အခန်း (၃၇၄)
Vol. 25 Ch. 374
“ဘာလို့လဲ...”
ဖှေးကိုယ်တိုင်ပင် ရှုပ်ထွေးသွားပြီးမျက်မှောင်ကြုံ့လိုက်မိသည်။
ချမ်းဘော့ဒ်စာကြည့်တိုက်ထဲတွင်ရေးထားသည့် မှတ်တမ်းများအရ အင်ပါယာအရှင်သခင်ယရှင်းသည် ယခင်ပြိုင်ပွဲများတွင် အချိန်မှီရောက်ရှိလာပြီး သူ၏ခန္ဓာကိုယ်ကိုလည်းဖုံးကွယ်ထားခြင်းမရှိပေ။ ခန့်ညားသည့်အင်ပါယာအရှင်သခင်သည် စင်မြင့်ပေါ်တွင် ထိုင်နေရင်းဖြင့် အောက်တွင်ရှိနေသည့်စစ်ညသ်များအားလုံးကို လေ့လာပွဲစဥ်တစ်လျှောက်လုံးတွင် လေ့လာကြည့်နေမည်ဖြစ်သည်။
ချမ်းဘော့ဒ်တိုင်းပြည်မှ မှတ်တမ်းများအရ အင်ပါယာအရှင်သခင် ယရှင်းသည် အရှိန်၀ါကြီးမားသည့်လူတစ်ယောက်ဖြစ်ပြီး အ၀ေးမှ ကြည့်နေရုံဖြင့်ပင် လူတိုင်းသူ့အားလေးစားကိုးကွယ်ကာ အမိန့်နာခံလိုစိတ်များပေါ်ပေါက်လာမည်ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ ယရှင်းသည် မည်သည့်အတွက်ကြောင့် သူ၏မျက်နှာကို ဖုံးကွယ်ထားပါသနည်း။
အင်ပါယာအရှင်သခင်သည် အမှန်တကယ်ပင် နတ်ရွာစံခါနီးအခြေအနေသို့ရောက်ရှိနေပြီး လူများကို သူ့အားမမြင်တွေ့စေလိုသောကြောင့်ပေလား။
ဖှေးသည် စင်မြင့်နှင့်အတော်တန်၀ေးသည့်နေရာတွင်ရှိနေသော်လည်း စင်ပေါ်တွင်ရှိနေသည့်လူများ၏စွမ်းအားအဆင့်ကို ကောင်းမွန်စွာပင်အာရုံခံနိုင်နေသေးသည်။
ခုနှစ်ထပ်မြောက်စင်မြင့်၏အောက်တွင် ကြယ်သုံးလုံးနှင့် ကြယ်ငါးလုံးအဆင့်အသီးသီးရှိကြသည့်အစောင့်စစ်သည်၂၀ခန့်ရှိနေကြသည်။ ခုနှစ်ထပ်မြောက်စင်မြင့်ပေါ်တွင်မူ တော်၀င်မှော်ဆရာလေးယောက်ရှိနေကြသည်။ သူတို့၏စွမ်းအားအရှိန်၀ါများမှာ ညသန်းခေါင်ရံမှ မီးတောက်များကဲ့သို့ပင် ထင်ရှားစွာတောက်ပနေသည်။ ရှစ်ထပ်မြောက်စင်မြင့်ပေါ်တွင်ရှိသော မင်းသားအာရှဗင်၏ကြယ်ခြောက်လုံးအဆင့်အတွင်းအားများကိုလည်း ရှင်းလင်းစွာပင်အာရုံခံမိနေသည်။ သူ၏ဘေးတွင်မင်းသားဒိုမင်ဂူသည် စွမ်းအားမြှင့်တင်ပေးသည့် မှော်ချပ်၀တ်တစ်ခုကို၀တ်ဆင်ထားပြီး သူ၏စွမ်းအားများသည် ကြယ်လေးလုံးအဆင့်ပင်။ သူသည် အာရှဗင်နှင့်နှိုင်းယှဥ်ပါက စွမ်းအားလျှော့နည်းနေသော်လည်း ဘုရားသခင်သည် သူ့အားခန့်ညားသည့်မျက်နှာတစ်ခုကို ပေးအပ်ထား၏။ သူသည် အမှောင်ထဲတွင်ရပ်နေစေကာမူ သူ၏ခန့်ညားသည့်မျက်နှာသည် ပတ်၀န်းကျင်တစ်ခုလုံးကိုလင်းလတ်သွားစေမည်ဖြစ်သည်။ ခန့်ညားသည့် ခန္ဓာကိုယ်၊ တန်ဖိုးကြီးသည့်ချပ်၀တ်၊ ချောမောသည့်မျက်နှာဖြင့်သူသည်လည်း အာရှဗင်ကဲ့သို့ပင် လူများ၏အာရုံစိုက်မှုများစွာကို ဖမ်းစားလျှက်ရှိသည်။
ဖှေးသည် ဤလူများ၏စွမ်းအားကို အာရုံခံနိုင်နေသည်။
သို့သော် သူသည် အနီရောင်စွမ်းအင်များဖြင့် ကာရံနေကာ ပုလ္လင်ပေါ်တွင်ထိုင်နေသော လူ၏စွမ်းအားများကိုမူ အာရုံခံနိုင်စွမ်းမရှိပေ။ ထိုနေရာတွင်ရှိနေသည့် တစ်စုံတစ်ခုသည် ဖှေး၏အာရုံခံနိုင်စွမ်းများကို ပိတ်ဆို့နေသည့်အတိုင်းပင်။
“မူး...” ကျွဲဖြူသုံးကောင်သည် ဂုဏ်ယူ၀င်ကြွားစွာဖြင့်အော်ဟစ်လိုက်သည်။
ဤကျွဲများကို ဘုရင်များအနေဖြင့်ပင် ဆက်ဆံကာ တော်၀င်မိသားစုကိုယ်တိုင်အစာကျွေးမွေးထားခဲ့သည့်ကျွဲများပင်။ အစေခံများစွာသည် သူတို့အားနေ့စဥ်ပင် ရေချိုးပေးပြီး၊ အနူးညံ့ဆုံးစောင်များပေါ်တွင် အိပ်စက်စေကာ အသန့်စင်ဆုံးရေများကိုသာ သောက်စေခဲ့သည်။ သူတို့၏သက်တမ်းတစ်လျှောက်လုံးတွင် ဤနေ့ကိုသာ စောင့်စားနေခဲ့ခြင်းဖြစ်သည်။ သူတို့၏နှလုံးသားများကို အသုံးပြုပြီးအင်ပါယာနောက်သုံးနှစ်တွင် ဘာဖြစ်မည်ဆိုသည်အား ခန့်မှန်းရန်အတွက်မဟာဘုရားကျောင်းမှ အသုံးပြုပေးမည်ဖြစ်သည်။ သို့သော် ကျွဲများသည် သူတို့၏ဘ၀နှင့်နေသားကျနေသည်ဖြစ်သည့်အတွက် အသက်ခံရတော့မည်ကို သိရှိကြခြင်းမရှိပေ။ သူတို့သည် ကိုးထပ်မြောက်စင်မြင့်ပေါ်တွင် လှဲနေရင်းဖြင့် စင်မြင့်အောက်တွင်ရှိသည့်လူများကို အင်ပါယာအရှင်သခင်များကဲ့သို့ ကြည့်ရှုနေ၏။ သူတို့သည် လုံး၀ပင်ကြောက်လန့်ခြင်းမရှိပေ။
......
......
ဆောင်းရာသီ၏အေးစက်သော လေညင်းသည်တိုက်ခတ်သွားပြီး အလံထောင်ပေါင်းများစွာကိုလေထဲတွင် လွှင့်ပျံသွားစေသည်။ ဤအလံများသည် ပျံသန်းနေကြသည့်နဂါးများကဲ့သို့ပင်။
အင်ပါယာအရှင်သခင်ယရှင်းရောက်ရှိလာခြင်းသည် ယစ်ပူဇော်ခြင်းအခမ်းနားစတင်တော့မည်ဟူသည့်အဓိပ္ပါယ်မဟုတ်ပေ။
ဇီးနစ်အင်ပါယာတွင်ရှိသည့် မဟာဘုရားကျောင်းမှဘုန်းတော်ကြီးမှာ ရောက်ရှိလာခြင်းမရှိသေးပေ။
ဤအခမ်းနားတစ်ခုလုံးသည် စတင်စဥ်ကတည်းက ထူးဆန်းနေသလိုခံစားနေရ၏။
ရိုးရာဓလေ့များအရ မဟာဘုရားကျော်းမှ ဘုန်းတော်ကြီးသည် ယုံကြည်လေးစားမှုတို့ကို ပြသရန်အတွက် အင်ပါယာအရှင်သခင် ယရှင်းမရောက်မှီအခမ်းနားသို့ ကြိုတင်ကာ ရောက်ရှိနေမည်ဖြစ်သည်။ မဟာဘုရားကျောင်းသည် တိုက်တစ်ခုလုံးကို ထိန်းချုပ်ထားသည့်အဖွဲ့စည်းတစ်ခုဖြစ်သော်လည်း သူတို့သည် စည်းမျဥ်းစည်းကမ်းများကို ကောင်းမွန်စွာလေးစားလိုက်နာတတ်သည့်လူများပင်။ သို့သော် ယခုအချိန်တွင်မူ ဘုန်းတော်ကြီးမှာ အင်ပါယာအရှင်သခင်ယရှင်း ရောက်ရှိလာပြီးသည့်တိုင်အောင် ရောက်ရှိလာသေးခြင်းမရှိပေ။
တိတ်ဆိတ်ငြိမ်သက်လှသည့် စောင့်ဆိုင်းခြင်းကာလှမှာ သည်းမခံနိုင်ဖွယ်ပင်။
အေးစက်သည့်ဆောင်းရာသီလေညင်းသည် အားနည်းသည့်စစ်သည်များကို တုန်ခါနေစေ၏။
“စတော့...”
လူတိုင်းစောင့်ဆိုင်းရသည်မှာ ကြာဦးမည်ဟုထင်နေသည့်အချိန်တွင် ညင်သာသည့်အသံတစ်ခုကို စဥ်မြင့်ပေါ်မှ ကြားလိုက်ရသည်။
အသံမှာ အလွန်ပင်ခန့်ညားထည်၀ါကာ သြဇာညောင်းလှသည်။ အသံထဲတွင်စွမ်းအားအရှိန်၀ါတို့ဖြင့် ပြည့်နှက်နေသော်လည်း ပင်ပန်းနွယ်နှယ်ခြင်းနှင့် အထီးကျန်ခြင်းအရိပ်ယောင်တို့ကို ဖှေးခံစားနေရသည်။ ထို့အပြင် အိုမင်းနေသည့်အသံအနည်းငယ်လဲပါ၀င်နေရာ ဖှေးအနည်းငယ်ပင် ၀မ်းနည်းမိ၏။
“၀ူး...”
အင်ပါယာပြောပြီးနောက်တွင် လက်သီးရာတစ်ခုသည် ပုလ္လင်ထံမှထွက်ခွာလာ၏။
အဖြူရောင်စောင်များပေါ်တွင် သက်တောင့်သက်သာဖြင့်လဲလျောင်းနေကြသည့် ကျွဲဖြူသုံးကောင်မှာ နှစ်ပိုင်းပြတ်သွားကြတော့သည်။ သူတို့တွင် နာကျင်စွာအော်ဟစ်ချိန်ပင် မရလိုက်ပဲ သွေးများလည်း ပန်းထွက်လာခြင်းမရှိပေ။
“မင်းတို့နှစ်ယောက် ဆက်လုပ်လိုက်ကြ...” ပုလ္လင်ပေါ်မှာ အသံထက်မံ၍ထွက်ခွာလာ၏။
“အရှင့် ဆန္ဒအတိုင်းပါ....” ရှစ်ထပ်မြောက်စင်မြင့်ပေါ်တွင်ရှိသည့် မင်းသားနှစ်ပါးသည် ဒူးတစ်ဖက်ထောက်လိုက်ပြီး ပြန်ဖြေလိုက်ကြ၏။
နောက်အခိုက်တန့်တွင် ရွှေရောင်ပုလ္လင်ကြီးမှာ ရုတ်တရက်ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။ ကြီးမားသည့် ဖိအားကြီးတစ်ခုသည် ကောင်းကင်ပေါ်မှဆင်းသက်လာပြီး နဂါးကြီးသည် ပုလ္လင်ကို အမိရဖမ်းလိုက်၏။ ထို့နောက်တွင် တော်၀င်မှော်ဆရာလေးယောက်သည် ပျံတက်သွားပြီးအင်ပါယာအရှင်သခင်နှင့် နဂါးသားရဲကောင်ကြီးတို့ကို ကာကွယ်လိုက်ကြသည်။ သူတို့စတင်ရောက်ရှိလာခဲ့သည့်အတိုင်းပင် ပြန်လည်ထွက်ခွာသွားကြ၏။ အလင်းတန်းများကဲ့သို့ပင် သူတို့သည် မကြာမှီတွင် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိသည့် အင်ပါယာနန်းတော်အတွင်းသို့၀င်ရောက်ကာ ပျောက်ကွယ်သွားကြတော့၏။
အင်ပါယာအရှင်သခင် ယရှင်းက ဒီတိုင်းထွက်ခွာသွားတာလား...
မည်သူမှ ဤကဲ့သို့မျှော်လင့်ထားခြင်းမရှိပေ။
ဤသည်မှာ ယခင်က ဖြစ်ခဲ့ဖူးခြင်းမရှိသည့် အရာတစ်ခုပင်။
စကားတီးတိုးပြောဆိုသံများစွာသည် စစ်သည်တပ်ဖွဲ့များကြားထဲတွင် ပေါ်ပေါက်လာ၏။ သို့သော် မကြာခင်မှာပင် ထိုအသံများလည်း ပျောက်ကွယ်သွားကြတော့သည်။
အကြောင်းပြချက်မှာ မင်းသားနှစ်ပါးသည် ကျန်ရှိနေသည့်အခမ်းနားအစီစဥ်များကို ဆက်လက်ဆောင်ရွက်နေသည့်အတွက်ပင်။
တစ်ဖက်တွင်ဖှေးသည် အခမ်းနားကိုဆက်လက်ကြည့်ရှုရန်အတွက် စိတ်၀င်စားမှုပျောက်ဆုံးသွား၏။ သူသည် အင်ပါယာအရှင်သခင်ယရှင်းအကြောင်းကိုသာတွေးနေမိသည်။ ဇီးနစ်အင်ပါယာပတ်၀န်းကျင်တွင်ရှိသည့် အင်ပါယာများကို စိုးမိုးခဲ့သည့်အင်ပါယာအရှင်သခင်သည် ယနေ့အချိန်တွင်မည်ကဲ့သို့ ပုံသဏာန်ရှိသည်ကို သူသိရှိလို၏။
ဖြစ်ပျက်ခဲ့သည်အရာများအရ အင်ပါယာအရှင်သခင်သည် အမှန်တကယ်ပင် ကျန်းမာရေးအခြေအနေဆိုး၀ါးနေပုံရသည်။ သူသည် ဆယ်မိနစ်ပြည့်အောင်ပင် နေခဲ့ခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်သည် ခံနိုင်ပုံမရသည့်အတွက် အင်ပါယာနန်းတော်သို့ပြန်ကာ အနားယူရသည့်ပုံပင်။
ဖှေးသည် ပတ်၀န်းကျင်တွင်ရှိသောလူပေါင်းများစွာထက်ပို၍ စွမ်းအားကြီးသည့်အတွက် အင်ပါယာအရှင်သခင်ယရှင်းထွက်ခွာသွားသည့်အချိန်တွင် တိုးညှင်းသည့် ချောင်းဆိုးသံများ၊ မြန်ဆန်သည့်အသက်ရှူသံများကို ကြားနေရ၏။
အသက်ရှင်နိုင်ရန် ရုန်းကန်နေရသော လူနာတစ်ယောက်၏အသံကဲ့သို့ပင်။
ဇီးနစ်အင်ပါယာကြီးသည့် ထောက်တိုင်မှာ အမှန်တကယ်ပင် ပြိုလဲတော့မည်လားဆိုသည်မှာ မည်သူမှအတိကျပြောနိုင်ခြင်းမရှိပေ။