အခန်း (၃၇၁)
Vol. 25 Ch. 371
ဖှေး ဒိုင်ယာဘလိုကမ္ဘာအပြင်သို့ရောက်သည့်အချိန်တွင် နေ့လည်နှစ်နာရီခန့်ရှိနေပြီဖြစ်သည်။
နောက်တစ်နေ့တွင် လက်တလောအရေးကြီးဆုံးဖြစ်သည့်ပြိုင်ပွဲစတင်တော့မည်ဖြစ်သောကြောင့် စခန်းချနေရာတစ်ခုလုံးအလုပ်များနေလျှက်ရှိသည်။ ဓားကွင်းငါးဆယ်မှာ ဇာတ်ခုံဖြစ်မည်ဖြစ်ပြီး တော်၀င်မှော်ဆရာများ၊ လက်သမားများသည် အင်ပါယာစစ်သည်များ၏ကာကွယ်မှုအောာက်တွင် ဓားရေးလေ့ကျင့်ကွင်းများကို ပြုပြင်ပြင်ဆင်နေကြ၏။ စင်ပတ်လည်တွင် တပ်ဆင်ထားသည့် မှော်အစီ၇င်များသည် တိုက်ပွဲစဥ်များကို သိုင်းဆရာများ၏တိုက်ခိုက်မှုများမှ ကာကွယ်ပေးမည်ဖြစ်ပြီး ကြည့်နေသည့်လူများကိုလည်း အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးမည်ဖြစစ်သည်။
စခန်းချနေရာတစ်၀ိုက်လုံးတွင် အလုပ်များကာ အုံးအုံးကြွကြွဖြစ်နေလျှက်ရှိသည်။
အဖွဲ့၀င်တိုင်းပြည်များအားလုံးသည်လည်း သူတို့၏နောက်ဆုံးပြင်ဆင်မှုများကို ပြုလုပ်နေကြလျှက်ရှိသည်။ စည်းမျဥ်းစည်းကမ်းများအရ တိုင်းပြည်များကို ဒေသငါးခုခွဲခြားထား၏။ အရှေ့ပိုင်း၊အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလည်ပိုင်းတို့ပင်။ ပွဲစဥ်မှာ နှစ်ခုရှိ၏၊။
ပထမပွဲစဥ်သည် အဆင့်သက်မှတ်ခြင်းပွဲစဥ်ပင်။
ဤပွဲစဥ်တွင် အဖွဲ့၀င်တိုင်းပြည်တိုင်းသည် သူတို့၏စွမ်းအားအမြင့်ဆုံးစစ်သည်ခြောက်ယောက်ကို ပို့ကာ အဆင့်သက်မှတ်ပြိုင်ပွဲတွင် ပါ၀င်ယှဥ်ပြိုင်ရမည်ဖြစ်သည်။ ထို့အပြင် တိုင်းပြည်တစ်ခုခြင်းစီမှ စစ်သည်၅၀သည်လည်း အုပ်စုအဆင့်တိုက်ပွဲများတွင် ပါ၀င်ရမည်ဖြစ်သည်။ ကိုယ်ပိုင်အစွမ်းပြိုင်ပွဲတွင် အနိုင်ရသည့် စစ်သည်ဆယ်ယောက်နှင့် အုပ်စုပွဲစဥ်တွင်အနိုင်ရသည့်တိုင်းပြည်ဆယ်ခုတို့သည် အင်ပါယာအရှင်သခင်ယရှင်းနှင့် တွေ့ဆုံခွင့်ရမည်ဖြစ်ပြီး ကြီးမားသည့်ဆုလာဘ်များရရှိလိမ့်မည်ဖြစ်သည်။ ဤပွဲစဥ်များမှ ရရှိသည့်အမှတ်များအားလုံးကို တိုင်းပြည်၏အဆင့်သက်မှတ်ရန်အတွက် ပေါင်းထည့်ပေးသွားမည်ဖြစ်သည်။
ဒုတိယပွဲစဥ်မှာ စိန်ခေါ်ခြင်းပွဲစဥ်များပင်။
ဤပွဲစဥ်တွင် တိုင်းပြည်တိုင်းသည် ကျန်ရှိနေသည့်တိုင်းပြည်တစ်ခုကို စိန်ခေါ်ရန်အတွက် ရွေးချယ်နိုင်၏။ ပုံမှန်အားဖြင့် အကန့်သက်များထားရှိထားခြင်းမရှိပေ။ တိုင်းပြည်တစ်ခုတည်းကပင် ပြိုင်ဘက်တိုင်းပြည်ပေါင်းများစွာကိုလည်း စိန်ခေါ်နိုင်၏။ သို့သော ဤပြိုင်ပွဲများသည် အသေကြေတိုက်ခိုက်သည့်ပွဲစဥ်များဖြစ်သောကြောင့် ပုံမှန်အားဖြင့်တိုင်းပြည်တစ်ခုသည် ကျန်တိုင်းပြည်တစ်ခုကိုသာစိန်ခေါ်နိုင်၏။ စိန်ခေါ်မည့်တိုင်းပြည်သည် မိမိထက်အဆင့်မြင့်သည့်တိုင်းပြည်ကိုသာစိန်ခေါ်ခွင့်ရှိသည်။ စိန်ခေါ်တိုက်ခိုက်သည့်တိုင်းပြည်ကိုအနိုင်ရရှိခဲ့ပါက စိန်ခေါ်သည့်တိုင်းပြည်သည် ၄င်းတိုင်းပြည်၏အဆင့်ကို ပိုင်ဆိုင်သွားမည်ဖြစ်သည်။ ဤပြိုင်ပွဲသည် ရက်စက်လှ၏။ အဆင့်ကျသွားသည် တိုင်းပြည်များစွာရှိခဲ့သလို အမည်မသိသောအဆင့်နှိမ့်တိုင်းပြည်များသည်လည်း အဆင့်တက်လာခဲ့ခြင်းများရှိသည်။
ပွဲစဥ်နှစ်ခုသည် ဒေသငါးခုလုံးတွင် ယှဥ်ပြိုင်ပြီးသည့်အချိန်တွင် ပြိုင်ပွဲ၏အဓိကအရေးအကြီးဆုံးပွဲစဥ်တစ်ခုကို ကျင်းပမည်ဖြစ်သည်။ တိုင်းပြည်များအဆင့်သက်မှတ်ခြင်းပြိုင်ပွဲပင်။
ဒေသငါးခုလုံးမှ ကျွမ်းကျင်သိုင်းဆရာစစ်သည်များသည် နောက်ဆုံးပြိုင်ပွဲကြီးတွင် သူတို့၏ဒေသအတွက်ယှဥ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
စစ်မှန်သည့်ဘုရင်သည် အလောင်းများကိုခြေဖြင့်နင်းကာ အဖွဲ့၀င်တိုင်းပြည်များကြားထဲတွင် နံပါတ်၁စစ်သည်တစ်ယောက်ဖြစ်လာလိမ့်မည်ဖြစ်သည်။ သူ သို့မဟုတ်သူမ၏တိုင်းပြည်သည်လည်း နံပါတ်၁တိုင်းပြည်အဖြစ် သက်မှတ်ခြင်းခံရမည်ဖြစ်သည်။
ထိုဂုဏ်ပုဒ်နှစ်ခုလုံးသည် အဆုံးမဲ့သည့်ကြီးမြတ်မှုတို့ကို ကိုယ်စားပြု၏။ အင်ပါယာယရှင်းမင်းသားဘ၀က သူသည် အဖွဲ့၀င်တိုင်းပြည်များကြားထဲတွင် နံပါတ်၁ဖြစ်ခဲ့ပြီး သူ၏တိုင်းပြည်သည်လည်း စပါတပ်အင်ပါယာတွင် နံပါတ်၁အဖွဲ့၀င်တိုင်းပြည်တစ်ခုဖြစ်ခဲ့သည်။ သူသည် ချက်ချင်းပင် နာမည်ကျော်ကြားလာခဲ့သည်။ သူသည် ဤအခွင့်ရေးကိုအသုံးချကာ စပါတပ်အင်ပါယာမှ ခွဲထွက်ပြီး ကိုယ်ပိုင်အင်ပါယာတစ်ခုကို တည်ထောင်ခဲ့သည်။ ဤသမိုင်းရှိနေသောကြောင့် ဂုဏ်ပုဒ်နှစ်ခုသည် အဓိပ္ပါယ်များစွာဆောင်နေ၏။ တော်၀င်မိသားစုပင်ဖြစ်စေ၊ အဖွဲ့၀င်တိုင်းပြည်များပင်ဖြစ်စေကာမူ ထိုဂုဏ်ပုဒ်နှစ်ခုကို လေးလေးနက်နက်ဆက်ဆံကြ၏။
ထို့အပြင် အနိုင်ရရှိသည့်တိုင်းပြည်၏ဘုရင်သည်အင်ပါယာနယ်စားအဖြစ်သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။ ဤရာထူးသည် အင်ပါယာတော်၀င်မိသားစုနှင့် တူညီလုနီးပါးပင်။
ဤဆုလာဘ်ကြောင့်ပင် လူများရူးသွပ်နေကြခြင်းဖြစ်၏။
လုပ်ကြံသတ်ဖြတ်သူများနှင့် ဆက်နွယ်နေခြင်းကြောင့် အပစ်ပေးခံခဲ့ရသည့်တိုင်းပြည်ခြောက်ခုမှ လွဲ၍ ကျန်ရှိနေသည့်တိုင်းပြည်များမှ ဤပြိုင်ပွဲမှဆုလာဘ်များစွာရနိုင်ရန်အတွက် ကြိုးစားနေကြသည်။
နေ့လည်ခင်းအချိန်တွင် စခန်းချနေရာ၏အလည်တွင်ရှိသော အုပ်ချုပ်ရေးအဆောက်ဦးမှ ကျပန်းစနစ်ဖြင့်ထုတ်ထားသည့် နံပါတ်တစ်ခုကို ရယူရန်အတွက် တိုင်းပြည်တစ်ခုခြင်းစီတိုင်းသည် ကိုယ်စားလှယ်တစ်ယောက်စီစေလွှတ်ရ၏။
ပုံမှန်အားဖြင့် နံပါတ်ရရှိရန်အတွက် ဘုရင်ကိုယ်တိုင်သွားကြမည်ဖြစ်သည်။ သို့သော် ဖှေးမှာ စိတ်၀င်စားခြင်းမရှိပေ။ ထို့ကြောင့် ချမ်းဘော့ဒ်တပ်ဖွဲ့၏အဓိကခေါင်းဆောင်ဖြစ်သည့် ပီတာသည် ကိုယ်စားလှယ်အနေဖြင့် သွားရောက်ယူဆောင်လိုက်သည်။
“မြောက်ပိုင်း ဒေသ နံပါတ်၈ ဟုတ်လား...”
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ပီတာသည် အမှတ်စဥ်နံပါတ်နှင့်အတူပြန်လာခဲ့၏။ ဖှေးသည် ရယ်မောကာ ပီတာသည် ကံကောင်းသည့်လူတစ်ယောက်ဖြစ်ကြောင်းပြောဆိုလိုက်သည်။
ဤသည်မှာ နံပါတ်ကောင်းတစ်ခုပင်။
ချမ်းဘော့ဒ်တိုင်းပြည်သည် အင်ပါယာ၏မြောက်ဖျားပိုင်းတွင်တည်ရှိသည်။ ထို့ကြောင့်ချမ်းဘော့ဒ်တိုင်းပြည်ကို မြောက်ပိုင်းဒေသတွင်ထည့်သွင်းထားခြင်းဖြစ်သည်။ မြောက်ပိုင်းဒေသတွင် တိုင်းပြည်၅၀ပါ၀င်၏။ ဖှေးသည်တရုတ်လူမျိုးတစ်ယောက်ဖြစ်သည့်အတွက် သူသည် ၆နှင့် ၈စသည့်နံပါတ်များကို နှစ်သက်သည်။
နေ့လည်ပိုင်းတွင် ချမ်းဘော့ဒ်ခေါင်းဆောင်များအစည်း၀ေးကို ကျင်းပနေ၏။ ဤအစည်း၀ေးကို ဘုရင်ကိုယ်တိုင်ကျင်းပခြင်းဖြစ်သည်။ ဘုရင်သည် ခေါင်းဆောင်များနှင့် စစ်သည်များကို သူတို့၏စွမ်းအားများတိုးလာကြသည့်အတွက် ချီးကျူးလိုက်သည်။ ထို့နောက်တွင် ထူးချွန်သည့်လူများကို ဆုပေးကာ ပြိုင်ပွဲအတွက် သူ၏ရည်မှန်းချက်များကိုဖော်ပြသည်။ သူသည် ချမ်းဘော့ဒ်စစ်သည်များကို အလုပ်များ၊ တိုက်ပွဲများနှင့် ရန်သူများကို သတ်ဖြတ်ခြင်းတို့အပေါ်တွင် အာရုံစိုက်ကြရန်မှာကြားလိုက်၏။
အစည်း၀ေးပြီးသည့်နောက်တွင် တစ်ကိုယ်ရည်စွမ်းအားပြိုင်ပွဲများတွင် ပါ၀င်ယှဥ်ပြိုင်ရမည့် လူများနှင့် အုပ်စုတိုက်ပွဲများတွင်ပါ၀င်ရမည့်သူတော်စဥ်တပ်ဖွဲ့များ၊ ဥပေဒပြုတပ်ဖွဲ့၀င်များ စစ်သည်စုစုပေါင်းအယောက်၅၀ကို ဆုံးဖြတ်လိုက်ကြသည်။
ထို့နောက်တွင် လူတိုင်းပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်ရန်ပြင်ဆင်ကြတော့သည်။
စခန်းချနေရာတစ်၀ိုက်တွင် လူများအော်ဟစ်နေကြပြီး စစ်မြင်းများသည်လည်း ဟိန်းဟောက်နေကြသည်။ လက်နက်များသည် ချွန်ထက်နေကြပြီး အလံများသည်လည်းတောက်ပနေ၏။ သတ်ဖြတ်လိုသည့် ဆန္ဒများမှာ ကောင်းကင်ပေါ်သို့ပင်ထိုးထောင်လျှက်ရှိနေကြသည်။
......
......
ကောင်းကင်ပေါ်တွင်ရှိနေသည့် လမင်းကြီးမှာ ငွေရောင်တောက်ပနေသည်။
မိုရိုတောင်တန်းများထဲတွင်ရှိသည့် တိုက်ပွဲမြေပြင်ပေါ်တွင်ဖြစ်သည်။
လက်သီးရာတစ်ခုသည် လေထုကိုဖြတ်သန်းကာ အမှောင်ထုထဲတွင် ပျံသန်းသွား၏။ မီးပွားစများထွက်ပေါ်လာပြီးသည့်နောက်တွင် စူးရှကျယ်လောင်သည့်အသံကြီးတစ်ခုထွက်ပေါ်လာ၏။
“ကောင်းတယ်...”လျို့၀ှက်သည့်လူသည် ညင်သာစွာဖြင့်မှတ်ချက်ပြုလိုက်သည်။ သို့သော် သူ၏အမူယာမှာမူအနည်းငယ်အံ့သြနေ၏။
သူ၏အရှေ့တွင်ရှိနေသည့် ဘုရင်ငယ်သည် အလွန်လျှင်မြန်စွာတိုးတတ်လာလိမ့်မည်ဟုထင်ထားခြင်းမရှိသည့်အတွက်ပင်။
ဖှေး၏လက်သီးရာသည် အသံထက်ပင်မြန်ဆန်သွားပြီး ကောင်းကင်ပေါ်တွင် အနီရောင်အလင်းတန်းတစ်ခုကို ဖန်တီးလိုက်သည်။ လက်သီးရာသည် မကြာမှီတွင်ကောင်းကင်ပေါ်မှ ကြယ်တစ်လုံးအဖြစ်သို့ပင် ပြောင်းလဲသွားတော့၏။ ဤတိုက်ခိုက်မှုသည် မနေ့ညက လျို့၀ှက်သည့်သိုင်းဆရာသုံးပြလိုက်သကဲ့သို့ပင်။ ထိန်းချုပ်နိုင်စွမ်းသည် အလွန်ကောင်းမွန်လှသဖြင့် သူကိုယ်တိုင်အသုံးပြုလိုက်သည့် သိုင်းကွက်လားဟုပင် ထင်မှတ်လိုက်မိ၏။
ဤသည်မှာ စစ်သည်များရရှိရန် ခက်ခဲလေ့သည့် နတ်ဘုရားကဲ့သို့အတွင်းအားကို ထိန်းချုပ်ခြင်းပင်။
ပို၍ပင်ကြောက်မက်ဖွယ်ကောင်းသည်မှာ လျို့၀ှက်သည့်လူသည် ချမ်းဘော့ဒ်ဘုရင်၏စွမ်းအားများထက်မံ၍ပင် တိုးတက်လာသည်ကို အာရုံခံလိုက်မိသည့်အတွက်ပင်။ လျို့၀ှက်သည့်လူအတွက် ချမ်းဘော့ဒ်ဘုရင်သည် သူမြင်ဖူးသမျှပါရမီရှင်များထဲတွင် အရည်ခြင်းရှိဆုံးလူတစ်ယောက်ဟုပင်ဆိုရမည်ဖြစ်သည်။
“အတော်ကြောက်စရာကောင်းတဲ့ မကောင်းဆိုး၀ါးပဲ...”
လျို့၀ှက်သိုင်းဆရာ တွေးလိုက်မိ၏။
သူသည် ဘုရင်မှတ်စုများထဲတွင် ပါ၀င်သည့်အချက်လက်များကိုနားလည်ရန်အချိန်အတန်ခဲ့လိုလိမ့်ဦးမည်ဟုယူဆခဲ့မိသည်။ သို့သော် ယခုအချိန်တွင်မူ သူစီစဥ်ထားသည့်သင်ပြစရာများမှာ မလိုအပ်တော့သလိုပင်။
“၀ှီး...”
လျို့၀ှက်သိုင်းဆရာသည် သူ၏လက်ကို၀ှေ့ရမ်းလိုက်ပြီး နောက်ထပ်အစိမ်းရောင်အထုတ်လေးတစ်ခုသည် ဖှေးထံသို့လွှင့်ပျံသွားသည်။ ထို့နောက်တွင် သူထက်မံ၍ပျောက်ကွယ်သွားပြန်တော့သည်။
“မနက်ဖြန်ပြန်လာခဲ့...” စိတ်ခံစားချက်ကင်းမဲ့သည့်အသံကို ဖှေး၏နားထဲတွင် ကြားလိုက်ရသည်။
ဖှေး၏အစွမ်းများသည် များစွာတိုးတက်လာနေသော်လည်း သူထိုလူထွက်ခွာသွားသည်ကိုမြင်နိုင်စွမ်းမရှိသေးပေ။ ထိုလူသည် အလွန်ပင် စွမ်းအားမြင့်မားလှသည်။
ဖှေးရလိုက်သည့်အရာမှာ နောက်ထပ်အနုစိတ်သည့်စာအုပ်လေးတစ်ခုပင်။ ယခင်စာအုပ်ခဲ့သို့ပင် အ၀ါရောင်သားမွှေးဖြင့် ချုပ်လုပ်ထားပြီး ဆယ်ခေါက်ခေါက်ထား၏။ ကွဲပြားသည့်တစ်ခုတည်းသောအရာမှာ စာအုပ်၏ခေါင်းစဥ်ပင်။
[အတွင်းအားရစ်ပတ်ခြင်းသိုင်းကွက်နှင့်ကွယ်ပျောက်စွမ်းအင်လွှာသိုင်းကွက်]
အောာက်တွင် ရေးထားသည့်စာတန်းမှာလည်း အတူတူပင်။ “မင်းသားယရှင်းမှ ဇီးနစ်ဘုရင်ထံသို့လက်ဆောင်....”
ဖှေးခနတာစဥ်းစားကြည့်လိုက်ပြီး ထိုလူဆိုလိုသည်ကို နားလည်သွား၏။
အတွင်းအားရစ်ပတ်ခြင်းနှင့် ကွယ်ပျောက်စွမ်းအင်လွှာသိုင်းကွက်တို့သည် အဆင့်မြင့်သိုင်းကွက်များပင်။ အတွင်းအားများကိုအလွှာအဖြစ်အသုံးပြုခြင်းဖြင့် ထိခိုက်နိုင်စွမ်းများကို များစွာတိုးမြှင့်လာစေမည်ဖြစ်သည်။ သို့သော် ဤသိုင်းကွက်များကို အတွင်းအားအဆင့်မြင့်ထိန်းချုပ်နိုင်သည့်လူများသာလျှင်အသုံးပြုနိုင်၏။ ထို့ကြောင့် ထိုလူသည် သူ့အားအတွင်းအားထိန်းချုပ်ခြင်းစာအုပ်ကိုပေးကာအရင်လေ့ကျင့်စေခဲ့ခြင်းဖြစ်သည်။
ဤလူသည် စကားနည်းသည့်ဆရာတစ်ယောက်ကဲ့သို့ပင်။ ဖှေးအားကျင့်စဥ်လမ်းကြောင်းကို ပြသပေးလျှက်ရှိသည်။
သူသည် ဖှေးအစွမ်းထက်သည်ကိုမြင်သော်လည်း အခြေခံများလိုအပ်နေသေးသည်ကို သတိထားမိခဲ့သည့်အတွက်ဖြစ်နိုင်လောက်သည်။ ထို့ကြောင့် သူသည် ဖှေးအားဖိအားပေးကာ သူလိုအပ်နေခဲ့သည့်အရာများကို သိမြင်လာအောင်ဆောင်ရွက်ပေးခဲ့ခြင်းပင်။
“ဒါပေမယ့် အဲ့လူက ဘာလို့ငါ့အပေါ်ကို ဒီလောက်ကောင်းနေရတာလဲ...”
ဖှေးအဖြေကို စဥ်းစားမရပေ။ လျို့၀ှက်သည့်လူသည် တစ်စုံတစ်ခုကို စီစဥ်နေသည်ဖြစ်နိုင်၏။