အခန်း (၃၈၃)
Vol. 26 Ch. 383
“ဘယ်ကောင် အာချောင်တာလဲကွထွက်ခဲ့စမ်း...”
လူငယ်မှာ ဒေါသဖြစ်သွားသည်။ သူသည် ပရိသတ်အတွင်းသို့ငုံ့ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် အန်ဂျယ်လာနှင့် ဖှေးတို့ထံသို့ရောက်ရှိသွား၏။ “ဟေး မင်းတို့နှစ်ယောက်။ အေးဟုတ်တယ် မင်းတို့ ရပ်လိုက်စမ်း။ မင်းတို့ဘာလာကြည့်နေတာလဲ။ ခုနက ငါ့ကို ပြောတာမင်းတို့မလား။ အမဲရောင်၀တ်ရုံတွေနဲ့ မင်းတို့တွေ ကြည့်ရတာ လူကောင်းဖြစ်တဲ့ပုံမပေါ်ဘူး။ မင်းတို့က ငါ့ကို စော်ကားရဲတယ်ပေါ့...”
ဤမာနထောင်လွှားကာ ကြမ်းတမ်းရိုင်းစိုင်းသည့် စစ်သည်သည် အလွန်လဲဒေါသကြီးလှသည်။ သူပြောအပြီးတွင် စင်ပေါ်မှခုန်ဆင်းကာ တိုက်ခိုက်ရန်ပြင်လိုက်သည်။ သို့သော် စက္ကန့်၀က်အတွင်းမှာပင် သူထိုလူနှစ်ယောက်ကိုရှာတွေ့ခြင်းမရှိတော့ပေ။ သူတို့သည် လျို့၀ှက်သည့်မှော်ပညာတစ်ခုကို သုံးကာထွက်ခွာသွားခဲ့သည့်အတိုင်းပင်။
......
“ကျွန်မတို့ဘာလို့ထွက်လာကြတာလဲ။ နင်သူ့ကို သင်ခန်းစာပေးတော့မယ်ထင်နေတာ...” သူတို့အပြင်ရောက်ရှိသည့်အချိန်တွင် အန်ဂျယ်လာ သူမ၏နူးညံ့သောခန္ဓာကိုယ်ကို ဖှေးဘက်သို့ယိမ်းကာမေးလိုက်သည်။
“ဒီနေ့အတွက် ငါ့တာ၀န်က လှပတဲ့မိဘုရားနဲ့အချိန်ကုန်ဆုံးဖို့လေ။ ငါဒီကို တိုက်ခိုက်ဖို့လာခဲ့တာမှ မဟုတ်တု...” ဖှေးရယ်မောကာ ပြန်ဖြေလိုက်သည်။
သားနားသည့်ငွေရောင်ချပ်၀တ်၀တ်ဆင်ထားသည့် လူငယ်သည် အလွန်မာနထောင်လွှားနေသော်လည်း သူ၏အစွမ်းများမှာမဆိုးကြောင်းကို ဖှေးပြောနိုင်၏။ ထိုလူငယ်တွင် ဖုံးကွယ်ထားသည့် စွမ်းအားတစ်ချို့ရှိနေသည့်အတိုင်းပင် ဖှေးအန္တရာယ်အရှိန်၀ါအနည်းငယ်ကိုပါ ခံစားနေရ၏။
ဦးနှောက်မရှိပဲ မာနထောင်လွှားနေသည့်ဟန်မှာ သူဟန်ဆောင်နေခြင်းလဲဖြစ်နိုင်၏။ ဖှေးမမှားပါက ထိုလူငယ်သည် နောက်ဆုံးအဆင့်ပြိုင်ပွဲကို တက်နိုင်လာလောက်၏။ ဖှေး ထိုအဆင့်တွင် ဤလူငယ်နှင့် ရင်ဆိုင်ရနိုင်ချေလည်း များစွာရှိနေသည်။ ဖှေးထိုအချိန်တွင် သူ့အားသင်ခန်းစာပေးခွင့်ရရှိလိမ့်မည်ဖြစ်သည်။
ဖှေးနှင့် အန်ဂျယ်လာတို့သည် ပြိုင်ပွဲနေရာတစ်လျှောက်တွင် လှည့်ပတ်သွားလာနေကြ၏။
ဆယ်မိနစ်ခန့်ကြသည့်အချိန်တွင် အော်ဟစ်သံများစွာကို သူတို့၏အရှေ့တွင် ကြားလိုက်ရသည်။
ဤအော်ဟစ်သံများသည် သေခါနီးသားရဲတစ်ကောင် အော်ဟစ်နေသည့်အတိုင်းပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထို့နောက်တွင် လူအုပ်၏အာမေဍိတ်သံများထွက်ပေါ်လာသည်။ ထို့နောက်တွင် နှာခေါင်းစူးရှသည့် သွေးနှံ့တစ်ခုသည် လေထဲတွင် ပြန့်နှံ့လာတော့၏။ ဤသည်မှာ အလွန်ထူထဲလှသဖြင့် လေထဲတွင် သွေးများစီးဆင်းနေသကဲ့သို့ပင်။
“အား ဒါက ဘာနံ့ကြီးလဲ ဘာတွေ့ဖြစ်နေလို့လဲ...” အန်ဂျယ်လာမျက်မှောင်ကြုံ့လိုက်သည်။
ဖှေး ဓားကွင်းတစ်ခုထံသို့ ကြည့်လိုက်၏။
ထိုနေရာတွင် တိုက်ပွဲတစ်ခုဖြစ်ပွားနေ၏။
ခရမ်းရောင်၀တ်ရုံနှင့်လူတစ်ယောက်သည် စက်၀ိုင်းပုံပတ်ပြေးနေပြီး အလွန်မြန်ဆန်လွန်းလှသဖြင့် လေထဲတွင် ပုံရိပ်ယောင်များစွာကို ချန်ထားခဲ့သည်။ သူ၏လက်ထဲတွင်ရှိနေသည့် ထူးဆန်သည့်ပုံသဏန်နှင့် ဓားနှစ်လက်မှာလည် လည်ပတ်ကာ အလည်တွင်ရှိနေသည့် အရာတစ်ခုကို သွေးမြူများအဖြစ်ပြောင်းလဲလျှက်ရှိသည်။
ဖှေးအနီးကပ်ကြည့်လိုက်သည့်အချိန်တွင် သူထိတ်လန့်အံ့သြသွားရ၏။
သွေးမြူများထဲတွင် အရေပြားမရှိတော့သည့် လူတစ်ယောက်ရှိနေသောကြောင့်ပင်။
ခရမ်းရောင်၀တ်ရုံနှင့်လူ သူ၏ဓားကို ၀ှေ့ရမ်းလိုက်သည့်အချိန်တိုင်းတွင် လက်သည်းခွံအရွယ်စားရှိသည့်အသားစတစ်ခုသည် သူ၏ရန်သူခန္ဓာကိုယ်မှ လွှင့်ထွက်လာမည်ဖြစ်သည်။ ဆယ်စက္ကန့်အတွင်းမှာပင် ခရမ်းရောင်၀တ်ရုံနှင့်လူသည် ဓားနှင့် အကြိမ်တစ်ရာခန့်ခုတ်ပိုင်းတိုက်ခိုက်ပြီးဖြစ်သည်။ ရန်သူသည် ရှောင်ရှားလိုသော်လည်း လေမုန်တိုင်းကဲ့သို့ ဓားချက်များလက်မှ လွတ်အောင်ပြေးနိုင်ခြင်းမရှိပေ။ တိုက်ပွဲကို ခရမ်းရောင်၀တ်ရုံနှင့်လူကသာထိန်းချုပ်ထားပြီး သွေးမြူများအလည်တွင်ရှိနေသည့်လူမှာ အော်ဟစ်ငိုကြွေးပြီး သေဆုံးရန်သာတတ်နိုင်တော့သည်။
နှစ်ဆယ်မိနစ်ခန့်ကြာသည့်အချိန်တွင် ခရမ်းရောင်၀တ်စုံနှင့်လူသည် ရပ်လိုက်ကာ သူ၏ဓားများကို ပြန်လည်ရုတ်သိမ်းလိုက်၏။
ယခုအချိန်တွင် သွေးမြူများထဲတွင် လည်ပတ်နေသည့် လူသည်လည်း ရပ်တန့်သွားပြီဖြစ်သည်။ သူသည် သေဆုံးသွားသည်ထက်ပင် ပိုနေ၏။ သူသည် သန်ရှင်းသည့် အဖြူရောင်အရိုးစုတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့သည်။ သွေးတစ်စက်မှပင် ထိုအရိုးစုပေါ်တွင်ထင်ကျန်ခဲ့ခြင်းမရှိပေ။
“ချွတ်...”
အရိုးစုသည် မြေပေါ်သို့ ပြုတ်ကျသွားပြီး အစိတ်စိတ်မွှာမွှာကွဲသွားတော့၏။
အလွန်ရက်စက်သည့် သိုင်းကွက်တစ်ခုပင်။
ဖှေး မျက်မှောင်ကြုံ့လိုက်သည်။
ထိုခရမ်းရောင်၀တ်ရုံနှင့်လူသည် အလွန်လျှင်မြန်လှသလို သူ၏သိုင်းကွက်မှာလည်း ထူးဆန်းလှသည်။ သူ၏ဓားများကို ထိန်းချုပ်နိုင်စွမ်းမှာ အလွန်မြင့်မားလှပြီး ရန်သူ၏အသားစများကို ဓားဖြင့် သပ်ရပ်စွာလှီးထုတ်လိုက်ခြင်းပင်။ ထိုခရမ်းရောင်၀တ်ရုံနှင့်လူသည် သူ၏ရန်သူထက်များစွာပို၍အစွမ်းထက်သည်မှာ ထင်ရှားလှပြီး ဤပြိုင်ပွဲကိုတစ်ချက်တည်းဖြင့်သာ အနိုင်ယူနိုင်စွမ်းရှိသည်။ သို့သော် သူသည် အရက်စက်ဆုံးနီးလမ်းကို အသုံးပြုခဲ့ပြီး ရန်သူအားအကြိမ်ပေါင်းတစ်ရာကျော်ပင် ခုတ်ပိုင်းခဲ့၏။ ဤလူသည် စိတ္တဇလူသတ်သမားတစ်ယောက်ပင်။
သို့သော် ထင်ရှားစွာပင် သူသည် ကျွမ်းကျင်စစ်သည်တစ်ယောက်ပင်။
ဖှေးကြာကြာနေပဲ အန်ဂျယ်လာနှင့် အလျင်မြန်ပင်ထွက်လာခဲ့၏။
ထိုမြင်ကွင်းမှာ အလွန်ပင်သွေးထွက်သံယိုဆန်လှသဖြင့် သူ၏ဇနီးလောင်းကြောက်လန့်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
ဤသည်မှာ အေဇာရုတိုက်ပေါ်တွင်ရှိသည့် စစ်သည်များ၏ကံကြမ္မာပင်။ တစ်ခြားလူများကို သတ်ရမည်သို့မဟုတ်အသတ်ခံရမည်ဖြစ်သည်။ အကယ်၍တစ်စုံတစ်ယောက်သည် ဤတိုက်ပေါ်တွင် ရှင်သန်လိုပါက သူသို့မဟုတ်သူမသည် ပို၍ပို၍သန်မာလာအောင်ကြိုးစားရမည်ဖြစ်သည်။ ဤသည်မှာ မိမိချစ်ခင်သည့်လူများကို ကာကွယ်ပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းပင်ဖြစ်၏။
ဖှေးနှင့် အန်ဂျယ်လာတို့အရှေ့သို့ လမ်းလျှောက်လာပြီးသည့်အချိန်တွင် ပရိသတ်များစွာရှိနေသည့် ဓားကွင်းတစ်ခုကို သူတို့တွေ့လိုက်ရ၏။ လူများမှာ အော်ဟစ်အားပေးနေကြပြီး လက်ခုပ်သံများမှာ ဆူညံလျှက်ရှိသည်။ ဖှေလှမ်းကြည့်လိုက်ရာ တိုက်ပွဲစင်မြင့်ပေါ်တွင်ရှိနေသည့်လူမှာ ဘိုင်ဇန်တိုင်းတိုင်းပြည်၏ဘုရင်ငယ် ကွန်စတန်တိုင်းဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဖှေးရပ်လိုက်ပြီး အ၀ေးမှ လှမ်းကြည့်လိုက်သည်။
ရန်သူမှာ အရပ်ရှည်ရှည်ဗလတောင့်တောင့်စစ်သည်တစ်ယောက်ဖြစ်သည်။ ဤလူသည် ကြီးမားလေးလံသည့် သံမဏိတူကြီးနှစ်လက်ကို သုံးလျှက်ရှိသည်။ တူများ ကြမ်းပြင်ပေါ်သို့ ကျသွားသည့်အချိန်တွင် စင်မြင့်တစ်ခုလုံးလဲတုန်ခါသွားမည်ဖြစ်သည်။
ဤလူမှာ စွမ်းအားမြင့်မားသော်လည်း ကွန်စတန်တိုင်းရင်ဆိုင်ရသည်မှာ သိပ်ပြီးခက်ခဲလှခြင်းမရှိပေ။
ဤဘုရင်ငယ်သည် တည်ငြိမ်သော်လည်း လျှင်မြန်ဖြတ်လတ်လှသူဖြစ်သည်။ သူသည် ငွေရောင်ချပ်၀တ်တစ်ခုနှင့် ဆူးချိတ်များပါရှိသည့် သံမဏိလက်အိပ်နှစ်စုံကို ၀တ်ဆင်ထားသည်။ သူ၏လက်သီးချက်များမှာ သိပ်ပြီးမြန်ဆန်လှခြင်းမရှိသော်လည်း သားရဲကောင်ဟိန်းဟောက်သည့်အသံများမှာ လက်သီးချက်နှင့်အတူထွက်ပေါ်လာနေလျှက်ရှိ၏။
“ဟမ် ကွန်စတန်တိုင်းတစ်ယောက်အချိန်တိုအတွင်းမှာ ဒီလိုအဆင့်ကိုရောက်သွားလိမ့်မယ်လို့ ငါထင်မထားဘူး။ သူ့ရဲ့ဒဏ်ရာခုနှစ်သွယ်လက်သီးမှာ ကျားဟိန်းသံနဲ့ နဂါးဟိန်းသံတွေတောင်ပါနေပြီးပဲ။ အဲ့တာက ပထမအဆင့်အောင်မြင်သွားတာကို ပြသနေတာပဲ။ ဟော့ခ်ဆေးပုလင်းက သူ့ရဲ့ခန္ဓာကိုယ်ကို အစွမ်းမြှင့်ပေးခဲ့တယ်ဆိုပေမယ့် ကွန်စတန်တိုင်းကိုယ်တိုင်ကလည်း အရည်ချင်းရှိတဲ့စစ်သည်တစ်ယောက်ပဲ...” ဖှးတွေးလိုက်မိသည်။
ဖှေး ကွန်စတန်တိုင်း၏စွမ်းအားများ တိုးမြှင့်လာမှုအပေါ်တွင် အံ့သြနေမိသည်။
သို့သော် ဒဏ်ရာခုနှစ်သွယ်လက်သီးမှာ အသုံးပြုသူကိုပါ တန်ပြန်ဒဏ်ရာရစေတတ်သည့် သိုင်းကွက်တစ်ခုပင်။ ဤကဲ့သို့သောကျွမ်းကျင်မှုအဆင့်သို့ရောက်ရှိရန်မှာ ကွန်စတန်တိုင်း၏ကိုယ်တွင်းအင်္ဂါများအနည်းငယ် ထိခိုက်သွားမည်ဖြစ်သည်။ ဖှေးဤအကြောင်းများအားလုံးကိုလည်း ကွန်စတန်တိုင်းအား မူလအစကတည်းက ကြိုတင်ကာ သတိပေးခဲ့ပြီးဖြစ်သော်လည်း ထိုဘုရင်ငယ်သည် သိုင်းကွက်အားလေ့ကျင့်လိုနေဆဲပင်။ သူကာကွယ်ချင်နေသည့်အရာတစ်ခုရှိနေပုံရသည်။ ထိုအတွက်ကြောင့်သာ သူသည်မြန်မြန်ဆန်ဆန်နှင့် သန်မာလိုနေခြင်းပင်။
ဖှေးတွေးနေဆဲမှာပင် တိုက်ပွဲ၏အဆုံးသတ်သို့ရောက်ရှိလာပြီဖြစ်သည်။
ကွန်စတန်တိုင်းသည် ရန်သူ၏လည်ပင်းကို လက်သီးဖြင့်ထိုးလိုက်ကာ မြောက်နေသည့် တူများသည် ကွန်စတန်တိုင်းထံသို့ ဆက်လက်ဆင်းသက်လာနိုင်ခြင်းမရှိတော့ပေ။ ရန်သူ၏မျက်နှာရှိ မျက်လုံးများ၊ ပါးစပ်များ၊ နားပေါက်များ၊ နှာပေါက်များ၊ ပါးစပ်စသည့်အပေါက်၇ပေါက်မှ သွေးများစီးကျလာ၏။ ခနတာကြာပြီးသည့်နောက်တွင်ထိုလူသည် ခုတ်ပိုင်းခံလိုက်ရသည့် သစ်ပင်ကဲ့သို့ မြေပြင်ပေါ်သို့လဲကျသွားတော့၏။
“ဖုန်း ဖုန်း...” လူသန်ကြီး၏တူနှစ်လက်မှာလည်း မြေပြင်ပေါ်သို့ပြုတ်ကျသွား၏။ ထွက်ပေါ်လာသည့် ဆူညံသံများသည်မင်သက်နေကြသည့် ပရိသတ်များကို နိုးထလာစေခဲ့သည်။ ရုတ်တရက်ပင် လက်ခုပ်သံများနှင့် အော်ဟစ်အားပေးသံတို့မှာ မီးတောင်ပေါက်ကွဲသကဲ့သို့ပင် ထွက်ပေါ်လာတော့၏။
ပရိသတ်သည် ဤဘုရင်ငယ်ကို နှစ်သက်ကြသည်။
ကွန်စတန်တိုင်းသည် ပရိသတ်ကို လေးစားစွာဖြင့်ခါးကိုင်းကာ အရိုသေပေးလိုက်သည်။ ထို့နောက်တွင် မြေပြင်ပေါ်တွင်ရှိနေသည့် တူနှစ်စုံကို ကောက်ယူလိုက်၏။
ရန်သူများ၏လက်နက်များကို စုဆောင်းရန်မှာ ဤဘုရင်ငယ်၏၀ါသနာပင်ဖြစ်သည်။
ဤတိုက်ပွဲမတိုင်မှီတွင် သူသည် တစ်ခြားတိုင်းပြည်တစ်ခုမှစစ်သည်တစ်ယောက်ထံမှ လှံရှည်တစ်ခုကို သိမ်းပိုက်ခဲ့သည်။
ဤလက်နက်များသည် နတ်ဘုရားအဆင့်လက်နက်များမဟုတ်ကြသော်လည်း ကွန်စတန်တိုင်းသည် ထိုလက်နက်များကို ရတနာများကဲ့သို့သဘောထား၏။ တစ်နေ့တွင် အကယ်၍သူအင်ပါယာအရှင်သခင်တစ်ယောက်ပင်ဖြစ်လာပါက ဤအောင်နိုင်ခြင်းအထိန်းမှတ်လက်နက်များကို ပြတိုက်ထဲတွင် ပြသထားပေမည်ဖြစ်သည်။
ကွန်စတန်တိုင်းသည် ဘိုင်ဇန်တိုင်းတိုင်းပြည်နားနေရာသို့ဆင်းသွား၏။ သူ့အားပရိတ်သတ်ထဲတွင် အားပေးနေခဲ့ကြသည့် အန်ဂျယ်လာနှင့် ဖှေးတို့ကိုမူသတိထားလိုက်မိခြင်းမရှိပေ။
နားနေရာနေရာတွင် လှပသည့် မိဘုရားအစ်ဇဘယ်လာသည် ပြေးထွက်လာကာ သူမ၏ယောက်ျားကို ဖက်လိုက်သည်။ ထို့နောက်တွင် သူသည် ကွန်စတန်တိုင်း၏နဖူးမှ ချွေးများကို သုတ်ပေးလိုက်၏။ သူမသည် တစ်ချိန်တည်းမှာပင် စိုးရိမ်ကာ ၀မ်းသာမိနေ၏။
ကွန်စတန်တိုင်းဓားကွင်း စင်မြင့်ပေါ်သို့တက်သွားသည့်အချိန်တိုင်းတွင် အစ်ဇဘယ်လာသည် အချိန်များနှေးကွေးသွားသည်ဟုခံစားမိနေခဲ့ပြီး သူမ၏နှလုံးခုန်နှုန်းများသည်လည်း အလွန်မြင့်မားနေခဲ့မည်ဖြစ်သည်။
သူမ၏ချစ်သူမှာ ဘုရင်တစ်ပါးဖြစ်သောကြောင့် သစ္စာရှိနောက်လိုက်များကို ကိုယ်စားပြုကာ တိုက်ခိုက်ရမည်ကိုလည်း သူမနားလည်သည်။ သို့သော်လည်း ဇနီးမယားတစ်ယောက်အနေဖြင့် ကွန်စတန်တိုင်းကို အန္တရာယ်များလှသည့် ဓားကွင်းပေါ်သို့သွားစေလိုခြင်းမရှိပေ။
ဤသည်မှာ ဆန့်ကျင်ဘက်စိတ်ခံစားချက်နှစ်ခုပင်။ ဘုရင်ငယ်သည် ပြိုင်ပွဲများအားလုံးကို အနိုင်ရရှိလိမ့်မည်ဟုမည်သူမှမပြောနိုင်ချေ။ အဘယ်ကြောင့်ဆိုသော ကွန်စတန်တိုင်းမှာ တိုက်ခိုက်မှုတစ်ချက်ကိုသာအသုံးပြုသည့် ဓားတစ်လက်သူရဲကောင်းနှင့် လျို့၀ှက်စွာဖြင့်စွမ်းအားကြီးနေသည့် ကောင်းကင်လက်သီးတို့ကဲ့သို့သော သိုင်းဆရာများမဟုတ်သည့်အတွက်ပင်။
ချမ်းဘော့ဒ်ဘုရင်အကြောင်းကို စဥ်းစားမိပြီးနောက်တွင် အစ်ဇဘယ်လာသူ့ကို အလွန်ပင်ကျေးဇူးတင်မိသည်။
သူမသည် နှင်းများကျဆင်းနေခဲ့သည့် အေးစက်သည့်ညတစ်ညကို ကောင်းစွာမှတ်မိ၏။ ချမ်းဘော့ဒ်ဘုရင်သာ ရောက်ရှိလာခဲ့ခြင်းမရှိပါက သူမသည် သွေးစွန်းဂိုဏ်း၏ကစားစရာအရုပ်တစ်ခုဖြစ်လာနိုင်ပြီး သူမ၏ချစ်သူသည်လည်း တိုက်ပွဲများကြားတွင် သေဆုံးသွားနိုင်၏။ ချမ်းဘော့ဒ်ဘုရင်၏ ရက်ရောမှုကြောင့်သာ ကွန်စတန်တိုင်း၏ကံကြမ္မာနှင့် ဘိုင်ဇန်တိုင်းတိုင်းပြည်၏ကံကြမ္မာတို့ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
......
ဖှေးနှင့် အန်ဂျယ်တို့ ကွန်စတန်တိုင်းကို ၀င်ရောက်နှုတ်ဆက်ခြင်းမရှိပေ။ သူတို့ ဤပွဲစဥ်ကို ကြည့်ရှုပြီးသည့်နောက်တွင် သာမန်လူများကဲ့သို့ပင် ကျန်ရှိနေသည့် ပွဲများကိုဆက်လက်ကြည့်ရှုရန်အတွက် ထွက်လာခဲ့၏။
“သွားကြစို့ အဖွဲ့၀င်တိုင်းပြည်တွေရဲ့နံပါတ်၁ နတ်သမီးလေးက နံပါတ်၁၄ဓားကွင်းမှာ ရောက်လာတော့မှာ...”
“နံပါတ်၁နတ်သမီးဟုတ်လား...သူက ဘူလန်တိုင်းပြည်က အေးစက်စက်နဲ့မင်းသမီးစင်ဒီမလား...”
“ဟုတ်တာပေါ့။ သူမကလွဲပြီး ဘယ်သူ့ကို အဖွဲ့၀င်တိုင်းပြည်တွေရဲ့နံပါတ်၁နတ်သမီးလို့ ခေါ်လို့ရမှာလဲ။ ဟာ ငါ့ကို ဆွဲမထားနဲ့ ငါနေရာကောင်းရအောင်အမြန်သွားမှရမယ်...”