စံအိမ်ရဲ့ VIP ဧည့်သည်များ! အလှအပဥရဲ့အာနိသင်က အစွမ်းထက်လွန်းတယ်! ၂
Vol. 21 Ch. 304
ရန်သုံ့နှင့်ကောင်းယောင်ယောင်က ဒီနေ့ရေပေါ်တံတားရှုခင်းနေရာအကြောင်းအစီရင်ခံရန် ချင်လင်ရုံး၏ခန်းထဲသို့ လျင်လျင်မြန်မြန်ရောက်လာကြသည်။
ရန်သုံ့၏မျက်နှာမှာ ပြုံးရွှင်နေ၏။ ဒီနေ့ခရီးသည်တွေက ရေပေါ်တံတားရှုခင်းရဲ့အောင်မြင်မှုကိုသက်သေပြလိုက်ပြီ။ နောက်ပိုင်းကို ယာယီကြီးကြပ်သူဖြစ်သောသူက ကောင်းကောင်းဆက်လုပ်ရမည်။
ကောင်းယောင်ယောင်က_ ''သူဌေး... ဒီနေ့ရေပေါ်တံတားရှုခင်းမှာ ခရီးသည် ၂၀၀၀ ကျော်ပါတယ်... နောက်ပြီး အများစုက ဒီနေ့လယ်ပိုင်းကျမှ တဟုန်ထိုးရောက်လာတာပါ... လက်မှတ်ရောင်းရငွေကလည်း ယွမ် ၁၀၀၀၀၀ ထိရှိပါတယ်... မနက်ဖြန်ပိုများမယ်ထင်ပါတယ်''
''အင်း!'' ချင်လင်ကခေါင်းညိမ့်ပြီး ရန်သုံ့ကိုမေးလိုက်သည်_ ''ကြည့်ရှုတဲ့နေရာမှာ အခြေအနေဘယ်လိုရှိလဲ?''
ရန်သုံ့ကမျက်မှောင်ကြုတ်ပြီး_ ''သူဌေး... ကျွန်တော့်အထင် ကြည့်ရှုတဲ့နေရာကို လူအဝင်အထွက်ကန့်သတ်တာကောင်းပါမယ်... ရေပေါ်တံတားရှုခင်းကြည့်တဲ့နေရာက ခရီးသည်တွေအများကြီးဆံ့တယ်ဆိုပေမဲ့ နေ့လယ်ပိုင်းခရီးသည်တွေထပ်တိုးလာတော့ အတော်များများကဝင်ပြီး ပြန်မထွက်ချင်ကြပါဘူး... လူတွေများလွန်းပါတယ်... ဒါရှုခင်းကြည့်လို့မကောင်းရုံသာမက အန္တရာယ်လည်းများပါတယ်''
''ဒါကိုတွက်ချက်ပြီး လူအရေအတွက်အတိအကျပြောပေးပါ'' ချင်လင်မှာ ဒီပြဿနာအတွက်အဖြေမရှိ။ ခရီးသည်များကြည့်ရှုချိန်ကိုကန့်သတ်ရန်နည်းလမ်းမရှိသောကြောင့်ပင်။
နောက်ပြီး ရေပေါ်တံတားရှုခင်းကြည့်နေရာမှာ မှီစရာလက်ရန်းများရှိနေသည်။ မြင်ကွင်းကိုခံစားနိုင်ပြီး ရေပေါ်မျှော်စင်တွင်လည်းထိုင်ကာအနားယူနိုင်၏။ ထိုနေရာတွင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထက်ပိုကြာကြာနေနိုင်သည်။ နာမည်ကြီးလွန်းလျှင် လူဝင်ထွက်နှုန်းကန့်သတ်သည့်နည်းကိုသာသုံးရပေမည်။

တခြားရှုမျှော်ခင်းနေရာများက သူတို့လုပ်ငန်းနာမည်မကြီးမှာစိုးရိမ်နေရသော်လည်း ချင်းလင်စံအိမ်မှာမူ နာမည်ကြီးလွန်း၍ လုပ်ငန်းတိုင်းကိုကန့်သတ်နေရသည်။
ရန်သုံ့ကခေါင်းညိမ့်ပြီး_ ''နောက်နှစ်ရက်အတွင်း ပျမ်းမျှအရေအတွက်ကိုအစီရင်ခံပါမယ်''
ကောင်းယောင်ယောင်နှင့်ရန်သုံ့ကိုသွားခွင့်ပြုပြီးနောက် ချင်လင်ကရုံးခန်းထဲမှထွက်ပြီး ခန်းမအနီးရှိရုံးခန်းတစ်ခုဆီတန်းလျှောက်သွားလိုက်သည်။
ရုံးခန်းဆိုတာထက် ရုံးခန်းလို့မခေါ်ဘဲ လုံခြုံရေးအခန်းလို့ခေါ်ရမလား။
ထိုနေရာမှာ ခရီးသွားဌာနရဲများအတွက် ရှုမျှော်ခင်းနေရာမှပေးထားသော ရုံးခန်းနေရာဖြစ်သည်။ လုံခြုံရေးအခန်းမှာလည်း ရှုမျှော်ခင်း 4A နေရာအတွက် လုံခြုံရေးဆိုင်ရာလိုအပ်ချက်များထဲမှတစ်ခုဖြစ်သည်။
ချင်းလင်စံအိမ်က ရှုမျှော်ခင်း 4A နေရာအတွက်လျှောက်ချင်မှတော့ စီရင်စုကလည်း လုံခြုံရေးအခန်းတစ်ခန်းတည်ထောင်ရန်ကူညီပေးသည်။
တစ်နေ့ချင်းလင်စံအိမ်သာ ရှုမျှော်ခင်း 5A အဖြစ်အဆင့်မြှင့်နိုင်မည်ဆိုလျှင် ဒီအခန်းကိုလည်းထပ်ပြီးအဆင့်မြှင့်ရမည်။ ထိုအချိန်ကျလျှင် အတွင်းမှာမဟုတ်ဘဲ ရှုမျှော်ခင်းနေရာအပြင်ဘက်တွင်သီးသန့်အဆောက်အဦးဆောက်ရမည်။
နောင်မှာချင်းလင်စံအိမ်သာ ရှုမျှော်ခင်း 5A နေရာဖြစ်လာခွင့်ရှိမည်ဆိုပါက စီရင်စုကလည်း ရဲစခန်းတစ်ခုဆောက်ပေးဖို့တုံ့ဆိုင်းနေမည်မဟုတ်ချေ။
ရှုမျှော်ခင်း 5A နေရာမှာ စီရင်စုတစ်ခုအတွက် အကောင်းဆုံးကျော်ကြားမှုပင်။
ချင်လင်က လုံခြုံရေးအခန်းထဲလျှောက်လာသည်။ ခေါင်းဆောင်ဟုန်မှာ သူ့လူများနှင့်အလုပ်ရှုပ်နေ၏။ ချန်တပေကလည်း ခေါင်းဆောင်ဟုန်တို့နှင့်ပူးပေါင်းပြီး ကိရိယာများ၊ ပစ္စည်းများတပ်ဆင်နေသည်။
''သူဌေး!'' ချန်တပေက ချက်ချင်းထပြီး နှုတ်ဆက်လိုက်၏။
''သူဌေးချင်!'' ခေါင်းဆောင်ဟုန်က ခေါင်းညိမ့်ပြသည်။
''ကိရိယာတွေ အခြေအနေဘယ်လိုလဲ?'' ချင်လင်ကမေးလိုက်သည်။
ထိုကိရိယာများမှာ ကင်မရာအသေးစားလေးများရှာဖွေရန်ဖြစ်သည်။ ဟိုတယ်နဲ့သတို့သမီးခန်းလို ဝန်ဆောင်မှုပေးတဲ့နေရာတွေအတွက် အဆိုးဆုံးကဘာဖြစ်မလဲ? အခန်းထဲမှာ ကင်မရာခိုးတပ်တာတွေပဲပေါ့။ ဟိုတယ်တွေက ဒါတွေကိုမတွေ့မိရင် ခရီးသည်တွေကိုအထဲမှာနေခွင့်တောင်ပေးဦးမည်။
ထို့ကြောင့် ကြယ်ပွင့်အဆင့်ရှိဟိုတယ်များက ဒီအချက်ကိုလည်းအာရုံစိုက်ရသည်။


အရင်က သူသတင်းတစ်ပုဒ်တွေ့ဖူးသည်။ စုံတွဲတစ်တွဲကဟိုတယ်လာပြီး အလုပ်လုပ်မည့်ဆဲဆဲ ကင်မရာအသေးစားတစ်လုံးကို သတိကြီးကြီးနှင့်ရှာဖွေတွေ့ရှိလိုက်၏။ သူတို့မှာ ပြည်တွင်းရုပ်ရှင်လောကထဲရောက်တော့မလို့ပင်။
ထို့ကြောင့် စုံတွဲကအလွန်ဒေါသထွက်သွားသည်။ ရဲခေါ်ရုံသာမက ဟိုတယ်ကိုလည်းတရားစွဲခဲ့သည်။ ကိစ္စကအတော်လေးပေါက်သွားသဖြင့် ဟိုတယ်မှာဆက်မလည်ပတ်နိုင်တော့ချေ။
သူတို့စံအိမ်က ဒီလိုပြဿနာမျိုးကိုရှောင်လွှဲနိုင်မည့်နည်းစဉ်းစားရမည်။ အထူးသဖြင့် သတို့သမီးခန်းပင်။ ခရီးထွက်လာသော အိမ်ထောင်သည်တွေ၊ လူငယ်စုံတွဲတွေကို အာရုံစိုက်ခံရဖို့များသည်။
ဗီဒီယိုခိုးရိုက်ခံရပြီး ပြည်တွင်းရုပ်ရှင်လောကထဲပြန့်သွားခဲ့လျှင် စံအိမ်နာမည်ပျက်ရလိမ့်မည်။ ဖြစ်လာမည့်အကျိုးဆက်က သေချာပေါက်ကြီးကျယ်မည်။
အရင်ကတစ်ခန်းချင်းစီကို အမြဲတမ်းလုံခြုံရေးဌာနမှလူများကစစ်ဆေးခဲ့သည်။ သို့ရာတွင် ထိရောက်မှုက အလွန်နှေးကွေး၏။
ခေါင်းဆောင်ဟုန်က အထူးတပ်ဖွဲ့ဝင်များသုံးသော နည်းပညာကိရိယာအသစ်တစ်ခုနှင့် ထိထိရောက်ရောက်စစ်ဆေးနိုင်ကြောင်းပြောသဖြင့် သူကစီရင်စုကိုအကူအညီတောင်းပြီးဝယ်ခိုင်းလိုက်သည်။ ဒီပစ္စည်းမျိုးက အပြင်မှာဝယ်ဖို့ခက်၏။
စီရင်စုကလည်း ချင်းလင်စံအိမ်မှာ ဘာပြဿနာမှမရှိစေချင်။ သို့ဖြစ်၍ စီရင်စုအဆက်အသွယ်မှတဆင့် ဝယ်ပေးဖို့သဘောတူခဲ့သည်။ အခုတော့ ပစ္စည်းများရောက်လာပြီ။
ခေါင်းဆောင်ဟုန်ကပြုံးပြီး ရှင်းပြသည်_ ''ကျွန်တော်အခုစစ်ဆေးနေတာ... ပြီးရင် သူဌေးချင်ကိုချပြဖို့စီစဉ်ထားတယ်''
ချင်လင်က ကိရိယာနားလျှောက်သွားလိုက်သည်။ ကိရိယာဖန်သားပြင်မှာ ရေဒါလှိုင်းလိုတဖျတ်ဖျတ်လက်နေ၏။
ခေါင်းဆောင်ဟုန်ကရှင်းပြသည်_ ''ဒါကအထွေထွေသုံးကိရိယာ... ဒါကိုစောင့်ကြည့်ခန်းထဲမှာထားမယ်... ဒီကောင်က ကင်မရာအသေးစားတွေ အချက်ပြမီးတွေနဲ့ တခြားလှိုင်းတွေကို အာရုံခံစစ်ဆေးနိုင်တယ်... စစ်ဆေးတဲ့အခါကျရင် တဆင့်ခံပစ္စည်းကိုယူသွားရုံပဲ... အသေးစားကင်မရာတွေ့ရင် မီးနီပြလိမ့်မယ်''
တဆင့်ခံကိရိယာမှာ မိုဘိုင်းဖုန်းအရွယ်အစားလောက်သာရှိသည်။ ရေဒါလိုလှိုင်းများလည်း ဖန်သားပြင်ပေါ်မှိတ်တုတ်မှိတ်တုတ်ပေါ်နေ၏။ ရှာမည်ခလုတ်ကိုနှိပ်ပြီး ရှာလိုက်ရုံပင်။ သုံးရအလွန်အဆင်ပြေသည်။
''ခေါင်းဆောင်... စစ်ဆေးပြီးပါပြီ'' ရှုမျှော်ခင်းရဲအရာရှိတစ်ယောက်က ခေါင်းဆောင်ဟုန်ကိုပြောလိုက်၏။
ခေါင်းဆောင်ဟုန်ကခေါင်းညိမ့်ပြီး သူ့ဘေးနားရှိစားပွဲပေါ်မှ ကင်မရာအသေးစား ၁၀ လုံးလောက်ကိုကောက်ယူလိုက်သည်။ သူကချင်လင်အား_ ''သူဌေးချင်... ဒီကင်မရာအသေးလေးတွေကို ရုံးခန်းထဲလိုက်ဖွက်ထားပါလား? ခင်ဗျားဖွက်ပြီး ကျွန်တော်တို့ကလိုက်ရှာမယ်ဆိုရင်ရော?''
''ကောင်းပြီလေ!'' ချင်လင်ကခေါင်းညိမ့်ပြီး ကင်မရာအသေးများကိုယူကာ လုံခြုံရေးအခန်းထဲမှထွက်လာသည်။
ဒီဝှက်ထားတဲ့အန္တရာယ်မျိုးကိုဖြေရှင်းဖို့အတွက် သူမပေါ့ဆရဲ။ အရင်ဝဘ်ဆိုဒ်လေးတစ်ခုပေါ်မှာမြင်ရသော ပါမောက္ခ၏ဗီဒီယိုကိုသတိရသွားသည်။
ထိုဗီဒီယိုများမှာ မိန်းကလေးတစ်ဦးအား Wechat ကင်မရာကို ဘယ်လိုနေရာမှာဝှက်တာအကောင်းဆုံးဟု သေချာသင်ပြထားသောဗီဒီယိုများဖြစ်သည်။
ဒါပေမဲ့လည်း မိန်းကလေးကိုခိုင်းပြီး ဘယ်သူကကင်မရာဝှက်နေမလဲ? ယောက်ျားအတော်များများက ချက်ဆိုနားခွက်ကမီးတောက်ပြီးသား။
ချင်လင်က ကင်မရာအသေးများကို လျှို့ဝှက်သည်ထင်သောနေရာများတွင် သေချာဖွက်ထားသည်။ သူ့အိတ်ကပ်ထဲတောင် တစ်လုံးထည့်ထား၏။ ထို့နောက် လုံခြုံရေးအခန်းထဲပြန်လာပြီး ခေါင်းဆောင်ဟုန်အား_ ''ခေါင်းဆောင်ဟုန်... ဖွက်ပြီးပြီ''