← Chapters

“ဘုရားသခင်၏နှစ်သက်ဆုံးကလေးငယ် အလည်ရောက်လာခြင်း”

Vol. 27 Ch. 407

“ဘုရားသခင်၏နှစ်သက်ဆုံးကလေးငယ် အလည်ရောက်လာခြင်း”

Vol. 27 Ch. 407

ရွှေရောင်နေရောင်ခြည်သည် မကြာမှီမှာပင် နေရောင်အောက်တွင် ပျောက်ကွယ်သွားပြီး မြစ်အတွင်းတွင်ရှိနေသည့် ရွှေရောင်ရေလှိုင်းများသည်လည်း နေ၀င်သွားသည့်အချိန်တွင် အရောင်ပျောက်ဆုံးသွားတော့၏။

သန်းခေါင်ရံမတိုင်မှီတွင် ဖှေးသည် သူ၏လူများ၏တဲများထံသို့သွားကာ စစ်ဆေးကြည့်ရှုလိုက်သည်။ နေ့၀က်ခန့်အနားယူပြီးသည့်နောက်တွင် ဒရော့ဂ်ဘာနှင့် တိုးရီစ်တို့သည် အကောင်ပတိနီးနီးပင် ပြန်လည် သက်သာလာကြပြီဖြစ်သည်။ ဖှေးသည် သွေးပုလင်းနှင့် ပါလာဒင်ဇာတ်ကောင်တို့၏စွမ်းအားတို့ကို အသုံးပြုကာ သူတို့အား ကုသပေးခဲ့သောကြောင့်ပင်။

ယခုအချိန်တွင်မူ ဖှေးသည် ကုသရန်အတွက် ပါလာဒင်ဇာတ်ကောင်၏အစွမ်းများနှင့် သွေးပုလင်းတို့ကို အသုံးပြုခဲ့ခြင်းမရှိပေ။ သူသည် နောက်ဆုံးကျန်ရှိနေသည့်ဒဏ်ရာများကို သူတို့ပါသူတို့ ပြန်လည်ပျောက်ကင်းအောင် စောင့်ဆိုင်းစေမည်ဖြစ်သည်။

သို့သော် ပီတာ၏အခြေအနေမှာ ထူးဆန်းနေဆဲပင်။ သူသည် အသက်ပုံမှန်ရှုနေပြီး နှလုံးသားသည် ပုံမှန်အတိုင်းပင် ခုန်လျှက်ရှိသော်လည်း ဖှေးသူ့အား နှိုးနိုင်ခြင်းမရှိသေးပေ။

“ငါပိုပြီးတော့ အတွေ့ကြုံရှိတဲ့ ဆရာ၀န်တွေကို ခေါ်ပြကြည့်မှထင်တယ်။ ဒါမမဟုတ်ဘူးဆိုရင် ပြိုင်ပွဲပြီးသွားမှ ငွေရောင်ချပ်၀တ်ဓားသွားကို ငါကိုယ်တိုင်သွားမေးကြည့်ရမယ်...”

ဖှေး တစ်ခြားလူများကို ပီတာအား ဂရုစိုက်ကြရန်မှာကြားလိုက်ပြီး ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့အား ချမ်းဘော့ဒ်စခန်း၏စစ်ရေးကိစ္စများကို ယာယီအားဖြင့် ဆောင်ရွက်ထားရန်အမိန့်ပေးလိုက်သည်။

သန်းခေါင်ရံသို့ရောက်ရှိသည့်အချိန်တွင် ဖှေးသည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းကာ မိုရိုတောင်တန်းများထံသို့ထွက်လာခဲ့၏။ ၁၀မိနစ်အတွင်းမှာပင် သူသည် ၁၀မီတာခန့်ကျယ်၀န်းသည့် တိုက်ပွဲနေရာကျင်းကြီးအတွင်းသို့ရောက်ရှိလာခဲ့သည်။ ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီဖြစ်သော်လည်း မှော်အစီရင်များသည် တိုက်ပွဲနေရာအား တင်းကြပ်စွာဖြင့် ကာရံထားဆဲပင်။ သူတို့သည် ဤတိုက်ပွဲဖြစ်ပွားခဲ့သည့် မြေနေရာအား အထဲတွင် လှောင်ပိတ်ထားလိုနေသည့်အတိုင်းပင်။

ထိုလျို့၀ှက်သည့်သိုင်းဆရာသည် ဆက်လက်၍လာရောက်တော့မည်မဟုတ်ပဲ၊ ဤနေရာတွင်ရှိသည့်မှော်အစီရင်များသည်လည်း သူ၏ ၀ိဉာဥ်စွမ်းအားကျင့်စဥ်ကား အထောက်ကူမပြုတော့သည်ကို ဖှေးသိရှိသော်လည်း ဖှေးအကျင့်အတိုင်းပင် ဤနေရာသို့ လာရောက်နေဆဲပင်။

ထို့အပြင် တစ်ခြားအရေးကြီးသည့်အကြောင်းပြချက်တစ်ခုရှိနေသေးသည် သူသည် ဤနေရာသို့ သူ၏ခြေရာလက်ရာများကို ဖယ်ရှားရန်အတွက် လာရောက်ခဲ့ခြင်းပင်။ အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် သူသည် အနာဂတ်တွင် အန္တရာယ်များရှိမလာစေရန်အတွက် ဤကဲ့သို့ လုပ်မှဖြစ်မည်ဟု ခံစားနေရသောကြောင့်ပင်။

တစ်နာရီခန့်ကြာသည့်အချိန်တွင် ဖှေးသည် သူ၏ခြေရာလက်ရာများကို ဂရုတစိုက်ဖြင့် ဖယ်ရှားပြီးပြီဖြစ်သည်။ တိုက်ပွဲနေရာတွင် ကျန်နေခဲ့သည့်တစ်ခုတည်းသောအရာမှာ စွမ်းအားအကျွင်းကျန်များနှင့် လျို့၀ှက်သည့်လုပ်ကြံသတ်ဖြတ်သူနှင့် သူ၏ဆရာ လျို့၀ှက်သည့်သိုင်းဆရာတို့၏အရှိန်၀ါအငွေ့သက်များပင် ရှိနေတော့သည်။ ဖှေး၏ စွမ်းအားများအရှိန်၀ါများမှာ ဤနေရာတွင်ရှိခဲ့ခြင်းမရှိတော့ပေ။

တိုက်ပွဲနေရာအပြင်တွင်ရှိသည့် တောင်ကုန်းတစ်ခုပေါ်တွင်ရပ်နေရင်းဖြင့် ဖှေးသည် တောင်တန်းများအားကျော်လွန်ကာ ငေးကြည့်လိုက်သည်။ ဖှေး သူ၏ဆရာကဲ့သို့သော၊ အဖေကဲ့သို့သော လျို့၀ှက်သည့်သိုင်းဆရာအကြောင်းကို တွေးမိနေ၏။ သူသည် ထက်မံ၍လာရောက်တော့မည်မဟုတ်ကြောင်းကို သူသိသည်။ ဖှေး တိုက်ပွဲမြေပြင်အား နောက်တစ်ကြိမ်ထက်မံကြည့်ရှုပြီးသည့်နောက်တွင် သူသည် တောင်တန်းများထံမှ ထွက်ခွာကာ ချမ်းဘော့ဒ်စခန်းသို့ပြန်လာခဲ့တော့သည်။

သူသည် ဤနေရာသို့ ထက်မံ၍လာရောက်ချင်မှ လာရောက်တော့မည်ဖြစ်သည်။

......

“ပြန်ရောက်လာပြီလားအရှင်မင်းကြီး...” ချမ်းဘော့ဒ်စစ်သည်များနှင့်အတူကင်းလှည့်နေခဲ့သည့် အိုလတ်ဂ်သည် ဖှေးအားမြင်သည့်အချိန်တွင် ပြေးလာခဲ့၏။ ဤဖတ်တီးသည် စိတ်လှုပ်ရှားနေပုံရပြီး အရေးကြီးကိစ္စတစ်ခုရှိနေပုံရသည်။

“ဘယ်သူရောက်နေတာလဲ...” ဖှေးသည် ချမ်းဘော့ဒ်စခန်းထဲတွင် ငွေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသည့် မှော်ရထားလုံးတစ်စင်းကို သတိထားလိုက်မိသည်။ ငွေရောင်ချပ်၀တ်နှင့် အမဲရောင်၀တ်ရုံ၀တ်ဆင်ထားသည့် မြင်းစစ်သည်၆၀ခန့်သည် ရထားလုံးပတ်လည်တွင် စောင့်ရှောက်နေကြ၏။ သူတို့၏ရင်ဘက်ချပ်၀တ်ပေါ်တွင် အနီရောင်လက်၀ါးကပ်တိုင်ပုံတစ်ခုအား ထင်ရှားစွာမြင်နိုင်နေ၏။ ဖှေးသည် ရှုပ်ထွေးသွား၏။ “သူတို့က ဘုရားကျောင်းကလူတွေလား...”

“ဟုတ်ပါတယ် အရှင်မင်းကြီး အရေးကြီးလူတွေပါ... ဘုရားသခင်ရဲ့ အနှစ်သက်ဆုံးကလေးငယ် မစ်စတာကာကာနဲ့ သူ့ရဲ့အလုပ်ကျွေး အနီရောင်၀တ်ရုံ၀တ်သူတော်စဥ် ဘေးလ်တို့ရောက်နေကြတာပါ။ သူတို့က အရှင့်ကို စောင့်နေကြတာကြာပါပြီ...”

အိုလတ်ဂ်သည် မဟာဘုရားကျောင်းမှလူများကို ထိတ်လန့်နေသည်မှာ ထင်ရှားသည်။ သူသည် ဘုရင်ပြန်ရောက်လာသည်ကို မြင်သည့်အချိန်တွင် ဖှေးထံသို့အမြန်ပြေးလာပြီး နားနားသို့ ကပ်ပြောလိုက်၏။

ဖှေးထွက်ခွာသွားပြီးသည့်အချိန်တွင် မစ်စတာကာကာ၊ သူတော်စဥ်ဘေးလ်နှင့် မြို့တော်စိန့်ပီတာစဘာ့တ်မှ တစ်ခြားအဖော်လိုက်လာသည့် သူတော်စဥ်တစ်ယောက်တို့ယောက်လာခဲ့ကြသည်။ သူတို့သည် ချမ်းဘော့ဒ်ဘုရင်နှင့် တွေ့ရန်လာခဲ့ကြခြင်းပင်။ ဖှေးမရှိသောကြောင့် သူတို့သည် တဲတစ်ခုထဲတွင် တစ်နာရီကျော်ခန့်စောင့်နေကြ၏။

ဖှေးခေါင်းငြိမ့်ပြကာ ထူးဆန်းသည့် အမူယာတစ်စုံတစ်ရာကို ပြသခြင်းမရှိပေ။ သူသည် အိုလတ်ဂ်အား သူရောက်ရှိကြောင်းကို သွားရောက်ပြောကြားရန်တည်ငြိမ်စွာပင် အကြောင်းကြားလိုက်သော်လည်း တကယ်တန်းတွင် အလွန်ထိတ်လန့်သွား၏။

အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် မစ်စတာကာကာသည် သူ့အား အလွန်စိတ်၀င်စားနေခဲ့သည်။ သူသည် ဖှေးအား ပါးကွပ်သားသူရဲကောင်းများနှင့် တိုက်ခိုက်ခဲ့စဥ်က ဖိတ်စာတစ်စောင်ပို့ခဲ့သည်။ ထို့နောက်တွင် သူတော်စဥ်ဘေးလ်ကိုယ်တိုင် သွေးစွန်းဂိုဏ်းဌာနချုပ်သို့ရောက်ရှိလာပြီး သူ့အား ဖိတ်ကြားခဲ့သည်။ အကယ်၍ ကျန်သည့်လူများဆိုပါက အမြန်ဆုံးသွားရောက်လည်ပတ်နိုင်ရန်အတွက် ကြိုးစားကြလိမ့်မည်ဖြစ်သည်။ သို့သော် ဖှေးမှာ အကောင်းဆုံးကြိုးစားကာရှောင်နေခဲ့၏။ သူသည် မြင့်မြတ်သောတောင်မှလာရောက်ပြီး ဇီးနစ်အင်ပါယာထဲတွင် ခေတ္တ၀င်ရောက်နေသည့် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် မစ်စတာကာကာနှင့် တွေ့ဆုံရခြင်းမရှိသေးပေ။

ဖှေးမသွားလိုသည့် အကြောင်းပြချက်များစွာရှိနေသည်။ ပထမဆုံးအနေဖြင့် ဖှေးသည် ယခင်ဘ၀ကတည်းက နတ်ဘုရားများကို ယုံကြည်သူမဟုတ်သည့်အတွက်ကြောင့်ပင်။ ဒုတိယအချက်အနေဖြင့် ချမ်းဘော့ဒ်ဘုရားကျောင်းတွင်ရှိသည့် သူတော်စဥ်ဇိုလာနှင့် မြင့်မြတ်သော သူရဲကောင်းတို့မှာ မာနထောင်လွှားလွန်းကြသည်။ ထို့ကြောင့် ဖှေးကြည့်မရပေ။ တတိယအချက်အနေဖြင့် ဖှေးသည် ဒိုင်ယာဘလိုမှ အောက်လမ်းဆရာဇာတ်ကောင်၏အစွမ်းများပိုင်ဆိုင်ထားပြီး ချမ်းဘော့ဒ်အား ပထမဆုံးအကြိမ်ဖြင့် ခုခံသည့်တိုက်ပွဲတွင် သူထုတ်သုံးခဲ့ဖူးသည်။ ဖှေးဇာတ်ကောင်တစ်ကောင်အား အသုံးပြုနေသည့်အချိန်တွင် တစ်ခြားဇာတ်ကောင်၏အစွမ်းများမှာ ထွက်ပေါ်လာလေ့မရှိပေ။ သို့သော်သူသည် သတိထားသည့်အနေဖြင့် မဟာဘုရားကျောင်းနှင့် ၀ေး၀ေးတွင်သာနေရန်ဆုံးဖြတ်ထားသည့်အတွက်ပင်။

လွန်ခဲ့သည့် လအနည်းငယ်တွင် ဖှေးသည် မဟာဘုရားကျောင်းနှင့် ပတ်သက်သည်များကို ယခင်ကထက်ပိုမို၍ သိရှိလာခဲ့ပြီးဖြစ်သည်။

မဟာဘုရားကျောင်းသည် အောက်လမ်းမှော်အစွမ်းကို အလွန်မုန်းတီး၏။ အလွန်ပင် မုန်းတီးကာ အောက်လမ်းမှော်အစွမ်းသည် သူတို့၏မိသားစုများကို ဖျက်ဆီးခဲ့သည့်အတိုင်းပင်။ အောက်လမ်းမှော်အစွမ်း၏ခြေရာလက်ရာကို တွေ့လိုက်မိလျှင်တွေ့လိုက်မိခြင်းပင် မဟာဘုရားကျောင်းသည် အောက်လမ်းမှော်ဆရာတစ်ယောက်အား ဖမ်းမိရန်အတွက် အပြစ်ကင်းသည့်လူတစ်သောင်းခန့်ကိုပင် သတ်ဖြတ်ရန်၀န်မလေးသည့်လူများဖြစ်သည်။ အေဇာရုတိုက်ပေါ်တွင် လူများအား အောက်လမ်းပညာနှင့် ဆက်နွယ်နေသည်ဟုဆိုကာ မြစ်ထဲတွင်ရေနစ်ကာ သတ်ဖြတ်ကြသည်၊ မီးရှို့သတ်ကြသည်၊ သစ်ပင်များပေါ်တွင် ကြိုးများဖြင့် ဆွဲကြိုးချကာသတ်ဖြတ်ပစ်ကြသည်။ ချဲ့ကားပြေခြင်းမဟုတ်ပေ။ အကယ်၍တစ်စုံတစ်ယောက်ကသာ ချမ်းဘော့ဒ်တိုင်းပြည်သည် အောက်လမ်းပညာနှင့် ဆက်နွယ်နေသည်ဟုဆိုပါက ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးပင် သတ်ဖြတ်ခံရမည်ဖြစ်သည်။ အကယ်၍ထိုကဲ့သို့ တိုင်တန်းသည့်လူမှာ လမ်းပေါ်မှသူတောင်းစားတစ်ဦးဖြစ်နေစေကာမူ ဤကဲ့သို့ပင် အရေးယူမည်ဖြစ်သည်။

ဖှေးသည် ဤဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် မစ်စတာကာကာနှင့် ရှောင်လိုသော်လည်း ထိုလူကိုယ်တိုင်ကပင် သူ့ထံသို့ရောက်ရှိလာခဲ့၏။

“သေစမ်းကွာ...ရန်သူတွေက တစ်ယောက်နဲ့ တစ်ယောက်တွေ့ကို တွေ့ရမယ့်ကံပါလာတာလား...”

ဖှေးချမ်းဘော့ဒ်စခန်း၏ဧည့်သည်များလက်ခံတွေ့ဆုံသည့် တဲအတွင်းသို လမ်းလျှောက်သွားသည့်အချိန်တွင် ရထားလုံးကို စောင့်ရှောက်နေကြသည့် မြင်းစစ်သည်များသည် ဖှေးအားရန်လိုသည့် အမူယာဖြင့်ကြည့်လိုက်၏။ သူတို့၏မျက်လုံးထဲတွင် ဖှေးသည် မစ်စတာကာကာကိုယ်တိုင်ဖိတ်ကြားသည်ကိုပင် မတက်ရောက်ခဲ့သည့် အပြစ်သားတစ်ဦးပင်။ မစ်စတာကာကာကိုယ်တိုင်ပင် ဤစခန်းငယ်လေးသို့ လာရောာက်တွေ့ဆုံခဲ့သော်လည် ဤဘုရင်သည် သူတို့၏သခင်အား စောင့်ဆိုင်းခဲ့ခိုင်းသေး၏။

“ဟားဟား ဘုရင်အလတ်ဇန္ဒား...လွယ်တော့ မလွယ်ပါဘူး နောက်ဆုံးတော့ ကျွန်တော်တို့တွေ့ကြပြီပေါ့...”

ဖှေးတဲအတွင်းသို့၀င်လိုက်လျှင်၀င်လိုက်ခြင်းပင် သူတော်စဥ်ဘေးလ်၏ကျယ်လောင်သော ရယ်မောသံကို ကြားလိုက်ရသည်။

ဖှေးကြည့်လိုက်ရာ သူနှင့် ယခင်က တွေ့ခဲ့ဖူးသည့် သူတော်စဥ်ဘေးလ်ထိုင်နေရာမှထကာ သူ့ထံသို့လမ်းလျှာက်လာသည်ကို တွေ့လိုက်ရသည်။ သူတော်စဥ်၏မျက်နှာပေါ်တွင် နွေးထွေးသည့် အပြုံးတစ်ခုရှိနေပြီး ဖှေးအားယဥ်ကျေးစွာနှုတ်ဆက်နေ၏။ ဤသူတော်စဥ်အဖိုးကြီးသည် ဖာထေးရာများဖြင့် ပြည့်နှက်နေသည့် ၀တ်ရုံနှင့် မြက်ခြောက်များဖြင့် ပြုလုပ်ထားသည့် ဖိနပ်အား စီးထားဆဲပင်။ သူသည် ပညာရှိသည့်ပုံပေါက်သော်လည်း သူ့ထံမှ မိမိကိုယ်မိမိအထင်ကြီးသည့်ခံစားချက်တစ်မျိုးကို ခံစားနေရဆဲပင်။ သို့သော် ဤစိတ်ကြီး၀င်မှုကို ကောင်းမွန်စွာပင် ဖုံးကွယ်ထားသောကြောင့် သတိထားမိရန်မှာခဲယဥ်းလှသည်။

သူတော်စဥ်ဘေးလ်သည် ဖှေးသွေးစွန်းဂိုဏ်းဌာနချုပ်တွင်တွေ့ခဲ့သည့် စွမ်းအားမြင့်လူတစ်ယောက်ပင်။

သူသည် မဟာဘုရားကျောင်းမှ အနီရောင်၀တ်ရုံ၀တ်ဆင်သည့် အဆင့်မြင့်သူတော်စဥ်တစ်ယောက်လည်းဖြစ်သည်။

ဤအဖိုးကြီးသည် မည်သည့်နေရာတွင်ဖြစ်စေကာမူ လူတိုင်း၏အာရုံစိုက်မှုကို ရရှိမည်ဖြစ်သည်။

သို့သော် ဖှေး၏အာရုံစိုက်မှုသည် သူတော်စဥ်ဘေးလ်၏ဘေးတွင်ထိုင်နေသည့်လူတစ်ဦးအပေါ်တွင် ကျရောက်သွား၏။ လူငယ်တစ်ယောက်သည် ပို၍ကောင်းမွန်သည့် ခုံတစ်ခုပေါ်တွင် ထိုင်နေလျှက်ရှိပြီး ပြုံးကာ သူတော်စဥ်ဘေးလ်နှင့် အတူမက်တပ်ရပ်လိုက်သည်။

ဤလူငယ်သည် အသက်၂၀ခန့်သာ ရှိဦးမည်ဖြစ်သည်။ သူ၏အညိုရောင်ဆံပင်များသည် အနည်းငယ်လွှင့်ခါနေပြီး သူ၏မျက်နှာသည် ခန့်ညားခြင်း၏အဓိပ္ပါယ်ကို ဖွင့်ဆိုနေသည့် အတိုင်းပင်။ သူ၏မျက်လုံးများထဲတွင် ရိုးသားတည်ကြည်မှုတို့ဖြင့် ပြည့်နှက်နေသည့်အတွက် မည်သူမဆိုသူ့အား အလိုအလျှောက်ပင် နှစ်သက်မိကြမည်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် ပိန်ပါးသော်လည်း အားနည်းသည့်ပုံမရှိပေ။ သူ၏ကျယ်ပြန့်သည့် ရင်ဘက်၊ သန်မာသည့်လက်မောင်းတို့သည် ကြံ့ခိုင်သည့်ခန္ဓာကိုယ်ကို ပြသနေသည်။ သူသည် အဖြူရောင်နှင့်အမဲရောင်ပေါင်းစပ်ထားသည့် ဘုရားကျောင်း၀တ်ရုံတစ်ခုကို ၀တ်ဆင်ထားပြီး သန့်ရှင်းစင်ကြယ်ကာ ရိုးရှင်းလှသည်။ သို့သော် လက်ကောက်၀တ်တွင်ရှိသည့် ရွှေရောင်စင်းကြောင်းများသည် မြင့်မြတ်သည့်အရှိန်၀ါကို ပေးလျှက်ရှိ၏။ သူသည် အလွန်တောက်ပနေသဖြင့် သူသည် ဘုရားသခင်၏သားတော်တစ်ပါးကဲ့သို့ပင်။

မိတ်ဆက်စရာမလိုပဲပင် ဖှေးသည် ဤလူသည် ဘုရားသခင်၏အနှစ်သက်ဆုံးကလေးငယ် မစ်စတာကာကာဖြစ်လိမ့်မည်ဟု သိလိုက်မိ၏။

မစ်စတာကာကာ မည်မျှပြည်စုံသည်ကို တွေ့လိုက်ရသည့်အချိန်တွင် မိမိကိုယ်မိမိအထင်ကြီးတတ်သူတစ်ယောက်ဖြစ်သည့် ဖှေးပင် အားကျမိသွား၏။

ဤသည်မှာ ပြည့်စုံသည့်လူတစ်ယောက်ပင်။

အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ဖှေးမစ်စတာကာကာအားတွေ့လိုက်ရသည့်အချိန်တွင် ဒိုမင်ဂူအားတွေ့လိုက်မိသည်။ ကာကာနှ့င် ဒိုမင်ဂူတို့နှစ်ယောက်လုံးသည် ထိတ်လန့်စရာကောင်းလောက်အောင်ပင် ခန့်ညားချောမောကြသည့်လူများဖြစ်ကြသည်။ သူတို့နှစ်ယောက်ထံမှ အကြည့်တစ်ချက်သည့် အမျိုးသမီးများကို သတိလစ်မေ့မြောသွားစေနိုင်လောက်၏။ သို့သော် သူတို့သည် အနည်းငယ်ကွဲပြားကြသည်။ ဒုတိယမင်းသားမှာ အနည်းငယ်အေးဆေးပုံစံဖြစ်သည်။ တစ်ဖက်တွင် ကာကာမှာ ပို၍တောက်ပပြီး တက်တက်ကြွကြွရှိ၏။

တယောက်မှာ လကဲ့သို့ပင်ဖြစ်ပြီး၊ တစ်ယောက်မှာနေမင်းကဲ့သို့ပင်ဖြစ်သည်။ သူတို့ဟာနှင့် သူတို့ထူးခြားသည့်လူများပင်။

တစ်နည်းအားဖြင့်ဆိုသော် ကျန်ရှိနေသည့်လူများသည် ကြယ်များကဲ့သို့ပင်။ ကြယ်ပွင့်များသည် မည်မျှပင် တောက်ပစေကာမူ ဤနှစ်ယောက်ကို ယှဥ်နိုင်ကြလိမ့်မည်မဟုတ်ပေ။

All Chapters