငုံ့ကြည့်လိုက်ပြီး သူ၏မျက်နှာသည်အရောင်ပြောင်းလဲသွားတော့သည်။

တွင်းထဲတွင် အဖြူရောင်အရိုးစုများစွာရှိနေသည့်အတွက်ကြောင့်ပင်။ ကြီးမားသည့်အပြာရောင်တစ္စေမီးတောက်ကြီးသည့် ဖှေးပစ်ချလိုက်သည့်မီးတောက်ကိုအကြောင်းပြုကာတောက်လောင်လာတော့သည်။ အသစ်ရောက်ရှိလာသူကို နာကျင်အောက်ပြုလုပ်နေကြသည့်တစ္စေများကဲ့သို့ပင် မှောင်မိုက်ပြီး အေးစက်သည့်ခံစားချက်သည် နေရာတစ်၀ိုက်တွင် ပြည့်နှက်သွား၏။

“ဒီတွင်းထဲမှာ သေဆုံးခဲ့ကြတဲ့လူတွေမှာ အတော်ပြင်းထန်တဲ့နာကျည်းချက်တွေရှိနေကြပုံရတယ်။ အဲ့တာကြောင့် ဒီလိုတစ္စေမီးတောက်တွေပေါ်လာရတာပဲ။ ဒါပေမယ့် သူတို့တွေက ဘယ်လိုကြောင့်ဒီထဲမှာသေခဲ့ရတာလဲ...” ဖှေးတွေးလိုက်မိ၏။

All Chapters