← Chapters

အခန်း (၄၀၅)

Vol. 27 Ch. 405

အခန်း (၄၀၅)

Vol. 27 Ch. 405

ဒရော့ဂ်ဘာသည် ရှုံးနှိမ့်သွားခဲ့သော်လည်း သူ၏သံမဏိစိတ်ဓာတ်ကို ပြသခဲ့သည်။ သူသည် သတိလစ်မေ့မြောသွားသော်လည်း သူ၏ခန္ဓာကိုယ်သည် လဲကျသွားခြင်းမရှိပေ။ ဤကဲ့သို့ ၀မ်းနည်းကြေကွဲဖွယ်ကောင်းပြီး သူရဲကောင်းဆန်သည့်မြင်ကွင်းသည် ပရိသတ်များကို စိတ်လှုပ်ရှားစေ၏။

သူ၏ပြိုင်ဘက်ဖြစ်သည့် လေမိုးကြိုးတောင်၀ှေး ခါနော့တ်မှာလည်း လွယ်ကူစွာအနိုင်ရရှိခဲ့သည်မဟုတ်ပေ။ လက်သီးရာများမှာ သူ၏ခန္ဓာကိုယ်အနှံ့ပင်။ သူ၏ သတ္ထုချပ်၀တ်နှင့် အတွင်းလယ်သာချပ်၀တ်တို့မှာ ဒရော့ဂ်ဘာ၏လက်သီးချက်များကြောင့် ကွဲအက်သွားရ၏။ မာကြောသည့် သံမဏိဖြင့်ထုလုပ်ထားသည့် တင်းပုတ်မှာလည်း ကောက်ကွေးလျှက်ရှိသည်။ သူသည် နှာခေါင်းပေါက်များ၊ ပါးစပ်နှင့် နားတို့မှ သွေးများစီးကျလျှက်ရှိရင်းဖြင့် စင်ပေါ်တွင် ယိုင်တိုင်တိုင်ဖြစ်လျှက်ရှိသည်။

ခါနော့တ်သည် ဒရော့ဂ်ဘာထက်များစွာပို၍အစွမ်းထက်သည့် စစ်သည်တစ်ယောက်ပင်။ သို့သော် သူသည် ဒရော့ဂ်ဘာအားလေးစားသောအားဖြင့် ထိပ်တိုက်တိုက်ခိုက်ခြင်းကိုသာ အသုံးပြုခဲ့ပြီး အတော်တန်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့၏။

သူတို့နှစ်ယောက်လုံးသည် စစ်သည်အစစ်မှန်များပင်။

......

နံပါတ်၆ဓားကွင်းပေါ်တွင်ဖြစ်သည်။

အလွန်ပေါ်ပျူလာဖြစ်နေပြီးသားဖြစ်သည့် အယ်လီနာသည် သူ၏ပရိသတ်များကို ကျယ်လောင်စွာအော်ဟစ်စေခဲ့၏။

သူမ၏ရန်သူမှာ မီးနှင့်လေညီနောင်နှစ်ဖော်ထဲမှ တစ်ယောက်ဖြစ်သည့် မီးတောင်၀ှေး ဟူအက်ခ်ပင်။

ခရီးသွားကဗျာဆရာများစွာဖော်ပြခဲ့သည်အရ အိုလတ်ဂ်အား မနေ့က လွယ်ကူစွာပင်အနိုင်ယူခဲ့သည့် ဟူအက်သည် ထိပ်တန်းစစ်သည်၇ယောက်စာရင်းသို့ ၀င်နိုင်သည့်လူဖြစ်၏။ သို့သော် အယ်လီနာ၏မြှားများအောက်တွင် သူသည် အချက်၂၀အတွင်းမှာပင် ရှုံးနိမ့်သွား၏။ အယ်လီနာသည် သူမ၏မြှားတစ်ချောင်းအား ဟူအက်ခ်၏သတ္တုတောင်၀ှေးနှင့် သူ၏ဘယ်ဘက်ပခုံးတို့ကို ထိုးဖောက်ရန်အတွက် အသုံးပြုခဲ့၏။ ဟူအက်ခ်သည် အယ်လီနာအား အနိုင်မရနိုင်ကြောင်းသိရှိလိုက်ပြီး စင်ပေါ်မှဆုတ်ခွာသွားတော့သည်။

“အတော်ကြောက်စရာကောင်းတာပဲ မီးတောင်၀ှေးဟူအက်ခ်ကတောင် သူမကိုမယှဥ်နိုင်ဘူးလား...”

“ဟမ် မြှားနတ်သမီးက စင်ပတ်လည်မှာရှိတဲ့မှော်စွမ်းအင်အကာရံကိုတောင်သူမရဲ့မြှားတွေသုံးပြီးတော့ ထိုးဖောက်နိုင်တယ်။ သူမက အနည်းဆုံး ကြယ်၇လုံးအဆင့်စစ်သည်တစ်ယောက်ပဲ ဟူအက်ခ် ဘယ်လိုလုပ်ယှဥ်နိုင်မှာလဲကွ...”

......

အယ်လီနာယှဥ်ပြိုင်နေသည့် ဓားကွင်းနှင့် သိပ်မ၀ေးသည့်နေရာတွင် ပီတာသည် မာနအထောင်လွှားဆုံးဖြစ်သည့် ပြိုင်ဘက်နှင့် ယှဥ်ပြိုင်နေရ၏။ ငွေရောင်ချပ်၀တ်ဓားသွားပင်။

ဤပြိုင်ပွဲတွင် ယနေ့တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများထဲတွင် အထူးဆန်းဆုံးတိုက်ပွဲတစ်ခုပင်။ ပြိုင်ပွဲ၀င်နှစ်ယောက်လုံးတွင် တူညီသည့်အစွမ်းများရှိကြ၏။ ပြိုင်ပွဲမှာ မိနစ်လေးဆယ်ကြာနေသည့်တိုင်အောင် အနိုင်အရှုံးမသဲကွဲသေးပေ။

သို့သော် လေးဆယ့်တစ်မိနစ်ခန့်ကြာသည့်အချိန်တွင် ငွေရောင်ချပ်၀တ်ဓားသွား ၀တ်ဆင်ထားသည့် ငွေရောင်ချပ်၀တ်သည် ရုတ်တရက်တောက်ပလာ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်အလင်းတန်းများထွက်ပေါ်လာတော့သည်။ ထိုအလင်းတန်းများသည် စိုက်ကြည့်နေကြသည့် ပရိသတ်များ၏မျက်လုံးကို နာကျဥ်မှုဖြစ်စေ၏။ တစ်စက္ကန့်ခန့်ကြသည့်အချိန်တွင် ငွေရောင်အလင်းတန်းများပျောက်ကွယ်သွားပြီး ပီတာသည်လည်း စင်မြင့်ပေါ်တွင်လဲကျသွား၏။ သူသေလားရှင်လားကို မည်သူမှသိနိုင်ခြင်းမရှိပေ။

အရူးတစ်ယောက်ကဲ့သို့ပင် ငွေရောင်ချပ်၀တ်ဓားသွားသည် ခါးထောက်ကာ ရယ်မောလိုက်၏။ “ဓားတစ်လက်သူရဲကောင်းနဲ့ ချမ်းဘော့ဒ်ဘုရင်လဲ ငါ့ကို နိုင်မှာမဟုတ်ဘူးကွ...” သူအော်ဟစ်လိုက်၏။

“အဲ့မာနထောင်လွှားနေတဲ့ ခွေးသားဘယ်လိုနိုင်သွားလဲဆိုတာကို င့ါကို တစ်ယောက်ယောက်ပြောပြကြပါလား...”

“အဲ့အလင်းတန်းတွေက ဘာတွေလဲ..”

“ဖျက်စွမ်းအားမြင့် လက်ချောင်းက အဲ့အလင်းတန်းတွေပေါ်လာတာနဲ့ တန်းရှုံးသွားတာပဲ...”

ပရိသတ်များသည် အခြင်းခြင်းတီတိုးပြောကြားလျှက်ရှိကြသည်။ ဒိုင်လူကြီးမှ ရလဒ်အား ကြေငြာပြီးနောက်တွင် ဥပဒေပြုအရာရှိများ စင်ပေါ်သို့ပြေးတက်သွားကြ၏။ သူတို့အား လုံးရယ်မောနေသည့် ငွေရောင်ချပ်၀တ်ဓားသွားကို ဒေါသဖြင့် စိုက်ကြည့်ပြီး ပီတာကို ချမ်းဘော့ဒ်စခန်းထံသို့ပြန်လည်ကာ သယ်ဆောင်သွားကြ၏။

......

နံပါတ်၁၀ဓားကွင်းစင်မြင့်ပေါ်တွင်ဖြစ်သည်။

ဤပြိုင်ပွဲသည် မည်သူက အနိုင်ရရှိမည်ကို လူတိုင်းကြိုတင်ကာသိရှိပြီးဖြစ်သည့် ပြိုင်ပွဲတစ်ခုပင်။ သို့သော် လူတိုင်းသည် ဤပြိုင်ပွဲကို စိတ်၀င်စားနေကြဆဲပင်။

မိန်းကလေးပရိသတ်များအများဆုံးဖြစ်သည့် လေညှင်း၏သားတော် ဖာနမ်ဒိုတိုးရိစ်သည် စွမ်းအားအကြီးဆုံးပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရ၏။ ဓားတစ်လက်သူရဲကောင်းပင်။

ဤတိုက်ပွဲသည် လူတိုင်းတွက်ဆထားသည်နှင့် သိပ်ပြီးကွာခြားခြင်းမရှိလှပေ။

တိုးရိစ်သည် ရန်သူအား တစ်ချက်တည်းဖြင့်ပင်အနိုင်ယူတတ်သည်ဟုဆိုသည့် ဓားတစ်လက်သူရဲကောင်းနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် အခွင့်ရေးလုံး၀ပင် မရှိခဲ့ပေ။ ဓားတစ်လက်သူရဲကောင်း၏ သံကြေးတတ်နေသည့် ဓားမှ ဓားသွားစွမ်းအင်တစ်ခုထွက်ပေါ်လာ၏။ ထိုစွမ်းအင်သည် တိုးရိစ်၏မြှားများစွာကို သံမှုန်သံစများဖြစ်အောင်ပိုင်းဖြတ်လိုက်ကာ တိုးရိစ်၏လက်ထဲမှ သိမ်းငှက်လေးကိုပင် နှစ်ခြမ်းပိုင်းလိုက်သည်။ အကယ်၍ တိုးရိစ်သည် ကြယ်တာယာချပ်၀တ်၀တ်ဆင်ထားခြင်းမရှိပါက သူ၏ခန္ဓာကိုယ်ပင် နှစ်ပိုင်းဖြစ်သွားမည်ဖြစ်သည်။

သူ၏နာမည်မှာ ဓားတစ်လက်သူရဲကောင်းဖြစ်သောကြောင့် သူသည် ထက်မံ၍တိုက်ခိုက်တော့မည်မဟုတ်ပေ။

ဓားတစ်လက်သူရဲကောင်း၏ နှစ်ချက်တိုက်ခိုက်လေ့မရှိသည့် စည်းမျဥ်းကြောင့် တိုးရီစ်အသက်ရှင်ခွင့်ရရှိသွားခြင်းပင်။ သို့မဟုတ်ပါက တစ်ချက်တည်းဖြင့်ပင် ဒဏ်ရာအပြင်းထန်ရရှိသွားခဲ့သည့် တိုးရိစ်သည် ဓားတစ်လက်သူရဲကောင်းနောက်တစ်ချက်ထံမံ၍တိုက်ခိုက်ပါက လွယ်ကူစွာပင် သေဆုံးသွားနိုင်၏။

သို့သော် ဖြစ်ပျက်သွားခဲ့သည့်အရာမှာ လူတိုင်းထင်ထားသည်နှင့် အနည်းငယ်ပို၍ကွဲပြားနေသည်။

ဓားတစ်လက်သူရဲကောင်းသည် ပုံမှန်နှင့်မတူပဲထူးဆန်းနေ၏။ သူသည် ပထမတိုက်ခိုက်မှုကို အသုံးပြုလိုက်စဥ်က ပြင်းထန်သောသတ်ဖြတ်လိုသည့်အရိပ်ယောင်များပါ၀င်နေပြီး ယခင်တိုက်ပွဲများသည် အေးစက်တည်ငြိမ်စွာဖြင့်တိုက်ခိုက်လေ့ရှိသည့် ဓားတစ်လက်သူရဲကောင်း၏အမူကျင့်နှင့် အလွန်ကွဲပြားလှသည်။ သူသည် တိုးရိစ်အား သတ်ဖြတ်ရန်ကြိုးစားခဲ့သည်မှာ ထင်ရှားလှပြီး တိုးရီစ်အား ဤမျှပင်ကောင်းမွန်သည့်မှော်ချပ်၀တ်တစ်ခုရှိနေလိမ့်မည်ဟုထင်ထားမိခဲ့ပုံမရပေ။

သူသည် ပထမတစ်ကြိမ်တိုက်ခိုက်ပြီးသည့်အချိန်တွင် တွန့်ဆုတ်သွားကာ နောက်တစ်ကြိမ်ထက်မံ၍တိုက်ခိုက်လိုနေပုံရ၏။ နောက်ဆုံးတွင် သူသည် ထိန်းချုပ်လိုက်ပြီး တိုးရိစ်အား အသက်ရှင်ခွင့်ပေးလိုက်၏။

“ဓားတစ်လက်သူရဲကောင်းက ငါတို့ချမ်းဘော့ဒ်အပေါ်မှ ရန်လိုနေတဲ့ပုံပဲ...”

ဒဏ်ရာများပျောက်ကင်းသွားပြီဖြစ်သည့် အိုလတ်ဂ်သည် စင်မြင့်ပေါ်တွင်ဖြစ်သွားခဲ့သည့်အရာအားလုံးကို မြင်တွေ့လိုက်ရ၏။ သူသည်လက်ရှိအခြေအနေကို သူ၏ဘေးတွင်ရှိသည့် အစ်ဇာနီ၊ ရော်ဘင်တို့နှင့်ဆွေးနွေးရင်းဖြင့် တိုးရီစ်အား ချမ်းဘော့ဒ်စခန်းသို့ပြန်လည်သယ်ဆောင်သွားရန် ဥပဒေပြုအရာရှိများကို အမိန့်ပေးလိုက်သည်။

“ကိစ္စမရှိဘူး။ သူက ကျွန်တော့ရဲ့ ဆရာကိုယှဥ်နိုင်မှာမဟုတ်ဘူး..” အစ်ဇာနီသည် ဓားတစ်လက်သူရဲကောင်း လမ်းလျှောက်ထွက်ခွာသွားသည်ကို ကြည့်ရင်းဖြင့် ယုံကြည်စွာပြောလိုက်၏။

......

ယနေ့အတွက် စိတ်၀င်စားစရာအကောင်းဆုံးတိုက်ပွဲတစ်ခုမှာ နံပါတ်၂ဓားကွင်းပေါ်တွင်ဖြစ်ပွားနေ၏။

အဖွဲ့၀င်တိုင်းပြည်များ၏ နံပါတ်၁နတ်သမီး စင်ဒီသည် အရက်စက်ဆုံးသိုင်းဆရာတစ်ယောက်ဖြစ်သည့် သွေးသောက်ဓားနှစ်လက်နှင့် ရင်ဆိုင်နေရသည်။

မင်းသမီးစင်ဒီအား လူများစွာချစ်ခင်နှစ်သက်ကြသည်။ သူမကို လှပရဲရင့်သည့် မှော်နတ်သမီးတစ်ယောက်အနေဖြင့် လူအများသိထားကြ၏။ တစ်ဖက်တွင် သွေးသောက်ဓားနှစ်လက်မှာ လျို့၀ှက်သည့်သိုင်းဆရာတစ်ယောက်ဖြစ်ပြီး သူ၏ပြိုင်ဘက်များကို အရိုးစုများဖြစ်သည့်အသိ ဓားဖြင့် ခုတ်ပိုင်းရသည်ကို နှစ်သက်သူတစ်ယောက်ဖြစ်သည်။ မည်သူမှ သူ၏ဓားချက်များအောက်တွင် အသက်ရှင်နိုင်ခဲ့ခြင်းမရှိပေ။

လူတိုင်းသည် နောက်ဆုံးတွင် ဤရက်စက်သည့်စစ်သည်အပြစ်ပေးခံရမလား၊ မင်းသမီးစင်ဒီအရိုးစုအဖြစ်သို့ပြောင်းကာ အဖြစ်ဆိုးနှင့်ကြုံ့တွေ့ရတော့မလားဆိုသည်ကို သိချင်နေမိကြ၏။

ဤပြိုင်ပွဲ၏ရလဒ်ကို မည်သူမှကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့်အတွက် လာရောက်ကြည့်ရှုသူအများဆုံးပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။

မတ်-ရာဇီ၏မှတ်ချက်တွင် မင်းသမီးစင်ဒီသည် ချမ်းဘော့ဒ်ဘုရင်နှင့် ဓားတစ်လက်သူရဲကောင်းတို့ဖြင့်ပင် ယှဥ်နိုင်လိမ့်မည်ဟုဆိုထားသော်လည်း ဤလှပသည့်မင်းသမီးသည် ထိုအဆိုကို သက်သေပြနိုင်လောက်သည့် စွမ်းအားကို ပြသခဲ့ဖူးခြင်းမရှိသေးပေ။

သွေးသောက်ဓားနှစ်လက်သည် ထူးဆန်းသည့်ပုံသဏန်ရှိသည့်ဓားနှစ်လက်ကို အသုံးပြုနေ၏။ ဓာများနှင့် အတူသူ၏ခန္ဓာကိုယ်မှာ အလွန်မြန်ဆန်လှသဖြင့် ကြည့်နေသည့်ပရိသတ်များပင် သူဘယ်နေရာတွင်ရှိနေသည်ဆိုသည်ကို မြင်တွေ့နိုင်ခြင်းမရှိပေ။ သူတို့သည် ၀ေ၀ါးသည့် အရိပ်မဲတစ်ခုကိုသာ မြင်တွေ့နေရ၏။

သွေးဆာနေသည့် သိုင်းဆရာ စင်ဒီအား တိုက်ခိုက်လိုက်သည့်အချိန်တွင် စင်ဒီသည် ရှောင်တိမ်းခြင်းမရှိပဲ ထိုနေရာ၌တွင်သာ ရပ်နေ၏။ သူမသည် ပါးစပ်ဟကာ လျို့၀ှက်သည့် မန္တန်တစ်ချို့ကို ရွတ်ဆိုလိုက်သည်။

ချက်ချင်းပင် ငွေရောင်ရေခဲမှော်စွမ်းအင်အကာရံတစ်ခုသည် သူမ၏ခန္ဓာကိုယ်အား၀န်းရံသွားကာ ထိခိုက်စေနိုင်မှုမှ ကာကွယ်ပေးလိုက်သည်။

အိပ်ပျော်သွားသည့်အတိုင်းပင် မင်းသမီးစင်ဒီသည် သူမ၏မျက်လုံးများကို မှိတ်လိုက်၏။ သို့သော် သူမ၏ဘယ်ဘက်လက်ထဲတွင် ကြီးမားသည့် မှော်ကြိမ်လုံးတစ်ချောင်းကို တင်းကြပ်စွာဆုပ်ကိုင်ထားဆဲပင်။

စင်မြင့်ပေါ်တွင် သွေးဆာနေသောစစ်သည်၏ဓားချက်များကြောင့် ဖြစ်ပေါ်လာသည် လေသည် မင်းသမီးစင်ဒီ၏ဆံပင်များနှင့် မှော်၀တ်ရုံကို လွှင့်ပျံနေစေ၏။ မှော်အစွမ်း၏အလင်းရောင်အောက်တွင် သူမသည် ပို၍ပင်လှပကာ ပြိုင်ဘက်ကင်းသည့်ပုံပေါက်နေ၏။

တိုက်ပွဲသည် သက်လုံအားယှဥ်ပြိုင်သည့် ပြိုင်ပွဲတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။

သွေးသောက်ဓားနှစ်လက်၏ ထူးဆန်းသည့် ဓားများသည် ဓားမုန်တိုင်းများကို ဖန်တီးပြီး မင်းသမီးစင်ဒီကို အဆက်မပြတ်ပင်တိုက်ခိုက်နေလျှက်ရှိသည်။ သို့သော် ရေခဲမှော်စွမ်းအင်အကာရံသည် တင်းကြပ်စွာပင် သူမအား ကာကွယ်ပေးထား၏။ စွမ်းအင်အကာရံပေါ်တွင် ရံဖန်ရံခါ အက်ကွဲကြောင်းများပေါ်လာနိုင်သော်လည်း မင်းသမီးစင်ဒီသည် သူမ၏မှော်စွမ်းအင်များကို အသုံးပြု၍ ထိုအက်ကွဲကြောင်းများကို ပြန်လည်ကာ ပြင်ဆင်မည်ဖြစ်သည်။ စစ်သည်များစွာကို နှိပ်စက်ခဲ့သည့် ဓားနှစ်လက်နှင့် ရေခဲစွမ်းအင်အကာရံတို့ တိုက်ခတ်သည့်အသံများအဆက်မပြတ်ထွက်ပေါ်လာလျှက်ရှိပြီး မီးပွားစများကို ဖန်တီးလျှက်ရှိသည်။ ဤရေခဲစွမ်းအင်အကာရံသည် သတ္တုဖြင့် ပြုလုပ်ထားသည့်အတိုင်းပင်။

အခြေအနေသည် တစ်နာရီကြာသည့်တိုင်အောင်ဤကဲ့သို့ပင်ဖြစ်နေ၏။

သောင်းနှင့်ချီသည့် ပရိသတ်များသည် စိတ်မရှည်မဖြစ်ကြပေ။ ထိုအစားသူတို့သည် စိတ်လှုပ်ရှားစွာဖြင့် တိုက်ပွဲကို အနီးကပ်ဂရုတစိုက်ကြည့်ရှုနေကြ၏။ တိုက်ပွဲသည်တည်ငြိမ်နေသည့်ပုံရှိသော်လည်း အလွန်အန္တရာယ်များကြောင်း သူတို့သိရှိကြသည်။ အမှားအသေးလေးလုပ်လိုက်မိသူတစ်ယောက်သည် ချက်ချင်းပင်သေဆုံးသွားနိုင်၏။

ပရိသတ်အတွင်းတွင်ရှိသည့်လူများသည် ရံဖန်ရံခါတွင် အာမေဍိတ်သံများပြုလုပ်နေကြ၏။ တိုက်ပွဲသည် အစွမ်းများပေါ်တွင်မူတည်ခြင်းမရှိပဲ သက်လုံကောင်းပြီး ရှည်ကြာစွာတိုက်ခိုက်နိုင်သည့်လူသည် အနိုင်ရရှိတော့မည်ဖြစ်သောကြောင့်ပင်။

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ တစ်ခြားပြိုင်ပွဲများအားလုံးပင် ပြီးဆုံးသွားပြီဖြစ်သည်။

ဖှေး၊ ခါနော့တ်နှင့် ငွေရောင်ချပ်၀တ်ဓားသွားတို့လူလူများပင် ရောက်လာပြီး စင်ဒီ၏တိုက်ပွဲကိုကြည့်ရှုနေကြ၏။

ပြိုင်ပွဲနောက်ပိုင်းသို့ရောက်လာသည့်အချိန်တွင် အနိုင်ရရှိသည့်လူတိုင်းသည် ထိပ်တန်းစစ်သည်များပင်။ ထို့ကြောင့် အခြင်းခြင်းအကဲခတ်ကာ အားနည်းချက်များကို ရှာဖွေနိုင်ရန်အကြိုးစားရမည်ဖြစ်သည်။ အထူးသဖြင့် မတ်-ရာဇီထံမှ ကြှီးမားသည့်ချီးမွန်းမှုများကို ရရှိထားသည့် မင်းသမီးစင်ဒီအား အာရုံစိုက်ကာ လေ့လာနေမိကြ၏။

ထိပ်တန်းစစ်သည်၇ယောက်ထဲသို့ရောက်ရှိလာကြမည့်စစ်သည်များသည် ကံကောင်း၍ရောက်လာခြင်းမဟုတ်ကြောင်းကို လူတိုင်းသိရှိကြသည်။ တစ်ယောက်မှလွဲ၍ဖြစ်သည်။ အန်ဒရူး-ရှီဗ်ချန်ကိုဟုခေါ်သည့် မင်းသားသည် ယနေ့တွင်လည်း ပြိုင်ဘက်မရှိသော ဂဏန်းကို မဲနှိက်မိသဖြင့် တိုက်ခိုက်စရာမလိုပဲ နောက်တဆင့်သို့တက်ရောက်သွားနိုင်လိုက်ပြန်၏။ ပြိုင်ပွဲ၏စည်းမျဥ်းစည်းကမ်းများသာ မတင်းကြပ်ပါက ထိုလူသည် ကလိမ်ကကျစ်လုပ်ခဲ့သည်ဟုပင် လူတိုင်းယူဆမိကြမည်ဖြစ်သည်။

ပရိသတ်ငါးသောင်းခန့်ရှေ့၌ပင် ပြိုင်ပွဲသည် လေးနာရီကြာသည်အထိပင် ပြီးဆုံးခြင်းမရှိသေးပေ။ မည်သူမှ ဤကဲ့သို့ဖြစ်မည်ဟုထင်မထားခဲ့ပေ။

နှစ်နာရီခန့်ကြည့်ရှုပြီးသည့်နောက်တွင် ဖှေးထွက်လာခဲ့၏။

သူသည် ဤတိုက်ပွဲ၏ရလဒ်ကို ကြိုတင်ကာ ခန့်မှန်းလိုက်နိုင်ပြီဖြစ်သည်။

အမဲရောင်၀တ်ရုံနှင့် သွေးသောက်ဓားနှစ်လက်မှာ စတင်၍မောပန်းစပြုနေပြီဖြစ်သည်။ ဖှေး ထိုလူ၏ခြေထောက်များတုန်ခါနေသည်ကို သတိထားလိုက်မိသည်။ တဖြည်းဖြည်းခြင်းဖြင့် မမြင်နိုင်လောက်အောင်ပင် လျှင်မြန်နေသည့် အမဲရောင်အရိပ်သည် စတင်၍နှေးကွေးလာတော့သည်။ တစ်ချို့သိုင်းဆရာများသည် ထိုလူအားမြင်နိုင်နေပြီဖြစ်သည်။ သူ၏ဓားများ၏ တိုက်ခိုက်မှုနှုန်းသည်လည်း လျှော့နည်းလာတော့၏။

သာမန်စစ်သည်များနှင့် ပရိသတ်အများစုသည် ထိုအရာကို သတိထားလိုက်မိခြင်းမရှိသော်လည်း ထိပ်တန်းစစ်သည်တစ်ယောက်ဖြစ်သည့် မင်းသမီးစင်ဒီသည် ဤအခွင့်ရေးကို ကောင်းမွန်စွာအသုံးချမည်ဖြစ်သည်။

All Chapters