အခန်း (၃၄၄)
Vol. 23 Ch. 344
ဤအရိုးစုထံမှ ကြီးမားသည့်စွမ်းအင်ခံစားမှုများထွက်ပေါ်နေ၏။ ဤခံစားမှုသည် တောင်တန်းများကဲ့သို့ပင် သိပ်သည်းပြီး စကြ၀ဠာတစ်ခုကဲ့သို့ပင် အကန့်သက်မဲ့နေ၏။ ကမ္ဘာမြေကဲ့သို့ပင် ရှေးကျနေပြီး ပင်လယ်ပြင်ကဲ့သို့ပင် ကျယ်ပြန့်လှသည်။ အရိုးစုထံမှထွက်ပေါ်နေသည့်အရှိန်၀ါများသည် အလွန်ပြင်းထန်လှသဖြင့် ဖှေးကိုယ်တိုင်လယ်ဗယ်၄၀လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းလဲထားလျှက်ပင် လမ်းလျှောက်ရန်ခက်ခဲနေ၏။ သူသည် နောက်ကျောပေါ်တွင် တောင်တစ်လုံးကို ထမ်းထားရသကဲ့သို့ ခြေလှမ်းများသည်လေးလံနေပြီး သူ၏အရိုးများသည်လည်း လေးလံသည့်ဖိအားများကိုခက်ခဲနေ၏။
“ဒီရွှေရောင်အရိုးစုက သူဒါမှမဟုတ်သူမမသေခင်က အလွန်သာလွန်တဲ့ဖြစ်တည်မှုတစ်ခုဖြစ်ခဲ့လိမ့်မယ်။ ဒိသတ္တ၀ါက လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က သေခဲ့ပေမယ့်။ သူရဲ့အရိုးတွေက အကောင်းတိုင်းရှိနေတုန်းပဲ။ အတော်စွမ်းအားကြီးခဲ့မယ့် လူတစ်ယောက်ပဲ။ ဒါနဲ့ယှဥ်လိုက်မယ်ဆိုရင် ငါ့ကို လုပ်ကြံဖို့ကြိုးစားတဲ့လအဆင့်စစ်သည်က ပုရွတ်ဆိတ်တစ်ကောင်လိုတောင်ဖြစ်သွားပြီ...”
ဖှေးသည် လေ့လာကြည့်ရင်းဖြင့် ပို၍ပင်ကြောက်လန့်လာမိ၏။
“ဘယ်လိုစွမ်းအားမြင့်တဲ့သတ္တ၀ါတစ်ကောင်က ဒီလိုခြေရာလက်ရာတွေချန်ထားခဲ့မှာလဲ။ ဒဏာရီတွေအရဆိုရင် ကြယ်အဆင့်စစ်သည်တွေရဲ့အရိုးတွေက ၁၀နှစ်ကြာရင်ဆွေးမြေ့ကြတယ်။ လအဆင့်စစ်သည်တွေရဲ့အရိုးတွေက နှစ်၁၀၀ကြာရင်စပြီးတော့ ဆွေးမြေ့ကြတယ်။ နေအဆင့်စစ်သည်ဆိုရင် နှစ်ပေါင်း၅၀၀ လို့ပြောကြတယ်။ ခံစားချက်အရဆိုရင် ဒီသတ္တ၀ါသေခဲ့တာက လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်ကဆိုတာသေချာတယ်။ မဟုတ်မှလွဲရော ဒီသတ္တ၀ါက နေ့အဆင့်သခင်တွေထက်တောင် ပိုပြီးစွမ်းအားကြီးတယ်ဆိုတဲ့အဓိပ္ပာယ်လား။ နောက်ပြီး ဒီအရိုးစုက အရပ်၁.၃မီတာလောက်ပဲမြင့်တယ်။ ကလေးတစ်ယောက်နဲ့တောင်တူနေသေးတယ်။ ဒါပေမယ့် အရိုးတွေရဲ့အထူအရဆိုရင်တော့ အရွယ်ရောက်ပြီးလူတစ်ယောက်ပဲ။ ဒီစွမ်းအားမြင့်ပုဂ္ဂိုလ်က လူပုမျိုးနွယ်များလား။
လျို့၀ှက်ဆန်းကြယ်မှုတစ်ခုပင်။
ဤရွှေရောင်အရိုးစု၏ ဖြစ်တည်မှုသည် ဖြေရှင်း၍မရသေးသည့် လျို့၀ှက်ချက်တစ်ခုပင်။
ဖှေးထို့နောက်တွင် အရိုးစု၏လက်ထဲတွင်ကိုင်ထားသည့် အသွားနှစ်ဖက်ပါပုဆိန်ကို ကြည့်လိုက်၏။
ဤတိုက်ပွဲသုံးပုဆိန်ကို အမည်မသိရသေးသည့်ပစ္စည်းတစ်မျိုးဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ ပုဆိန်ရိုးသည် မီတာ၀က်ခန့်ရှည်လျား၏။ အဆုံးနှစ်ဖက်လုံးတွင် ထူထဲကာ အလည်ခေါင်တွင် သွယ်လျသည်။ ပြီးပြည့်စုံသည့်ကွေးညွှတ်မှုတစ်ခုသည် ထိုနေရာမှဖြစ်ပေါ်လျှက်ရှိသည်။ လက်ကိုင်ရိုးပေါ်တွင် လျို့၀ှက်ထူးဆန်းသည့် လမ်းကြောင်းများနှင့် သင်္ကေတများရေးထိုးထားသည်။ ၄င်းတို့သည် မှော်စီးကြောင်းများနှင့်တူ၏။ တိရိစ္ဆာန်များ၊ အပင်များ၏ ပုံကြမ်းပစ္စည်းများနှင့်လဲတူညီနေသည်။ ထိုသင်္ကေတများသည် တစ်ခုနှင့်တစ်ခုတင်းကြပ်စွာဖြင့် ဆက်သွယ်ထားသည်။ သူတို့သည် ပုဆိန်သွားများထံသို့မရောက်ခင်အချိန်ထိ ပုဆိန်ရိုးကို ရစ်ပတ်နေကြသည်။
ဓားသွားကိုယ်သည် ပုဆိန်၏သုံးပုံတစ်ပုံပင်။ အသွား၏ အစွန်းများသည် စက္ကူတစ်ခုကဲ့သို့ပင် ပါးလွှာနေပြီးအဆုံးသည် သစ်ပင်တစ်ပင်ကဲ့သို့ပင်ထူထပ်နေ၏။ ဓားသွားတစ်ဖက်စီတိုင်းတွင် သွေးစီးကြောင်း၆ခုစီထွင်းထားပြီး ပုဆိန်တစ်ခုလုံးသည် အတောင်ပံများကို ဖြန့်ကျက်နေသည့် ဖီးနစ်ငှက်တစ်ကောင်ကဲ့သို့ပင်။ အတောင်ပံများသည် ပြီးပြည့်စုံသည့်စက်၀ိုင်းခြမ်းနှစ်ခုကို ဖန်တီးနေပြီး ထိုစက်၀ိုင်းခြမ်းနှစ်ခုသည် အလည်ခေါင်တွင် တွေ့ဆုံကာသေစေနိုင်သည့် ဘဲဥပုံတစ်ခုကို ဖန်တီးထားလျှက်ရှိသည်။
ထောင့်ပေါင်းစုံမှကြည့်ရှုပါက ဤတိုက်ပွဲသုံးပုဆိန်သည် လက်ရာမြောက်အနုပညာတစ်ခုကဲ့သို့ပင်။ ဤသည်မှာ ရင်သက်ရှုမောဖွယ်ပင်ဖြစ်၏။
နောက်ဆုံးတွင် ဖှေးပုဆိန်ကိုယ်ပေါ်တွင်ရှိနေသည့် ဆဋ္ဌဂံပုံအချိုင့်လေးခြောက်ခုပေါ်သို့အာရုံစိုက်လိုက်သည်။
ဖှေး၏မသိစိတ်များအရ ထိုအချိုင့်ထဲတွင် ယခင်က ပစ္စည်းများထည့်ထားကြောင်းကို သိရှိလိုက်သည်။ ယခုအခါတွင် ထိုအရာများမရှိကြတော့ပေ။ သူ၏မျက်စိရှေ့တွင်ရှိနေသည့် ပုဆိန်သည် ပြီးပြည့်စုံသောပစ္စည်းတစ်ခုမဟုတ်သေးပေ။
သို့သော် ဖှေးမှာ အသွားများကိုထိကိုင်နိုင်ခြင်းမရှိပေ။
အရိုးစုထံမှထွက်ပေါ်လာနေသည့် အထင်ကြီးဖွယ်စွမ်းအားအရှိန်၀ါများသည် ဖှေးကိုတွန်းထုတ်လျှက်ရှိသောကြောင့်ပင်။ ဖှေးအတတ်နိုင်ဆုံးကြိုးစားကြည့်သော်လည်း သူသည် အရိုးစုပတ်လည် ၁၀မီတာအချင်း၀တ်ခန့်အနီးသို့မရောက်ရှိနိုင်ကြောင်းကို တွေ့လိုက်ရ၏။ လူရိုင်းဇာတ်ကောင်၏စွမ်းအားများ၊ ဟော့ခ်ဆေးပုလင်း၏အာနိသင်၊ ချမ်းဘော့ဒ်မြေအောက်လိုဏ်ဂူများထဲတွင် ကြုံတွေ့ခဲ့ရသည့်အပူအအေးဒဏ်များ စသည်တို့ကြောင့် သံမဏိတစ်ခုကဲ့သို့ပင် မာကြောနေသည့် ဖှေး၏ခန္ဓာကိုယ်ပင် ထိုနေရာသို့အတင်းနီးကပ်စွာတိုး၀င်သွားပါက ပေါက်ကွဲသွားတော့မည်သကဲ့သို့ခံစားနေရ၏။
အကြိမ်ပေါင်းများစွာကြိုးစားကြည့်ပြီးသည့်အချိန်တွင် ဖှေးလက်လျှော့လိုက်ကာ တစ်ခြားနေရာတွင်ရှိနေသည့်ပစ္စည်းများကို အာရုံစိုက်ကာကြည့်ရှုလိုက်၏။
ဤနေရာသည် မြေအောက်သင်္ချိုင်းတစ်ခုကဲ့သို့ပင်။ သိပ်ပြီးမကြီးမားလှချေ။ မီတာ၃၀၀ ၂၀၀ခန့်သာကျယ်၀န်းလှ၏။ အ၀ါဖြော့ရောင်ကျောက်တုံးအမျိုးစားမားနှင့် ၀န်းရံထားပြီး နံရံများမှာ ချောမွေ့နေ၏။ နံရံများထံမှာ ငွေရောင်အလင်းတန်းများသည် လျို့၀ှက်စွာဖြင့်ပင် ထွက်ပေါ်လာနေလျှက်ရှိသည်။ ဖှေးအားအံ့သြစေသည်မှာ ထိုငွေရောင်အလင်းတန်းများသည် စွမ်းအားအရှိန်၀ါများကို ထုတ်လွှတ်ခြင်းမရှိခြင်းပင်။ အလွန်ငြိမ်သက်သည့်ခံစားချက်တစ်မျိုးကိုပေးလျှက်ရှိ၏။
ဖှေး၏အနောက်တွင်ရှိနေသည့် ပေါ်တယ်မှလွဲ၍ ဤနေရာတွင် မည်သည့်အရာကိုမှတွေ့ရခြင်းမရှိပေ။
ရွှေရောင်အရိုးစု၏နောက်တွင် ငွေစွမ်းအားတိမ်တိုက်တစ်ခုမှာ တောက်ပလျှက်ရှိသည်။ ဤငွေစွမ်းအားများသည် နံရံမှထွက်ပေါ်နေသည့်အလင်းရောင်များနှင့် တူသည့် ငြိမ်သက်သည့်ခံစားချက်ကို ပေးလျှက်ရှိသည်။ ဖှေးရွှေရောင်အရိုးစုကို ဖြေးညှင်းစွာပတ်လိုက်ပြီး ထိုငွေရောင်စွမ်းအင်တိမ်တိုက်ထံသို့လမ်းလျှောက်သွား၏။
ဤအရာမှာ စာအုပ်တစ်အုပ်ပင်။
လေပေါ်တွင် ၀ဲပျံနေသည့်စာအုပ်တစ်အုပ်ပင်ဖြစ်၏။
လက်ငါးချောင်းခန့်အထူရှိပြီး တစ်ဖက်တစ်ချက်စီတွင် ၃၀စင်တီမီတာခန့်အကျယ်ရှိသည့် စတုရန်းပုံစာအုပ်တစ်အုပ်ပင်ဖြစ်၏။ သွေးများစိုရွဲနေသကဲ့သို့ စာအုပ်သည် အနီရင့်ရောင်ရှိနေ၏။ စိတ်၀င်စားဖွယ်ပင် စာမျက်နှာများသည် သူ့အလိုလိုလှန်နေလျှက်ရှိသည်။
စာမျက်နှာလှန်သွာသည့်အချိန်တိုင်းတွင် ငွေရောင်စာလုံးများသည် ၀ေ၀ါးသည့် အဖြူရောင်စာမျက်နှာများပေါ်တွင်ပေါ်လာ၏။ ဤသည်မှာ အလွန်ပင်မှော်ဆန်လှသည်။
ဖှေးသေချာဂရုစိုက်လေ့လာကြည့်လိုက်သည်။
ဤစာလုံးများသည် အေဇာရုတိုက်တွင် နတ်ဘုရားများနှင့်နတ်ဆိုးများခေတ်ကတည်းကအသုံးပြုခဲ့သည့်စာလုံးများဖြစ်သည်ကို ဖှေးတွေ့လိုက်ရ၏။ ဤစာလုံးများအား နားလည်ရန်မှာ ခက်ခဲလှသည်။ စာလုံးပေါင်းသက်ပုံနှင့် သန္ဒါအထားသိုတို့မှာ တိုက်ပေါ်တွင်လက်ရှိအသုံးပြုနေသည့် ဘာသာစကားနှင့် အလွန်ပင်ကွာခြားလှသည်။ ဤဘာသာစကားသည် အသုံးနည်းသော်လည်း ပျောက်ဆုံးနေသည့်ဘာသာစကားတစ်ခုမဟုတ်သေးပေ။ ဖှေး ဤဘာသာစကားအကြောင်းကို ချမ်းဘော့ဒ်တိုင်းပြည်တော်၀င်စာကြည့်တိုက်ထဲတွင် အနည်းငယ်လေ့လာခဲ့ဖူးသည်။ ထို့ကြောင့်သူအဓိပ္ပါယ်၏၂၀ရာခိုင်နှုန်းခန့်ကို သိရှိနိုင်၏။
“ဒီစာအုပ်မှာ စက်ယန္တယား၊ ထောင်ခြောက်၊ ဗိသုကာ၊ ပန်းပဲ၊ စုဆောင်းခြင်း.....စတဲ့အတတ်တွေနဲ့ဆိုင်တဲ့ ဗဟုသုတတွေပါ၀င်တယ်...”
ဖှေး ထိတ်လန့်အံ့သြသွားသည်။ ဤစာအုပ်ထဲတွင်ရေးသားထားသည့် ဗဟုသုတများသည် အလွန်ကျယ်ပြန့်လှသဖြင့် စွယ်စုံအဘိဓာန်တစ်ခုကဲ့သို့ပင်။
ဤစာအုပ်တွင် စာမျက်နှာတစ်ရာကျော်ခန့်ပြရှိပြီး သရုပ်ဖော်ပုံများစွာပါရှိ၏။ စာမျက်နှာများတွင် လက်နက်များ၊ အဆောက်ဦးများ၊ ထောင်ခြောက်များ၊ နန်းတော်များ၊ ခံတပ်နံရံများ အစရှိသည်တို့၏ သရုပ်ပြပုံများအချက်လက်များပါ၀င်၏။ ထိုအရာများအားလုံးသည် စာမျက်နှာများသူအလိုလိုလှန်နေရင်းဖြင့် ငွေရောင်စွမ်းအင်များဖြင့်ပြသနေခြင်းဖြစ်သည်။
စာအုပ်၏နောက်ဆုံးစာမျက်နှာတွင် စာလုံးပိုကြီးသည့်စာကြောင်းအနည်းငယ်ခန့်ကို ရေးသားထား၏။ ဤစာလုံးများသည် ငွေရောင်စွမ်းအင်များနှင့် ရေးထားသည့်စာလုံးများနှင့်မတူပဲ လူတစ်ယောက်ကိုယ်တိုင်ရေးထားသည့်လက်ရေးနှင့်တူညီ၏။