ဒီလိုလှုပ်ရှားမှုမျိုး ဘယ်လိုလုပ်ရှိ?
Vol. 21 Ch. 301
ချင်းလင်စံအိမ်၌_
ချင်လင်က ဂိမ်းထဲမှပစ္စည်းများစံအိမ်ပို့ပြီး သူ့ရုံးခန်းထဲဝင်လာကာ ခါတိုင်းလိုသစ်မွှေးနံ့သာထွန်းလိုက်သည်။
ခဏအကြာ ကျောက်မိုချင်းက လင်းလန်ဇီနှင့်အတူရောက်လာ၏။
လင်းလန်ဇီမှာ ရုံးခန်းထဲဝင်ဝင်ချင်းရသောအနံ့ကြောင့် နည်းနည်းအံ့သြသွားသည်။ ကျောက်မိုချင်းရုံးခန်းထဲမှာလည်း ဒီအနံ့မျိုးရသည်။ ဒီအနံ့ကြောင့် စိတ်သက်သာရာရပြီး အားပြည့်လန်းဆန်းသွားသလိုပင်။
ဒီသူဌေးနဲ့သူဌေးကတော်က သူတို့ကိုယ်သူတို့ဘယ်လိုသာယာအောင်နေရမယ်ဆိုတာသိတာပဲ။
''ယောက်ျား... အခုတရားဝင်အကောင့်မှာ ကျွန်မတို့ကိုတွဲထားတဲ့ပရိသတ်တွေအများကြီးပဲ... ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ?'' ကျောက်မိုချင်းကဝင်လာပြီးလျှင် ဗီဒီယိုတချို့ဖွင့်ပြီး ချင်လင်ဆီဖုန်းပေးလိုက်သည်။
''ဒီတစ်ခါဘာဖြစ်ပြန်ပြီလဲ?'' ချင်လင်က သိချင်စိတ်နှင့်မေးလိုက်သည်။


စံအိမ်တရားဝင်အကောင့်မှာ ကြော်ငြာဖို့အလွန်ကောင်းပြီး စံအိမ်ကိုလူသိများစေသည်ဆိုသော်လည်း တချို့ပြဿနာများကိုရှောင်လွှဲမရပေ။
အကြောင်းမှာ အမုန်းပွားသူများ၊ ဟက်ကာများ၊ ကီးဘုတ်ဖိုက်တာများနှင့် အွန်လိုင်းပေါ်တွင် နာမည်ကြီးအောင်ကြိုးစားနေသူများရှိသောကြောင့်ပင်။
ကျောက်မိုချင်းကရှင်းပြလိုက်သည်_ ''ကျွန်မတို့က အကြောင်းမရှိအကြောင်းရှာပါသွားတာ... မနေ့က ရေပေါ်တံတားရှုခင်းဗီဒီယိုတင်လိုက်တယ်... အဲဒီထဲကဘဲသုံးကောင်ကို တစ်ယောက်ယောက်ကသတိထားမိသွားတယ်... 'လူခုတ်ဓား'ရဲ့ဗီဒီယိုထဲမှာ ဘဲဘုရင်ဝူဆိုတဲ့လူကိုတိုက်ခိုက်ထားတာ... တစ်ဖက်လူက သူ့ဒေါသကို ကျွန်မတို့အပေါ်ပုံချလိုက်တယ်ထင်ပါတယ်... ကျွန်မတို့ကိုတွဲပြီးတော့တောင် ဂင်းနစ်စံချိန်မှတ်တမ်းလျှောက်သင့်တဲ့အကြောင်းပြောထားသေးတယ်''
''ဘဲဘုရင်ဝူ? ဒီလူပဲ'' ချင်လင်အံ့သြသွားသည်။ သူကကျောက်မိုချင်းဖုန်းယူပြီး သက်ဆိုင်ရာဗီဒီယိုများကိုကြည့်လိုက်သည်။ ထို့နောက် လုံးဝခေါင်းခြောက်သွား၏။
ဒီ'လူခုတ်ဓား'ဆိုတဲ့တစ်ယောက်က သိပ်တက်ကြွလွန်းမနေဘူးလား?
အရင်က ဘဲအကြောင်းစုံစမ်းရင်း ဘဲဘုရင်ဝူအကြောင်းတွေ့ဖူးသည်။ ဘဲဘုရင်ဝူလက်ထဲမှဘဲကလည်း မျိုးစပ်ဘဲဖြစ်လောက်သည်။ ဒီဂင်းနစ်စံချိန်အတွက် သူကနှစ်ဝက်လောက်ကြော်ငြာနေခဲ့၏။
သူက ဂင်းနစ်ကနေဝင်ငွေဒလဟောရတော့မယ့်သူဆိုတော့ 'လူခုတ်ဓား'ရဲ့ဗီဒီယိုကြောင့် သူ့ကိုမုန်းပြီပေါ့?
ဒါပေမဲ့ ဒီဘဲဘုရင်ဝူကလည်း ချင်းလင်စံအိမ်ကိုပစ်မှတ်ထားတဲ့နေရာမှာ ယုံကြည်မှုလွန်ကဲမနေဘူးလား?
''မန်နေဂျာလင်း... ဒီကိစ္စကိုဘယ်လိုမြင်လဲ?'' ချင်လင်က လင်းလန်ဇီကိုကြည့်လိုက်သည်။ ကျောက်မိုချင်းကမီဒီယာဌာနတည်ထောင်ပြီး လင်းလန်ဇီကကြီးကြပ်သူဆိုမှတော့ နောင်မှာဒီလိုကိစ္စတွေရဲ့တာဝန်ခံဖြစ်လာလိမ့်မည်။ သူမက ဟိုယောင်ယောင်ဒီယောင်ယောင်ကိုအလုပ်ခန့်ထားတာမဖြစ်နိုင်။
လင်းလန်ဇီက ခဏတွေးကြည့်လိုက်ပြီး_ ''အခုအင်တာနက်မှာ ဒီကိစ္စကိုအာရုံစိုက်နေကြတာ... ဆိုရိုးရှိတယ်: လူတွေကကြောက်စရာကို ကြောက်နေလို့မရဘူး... ကံကြမ္မာအလိုကျလက်ခံရမယ်တဲ့... သူဌေးကတော်က မန်နေဂျာချန်ကို ဘဲသုံးကောင်ချိန်ခိုင်းလိုက်တော့ ၄၃ ကတ်တီ ၄၆ ကတ်တီနဲ့ ၄၃.၅ ကတ်တီ အသီးသီးရှိတယ်... ကျွန်မတို့ဂင်းနစ်စံချိန်ကို လုံးဝလျှောက်လို့ရတယ်... ဒါစံအိမ်နာမည်ကျော်ကြားဖို့အတွက်လည်း အရမ်းအကျိုးရှိတယ်... နောင်မှာ ရောင်းအားတက်စေမယ့်ကြော်ငြာလည်းဖြစ်နိုင်တယ်... ဒါကိုလုပ်နိုင်မယ်ထင်ပါတယ်''
ချင်လင်ခေါင်းညိမ့်လိုက်သည်_ ''မင်းက မီဒီယာဌာနရဲ့ဒါရိုက်တာပဲ... မင်းလုပ်နိုင်မယ်ထင်ရင် လုပ်သာလုပ်ပါ... ကျွန်တော့်တို့လည်း ဂင်းနစ်စံချိန်မှတ်တမ်းဘယ်လိုလျှောက်ရမလဲ ကြည့်လိုက်မယ်''
''ဒါဆို ကျွန်မသွားလိုက်ပါဦးမယ်'' လင်းလန်ဇိလည်း ရုံးခန်းထဲမှထွက်သွားသည်။ သူမက သန်မာသောအမျိုးသမီးတစ်ဦးလို သွက်သွက်လက်လက်ရှိပြီးပြတ်သား၏။
ကျောက်မိုချင်းပဲကျန်တော့မှ ချင်လင်ကသူမဆီလက်လှမ်းလိုက်သည်။
ကျောက်မိုချင်းကသဘောပေါက်ပြီးဖြစ်၍ သူ့ပေါင်ပေါ်ဝင်ထိုင်လိုက်၏။
သူမကရုံးခန်းထဲတွင် ချင်လင်၏ချဉ်းကပ်မှုများကိုငြင်းပယ်ခဲ့သော်လည်း ဒီလိုကလူကျီစယ်မှုလေးတွေမှာ သူ့ကိုစိတ်ချမ်းသာအောင်ထားသင့်သည်ဟုခံစားရသည်။


အမျိုးသမီးတစ်ယောက်အနေနဲ့ ယောက်ျားဖြစ်သူက ကလူကျီစယ်ချင်စိတ်မရှိတော့ရင် စိတ်မကောင်းစရာမဟုတ်လား?
''ရှင်ထိလို့ရတယ်... ဒါပေမဲ့ ကျွန်မအဝတ်အစားတွေကိုမဖွရဘူး'' ချင်လင်လက်သရမ်းနေသဖြင့် ကျောက်မိုချင်းကသတိပေးလိုက်သည်။ ထို့နောက် ချင်လင်ပေါင်ပေါ်ထိုင်လျက်ပင် ဝဘ်ဆိုဒ်ဖွင့်ပြီး ဂင်းနစ်အချက်အလက်များကိုရှာကြည့်လိုက်၏။
ဂင်းနစ်တရားဝင်ဝဘ်ဆိုဒ်ထဲဝင်ပြီးနောက် သူတို့နှစ်ဦးက သက်ဆိုင်ရာအချက်အလက်များကိုကြည့်လိုက်သည်။
ဂင်းနစ်လျှောက်ရန် လုပ်ငန်းစဉ်များစွာလိုအပ်သည်။ ကရိကထများသောလုပ်ငန်းစဉ်စုစုပေါင်း ၆ ခုရှိ၏။ တစ်နည်းဆိုရသော် ဂင်းနစ်စံချိန်လျှောက်ရသည်မှာ ဒုက္ခများသည်။ ဂင်းနစ်ကလည်း ထိုက်တန်မှုကိုသက်သေပြချင်ပုံရ၏။ ဒီမှတ်တမ်းရဖို့မလွယ်ပေ။
သို့သော် ထိုအဆင့်များ၊ ကရိကထလုပ်ငန်းစဉ်များအောက်တွင် နောက်ထပ်အဆင့်မြင့် VIP ချန်နယ်ရှိသေးသည်။ ထိုအပေါ်နှိပ်ကြည့်လိုက်ရာ အကြောင်းအရာမှာ နည်းနည်းစိတ်ဝင်စားဖို့ကောင်း၏။
ကျောက်မိုချင်းနှင့်ချင်လင်က VIP ချန်နယ်ထဲဝင်ပြီး ဧည့်သည်ဝန်ဆောင်မှုနှင့်ဆက်သွယ်လိုက်သည်။ စကားပြောပြီးနောက် သူတို့နှစ်ဦးကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
VIP ချန်နယ်ဆိုသည်က ကိစ္စများကိုမြန်မြန်ဆန်ဆန်ကိုင်တွယ်နိုင်ရန် ငွေသုံးရမည်ထင်သည်။ အထက်ပါလုပ်ငန်းစဉ်များမှာ သာမန်လူတွေအတွက်ရူးချင်စရာ။ သူတို့လုံးဝလက်ခံမည်မဟုတ်ပေ။
နောက်ပြီး ငွေသုံးစွဲသောအဆင့်ကလည်း ယွမ် ၃၈၀၀၀၊ ယွမ် ၄၈၀၀၀ စသည်ဖြင့်။
တစ်ဖက်က မရေမရာထောက်ခံချက်ပေးထားသေးသည်။ သူတို့ပိုက်ဆံသုံးသည်နှင့်အမျှ ချိုးဖောက်မှုတွေရှိခဲ့ရင်တောင် ကူညီပေးမည်တဲ့။
ဘယ်လို…
ပြောချင်တာက လက်မှတ်ရဖို့ ပိုက်ဆံသုံးရမယ်ပေါ့။
ချင်လင်မှာ ရယ်ရမှန်းမသိ ငိုရမှန်းမသိ_ ''ဒါကြောင့်လည်း လိုင်းပေါ်ကလူတွေပြောကြတာ... လက်ရှိဂင်းနစ်စံချိန်မှတ်တမ်းဆိုတာ လူချမ်းသာတွေအတွက်အပျော်ပဲတဲ့... ပိုက်ဆံရှိရင် ဝယ်နိုင်တယ်လေ''
''ဒါစိတ်ချရပါ့မလား?'' ကျောက်မိုချင်းက အံ့သြပုံနှင့်မေးလိုက်သည်။
ဂင်းနစ်စံချိန်မှတ်တမ်းအကြောင်းမသိခင်က အံ့အားသင့်စရာဟုတွေးခဲ့ဖူးသည်။ အခုအမှန်ကိုသိလိုက်ရတော့ ပါးစပ်အဟောင်းသားဖြစ်သွား၏။
ချင်လင်က နည်းနည်းစိတ်မချသလိုခံစားရသည်။ ဘယ်လိုပဲကြည့်ကြည့် အလိမ်အညာဝဘ်ဆိုဒ်နှင့်တူနေသည်။
သူကသက်ဆိုင်ရာအချက်အလက်များကိုထပ်မံစစ်ဆေးကြည့်ရာ စိတ်ဝင်စားစရာတစ်ခုကို အမှန်ပင်တွေ့လိုက်ရသည်:
ဂင်းနစ်မှာ မူလကဘီယာကုမ္ပဏီတစ်ခုဖြစ်သည်။ ဖောက်သည်များလာသောက်ကြသောအခါ စကားပြောရသည်ကိုနှစ်သက်ကြ၏။ သူတို့က ကမ္ဘာမှာအရပ်အရှည်ဆုံးလူက ဘယ်နှစ်မီတာရှည်ကြောင်း၊ အမြန်ဆုံးမြင်းက ဘယ်လောက်ပြေးနိုင်ကြောင်း၊ အလေးဆုံးအမျိုးသမီးက ဘယ်အရွယ်အစားရှိကြောင်းပြောကြသည်။
ထို့ကြောင့် ဖောက်သည်များစိတ်ကျေနပ်စေရန် ဂင်းနစ်ဘီယာချက်စက်ရုံက ကမ္ဘာ့မှတ်တမ်းစာအုပ်ကိုထုတ်ဝေခဲ့ပြီး ဖောက်သည်များအတွက် နှစ်တိုင်းအသစ်ပြင်ဆင်ပေးခဲ့သည်။ အချိန်လွန်သည်နှင့်အမျှ ၆၅ နှစ်အကြာတွင် အလွန်အံဩဖွယ်ကောင်းပြီး စိတ်ချရသောမှတ်တမ်းတင်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့၏။
နှစ်များကြာပြီးနောက် ဂင်းနစ်စံချိန်မှာ တရုတ်ပြည်တွင်လည်း နာမည်ကျော်လာသည်။ မရေမတွက်နိုင်သောအထူးအဆန်းဂင်းနစ်မှတ်တမ်းများလည်းရှိခဲ့၏။ ဥပမာဆိုရသော် အကျော်ကြားဆုံးအုပ်စုလိုက်မင်္ဂလာဆောင်၊ ဟော့ပေါ့သူဌေး၏ ဟော့ပေါ့အဓိကပါဝင်ပစ္စည်းစုဆောင်းမှု၊ လေးဘက်လေးတန် လူပေါင်းထောင်ချီတပြိုင်တည်းကခုန်ခြင်း၊ ကိုကာကိုလာသက်သက်ပါးစပ်အပြည့်သောက်ခြင်း စသည်ဖြင့်။ မည်သို့ဆိုစေ မှတ်တမ်းပေါင်းအမျိုးစုံအောင်ရှိလေသည်။