အဆုံးမဲ့မြို့
Vol. 97 Ch. 1348
စံအိမ်အမျိုးအစားအသုံးအဆောင်ပင်လယ်အလယ်တွင် ကျင့်ကြံခြင်း၌ နစ်မြုပ်နေသော အင်မော်တယ်အမြောက်အများကို မြင်တွေ့ရ၏၊ စံအိမ်နှင့်နန်းတော်သောင်းချီအလယ်တွင် လမ်းတစ်ခုပင် ဖြစ်ပေါ်နေလေသည်။
ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့ကို ဉီးဆောင်ရင်း ထန်ရှုက လမ်းပေါ်တွင် ငြိမ်သက်စွာ လျှောက်လာသည်၊ သူ့မျက်လုံးက ပတ်ဝန်းကျင်သို့ တစ်ချက်တစ်ချက် ကြည့်ရင်း အင်မော်တယ်များနှင့်နန်းတော်များကို လေ့လာနေသည်။
လက်ရှိတွင် ဤနေရာသို့ ထွက်ပေါ်လာရဲသည့်အားအနည်းဆုံးက သာမန်အင်မော်တယ်များဖြစ်ကြသည်။
မရေမတွက်နိုင်သောမျက်နှာများကို မြင်ပြီး ထန်ရှုက ထူးဆန်းသလို ခံစားရသည်၊ သို့သော် သူက အရမ်းအံ့အားသင့်ခြင်းတော့ မရှိပေ။ အတိတ်တွင် သူက အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့တုန်းက အပြင်သို့ ထွက်သည်မှာ ရှားလှသည်။ သူက အဆင့်နိမ့်ကျင့်ကြံသူများနှင့် တွေ့ဆုံခဲလေ့ရှိ၏။
ခုနှစ်ရက်ကြာပြီးနောက် နောက်ဆုံးတွင် ရင်းနှီးသောမျက်နှာတစ်ခုကို တွေ့လိုက်ရပြီး သတ်ဖြတ်ခြင်းဆန္ဒက သူ့မျက်လုံးများထဲ၌ လင်းလက်သွား၏။ သို့သော် ချက်ချင်းလျှင်ပင် သူက ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့ထံ လှည့်ကာ သတိပေးလိုက်သည် “မင်းတို့နှစ်ယောက်ဆီက သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုကို ငါ အာရုံခံမိတယ်။ ဒါပေမယ့် ပြီးပြည့်ခြင်းရွှေအင်မော်တယ်တွေဖြစ်ရင်တောင် မင်းတို့နှစ်ယောက်က ဒီနေရာမှာ ပြဿနာရှာလို့မရဘူး။ ဒီနေရာကို လာတဲ့ မင်းတို့ရဲ့ရည်ရွယ်ချက်က လက်စားချေဖို့အတွက်မဟုတ်ဘဲ အင်မော်တယ်ကံကြမ္မာကို ရှာဖွေဖို့အတွက်ဆိုတာ သတိထားပါ”
ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါကို ချက်ချင်း ကန့်သတ်လိုက်ကြသည်။ အဝေးရှိ ကီလိုမီတာအနည်းငယ်အကွာတွင် အစောင့်ခွေးတစ်ကောင်ပမာ နန်းတော်အပြင်ဘက်၌ တင်ပျဉ်ခွေထိုင်နေသောလူတစ်ယောက်ကို သေချာစိုက်ကြည့်လိုက်၏။ သူတို့က ထန်ရှုအား ခေါင်းညိတ်ပြလိုက်သည်။
ထိုလူက ထန်ရှု၏တပည့်ဟောင်းဖြစ်သည့် ငွေရောင်သိုင်းဘီလူးဖြစ်သည်။ ငယ်ရွယ်သော်လည်း ကျင့်ကြံခြင်းတွင် အလွန်အမင်းပါရမီပါပြီး မီးရေခဲသွေးကြောကို ပိုင်ဆိုင်သည်။ တဖြည်းဖြည်းနှင့် ထန်ရှုက သူ့ကို သဘောကျကာ တပည့်တစ်ယောက်အဖြစ် လက်ခံခဲ့သည်။ လွန်ခဲ့သောနှစ်ခုရာကျော်က ငွေရောင်သိုင်းဘီလူးက စဉီးအဆင့်ရွှေအင်မော်တယ်တစ်ယောက်မျှသာဖြစ်သည်။ သို့သော် ယခု ဤကောင်က နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိနေလေသည်။
ထန်ရှုက လှည့်ပတ်ကြည့်ရင်း အင်မော်တယ်များကြား စကားသံများကို ငြိမ်သက်စွာ နားထောင်ပြီး မကြာခင်မှာပင် အရာများစွာကို သိလိုက်ရ၏။ အတွင်းတော်ဆေးဂိုဏ်းနှင့်ထာဝရနန်းတော်တို့နေသည့်နေရာနှင့်ပတ်သက်၍လည်း သူက ကြားသိလိုက်ရ၏။
“အဆုံးမဲ့မြို့ကို သွားကြစို့”ထန်ရှုက ပြောလိုက်သည်။
ထို့နောက် သူက အဆုံးမဲ့တောင်တန်းအနီးရှိ မြို့ငယ်ဆီသို့ ပျံသန်းသွားသည်။ ကြယ်တောက်ပနှင့်ကြယ်ပင်ဂွင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ထန်ရှုနောက်သို့ လိုက်သွား၏။
တောင်ထိပ်တွင် တည်ဆောက်ထားလျက် အဆုံးမဲ့မြို့တစ်ခုလုံးက အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သည်၊ အတိအကျဆိုရလျင် အဆင့်ကိုးအသုံးအဆောင်ပစ္စည်းတစ်ခုပင်။ ဤနေရာတွင် တာဝန်ရှိသူက အန္တမအရှင်နောက်ခံရှိသည့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်၏။
အရက်မူးအင်မော်တယ်အန္တိမအရှင်၏လျို့ဝှက်နန်းတော်က ပွင့်တော့မည်ဖြစ်ကာ အင်မော်တယ်ကမ္ဘာတစ်ဝှမ်းရှိ စွမ်းအားရှင်အားလုံးကို ဆွဲဆောင်ခဲ့သောကြောင့် အဆုံးမဲ့မြို့၏မြို့အရှင်အဆုံးမဲ့ကြယ်စောင့်ရှောက်သူက ပါးလွှာသောရေခဲချပ်ပြားပေါ်၌ လမ်းလျှောက်နေရသလို ခံစားနေရရုံသာမက ဧည့်သည်များကို လက်ခံရာတွင်လည်း အလွန်ချင့်ချိန်နေရသည်။ သူ့ဆရာသခင်အကြီးအကဲရွှေရောင်အထွတ်အထိပ်ပင် ရောက်ရှိလာခဲ့သည်။
လျို့ဝှက်နန်းတော်မဖွင့်ခင် တစ်ယောက်မှ ပြဿနာရှာရန် ဆန္ဒမရှိပေ၊ အန္တိမအရှင်အဆင့်စွမ်းအားရှင်တစ်ယောက်နှင့် ရန်သူမဖြစ်ချင်ပေ၊ ထို့ကြောင့် အဆုံးမဲ့မြို့၏လုံခြုံရေးက တည်ငြိမ်ကာ ထိန်းချုပ်မှုအောက်တွင် ရှိနေသေး၏။ ဤနေရာရှိ မြို့သူမြို့သားများက ရောက်ရှိလာသည့်စွမ်းအားရှင်များကို သတိထားလျက် ဝန်ဆောင်မှုပေးနေကြ၏။ သူတို့၏ဝန်ဆောင်မှုများအတွက် ဒေသခံများစွာက ဧည့်သည်များထံမှ ဆုလာဒ်များစွာကို ရရှိခဲ့ကြသည်။
ယွဲ့ထျန်းက အဆုံးမဲ့မြို့တွင် ဆယ့်ရှစ်နှစ်ကျော်နေထိုင်လာသည့် လူတစ်ယောက်ဖြစ်သည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်သော်လည်း သူ၏လိမ္မာပါးနပ်သောစရိုက်က သူ့အား သက်သောင့်သက်သာဖြစ်သောဘဝတစ်ခုကို ပိုင်ဆိုင်စေခဲ့သည်။ နေ့တိုင်းတွင် သူက မြို့ထဲသို့ လှည့်လျက် အင်မော်တယ်များအတွက် လမ်းညွှန်တစ်ယောက်အဖြစ် ဝန်ဆောင်မှုပေးနေခဲ့သည်။
“မနေ့က အင်မော်တယ်သလင်းကျောက်တစ်ခုရခဲ့တယ်။ ဒီနေ့ အခြားအဆင့်တန်းမြင့်မားတဲ့ဧည့်သည်တွေနဲ့တွေ့အုံးမယ်ဆိုရင် မနေ့ကထက်တောင် ပိုရနိုင်တယ်။ ဒီအဆုံးမဲ့မြို့က သေးလွန်းပြီး အဲဒီအင်မော်တယ်တွေရဲ့အရှိန်က မြန်လွန်းတာ စိတ်မကောင်းစရာပဲ၊ မဟုတ်ရင် သူတို့နဲ့ ရက်အနည်းငယ်ကြာ ရှိပေးနိုင်မယ်ဆိုရင် ဒီထက်တောင် ပိုရမှာ”
မြို့ဝင်ပေါက်တွင်။
ကျောက်တုံးအစွန်းတစ်ခုပေါ်တွင် ထိုင်ကာ မြို့ဝင်ပေါက်သို့ အဝင်အထွက်လုပ်နေသောအင်မော်တယ်များကို ကြည့်ရင်း ဒီနေ့ ဘယ်လိုဧည့်သည်မျိုးနှင့် တွေ့ရမည်ကို ယွဲ့ထျန်းက စိတ်ထဲ၌ တွေးနေလေသည်။
“ထွက်သွားစမ်း။ ငါ မင်းကို မလိုအပ်ဘူး”
လမ်းညွှန်အဖြစ် အလုပ်လုပ်နေသော အခြားလူငယ်တစ်ယောက်က ဝတ်ကောင်းစားလှဝတ်ဆင်ထားသည့် ရက်စက်ကြမ်းကြုတ်သောအင်မော်တယ်တစ်ဖွဲ့နှင့် ဆုံတွေ့ခဲ့လေသည်။ ရလဒ်တစ်ခုအနေနှင့် လူငယ်အင်မော်တယ်က လမ်းညွှန်လူငယ်ကို ပါးရိုက်လိုက်သည်။ ကံကောင်းစွာနှင့် လမ်းညွှန်လူငယ်၏ကျင့်ကြံခြင်းက အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိသောကြောင့် သူက မသေသွားခဲ့ပေ။
“ကျွတ်၊ သူက သနားစရာပဲ” ယွဲ့ထျန်းက လျှာသပ်လိုက်လေတော့သည်။
များမကြာမီ အနောက်ဘက်ရှိ လူအချို့၏ဆူညံသံများကို ကြားလိုက်ရပြီး ယွဲ့ထျန်းက ဤလူအုပ်စုထံ အာရုံစိုက်လိုက်သည်။ ထိုလူအားလုံးက အသင်္ချေဓားဂိုဏ်းမှ ဖြစ်ပြီး ထိုလူငယ်အင်မော်တယ်က ထိုဂိုဏ်း၏သခင်လေးဖြစ်သည်ကို သူက ချက်ချင်း နားလည်လိုက်၏။
“ဘာ၊ အဲဒီရွံ့စရာကောင်းတဲ့အသင်္ချေဓားဂိုဏ်းပဲ ဖြစ်ပြန်ပြီ။ သူတို့က ခွေးတွေပဲလေ”
သတင်းများက ယွဲ့ထျန်းအတွက် အသစ်အဆန်းမဟုတ်ပေ။ ၎င်းနှင့်ပတ်သက်၍ သူက အများကြီး ကြားဖူးသည်။ အသင်္ချေဓားဂိုဏ်းက ထာဝရနန်းတော်နှင့် ချိတ်ဆက်နေသည့် ဒုတိယတန်းစားဂိုဏ်းတစ်ခုဖြစ်သည်။ သူတို့၏သခင်က ပစ်မှတ်ထားသော ဘယ်အရာကိုအဆို ကိုယ်ဆွဲမည့်ခွေးများဟု သူတို့ကို ပြောလျှင် မှန်ကန်ပေမည်။
“မကြာသေးတဲ့ရာစုနှစ်တွေမှာ အသင်္ချေဓားဂိုဏ်းက အလွန်သောင်းကျန်နေတယ်လို့ ငါ ကြားတယ်။ ထိပ်တန်းအဆင့်ရှိတဲ့မြင့်မြတ်ငှက်ဂိုဏ်းကိုတောင် သူတို့က အနှောင့်အယှက်ပေးခဲ့ကြတယ်။ အလား၊ သူတို့က တကယ်ကိုပဲ သခင်ကို အားကိုးတဲ့ ခွေးတွေပဲ”
ယွဲ့ထျန်းက ခေါင်းခါယမ်းလိုက်သည်။ သူ့အာရုံက အသင်္ခေချဓားဂိုဏ်း၏လူအုပ်ထံမှ ဆုတ်ခွာလိုက်ပြီး သူ့မျက်လုံးများက မြို့ထဲသို့ ဝင်လာသည့် လူအချို့ထံ ရစ်ဝဲသွား၏။
ရုတ်တရက် သူ့အမြင်အာရုံက ဝတ်ကောင်းစားလှဝတ်ထားသည့်ချောမောခန့်ညားသောလူငယ်ထံ ကျရောက်သွားပြီး သူ့မျက်လုံးများက လင်းလက်သွား၏။ သူက ခဏလောက် စဉ်းစားပြီးနောက် သူ့ကို နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။ သူက ရိုသေလေးစားစွာ ပြောလိုက်၏ “စီနီယာအင်မော်တယ်မှာ တကယ်ကို တမူထူးခြားတဲ့ဂုဏ်ကျက်သရေတစ်ခုရှိတာပဲ။ မင်းက ချောမောခန့်ညားတယ်၊ ချမ်းသာကြွယ်ဝတယ်…မင်းက မြို့ထဲကို အခုမှ အသစ်ရောက်လာသလားဆိုတာ ငါ သိလို့ရမလား”
ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည် “မင်းက ဒီနေရာမှာ လမ်းညွှန်တစ်ယောက်အဖြစ် အလုပ်လုပ်တာလား”
လူငယ်က လက်မထောင်ကာ ချီးကျုးလိုက်၏ “မင်းမှာ စူးရှတဲ့မျက်လုံးတွေ ရှိတာပဲ၊ စီနီယာအင်မော်တယ်။ အင်မော်တယ်တွေကြားက နဂါးတစ်ကောင်လိုပဲ၊ ဒီမထိုက်တန်တဲ့တစ်ယောက်က မင်းကို လေးစားပါတယ်။ ဒီကောင်လေးက အဆုံးမဲ့မြို့ထဲမှာ နေလာတာ နှစ်ပေါင်းဆယ့်ရှစ်နှစ်ရှိပြီ။ ဒီတစ်ယောက်က ဒီမြို့ကို ကောင်းကောင်းသိတယ်လို့ သေချာပေါက် အာမခံတယ်”
ထန်ရှုက သူ့ထံ အင်မော်တယ်သလင်းကျောက်တစ်လုံး ပစ်ပေးလိုက်သည်၊ လူငယ်က အံ့အားသင့်သောအကြည့်နှင့် ယူလိုက်၏။ ထို့နောက် ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “မင်းက ငါ့ကို မလိမ်ရင် ပိုတောင် ဆုချမယ်။ ဒါပေမယ့် မင်းက ငါ့ရဲ့မေးခွန်းကို မဖြေနိုင်ဘဲ လေထွားရဲရင်တော့ သတ်ဖြတ်တဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့”
“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ ဒီကောင်လေးက ဒီနေရာက အရာအားလုံးကို သိပါတယ်” ယွဲ့ထျန်းက ကမန်းကတန်း ပြန်ဖြေသည်။
“ဒီမြို့မှာ နေထိုင်ဖို့အတွက် နေရာလွတ်တွေ ရှိသေးလား”ထန်ရှုက မေးလိုက်သည်။
“မရှိတော့ဘူး၊ စားသောက်ဆိုင်တွေ၊ တည်းခိုခန်းတွေအားလုံးက ပြည့်သွားပြီ၊ ဆရာ။ အဲဒီနေရာတွေအသာထား၊ ဒီနေရာက ဒေသခံအများစုကိုတောင် မောင်းထုတ်ပြီး သူတို့ရဲ့အိမ်တွေကို သိမ်းပိုက်ထားကြတယ်”
ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြော၏ “အဆုံးမဲ့မြို့ကို ပတ်ဖို့ ငါတို့နဲ့ လိုက်ပေးပါ။ လမ်းလျှောက်ပဲ သွားမှာ ၊ မပျံဘူး”
ခြေကျင်သွားမှာလား။
ယွဲ့ထျန်းက အံ့အားသင့်သွားသည် “စီနီယာအင်မော်တယ်၊ အဆုံးမဲ့မြို့က မကြီးဘူးဆိုရင်တောင် ခြေကျင်သွားမယ်ဆိုရင် လမ်းတိုင်းကို ရောက်ဖို့ တစ်နှစ်လောက် ကြာလိမ့်မယ်”
ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြောလိုက်၏ “ဒါဆို စီးဖို့ တစ်ခုခုရှာပါ။ သူတို့ကို ငှားယမ်းဖို့အတွက် ဒီအင်မော်တယ်သလင်းကျောက်နှစ်ဆယ်ကို ယူသွား။ ကျန်ရှိတဲ့အင်မော်တယ်သလင်းကျောက်တွေကို မင်းရဲ့ဆုလာဒ်အတွက် ယူလို့ရတယ်”
ယွဲ့ထျန်း၏မျက်လုံးများက လင်းလက်သွားလျက် လျင်မြန်စွာ မေးလိုက်၏ “ဘယ်လောက်ကြာကြာ ငှားယမ်းမှာလဲ၊ စီနီယာအင်မော်တယ်”
ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြန်ဖြေ၏ “ဆယ်ရက်။ ဆယ်ရက်အတွင်းမှာ အဆုံးမဲ့မြို့တစ်ခုလုံးကို ပတ်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်”
“ပြဿနာမရှိပါဘူး” ယွဲ့ထျန်းက ကမန်းကတန်း ပြော၏ “ငါ အခုပဲ သွားလိုက်ပါ့မယ်”
များမကြာမီ သားရဲနှစ်ကောင်ဆွဲရထားလုံးတစ်စီးနှင့်အတူ လူငယ်က ပြန်ရောက်လာသည်။ ထန်ရှု၊ ကြယ်တောက်ပနှင့် ကြယ်ပင်ဂွင်တို့က ရထားလုံးပေါ်သို့ တက်ပြီးနောက် ထန်ရှုက ပြောလိုက်၏ “မင်းမောင်းပါ။ ဆယ်ရက်အတွင်းမှာ တစ်မြို့လုံးကို ပတ်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်းခေါင်းထဲမှာ တွေးထားပါ။ မှတ်ထားပါ၊ မနှေးလွန်းမမြန်လွန်းပါစေနဲ့”
“ပြဿနာမရှိပါဘူး၊ ဆရာ…”
ယွဲ့ထျန်းက ပျော်နေလေသည်။ ဤသားရဲရထားငှားရမ်းခက တစ်နေ့လျှင် အင်မော်တယ်သလင်းကျောက်တစ်တုံးသာ ကျသည်။ ဆယ်ရက်က အင်မော်တယ်သလင်းကျောက်ဆယ်တုံးကျသင့်ပေလိမ့်မည်။ ထို့ကြောင့် ကျန်ရှိသည့်ဆယ်တုံးက သူ့အိတ်ကပ်ထဲသို့ ဝင်လာပေလိမ့်မည်။ ထန်ရှုမှ ယခင်ပေးခဲ့သည့်တစ်တုံးပါ ထည့်ပေါင်းလျှင် သူက ဆယ်ရက်အတွင်း အင်မော်တယ်သလင်းကျောက်ဆယ့်တစ်တုံးကို ရရှိခဲ့သည်ဟု ဆိုရပေမည်။
လမ်းတစ်ဖက်တစ်ချက်ကို လေ့လာရင်း ထန်ရှုက ပြောလိုက်သည် “သွားရင်းနဲ့ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ငါတို့ကို အကျဉ်းချုပ်ပြောပြ။ နန်းတော်ရဲ့အမည်တွေ၊ အဲမှာ နေတဲ့လူတွေနဲ့ သူတို့ရဲ့ဇစ်မြစ်တွေပေါ့။ မကြာသေးခင်က နှစ်တွေမှာ ထူးဆန်းတဲ့အဖြစ်အပျက်အချို့ ရှိခဲ့တယ်ဆိုရင် အဲဒါကိုလဲ ပြောပြလို့ရတယ်။ မင်းရဲ့ဝန်ဆောင်မှုက ငါ့ကို စိတ်ကျေနပ်စေမယ်ဆိုရင် ဆယ်ရက်ပြည့်တဲ့အခါ အင်မော်တယ်သလင်းကျောက်ဆယ်တုံးထပ်ပေးမယ်”
သူက ငါ့ကို ဆုပေးမှာလား…နောက်ထပ်အင်မော်တယ်သလင်းကျောက်ဆယ်တုံးလား။
ယွဲ့ထျန်းက မျက်လုံးတို့တောက်ပလျက် ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လမ်းတစ်လျှောက် တွေ့ရသော အင်မော်တယ်တယ်များနှင့်အဆောက်အဉီးများအကြောင်း စတင်ပြောပြ၏။
ဤအကောင်က အတော်လေးစကားပြောကောင်းပြီး အဆုံးမဲ့မြို့၏အနေအထားနှင့် အလွန်ရင်းနှီးသည်။ ဤနေရာသို့ ရောက်လာသော အဖွဲ့များအား ထန်ရှုက တဖြည်းဖြည်းသိလာ၏။ ယခင်က မကြားဖူးသော အဖွဲ့များကိုပင် သိလာခဲ့၏။
“ငါတို့ရဲ့အရှေ့မှာက ပျော်ရွှင်ခြင်းတစ်ရာစံအိမ်ပဲ။ လက်ရှိအချိန်မှာ အဲဒါကို ထာဝရခန်းမက သိမ်းပိုက်ထားတယ်။ စံအိမ်မှာ ဝန်ဆောင်မှုပေးတဲ့မိန်းကလေးတွေနဲ့ ပြည့်နှက်နေတယ်လို့ ငါ ကြားတယ်”
“လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ မိန်းကလေးတွေနဲ့ ပျော်ပါးဖို့အတွက် ဂိုဏ်းအမျိုးမျိုးမှ စွမ်းအားရှင်တွေက ဒီပျော်ရွှင်ခြင်းတစ်ရာစံအိမ်ကို လာရောက်ခဲ့ကြတယ်။ နောက်တော့ သူတို့က ထာဝရနန်းတော်ရဲ့လူတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်။ အဆုံးမှာ သူတို့က ရှုံးနိမ့်ပြီး ထွက်ခွာသွားကြတယ်”
“အန္တိမအရှင်အချို့က ပျော်ရွှင်ခြင်းတစ်ရာစံအိမ်မှာ နေတယ်လို့ ငါလဲ ကြားတယ်၊ ဒါပေမယ့် အဲဒီလူက ဘယ်သူလဲ၊ ဘယ်လိုပုံပန်းရှိသလဲဆိုတာတော့ ငါ မသိဘူး”
ပျော်ရွှင်ခြင်းတစ်ရာစံအိမ်လား။
အေးစက်စက်အလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွား၏။
ထာဝရဂိုဏ်းက ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်ပိုင်ဆိုင်သောဂိုဏ်းဖြစ်သည်။ ၎င်းက မြင့်မြတ်ငှက်ဂိုဏ်းထက် နိမ့်ကျသော်လည်း နှစ်ဖက်ကြား စွမ်းအားကွာဟချက်က မကြီးမားပေ၊ ထိုဂိုဏ်းကို အင်မော်တယ်ကမ္ဘာတွင် ထိပ်တန်းဂိုဏ်းတစ်ခုဟု ဆုနိုင်သည်။ လွန်ခဲ့သောနှစ်ရှစ်ရာခန့်က ထာဝရနန်းတော်တစ်ခုလုံးတွင် အန္တိမအဆင့်စွမ်းအားရှင်နှစ်ယောက်ရှိခဲ့သည်၊ သို့သော် လက်ရှိတွင် သူတို့က အသင်္ချေမိုးကြိုးအန္တိမအရှင်ကို ဆုံးရှုံးထား၏။