အခန်း (၃၅၂)
Vol. 24 Ch. 352
ဤအခိုက်တန့်တွင် ချမ်းဘော့ဒ်ဘုရင်နှင့်မင်းသားဒိုမင်ဂူတို့၏ပုံရိပ်သည် တစ်ခုတည်းဖြစ်လာတော့သည်။ သူတို့သည် မတူညီသည့်ကမ္ဘာနှစ်ခုဖြစ်သော်လည်း လူများ၏မျက်လုံးများထဲတွင် သူတို့နှစ်ယောက်သည် တူညီသည့်လူများဖြစ်သည့်အတိုင်းပင်။
“....”
ကျားမာန်ဟုန်ဂိုဏ်းမှ ခေါင်းဆောင်သည် ကြောက်လန့်နေလျှက်ရှိသည်။ သူ၏နှုတ်ခမ်းများသည် တွန့်လိမ်နေ၏။ သူ၏နဖူးပေါ်မှ ချွေးများသည် တစက်စက်ကျနေလျှက်ရှိသည်။
ဤညင်သာသည့် ချွေးစက်များကျသည့်အသံကို တိတ်ဆိတ်နေသောမြေအောက်ခန်းမဆောင်ထဲတွင် ရှင်းလင်းစွာဖြင့်ကြားလိုက်ရ၏။
“မင်းတို့ကောင်တွေက ငါ့လက်စွပ်ကို လိုချင်တာမလား...” ဖှေး သူလက်စွပ်၀တ်ထားသည့် လက်ခလယ်ကို ထောင်ပြလိုက်သည်။ သူသည် ထိုလက်ခလယ်ကို ကြေးစားစစ်သည်အဖွဲ့များရှိနေသည့် နေရာသို့ ထောင်ပြလိုက်ကာ ရယ်မောလိုက်၏။ “ဒီမှာ လာယူကြလေ....”
အေဇာရုတိုက်တွင်ဖြစ်စေ မြေကမ္ဘာပေါ်တွင်ဖြစ်စေအရေးမကြီးလှပေ။ လက်ခလယ်ထောင်ပြခြင်းသည် တူညီသည့်အဓိပ္ပါယ်ရှိ၏။
သို့သော် ထိုကြေးစားစစ်သည် အဖွဲ့များမှာ မာနထောင်လွှားရဲခြင်းမရှိကြတော့ပေ။ သူတို့သည် ဒေါသဖြစ်နေကြသော်လည်း ဖှေးအားပြန်မကြည့်ရဲကြပေ။ သူတို့ အ၀ေးတစ်နေရာကိုသာ တိတ်ဆိတ်စွာဖြင့်ကြည့်နေကြ၏။
သူတို့သည် ကြေးစားစစ်သည်များဖြစ်ကြသည့်အတွက် ရန်လိုကြသည်။
သို့သော် ရန်လိုခြင်းသည် အသိဉာဏ်ကင်းမဲ့သည်ဟုဆိုလိုခြင်းမဟုတ်ပေ။ သူတို့အားလုံးသူတို့၏ခံစားချက်ကို ပြသပါက အသတ်ခံရမည်ဖြစ်ကြောင်းကို သိရှိကြသည်။
စတုတ္ထမင်းသား၊ ဘတ်ဂ်မိသားစု၏မင်းသမီးဘတ်ဂ်-ဘီယွန်းဆေးနှင့် ဖယ်လွန်မိသားစုမှ စစ်သည်၁၁ယောက်ဖြစ်ပျက်သွားပုံကို ကြည့်ရင်းဖြင့် ချမ်းဘော့ဒ်ဘုရင်အလတ်ဇန္ဒားသည် သွားရှုပ်သင့်သည့်လူတစ်ယောက်မဟုတ်သည်ကို ဉာဏ်နည်းသူတစ်ယောက်ပင် သိရှိလိမ့်မည်ဖြစ်သည်။ ဤလူသည် အကြောင်းပြချက်တစ်ခုခုကို စောင့်လျှက်ရှိသည်မှာလည်းထင်ရှားသည်။ သူတို့သည် သူ့အားစိတ်ဆိုးစေမည့်တစ်စုံတစ်ခုကို လုပ်လိုက်မိသည်နှင့် တပြိုင်နက် သူတို့အားလုံးချက်ချင်းပင်သတ်ဖြတ်ခြင်းခံရမည်ဖြစ်သည်။ မေးခွန်းထုတ်စရာပင် မလိုချေ။ ဤကဲ့သို့သောရူးသွပ်သည့်လူမျိုးသည် သူတို့၏နောက်ကွယ်တွင် ထောက်ပံ့ပေးနေသည့် ဆွေကြီးမျိုးကြီးမိသားစုများကို ကြောက်လန့်နေမည့်လူမဟုတ်ပေ။
“ဟီးဟီး...မင်းတို့ကောင်တွေအခုတော့ ကြောက်နေကြပြီပေါ့။” ဖှေးသူ၏လက်ကို ပြန်လည်ရုတ်သိမ်းကာ ပြောလိုက်သည်။ “ငါရုတ်တရက် မင်းတို့ကောင်တွေက ဒီသွေးစွန်းဂိုဏ်းရဲ့ရတနာတွေနဲ့ ထိုက်တန်တဲ့ကောင်တွေမဟုတ်ဘူးလို့ ခံစားမိလာတယ်။ မင်းတို့တွေထွက်သွားကြစမ်းကွာ။ ငါ့မျက်စိရှေ့ကို ထက်ပြီးတော့ ရောက်မလာစေနဲ့...”
“မင်း...”
ကြေးစားစစ်သည်အဖွဲ့များ၏ခေါင်းဆောင်နှစ်ယောက်သည် တစ်ချိန်တည်းမှာပင် ဒေါသဖြစ်သွားပြီး ကြောက်လန့်သွားကြသည်။
သူတို့တစ်ခုခုပြောလိုကြသည်။ သို့သော် သူတို့တွင်အနည်းငယ်ကျန်ရှိနေသည့် ရဲရင့်မှုတို့မှာ ဖှေး၏အေးစက်သည့်အကြည့်အောက်တွင် ပျောက်ကွယ်သွားတော့သည်။ ကြေးလှံရှည်အစောင့်တပ်ဖွဲ့မှ စစ်သည်များ၏သွေးနံ့သည်လေထဲတွင်ရှိနေဆဲပင်။ ခရစ်စတယ်နှင့် ဘီယွန်းဆေးတို့နှစ်ယောက်လုံးသည် မြေပြင်ပေါ်တွင် လဲနေကြဆဲပင်။ ကြီးမားသည့်လက်သီးရာကြီးသည်လည်း နံရံပေါ်တွင် ရှိနေဆဲပင်။ ဤအရာများအားလုံးသည် ခေါင်းဆောင်နှစ်ယောက်ကို သူတို့၏လူများကို ခေါ်ဆောင်လျှက်ဘာမှမပြောရဲတော့ပဲ ထွက်သွားစေလိုက်သည်။ မကြာမှီတွင် သူတို့အားမြင်တွေ့ရခြင်းမရှိတော့ပေ။
ဖှေးနောက်ကွယ်တွင် ပို၍နက်နဲသည့်အဓိပ္ပါယ်တစ်ခုရှိနေသည့်အတိုင်းပြုံးလိုက်သည်။ သူဖြေးညှင်းစွာဖြင့်။ “ကောင်းပြီလေ။ အခုဘယ်သူမှ ဆူညံဆူညံလုပ်တော့မှာမဟုတ်တော့ဘူး။ ကျွန်တော်တို့ ဒီရတနာတွေကို ဘယ်လိုခွဲ၀ေကြမလဲဆိုတာကို ဆက်ပြီးပြောကြတာပေါ့။ ချမ်းဘော့ဒ်တိုင်းပြည်က မူလအစီစဥ်အတိုင်း၃၀ရာခိုင်နှုန်းပဲယူမယ်။ ကျန်တာတွေကိုတော့ ခင်ဗျားတို့ခွဲ၀ေယူလိုက်ကြပေါ့။”
ယခုအချိန်တွင် ဖှေးသည် မတူညီသည့်လူတစ်ယောက်ကဲ့သို့ပင်။ သူသည် ပို၍နူးညံ့နေသည့်ပုံပေါက်ပြီး မာနထောင်လွှားသည့်ပုံလုံး၀ မရှိတော့ပေ။
မည်သည့်အရာမှအဖြစ်ပျက်ခဲ့သလို ပဲရစ်၊ ကပ္ပတိန်ရိုမန်နှင့် သူတော်စဥ်ဘေးလ်တို့သည်လည်း တည်တည်ငြိမ်ငြိမ်ပင် ပြုံးလျှက်ရှိသည်။ သူတို့သည် ဖှေးနှင့် ယှဥ်ကျေးစွာပင် စကားပြောဆိုလျှက်ရှိပြီး မည်သူမှ ဖှေး၏လက်စွပ်အကြောင်းကို ပြောကြခြင်းမရှိပေ။ သူတို့အားလုံးလျှင်မြန်စွာပင် ဆွေးနွေးညှိနှိုင်းလိုက်ကြပြီးဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
ဖယ်လွန်မိသားစုမှ လူများမရှိကြတော့သဖြင့် သူတို့၏ရပိုင်ခွင့်ကို အဖိုးကြီးနှင့် ဒုတိယမင်းသားတို့အညီမျှခွဲ၀ေယူကြမည်ဖြစ်သည်။ စတုတ္ထမင်းသားနှင့် ဘီယွန်းဆေးသည်လည်း မေ့မျှော်နေသဖြင့် သူတို့၏ရပိုင်ခွင့်ကို သူတော်စဥ်ဘေးလ်ကို ပေးအပ်လိုက်မည်ဖြစ်သည်။ ကြေးစားစစ်သည်အဖွဲ့နှစ်ခုကိုမူ ဖှေးနှင်ထုတ်လိုက်သဖြင့်် သူတို့၏ရပိုင်ခွင့်သည် ဆိုရိုကုန်သွယ်ရေးအဖွဲ့ထံသို့ရောက်ရှိသွားမည်ဖြစ်သည်။
စစ်သည်များသည် လျှင်မြန်စွာပင် သဘောတူညီမှုအသစ်တိုင်း အညီမျှခွဲ၀ေစုပုံလိုက်ကြသည်။
“ကျွန်တော်ဒီကိုရောက်လာတာက ဘုရားသခင်ရဲ့အနှစ်သက်ဆုံးကလေးငယ် မစ်စတာကာကာက အရှင်မင်းကြီးနဲ့အတူ အနာဂတ်မှာပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုလို့ပါ။ အရှင်မင်းကြီးရဲ့ရဲရင့်မှု ကောင်းကင်လက်သီးကိုမြင်ရပြီးတဲ့နောက်မှာတော့ ကျွန်တော်ဒီနေရာကို လာခဲ့တဲ့အရာကိုရပြီးသွားပါပြီ။ မစ်စတာကာကာက မြို့တော်စိန့်ပီတာစဘာ့တ်ကနေ ရက်အနည်းငယ်အတွင်းထွက်ခွာသွားတော့မယ်။ အဲ့တာကြောင့် သူမပြန်ခင် အရှင့်ကို ညစာအတူစားဖို့ဖိတ်ချင်လို့ပါ။ အရှင်မင်းကြီးလာခဲ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
သူထိုကဲ့သို့ပြောရင်းဖြင့် လက်ကို၀ှေ့ရမ်းလိုက်ကာ သူရထားသည့် ပိုင်ဆိုင်မှု၂၀ရာခိုင်နှုန်းကို ဖှေးထံသို့ ပျံသန်းကာစေလွှတ်လိုက်၏။
အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်များကို အာရုံမခံလိုက်ရချေ။ သို့သော် သူသည် ရွှေဒင်္ဂါးသောင်းချီနှင့် မှော်တလင်းကျောက်များကို ၆မီတာခန့်ရွှေ့လျားစေလိုက်သည်။ ရတနာပုံသည် ပုံပျက်သွားခြင်းပင်မရှိချေ။ ထိုအချက်သည် လူတိုင်းကို ထိတ်လန့်အံ့သြသွားစေသည်။ ဖှေးကိုယ်တိုင်ပင် ထိတ်လန့်အံ့သြသွားမိ၏။ သူ၏အဆင့်၄၃လူရိုင်းဇာတ်ကောင်သည်လည်း စွမ်းအားအတော်သင့်မြင့်မားနေပြီဖြစ်သည်။ သို့သော် သူသည် ဤကဲ့သို့အရာအားလုံးကို တိတိကျကျထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် သူတော်စဥ်ဘေးလ်ပိုင်ဆိုင်ထားသည့်မြင့်မြတ်သည့်စွမ်းအားသည် ချီးကျူးလောက်ဖွယ်ပင်။
“ကောင်းကင်လက်သီးလား...” ဖှေးသည် သူတော်စဥ်ဘေးလ်ပြောသည့် စကားကိုအထူးစိတ်၀င်စားသွား၏။
“ဟီးဟီး အလတ်ဇန္ဒား။ ကောင်းကင်လက်သီးဆိုတာက ခရီးသွားကဗျာဆရာတွေ နင့်ကိုပေးထားတဲ့ နာမည်ပြောင်ပဲ။ အဲ့နာမည်က မြို့တော်စိန့်ပီတာစဘာ့တ်ထဲမှာတောင် အတော်ပြန့်နှံ့နေပြီ။ ဘုံဆိုင်တွေမှာဆို ကဗျာဆရာတွေက အရှင့်အကြောင်းပုံပြင်တွေကို ပြောနေကြတယ်လေ။....” ပဲရစ်သည် သူမ၏ဆံပင်ကို ပြင်ကာ ပြောလိုက်ရင်းဖြင့် ရယ်မောလိုက်သည်။
ဖှေးမျက်လုံးပြူးသွားသည်။
ကောင်းကင်လက်သီးဟူသည့်နာမည်ပြောင်သည် အလွန်ဆိုး၀ါးလှသည်။ သူပုန်တစ်ယောက်၏နာမည်ကဲ့သို့ပင်။
“ဒီရွှေဒင်္ဂါးတွေက ကျွန်တော်ကအရှင့်အတွက်ပေးတဲ့လက်ဆောင်တွေပါ။ ကျေးဇူးပြုပြီးမငြင်းဆန်ပါနဲ့...”
ဘေးလ်ထိုကဲ့သို့ပြောရင်းဖြင့် သူ၏လက်များကို ၀ှေ့ရမ်းကာအဆင့်မြင့်ချပ်၀တ်များ၊ လက်နက်များကို သူ၏ပစ္စည်းသိမ်းမှော်လက်စွပ်အတွင်းသို့ထည့်သွင်းလိုက်သည်။ မည်သူမှမတုန့်ပြန်နိုင်သေးခင်မှာပင် သူသည် တစ်ဖက်သို့လှည့်ကာ ဂိတ်တံခါးများစီသို့ လမ်းလျှာက်ထွက်သွားတော့၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ့အားမမြင်ရတော့ပေ။
မည်သူမှ ဤအရာကိုမျှော်လင့်မထားပေ။
ဖှေးလည်းအနည်းငယ်အံ့သြသွားသည်။ သူသည် သူတော်စဥ်ဘေးလ်မည်သည့်အကြံရှိသည်ကို မသိသော်လည်း သူ၏မျက်နှာအမူယာသည် ပြောင်းလဲခြင်းမရှိပေ။
ငွေရောင်အလင်းတန်းတစ်ခုတောက်ပသွားသည်။ ဖှေးသည် သူပိုင်ဆိုင်သည့်ရတနာများအားလုံးကို သူ၏ထားသိုရာလက်စွပ်အတွင်းသို့ စုပ်ယူလိုက်သည်။
“ဟီးဟီး မစ်စတာကာကာက အရှင့်အပေါ်မှာစိတ်၀င်စားနေမယ်လို့ ကျွန်မထင်မထားဘူး။ သွေးစွန်းဂိုဏ်းရဲ့ပိုင်ဆိုင်မှုတွေက အဖွဲ့စည်းတော်တော်များများကို ဆာလောင်စေတာပဲ။ ဒါပေမယ့်အရှင်ကအများဆုံးရလိုက်တာပဲ...” ပဲရစ်၏အပြုံးသည် ယခင်နည်းတူပင် လှပနေဆဲပင်။ သူမသည် နောက်ထပ်နှင်းဆီပွင့်ဖက်တစ်ခုကို ဆွဲဖြုတ်လိုက်ပြီး သူမ၏ဦးခေါင်းပေါ်တွင် ပန်ဆင်လိုက်၏။ လေညင်းတစ်ခုသည် လိုဏ်ခေါင်းအတွင်းမှ ခန်းမဆောင်ထဲသို့ တိုက်ခတ်လာသည်နှင့်အမျှ သူမ၏အဖြူရောင်ဂါ၀န်နှင့် အမဲရောင်ဆံနွယ်များသည်လည်း လေထဲတွင် လွှင့်ပျံကုန်တော့သည်။
“နင်က ကောင်းတာကိုပဲမြင်နိုင်ပြီးတော့ ဆိုးတာကို တော့မမြင်ဘူးပဲ။” ဖှေးလေးနက်စွာဖြင့်ပြောလိုက်သည်။ “ချမ်းဘော့ဒ်နိုင်ငံသားတော်တော်များများက မိုင်းတွင်းထဲမှာ သေကုန်ကြတယ်။ သွေးစွန်းဂိုဏ်းဒီလိုပိုင်ဆိုင်မှုတွေကိုရရှိခဲ့တယ်ဆိုတာ အဲ့လိုလူကုန်ကူးမှုတွေကြောင့်ပဲ။ ဒီနေချမ်းဘော့ဒ်က ရသင့်တဲ့ဟာကိုပဲ ပြန်ယူနေတာပါ။”
“ကျွန်မက နောက်နေတာပါ။ အရှင်ကလည်း...”ပဲရစ်ပြုံးလိုက်သည်။ ထူးခြားသည့်အလင်းရောင်တစ်မျိုးသည် သူမ၏မျက်လုံးများထဲတွင် တောက်ပသွား၏။ သူမတစ်ဖက်သို့လှည့်လိုက်ကာ မုတ်ဆိတ်နီ ဂရမ်နယ်လိုထံသို့ လမ်းလျှာက်သွားလိုက်၏။ သူမသူ့ကို တစ်စုံတစ်ခုပြောပြီးသည့်အချိန်တွင် ဖှေးဖက်သို့ပြန်လည့်လိုက်ကာ ပြောလိုက်သည်။ “နေထွက်ချိန်တောင်ရောက်တော့မယ်။ ကျွန်မရှင်တို့ကို မြို့အပြင်ရောက်အောင်လိုက်ပို့ပေးမယ်။ ဒီနေညဒီမှာဖြစ်ခဲ့တာတွေကြောင့် အင်ပါယာထဲမှာ ကိစ္စတွေအများကြီးဖြစ်လာနိုင်တယ်လေ။”
ဖှေးခေါင်းငြိမ့်ပြလိုက်သည်။ သူမမှန်သည်ကို သိသောကြောင့်ပင်။
ဤစစ်ဆင်ရေးတစ်ခုလုံးသည် မည်မျှပင်ကောင်းကောင်မွန်မွန်စီစဥ်ထားစေကာမူ ဤကဲ့သို့သောဖြစ်ရပ်သည် မြို့သူမြို့သားကြားထဲတွင် အုံအုံကြွကြွဖြစ်သွားစေမည်မှာအမှန်ပင်။ အဖွဲ့စည်းများအားလုံးသည် ဖြစ်ပျက်ခဲ့သည်ကို သိရှိသော်လည်း အရာရှိများသည် မြို့သူမြို့သားများကို အကြောင်းပြချက်တစ်စုံတစ်ခုပေးရဦးမည်ဖြစ်သည်။
မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ဖြစ်ပေါ်နေသည်များသည် တည်ငြိမ်ခြင်းမရှိသောကြောင့်ပင်။
ရိုမန်၊ ဇီလျန်းတို့နှင့် စကားပြောပြီးမင်းသမီးတာနာရှာကို နှုတ်ဆက်လိုက်ကြောင်းမှာကြားပြီးနောက်တွင် ဖှေးသူတို့နှင့် နှုတ်ဆက်စကားပြောလိုက်သည်။ ထို့နောက်တွင် ပဲရစ်အနောက်သို့လိုက်ကာ ထွက်ပေါက်ထံသို့ဦးတည်လာခဲ့တော့သည်။
“ဟေးကောင်လေး ခနနေပါဦး...”
ဖှေးအင်ပါယာကင်းလှည့်တပ်ဖွဲ့နှင့် ဂရန်နယ်လိုတို့ဘေးမှဖြတ်သွားသည့်အချိန်တွင် လက်ထဲတွင်မသန်စွမ်းခွေးတစ်ကောင်ကို ပိုက်ထားသည့် ချောမောသောလူငယ်သည် သူ၏အိပ်ချင်နေသည့် မျက်လုံးများကိုရုတ်တရက်ဖွင့်လိုက်ပြီးပြောလိုက်၏။
ဤလူငယ်စကားပြောလိုက်သည့်အချိန်တွင် လေထုမှာရုတ်တရက်တင်းမာလာတော့သည်။
“အမ်..ဘာလို့လဲ...” ဖှေးအနည်းငယ်မျက်မှောင်ကြုံ့လိုက်သည်။
ဤအလွန်ခန့်ညားသည့်လူငယ်သည် တစ်ချိန်လုံးတွင် စကားအနည်းငယ်သာပြောပြီးအားနည်းသည့်သာမန်လူပုံပေါက်သော်လည်း သူ့အားလူများစွာမှ ဂရုစိုက်လျှက်ရှိနေကြသည်ကို ဖှေးရိပ်မိခဲ့သည့်အတွက်ပင်။ သူ၏အရှေ့တွင်ရပ်နေခဲ့သည့် ပဲရစ်နှင့် ဂရန်နယ်လိုတို့ပင် သူ၏မြင်ကွင်းကို ပိတ်ရဲခြင်းမရှိပေ။ နေမင်း၏ပတ်လည်တွင်ရှိသည့် ကြယ်ပွင့်များကဲ့သို့ အစောင်များအားလုံးသည် ဤလူကိုပတ်လည်၀ိုင်းကာ ကာကွယ်စောင့်ရှောက်ပေးနေကြသည်။
ပျင်းရိသည့်ပုံရှိသော်လည်း စူးရှသည့်မျက်လုံးတစ်စုံသည် ဖှေးးကို အသေးစိတ်လေ့လာနေပြီး ပြောလိုက်သည်။ “ငါက အိုကာ။ အိုကာ-ဒိုမင်ဂူ။ ငါမင်းကို သဘောကျတယ်...”
ဖှေး၏မျက်နှာသည် အရောင်ပြောင်းလဲသွားသည်။
ဤလူသည် မင်းသားအာရှဗင်၏ပြိုင်ဘက်ဖြစ်သည့် နာမည်ကြီးမင်းသားဒိုမင်ဂူဖြစ်နေသည့်အတွက်ပင်။
ဖှေးသည် ဤလူရောက်ရှိလာခဲ့စဥ်က မည်သူဖြစ်နိုင်သည်ကို ခန့်မှန်းနေခဲ့မိသည်။
သို့သော် ဤခန့်ညားချောမောသည့်လူငယ်သည် ဇီးနစ်အင်ပါယာ၏ဒုတိယမင်းသားဖြစ်နေမည်ကို လုံး၀ပင်ထင်မထားချေ။
ဖှေး၏စိတ်ထဲတွင်ရှိနေသည့် နောက်ထပ်မေးခွန်းတစ်ခုမှာ ဤလူ၏နာမည်သည် အန်ဒရူး-ဒိုမင်ဂူဖြစ်ရမည့်အစား မည်သည့်အတွက်ကြောင့် အိုကာ-ဒိုမင်ဂူဖြစ်နေရသည်ဆိုသည့်အချက်ပင်။
ဤအတွေးများအားလုံးသည် သူ၏ဦးနှောက်အတွင်းတွင် လျှင်မြန်စွာဖြင့်ဖြတ်သန်းသွားခြင်းဖြစ်သည်။
“တွေ့ရတာ၀မ်းသာပါတယ် အရှင့်သား။” ဖှေးမည်ကဲ့သို့ တုန့်ပြန်ရမည်ကို မသိသည့်အတွက် သူ၏ခေါင်းကို နိမ့်ကာ နှုတ်ဆက်လိုက်၏။
“ဟေး ဟေး ဟေး ငါမင်းကို ပြောပါတယ်။ ငါ့နာမည်က အိုကာပါဆို။ မင်းငါ့ကို ဒီနေ့ကစပြီး အိုကာလို့ခေါ်နိုင်တယ်။ မင်းကံကောင်းတယ်ပြောရမယ်နော် ဇီးနစ်အင်ပါယာထဲမှာ ငါ့ကို အိုကာလို့ခေါ်ခွင့်ရှိတဲ့လူက မင်းအပါ၀င်သုံးယောက်ပဲရှိတယ်...”