စံအိမ်ရဲ့ VIP ဧည့်သည်များ! အလှအပဥရဲ့အာနိသင်က အစွမ်းထက်လွန်းတယ်! ၃
Vol. 21 Ch. 305
ခေါင်းဆောင်ဟုန်လည်း တဆင့်ခံစမ်းသပ်ကိရိယာကိုကောက်ယူပြီး ရှာမည်ခလုတ်ကိုနှိပ်လိုက်သည်။ ထို့နောက် ကိရိယာက အနီရောင်ပြသည်ကိုတွေ့ရ၏။
ခေါင်းဆောင်ဟုန်ကကိရိယာကိုင်ပြီး တည်နေရာကိုလိုက်ရှာသည်။ နောက်ဆုံး ချင်လင်ကိုကြည့်ကာ အပြုံးနှင့်_ ''သူဌေးချင်... ထုတ်လိုက်ပါ!''
''ကြည့်ရတာ ဒီကိရိယာက တကယ်အသုံးဝင်ပုံပဲ'' ချင်လင်ကပြုံးပြီး သူ့အိတ်ကပ်ထဲမှကင်မရာအသေးလေးကိုထုတ်ပေးလိုက်သည်။
ထို့နောက် ခေါင်းဆောင်ဟုန်လည်း တဆင့်ခံဆက်သွယ်ရေးကိရိယာနှင့် လုံခြုံရေးအခန်းထဲမှထွက်ပြီး ရုံးခန်းထဲသွားရှာလိုက်သည်။ ချင်လင်ဖွက်ထားသော အသေးစားကင်မရာအားလုံးကို ခြွင်းချက်မရှိရှာတွေ့သွားသည်ပေါ့။
''သူဌေး ခေါင်းဆောင်ဟုန်... ဒီကိရိယာက တကယ်ထိရောက်တာပဲ'' ချန်တပေက အံဩသံနှင့်ပြောလိုက်သည်_ ''နောက်ဆို စိတ်အေးရပြီ... မဟုတ်ရင် သတို့သမီးခန်းကိုတစ်ခန်းချင်းလိုက်စစ်ဆေးတယ်ဆိုရင်တောင် လွတ်သွားမှာစိုးနေတာ''
ခေါင်းဆောင်ဟုန်လည်း ချန်တပေအား_ ''ကြီးကြပ်ချန်... အရင်ဆုံး ဒီအထွေထွေသုံးစက်ကိရိယာကို စောင့်ကြည့်ခန်းထဲရွှေ့ရအောင်!''
“ဟုတ်ကဲ့” ချန်တပေခေါင်းညိမ့်လိုက်သည်။
ချင်လင်လည်း လုံခြုံရေးအခန်းထဲမှထွက်ပြီး ကျောက်မိုချင်းရုံးခန်းဘက်ခြေဦးလှည့်လိုက်၏။ ညစာစားချိန်ကျပြီ။ သူမနှင့်အတူ ညစာစားချင်သည်။
အရောင်းစင်တာ၌_
ဝမ်ရန်လည်း စုကျွမ်ဆီလျှောက်လာသည်။ သူကဘူဖေးစားပွဲယူထားပြီဖြစ်၍ အစားအသောက်ဝယ်ရန် စုကျွမ်ကိုခေါ်သွားသည်။
ဒီနေ့စံအိမ်တွင်ချက်စားသူများသောကြောင့် အသီးအရွက်နှင့်အသားငါးတန်းတွင် ဟင်းရွေးသူများနေ၏။

သူတို့နှစ်ယောက်က ဟင်းသီးဟင်းရွက်တချို့သွားဝယ်ရာ အရောင်းကောင်တာတွင် လူအများကြီးရှိနေသည်ကိုသတိထားမိသည်။
''ယောက်ျား... အရောင်းကောင်တာမှာ ဘာဖြစ်နေလဲမသိဘူး? သွားကြည့်ရအောင်'' စုကျွမ်က ဝမ်ရန်ကိုဆွဲပြီး အရောင်းကောင်တာဆီခေါ်သွား၏။
သူတို့နှစ်ဦး အရောင်းကောင်တာရောက်သောအခါ ဥတွေရောင်းနေသည်ကိုတွေ့ရသည်။ နောက်ပြီး ထိုဥတွေက ဘဲဥ၊ ကြက်ဥထက်ကြီးသည်။ အလယ်ကအလုံးမှာ ငှက်ကုလားအုပ်ဥလောက်ရှိ၏။
''အလှအပဘဲဥ!'' ဝမ်ရန်ကဆိုင်းဘုတ်မြင်လျှင် ဒီဥတွေက ဟိုဘဲကြီးတွေဥတာဖြစ်မည်ဟု ချက်ချင်းတွေးမိသွားသည်။
ငှက်ကုလားအုပ်ဥအရွယ်အစားရှိသောအလုံးမှာ ဘဲကြီးသုံးကောင်ဥတာဖြစ်ရမည်။
နောက်ပြီး ဒီဘဲဥတွေက အလွန်စျေးကြီးသည်။ သေးတဲ့အလုံးက ယွမ် ၁၀၀၊ ငှက်ကုလားအုပ်ဥလောက်အလုံးက ယွမ် ၁၀၀၀ တဲ့။
''ဒီအလှအပဥဆိုတာက သူပြောထားသလို တကယ်ထိရောက်ပါ့မလား?'' အမျိုးသမီးတစ်ဦးက သူမဘေးမှအရောင်းဝန်ထမ်းကိုမေးလိုက်သည်။
အရောင်းဝန်ထမ်းက ထိုမေးခွန်းကြားလျှင် ချက်ချင်းအပြုံးနှင့် မိတ်ဆက်ပေးသည်_ ''ဒီအလှအပဥတွေအားလုံးကို ကျွန်မတို့စံအိမ်ကမျိုးစပ်ဘဲတွေဥထားတာပါ... ဒီဥတွေက ယင်ဓာတ် အဆုတ်နဲ့ သွေးကိုအားဖြည့်ပေးပြီးတော့ မျက်နှာကိုလှပချောမွေ့စေပါတယ်... အမျိုးသမီးတွေအတွက် အထူးပြင်ဆင်ထားတဲ့မင်္ဂလာတစ်ပါးလိုပါပဲ... နောက်ပြီးအခုက စျေးချထားတာပါ... စျေးကအချိန်မရွေးတက်နိုင်ပါတယ်ရှင်... လူတိုင်းတစ်ယောက်ကိုတစ်လုံးပဲဝယ်နိုင်ပါတယ်... အခွင့်အရေးကိုလက်လွတ်မခံသင့်ပါဘူး''
အရည်အသွေး ၂ အလှအပဘဲဥက အလွန်ထိရောက်သည်။ ချင်လင်နှင့်ကျောက်မိုချင်းက ဘဲဥတစ်လုံးစားသည့်အာနိသင်မှာ အလှအပဆေးထိုးခြင်းထက်လုံးဝမလျော့ကြောင်း ကောင်းကောင်းသိထားသည်။
အလှအပဆေးကောင်းကောင်းထိုးလျှင် ယွမ် ၄၀၀၀ မှ ၁၅၀၀၀ အထိကုန်ကြောင်းသိကြသည်။ အမျိုးသမီးတွေက အလှအပနှင့်ပတ်သက်ရင် ရူးသွပ်ကြစမြဲ။
သို့ရာတွင် ဒီဥရဲ့အာနိသင်ကိုသိစေရမည်ဖြစ်သောကြောင့် တချို့တလေထုတ်ပေးထားသည်။ ဒီအချိန်မှာ ကံကောင်းသူသာစားရပေမည်။ နောင်မှာသူတို့ပိုက်ဆံတတ်နိုင်ရင်တောင် စားရဖို့မမြင်။
အရောင်းဝန်ထမ်းကမိတ်ဆက်ပေးပြီးနောက် အမျိုးသမီးများမျက်နှာရဲသွားကြသည်။ ယောက်ျားတွေသာဆိုရင် ယင်ဓာတ်အားဖြည့်ပေးတဲ့အာနိသင်ကိုသိမှာပဲ။ သို့ရာတွင် အလှအပအတွက်ကောင်းသည်ဆိုသဖြင့် နည်းနည်းစိတ်ဝင်စားသွားကြသည်။
အမျိုးသမီးတစ်ဦးအတွက်မျက်နှာဆိုတာ အရေးအကြီးဆုံးမဟုတ်လား? အခုခေတ်မှာ အလှအပထုတ်ကုန်တွေများပြီး အတော်များများကမထိရောက်တာတွေဖြစ်နေခြင်းကြောင့်သာ။ အခုလည်း ဥတစ်လုံးကအာနိသင်ရှိသည်ဟုပြောတာ နည်းနည်းတွန့်ဆုတ်စရာဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ် တစ်လုံးယွမ် ၁၀၀ လေ။
ထိုအချိန်တွင် တက္ကသိုလ်ကျောင်းသူပုံနှင့်မိန်းကလေးတချို့တိုးဝင်လာသည်။
''နာနာ... ဒီဥတွေပဲ'' ချန်ရွှယ်က တက္ကသိုလ်မှအခင်ဆုံးသူငယ်ချင်းများကို အရင်ဆုံးဥယူရန်ခေါ်လာ၏။ အရင်က သူမယောက်မနှင့် ဒီဘဲဥကိုစားခဲ့ဖူးသည်။
ယောက်မကသတိမထားမိသော်လည်း သူမကဘဲဥ၏အာနိသင်ကိုသတိထားမိသည်။ အမှန်ပင်အလှအပအရည်အသွေးရှိနိုင်သည်။
ထို့ကြောင့် သူမ၏တက္ကသိုလ်နေဖက်အခင်ဆုံးသူငယ်ချင်းကအတည်ပြုရန် ဒီနေ့လိုက်လာပြီး တစ်လုံးဝယ်ခြင်းဖြစ်သည်။
ရုတ်တရက် မိန်းကလေးတွေဝယ်နေတာတွေ့ရသဖြင့် တခြားအမျိုးသမီးများလည်း မဝယ်ဘဲမနေနိုင်တော့။ အားလုံးက ဘဲဥကောက်ကိုင်လိုက်ကြသည်။


ဝမ်ရန်က ချင်းလင်စံအိမ်မှပစ္စည်းများကို မျက်စိမှိတ်ယုံကြည်သည်။ သူကလက်မြန်မြန်နှင့် ငှက်ကုလားအုပ်ဥလောက်ရှိသောဥကိုကောက်ကိုင်ထား၏။
တကယ်မျက်နှာလှစေတယ်ဆိုရင် သူ့ဇနီးအတွက်လုံးဝနှမြောနေမည်မဟုတ်။
စုကျွမ်မှာမိတ်ဆက်စကားကြားကတည်းက ထိုအလှအပဥကိုစားချင်စိတ်တဖွားဖွားပေါက်နေသည်။ ဝမ်ရန်၏လှုပ်ရှားမှုကိုတွေ့သောအခါ သူမမျက်နှာပြုံးရွှင်သွားသည်။ အရင်ယောက်ျားသာဆိုရင် သူ့ဖုန်းပဲသူကြည့်ပြီး တုံဏှိဘာဝေလုပ်နေလိမ့်မည်လေ။
''ဘေဘီ သွားစို့... ဒီနေ့ ဒီအလှအပဥရဲ့အာနိသင်ကိုကြည့်ရအောင်!'' ဝမ်ရန်က စုကျွမ်ကိုဆွဲပြီး ကျသင့်ငွေရှင်းကာ အရောင်းကောင်တာမှထွက်လာသည်။
ညပိုင်းတွင် စုကျွမ်မှာ ထိုဘဲဥစားပြီးဗိုက်ပြည့်သွားသော် ဘဲဥ၏အာနိသင်ကိုမျှော်လင့်စောင့်စားနေဆဲပင်။
ဟိုတယ်ပြန်ရောက်သောအခါ သူမကမနေနိုင်တော့ဘဲ ဝမ်ရန်အား_ ''ယောက်ျား... ဘဲဥကအာနိသင်ရှိမရှိ စမ်းကြည့်ပါလား''
''အဲဒီအလှအပအားဖြည့်ပေးတာကို ကိုယ်ကဘာလုပ်ရမှာလဲ?'' ဝမ်ရန်က စူးစမ်းသလိုမေးလိုက်သည်။
''ယင်ဓာတ်လည်း အားဖြည့်ပေးတယ်မလား?'' စုကျွမ်က သတိပေးလိုက်သည်။
''အာနိသင်က အဲလောက်မမြန်ဘူးမလား?'' ဝမ်ရန်ကထိုသို့ပြောလိုက်သော်လည်း သူ့ခန္ဓာကိုယ်ကလှုပ်လှုပ်ရွရွဖြစ်နေပြီ။
ခဏအကြာ သူ့မျက်လုံးများအရောင်တောက်လာသည်။
အာနိသင်က မြန်ဆန်သောကြောင့်ပင်။
ချင်းလင်စံအိမ်ရဲ့ဥက တကယ်ထိရောက်တာပဲ။ နောက်ပြီး အာနိသင်ကဒီလောက်မြန်လား?
…
ညပိုင်းကုန်လွန်သွားသည်။
နောက်တစ်နေ့တွင် ဝမ်ရန်အိပ်ရာမှထသောအခါ စုကျွမ်ကအံဩတကြီးနှင့် ရေချိုးခန်းထဲမှပြေးထွက်လာပြီး_ ''ယောက်ျား... ကြည့်... ကျွန်မမျက်နှာတကယ်ပိုဝင်းလာတယ်''
စုကျွမ်ကိုစိုက်ကြည့်လိုက်သောအခါ သူ့မျက်လုံးများအရောင်တောက်လာပြန်သည်။
ဟုတ်နေမလား? သူမမိတ်ကပ်မလိမ်းရသေးဘူး။ ဒါပေမဲ့ အသားအရေကဝင်းပြီး ကြည်လင်နေသည်။ နည်းနည်းတင်းတင်းရင်းရင်းနှင့် သေသေသပ်သပ်လည်းဖြစ်နေ၏။
ဒီအလှအပဥရဲ့အာနိသင်က ဒီလောက်စွမ်းတာလား?
ယင်ဓာတ်အားဖြည့်ပေးတဲ့အာနိသင်နဲ့စာရင် ဒီအလှအပအာနိသင်ကြောင့် လူတွေအသည်းအသန်ဖြစ်လောက်တယ်မလား?
''မြန်မြန် မျက်နှာသစ် အဝတ်အစားလဲ... စံအိမ်သွားမယ်'' ဝမ်ရန်က စဉ်းစားမနေဘဲပြောလိုက်သည်_ ''ဒီနေ့ဥကြီးတွေရှိသေးရင် အရင်ဆုံးမင်းစားရအောင် သွားလုမယ်''
“အင်း!” စုကျွမ်က ခပ်သွက်သွက်ခေါင်းညိမ့်လိုက်၏။
သူမကကိုယ်တိုင်အကျိုးခံစားရသူဖြစ်၍ ထိုအလှအပဥမှာ အာနိသင်ကောင်းကောင်းရှိကြောင်းပိုသိသည်။ သူမမျက်နှာအသားအရေကပိုဝင်းပြီး တင်းတင်းရင်းရင်းဖြစ်လာရုံသာမက မနက်အိပ်ရာနိုးနိုးချင်း လန်းဆန်းနေသည်ဟုလည်းခံစားရသည်။
တခြားအမျိုးသမီးတွေသာ ဒီအလှအပဥရဲ့အာနိသင်ကိုသိသွားရင် သေချာပေါက်အလုအယက်လာဝယ်ကြလိမ့်မည်။