အခန်း (၃၉၄)
Vol. 27 Ch. 394
“....”
ဖှေး၏စကားများကို ကြားသည့်အချိန်တွင် ပြန်ရန်ပြင်နေသည့်လျို့၀ှက်ထူးဆန်းသည့်လူသည် ပစ်လဲတော့မတတ်ပင်ဖြစ်သွား၏။
“သေစမ်း ဒီခွေးသားလေးက လောဘကြီးပြီးတော့ နဂါးလက်သီးကိုတောင်လိုချင်နေတာပဲ။ သူက ကျင့်စဥ်စာလိပ်ကို ကြည့်ချင်တယ်ဟုတ်လား...” ထိုလူတွေးလိုက်မိသည်။
ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနှင့် နေလေ့ရှိသည့်လူပင် ဒေါသဖြစ်သွားလုနီးနီးပင်။
ဇီးနစ်အင်ပါယာပတ်လည်တွင် အင်ပါယာရာနှင့်ချီပြီးရှိသည့်အနက် နဂါးလက်သီးကို လအဆင့်သိုင်းကွက်တစ်ခုအဖြစ်သက်မှတ်ထားကြသည်။ ထိုသိုင်းကွက်ကို အင်ပါယာတစ်သောင်းထဲတွင် နံပါတ်၁သိုင်းကွက်ဟုပင် ခေါ်ကြသည်။ နာမည်ကြီးသိုင်းဆရာတော်တော်များများသည် ဤပါရမီရှင်သိုင်းဆရာယရှင်း ဖန်တီးထားသည့်ကျင့်စဥ်စာလိပ်သည် နေအဆင့်သိုင်းကွက်တစ်ခုပင်ဖြစ်လာနိုင်သည်ဟု သုံးသပ်ကြ၏။
နေအဆင့်သိုင်းကွက်ဆိုသည်မှာ သာမန်သိုင်းဆရာများ၏မျက်လုံးထဲတွင် ဒဏာရီထက်ပင် တောက်ပသည့်အရာတစ်ခုပင်။
နေအဆင့် သိုင်းကွက်မှာ သူကိုယ်တိုင်ကပင် ဒဏာရီတစ်ခုပင်။
အလွန့်အလွန်ပင် တန်ဖိုးကြီးမားလှသည်။
နှစ်ပေါင်းများစွာခန့်က အင်အားကြီးအဖွဲ့စည်းတော်တော်များများသည် ငွေကြေးရတနာများစွာကိုအသုံးပြုပြီး ထိုနဂါးလက်သီးကျင့်စဥ်စာလိပ်ကို တစ်ခါမျှပင် ကြည့်ရှုခွင့်ရရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြုခဲ့ကြဖူးသည်။ သို့သော်သူတို့ထဲက တစ်ယောက်မှပင် ကြည့်ခွင့်မရခဲ့ကြပေ။ ဤအချက်သည် ထိုကျင့်စဥ်စာလိပ်မည်မျှ တန်ဖိုးကြီးမားသည်ကို ဖော်ပြနေ၏။
တစ်ခြားရှုထောင့်တစ်ခုမှကြည့်ပါက ဤသိုင်းကွက်သည် သိုင်းကွက်တစ်ခုမျှသာမဟုတ်ပေ။ တော်၀င်သင်္ကေတတစ်ခုပင်။ ဇီးနစ်ထဲတွင် အင်ပါယာအရှင်သခင်ယရှင်းတစ်ယောက်ထဲသာ ထိုသိုင်းကွက်ကို တတ်မြောက်၏။ ထီးနန်းဆက်ခံရန်အတွက် အလားလာရှိသည့် မင်းသားအာရှဗင်နှင့် ဒိုမင်ဂူတို့ပင် ဤသိုင်းကွက်ကျင့်စဥ်စာလိပ်ကိုမြင်တွေ့ဖူးခြင်းမရှိသေးပေ။
ယခုအချိန်တွင်မူ လောဘကြီးသည့်ဘုရင်ငယ်တစ်ယောက်သည် နဂါးလက်သီးသိုင်းကွက်ကို ရရှိရန်ပင် တွေးနေသောကြောင့်ပင်။
လျို့၀ှက်သည့်လူသည် တစ်ဖက်သို့လှည့်ပြီး ဖှေးအားနာရင်းအုပ်ချင်သည့်စိတ်ပင်ပေါက်လာ၏။
သို့သော် သူဒေါသကို ထိန်းလိုက်သည်။ ခန္ဓာကိုယ်အား ထိန်းချုပ်ကာအသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက်တွင် အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့၏။
“အမ် ဘာမှလဲပြောမသွားဘူး။ ဟီးဟီး အဲ့လိုဆိုရင် သူက နဂါးလက်သီး ယူလာပေးဖို့များသဘောတူလိုက်တာလား...”
ဖှေးသည် ဤလူအားမနက်ဖြန်ညတွင် ထက်မံတွေ့ရန်မျှော်လင့််နေ၏။
......
......
ဖှေးစခန်းသို့ပြန်ရောက်သည့်အချိန်တွင် ကြယ်တာရာများသည် မှေးမှိန်စပြုလာပြီး နေမင်းကြီးသည်မိုးကုတ်စက်၀ိုင်းမှထွက်ပေါ်လာနေပြီဖြစ်သည်။
နေု့သစ်စတင်တော့မည်ဖြစ်သောကြောင့် ချမ်းဘော့ဒ်တိုင်းပြည်မှလူများသည် ထကာ နေ့အတွက်ပြင်ဆင်နေကြပြီဖြစ်သည်။ ချမ်းဘော့ဒ်မှစစ်သည်များဖှေးထံမှ ကျင့်စဥ်စာလိပ်များရရှိပြီးသည့်အချိန်တွင် သူတို့သည် သက်ဆိုင်ရာတဲများထံသို့ပြန်ကာ လေ့ကျင့်မှုကိုစတင်နေခဲ့ကြသည်။ ကျင့်စဥ်စာလိပ်များကို ဖှေးကိုယ်တိုင်ပြုလုပ်ပေးထားသောကြောင့် သူတို့ယခင်က ကျင့်ခဲ့သည့်စာလိပ်များနှင့် အဆက်နွယ်ရှိသည်ဟုဆိုရမည်။ အခြေခံအားကောင်းမွန်စွာလေ့ကျင့်ပြီးသည်ဖြစ်သောကြောင့် သူတို့သည် အတော်သင့်တိုးတတ်မှုရှိနေကြ၏။ ယခုအချိန်ထိတိုင်အောင် သူတို့သည် လေ့ကျင့်နေကြဆဲပင်။
ပီတာမှာမူလေ့ကျင့်မနေသည့်တစ်ယောက်တည်းသောလူပင်။ အဘယ်ကြောင့်ဆိုသော်သူသည် သူတော်စဥ်တပ်ဖွဲ့၀င်များကို စီမံခန့်ခွဲကာ စွမ်းအားအမြင့်ဆုံးစစ်သည်များကို မနက်ဖြန်တိုင်ပွဲအတွက် ရွေးချယ်ပြင်ဆင်ရဦးမည်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူသည် လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး အလုပ်လုပ်နေရ၏။
ချမ်းဘော့ဒ်တိုင်းပြည်မှ လူတိုင်းသည် အကောင်းဆုံးကြိုးစားနေကြသည်။
တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲမှာ ချမ်းဘော့ဒ်တိုင်းပြည်အတွက် လက်မလွှတ်သင့်သည့်အခွင့်ရေးတစ်ခုဖြစ်သည်ကို သူတို့အားလုံးသိကြသည့်အတွက်ပင်။
လွန်ခဲ့သည့်တစ်ရက်ခန့်က ဤပြိုင်ပွဲမှ နံပါတ်၁စစ်သည်သည် အသစ်ဖွဲ့စည်းမည့်ပင်ပတပ်ဖွဲ့၏အမိန့်ပေးခေါင်းဆောင်တစ်ယောက်ဖြစ်လာမည်ဖြစ်ပြီး ထိပ်တန်းစစ်သည်၂၀ယောက်မှာ တပ်ဖွဲ့၏အဓိကခေါင်းဆောင်ရာထူးများကို ရရှိမည်ဖြစ်သည်။ ဤသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်အတွက် အခွင့်ရေးပင်။
ချမ်းဘော့ဒ်တိုင်းပြည်သည် တိုင်းတာတစ်ခုထိအင်အားကြီးမားနေသည်ကို လူတိုင်းမြင်နိုင်၏။
မြောက်ပိုင်းဒေသတွင် ထိပ်တန်းစစ်သည်၁၀ယောက်ရှိသည့်အနက် ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုတည်းမှ ထိပ်တန်းနေရာရှစ်ခုကို ရယူထားသည်။ သူတို့သာ ဤအခြေနေကို ထိန်းထားနိုင်ပါက ဖှေးသည် ပင်မတပ်ဖွဲ့အသစ်ကို အလုံးစုံထိန်းချုပ်နိုင်မည်ဟုဆိုနိုင်၏။
သူ၏လူများကြိုးစားနေသည်ကို မြင်တွေ့ရသည့်အတွက် ဖှေး၀မ်းသာဂုဏ်ယူသွားမိသည်။
ယခင်က အားနည်းကာ လူတိုင်း၏အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည့် ချမ်းဘော့ဒ်တိုင်းပြည်သည် ယခုအချိန်တွင်မူ အလွန်အင်အားကြီးပြီး စည်းကမ်းကျသည့် တိုင်းပြည်တစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။ လူတိုင်းသည် ရည်မှန်းချက်တစ်ခုတည်းကိုသာ အာရုံစိုက်နေကြသဖြင့် ချမ်းဘော့ဒ်တိုင်းပြည်စိုက်ထုတ်နိုင်သည့် အင်အားသည် နောက်အဆင့်တစ်ခုတွင်ရှိနေလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့အခြေအနေသို့ရောက်ရှိအောင်ဆွဲခေါ်ခဲ့သူဖြစ်သည့် ဖှေးသည် စိတ်ကျေနပ်မှုကို ခံစားနေရ၏။
ရှည်လျားသည့်နေ့တစ်ခုပြီးသည့်အချိန်တွင် ဖှေးသည် နေမထွက်မှီနာရီအနည်းငယ်ခန့်ကို အနည်းငယ်အနားယူရန်အတွက် အသုံးချလိုက်သည်။
ဖှေးနိုးလာသည့်အချိန်တွင် နေလုံးကြီးသည်ကောင်းကင်ပေါ်သို့ရောက်ရှိနေပြီဖြစ်သည်။
စခန်းချနေရာတစ်၀ိုက်မှာ ဆူညံနေလျှက်ရှိသည်။ အေးစက်သည့်ဆောင်းရာသီနေ့တစ်နေ့ဖြစ်သော်လည်း စခန်းချနေရာတစ်၀ိုက်တွင်ရှိသည့်လေထုမှာ ပူနွေးပြီး စိတ်အားထက်သန်မှုတို့ဖြင့်ပြည့်နှက်နေ၏။ လူတိုင်းသည် ထိပ်တန်းဓားကွင်းဆယ်ကွင်းထံသို့အပြေးသွားနေကြပြီး ပြိုင်ပွဲကို ကြည့်ရှုရန်အတွက် နေရာကောင်းကောင်းရလိုနေကြသည်။ သူတို့သည် အင်ပါယာ၏ထိပ်တန်းစစ်သည်အယောက်၅၀ယှဥ်ပြိုင်တိုက်ခိုက်တော့မည့်တိုက်ပွဲကို စောင့်နိုင်ခြင်းမရှိတော့ပေ။
ဖှေး သူ၏အစေခံကောင်မလေးများပြင်ဆင်ပေးသည့် မနက်စာကို စားသောက်ပြီးသည့်အချိန်တွင် စတင်၍ပြင်ဆင်တော့သည်။
ဖှေး စိုးရိမ်နေသည့်တစ်ခုတည်းသောအရာမှ မနေ့က မင်းသမီးနန်းတော်သို့အလည်သွားသည့် အန်ဂျယ်လာသည် ပြန်ရောက်လာခြင်းမရှိသေးသောကြောင့်ပင်။ ယနေ့သည် ချမ်းဘော့ဒ်တိုင်းပြည်အတွက်အရေးကြီးသောနေ့တစ်နေ့ဖြစ်သောကြောင့် အန်ဂျယ်လာသည် သေချာပေါက်ဖှေးအားလာရောက်အားပေးမည်ဖြစ်သည်။ သို့သော အန်ဂျယ်လာသည် အနည်းငယ်နောက်ကျနေသဖြင့် သူမတစ်ခုခုဖြစ်နေမည်ကို ဖှေးစိုးရိမ်မိသည့်အတွက်ပင်။
ဖှေးအနည်းငယ်တွေးကြည့်လိုက်ပြီး လိမ္မာပါးနပ်သည့် သူတော်စဥ်စစ်သည်တစ်ချို့ကို သူ၏ကိုယ်စားစုံစမ်းရန်အတွက် မြို့တော်စိန့်ပီတာစဘာ့တ်အတွင်းသိုစေလွှတ်လိုက်၏။
ပြိုင်ပွဲစတင်ကြောင်း အချက်ပေးသည့် ဒရမ်သံထွက်ပေါ်လာသည့်အချိန်တွင် ဖှေးသည် သူ၏စစ်သည်များကို ဦးဆောင်ကာ ထိပ်တန်းစစ်သည်အယောက်၅၀ယှဥ္ပ်ပြိုင်ရမည့်ဓားကွင်းများထံသို့ချီတပ်လာခဲ့တော့သည်။
မြောက်ပိုင်းဒေသတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအပြီးတွင် ချမ်းဘော့ဒ်တိုင်းပြည်မှစစ်သည်၈ယောက်သည် ထိပ်တန်းအယောက်၅၀သို့၀င်ရောက်နိုင်ခဲ့သည်။
ဖှေးအပြင် ဆံဖြူလျင်မြန်ဓား ပေါလ်-ပီးရာစ်၊ ဆံနက်လက်သီးပြင်း ဒိုက်ဒီယာ-ဒရော့ဂ်ဘာ၊ မျှော်လင့်ချက်များဖျက်ဆီးသူ ဖတ်တီး-အိုလတ်ဂ်၊ ဖျက်အားပြင်းလက်ချောင်း ပီတာ၊ လေညှင်း၏သားတော် တိုးရိစ်၊ အရိပ်မဲ့လုပ်ကြံသတ်ဖြတ်သူ အစ်ဇာနီ-ဖီးလစ်နှင့် နောက်ဆုံးပွဲစဥ်အနည်းငယ်တွင် ၀င်ရောက်အစွမ်းပြခဲ့သည့် လေးနတ်သမီး အယ်လီနာတို့ပါ၀င်ကြသည်။
သူတို့အပြင် မြောက်ပိုင်းဒေသ၏ကျန်ရှိနေသည့် ထိပ်တန်းစစ်သည်နေရာနှစ်ခုအား အဆင့်၁အဖွဲ့၀င်တိုင်းပြည်များမှ ပိုင်ဆိုင်ထားကြသည်။
မြောက်ပိုင်းဒေသမှ အဖွဲ့၀င်တိုင်းပြည်များအားလုံးအတွက် ဤနှစ်သည် ကံဆိုးဆုံးနှစ်ခုပင်။
ချမ်းဘော့ဒ်တိုင်းပြည် အလွန်လွှမ်းမိုးထားပြီး တစ်ခြားအဖွဲ့၀င်တိုင်းပြည်များအတွက် အခွင့်ရေးလုံး၀မပေးချေ။ သူတို့၏စွမ်းအားမြင့်ဆုံးစစ်သည်များပင် ချမ်းဘော့ဒ်မှစစ်သည်များကို တစ်ပွဲပင်နိုင်နိုင်ခြင်းမရှိပေ။ အကယ်၍ချမ်းဘော့ဒ်ဘက်မှသာ ယှဥ်ပြိုင်သူဆယ်ယောက်ရှိပါ အဆင့်၁အဖွဲ့၀င်တိုင်းပြည်များပင် ထိပ်တန်းနေရာများကို ပိုင်ဆိုင်နိုင်မည်မဟုတ်တော့ပေ။
မြောက်ပိုင်းဒေသမှ တိုင်းပြည်များ၀မ်းသာရသည့်တစ်ခုတည်းသောအချက်မှာ ချမ်းဘော့ဒ်တိုင်းပြည်မှလူများသည် အကြောင်းမဲ့သတ်ဖြတ်တတ်သည့်လူများမဟုတ်ကြခြင်းပင်။
ဖှေး အပါ၀င်ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်ရှစ်ယောက်လုံးသည် ကြမ်းတမ်းရိုင်းစိုင်းသည့်ပုံရှိသော်လည်း သူတို့သည် ဓားကွင်းစင်မြင့်ပေါ်တွင် လူတစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့ခြင်းမရှိပေ။ ဤအပြုမူသည် အဖွဲ့၀င်တိုင်းပြည်များစွာ၏ လေးစားခြင်းကိုရရှိစေပြီး မြောက်ပိုင်းဒေသသည် ပြိုင်ပွဲတွင် အသေဆုံးအနည်းဆုံးဒေသတစ်ခုဖြစ်လာခဲ့၏။
နေမင်းကြီးသည်ပို၍ပို၍ပူပြင်းလာနေပြီး ဖှေးနှင့် သူ၏လူများသည် လူပေါင်းများစွာ၏အာရုံစိုက်မှုများကို ရရှိနေကြသည်။
နောက်ဆုံးပြိုင်ပွဲများကျင်းပမည့်နေရာမှာ စခန်းချနေရာများ၏အလည်တွင်ရှိသည့် ဓားကွင်းဆယ်ခုတွင်ဖြစ်သည်။
ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင် အင်ပါယာ၏တောင်ပိုင်းဒေသသို့ထွက်ခွာသွားပြီးသည့်နောက်တွင် အဆင့်၁မှ အဆင့်၁၀ဓားကွင်းများကို ပြန်လည်ကာ အဆင့်မြှင့်တင်မွမ်းမံတည်ဆောက်ထားပြီးဖြစ်သည်။ ဇီးနစ်အင်ပါယာမှ တော်၀င်မှော်ဆရာများသည် ဓားကွင်းစင်မြင့်ပတ်လည်တွင် မှော်အစီရင်ဆယ်ခုခန့်ဆက်လက်နေရာချထား၏။ ဤစင်မြှင့်များပေါ်တွင် တိုက်ခိုက်မည့်စစ်သည်များမှာ အင်ပါယာအတွင်းမှ ထိပ်တန်းသိုင်းဆရာများဖြစ်သောကြောင့် မှော်အစီရင်များဖြင့် ကာကွယ်ထားခြင်းမရှိပါက စင်မြင့်မှာ တစ်ချက်တည်းဖြင့်ပင် ပြိုကျသွားနိုင်သောကြောင့်ပင်။
ဖှေးစခန်းအလည့်သို့နီးကပ်လာသည့်အချိန်တွင် ရေဂုဏ်သတ္တိစွမ်းအင်များနှင့်တည်ဆောက်ထားသည့် အပြာရောင်ဘဲဥပုံစွမ်းအင်အကာရံကြီးဆယ်ခုကို မြင်လိုက်ရသည်။
ဤသည်မှာ ကောင်းကင်ရေစွမ်းအင် မှော်အစီရင်၏သက်ရောက်မှုပင်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ သိုင်းဆရာအယောက်၅၀လုံးရောက်ရှိလာပြီဖြစ်သည်။
ပြိုင်ပွဲ၀င်ကြမည့်သိုင်းဆရာများအပြင် အင်ပါယာမှ အဆင့်မြင့်အရာရှိများနှင့်၊ ဆွေကြီးမျိုးကြီးမိသာစု၀င်များလည်းရှိနေကြသည်။ ယနေ့ပြိုင်ပွဲကို ကျင်းပသည့်လူမှာ မင်းသားဒိုမင်ဂူပင်။
ဒိုမင်ဂူ၏အနီရောင်၀တ်ရုံသည် အေးစက်သည့်လေထဲတွင် လွှင့်ပျံနေ၏။
ငွေရောင်ချပ်၀တ်နှင့် စင်မြင့်ပေါ်တွင်ရပ်နေသည့်မင်းသားကို ကြည့်ရသည်မှာ ခန့်ညားပြီးရဲရင့်မှုရှိလှသည်။ သူသည် နေမင်း၏တောက်ပမှုကိုပင် ခိုးယူကာ လူအများ၏အာရုံစိုက်မှုများအလည်တွင်ရောက်ရှိသွား၏။ ဒိုမင်ဂူနှင့် အာရှဗင်တို့သည် မတူညီသည့်လူနှစ်ယောက်ပင်။ ဘုရားသခင်သည် မင်းသားနှစ်ယောက်အား နှစ်သက်သဖြင့် သူတို့အား လူတိုင်းအားကျရသည့် မတူညီသောရတနာနှစ်ခုကို ပေးခဲ့သည့်အတိုင်းပင်။ တစ်ယောက်အား ခန့်ညားပြီးပြည့်စုံသည့်ရုပ်ရည်အသွင်ပြင်ကို ပေးအပ်ခဲ့သည်။ ကျန်တစ်ယောက်ကိုမူ တပ်ဖွဲ့ကြီးတစ်ခုကို သဘာ၀အတိုင်းဦးဆောင်နိုင်စွမ်းနှင့် စစ်မြေပြင်တွင် ပြိုင်ဘက်ကင်းနိုင်စွမ်းတို့ကို ပေးအပ်ခဲ့၏။