ခရီးသည်များအကြားတိုက်ပွဲ! ဒီဥက ၁၀၀၀၀ တန် အလှအပဆေးထိုးတာထက် ပိုထိရောက်တယ်! ၂
Vol. 21 Ch. 307
သူတို့ရဲ့နှစ်သစ်မုန့်ဖိုးကုန်သည်အထိ ဒီကိုနေ့တိုင်းလာရင် သူတို့ပြန်တဲ့အခါ ဂျူနီယာလေးတွေကိုဆွဲဆောင်နိုင်တော့မည်။
နောက်ဆုံး အရောင်းစင်တာပွင့်လာ၏။
အရောင်းဝန်ထမ်းက ပစ္စည်းများစတင်ခင်းကျင်းနေသည်။ နှစ်ဖွဲ့လုံးကအရောင်းကောင်တာတွင်ရပ်ကာ ဘဲဥများခင်းမည်ကိုစောင့်ကြည့်နေကြ၏။
သို့သော် ဒီနေ့ငှက်ကုလားအုပ်ဥအရွယ်အစား ဘဲဥများပါမလာချေ။
''ဒီနေ့ဥကြီးတစ်လုံးမှမပါဘူးလား?'' ချန်ရွှယ်က လောလောလောလောနှင့်မေးလိုက်သည်။
''ဒီနေ့မရဘူးဗျ... အဲဒီဥမျိုးကအရမ်းရှားတယ်... မကြာခဏပစ္စည်းပြတ်ဖို့များပါတယ်'' အရောင်းဝန်ထမ်းက အပြုံးနှင့်ပြန်ဖြေလိုက်၏။
မနေ့ကနှစ်လုံးပဲရသည်။ သူဌေးကတစ်လုံးယူပြီး နောက်တစ်လုံးကိုဘဲခြံကသိမ်းထား၏။ အရောင်းစင်တာအတွက် ရောင်းဖို့မကျန်ပေ။
ထိုစကားများကြောင့် ချန်ရွှယ်နှင့်ဝမ်ရန်စိတ်ပျက်သွားသည်။ နောက်ဆုံး ဘဲဥလေးများကိုသာယူလိုက်ရ၏။
''ဒါအလုပ်မဖြစ်ဘူး... ကိုယ်တို့နည်းလမ်းစဉ်းစားရမယ်'' ဝမ်ရန်က ချန်ရွှယ်တို့အုပ်စုကိုကြည့်ရင်း ပွစိပွစိပြောနေသည်။
အလှအပဥကြီးများမှာ အစကတည်းက အရေအတွက်နည်းရတဲ့အထဲ ပစ္စည်းကပြတ်နိုင်သေးသည်။ ဒီကောင်မလေးတွေက ဝီရိယကောင်းလွန်းသောကြောင့် သူတို့နှင့်ပြိုင်လုဖို့ခက်၏။
သူတို့ထင်မထားတာမျိုး သူလုပ်ရမည်။
ပြီးခဲ့တဲ့သုံးရက်မှာ သူတို့နှစ်ဖွဲ့ကတိတ်တိတ်လေးအခြေအနေကိုအမြတ်ထုတ်နေသလို ခရီးသည်များပိုပိုရောက်လာခြင်းကြောင့် စံအိမ်ရေပေါ်တံတားရှုခင်း၏နာမည်ကျော်မှုကလည်း အထွတ်အထိပ်ရောက်ခဲ့သည်။
အရင်သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကဲ့သို့ပင် ခရီးသည်များက ရေပေါ်တံတားရှုခင်းဗီဒီယိုများကို ဗီဒီယိုအတိုပလက်ဖောင်းအမျိုးမျိုးတွင် တစ်ယောက်ပြီးတစ်ယောက်တင်လာကြသည်။
Douyin ဒါမှမဟုတ် Tiktok မှာဖြစ်စေ၊ Youtube မှာဖြစ်စေ၊ ချင်းလင်စံအိမ်၏ရေပေါ်တံတားဗီဒီယိုကိုတွေ့နိုင်သည်။
ဒီအရှိန်ကြောင့် ခရီးသည်များက ပိုစိတ်ဝင်စားလာကြ၏။ ရေပေါ်တံတားရှုခင်းကြောင့် ခရီးသည်များပြုံကျလာသည်။
ချင်လင်မှာ ရွေးချယ်စရာမရှိ၍ ရေပေါ်တံတားရှုခင်းနေရာ၏လူဝင်လူထွက်နှုန်းကို ကန့်သတ်လိုက်ရသည်။ မနက်ပိုင်းလူ ၁၅၀၀၊ နေ့လယ်ပိုင်းလူ ၁၅၀၀ နှင့် တစ်နေ့လူ ၃၀၀၀ ရှိသည်။
ချင်းလင်စံအိမ်၏လုပ်ရပ်ကြောင့် ရှုမျှော်ခင်းနေရာအတော်များများက မကျေမနပ်ဖြစ်ကြသည်။ ခရီးသည်မရှိလို့ ဒုက္ခရောက်နေတဲ့ရှုမျှော်ခင်းနေရာတွေဘယ်လောက်များရှိလိုက်လဲ?
ဘယ်လောက်မနာလိုစရာကောင်းလဲ?

ထို့ကြောင့် ဒီမနာလိုမှုကိုအခြေခံပြီး ချင်းလင်စံအိမ်မှပညာယူရန်စီစဉ်ကြသည်။ အချိန်တစ်ခုအထိ ရှုမျှော်ခင်းနေရာများမှာ ရေပေါ်တံတား၊ ဘဲစားမှော်နှင့်ဘဲအစီအစဉ်ကိုတရားဝင်ဖွင့်လှစ်ပြီဖြစ်ကြောင်းကြေညာကြ၏။
ဖြစ်ချင်တော့ သူတို့မသိတာက ချင်းလင်စံအိမ်မှပညာယူခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေသည်ဆိုတာပင်။ အကြောင်းမှာ သူတို့ကကစားကွက်တစ်ခုကိုလွတ်နေသည်။
ထိုနာမည်ကျော်မှုအောက်တွင် ရှန်ဟိုင်းဂင်းနစ်ကုမ္ပဏီက နာမည်ရမည့်အခွင့်အရေးကိုလက်လွှတ်မခံ။ ချင်းလင်စံအိမ်ကိုချက်ချင်းသွားပြီး လူစိတ်ဝင်စားအောင် ဂင်းနစ်နှင့်ချင်းလင်စံအိမ်ဆက်စပ်သော ဗီဒီယိုအမျိုးစုံကိုတင်ခဲ့သည်။
အမှန်ပင် သည်လိုလုပ်ခြင်းကြောင့် အတော်များများကိုဆွဲဆောင်နိုင်ခဲ့၏။ နောက်ပြီး အခင်းအကျင်းကိုတတ်နိုင်သမျှအမြန်ဆုံးဆောက်ပြီး ချင်းလင်စံအိမ်၏ဘဲများကိုအသိအမှတ်ပြုပေးရမည်။
ဂင်းနစ်က ချင်းလင်စံအိမ်ကို ဘဲသက်သေပြုသောနေရာမှာ စံအိမ်ကဝန်ဆောင်မှုပေးသောနေရာတွင်ဖြစ်သည်။
အကြောင်းမှာ စားသောက်ဆိုင်တွင် ဘူဖေးနေရာရှိသောကြောင့်ပင်။ ထိုနေရာမှာ ကိရိယာများဆင်ဖို့ပိုကောင်း၊ နေရာပိုကျယ်ပြီး အလဟဿဖြစ်နေသည်။ လောလောဆယ်ဆောက်လုပ်ရေးအစီအစဉ်အတွက် ခေါင်းထဲမထည့်ရသေး။
ဒီတစ်ကြိမ် ဂင်းနစ်ကလူများလာပြီး လက်မှတ်ပေးရန်အခင်းအကျင်းဆောက်လျှင် ထိုနေရာမှာပဲစီစဉ်မည်။
စိတ်ဝင်စားကြသောခရီးသည်များစွာရှိ၍ ဒီအခင်းအကျင်းကိုဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်မည့်သူများလည်းရှိမည်။
ရှန်ဟိုင်းဂင်းနစ်ကုမ္ပဏီက ဒီလောက်မြန်မြန်ရောက်လာနိုင်သည့်အကြောင်းရင်းမှာ ဘဲဘုရင်ဝူကိုလက်မှတ်ပေးရန်အတွက် ကနဦးပြင်ဆင်ထားချက်များရှိခြင်းကြောင့်ဖြစ်သည်။ အခုတော့နာမည်ကို ချင်းလင်စံအိမ်ဟုပြောင်းလိုက်၏။
သူတို့ကလည်း ဒီဘဲနာမည်အကျော်ဆုံးအချိန်တွင်အသိအမှတ်ပြုပေးပြီး ဆင်ဖြူတော်မှီကာကြံစုပ်ရန်စီစဉ်နေကြသည်။ နောက်ပြီး အွန်လိုင်းပလက်ဖောင်းအတော်များများက ဒီကိစ္စအပေါ်အာရုံစိုက်နေကြသည်လေ။
သို့ရာတွင် ရှန်ဟိုင်းဂင်းနစ်ကုမ္ပဏီမှာ ထင်မှတ်မထားသောအရာဖြစ်လာတော့သည်။
ချင်းလင်စံအိမ်၏ဘဲများကိုအသိအမှတ်ပြုပေးရမည့်တာဝန်ခံပုဂ္ဂိုလ်က ယွီဟုန်ဖြစ်သည်။ သူကရှန်ဟိုင်းဂင်းနစ်ကုမ္ပဏီ၏လက်မှတ်ကြီးကြပ်သူဖြစ်၏။ သူတို့ကဒီတစ်ကြိမ်တွင်အလေးအနက်တန်ဖိုးထားကြောင်းသိနိုင်သည်။
တစ်ဖက်တွင် ချင်းလင်စံအိမ်နှင့်ဆက်သွယ်ရေးအတွက်တာဝန်ခံထားသူမှာ အချိန်လိုလိုအားနေသောလုံခြုံရေးမန်နေဂျာ ချန်တပေပင်။ ချင်လင်မပြောနှင့်၊ ကျောက်မိုချင်းတောင်ပေါ်မလာ။
ဘုရားစူးဂင်းနစ်စံချိန်မှတ်တမ်းဖြစ်သည်။ သူတို့ကလက်တောင်ခံရတော့မည်။ ရှန်ဟိုင်းက 'ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်အကောင်းဆုံး'ဆိုတာ မပြောနှင့်တော့။
တစ်ဖက်လူက နာမည်ရဖို့သက်သက်ရောက်လာခြင်းဖြစ်၏။ ချန်တပေကမျက်နှာပြထားသည်။
''ကြီးကြပ်ယွီ... ဒီထောက်ခံချက် ဘယ်အချိန်စဖို့စဉ်းစားထားလဲ? ကျွန်တော် ဘဲခြံကလူတွေကို ဘဲဖြူကြီးခေါ်လာခိုင်းလိုက်မယ်'' ချန်တပေက ယွီဟုန်ကိုတက်တက်ကြွကြွမေးလိုက်သည်။ သူက ဒါမျိုးတွေသိပ်လုပ်ချင်။ သူ့သူဌေးက သူ့အပေါ်ထားတဲ့ယုံကြည်မှုဟုလည်း ခံစားရသည်။
မဟုတ်ရင် မန်နေဂျာကောင်းယောင်ယောင်တို့ ယွီရွှေ့တို့ ရန်သုံ့တို့ကို ဘာလို့မလွှတ်တာလဲ?
''အင်း... အခုချက်ချင်းစလို့ရပါတယ်'' ယွီဟုန်က ပတ်ပတ်လည်ကိုကြည့်ရင်း အပြုံးနှင့်ပြောလိုက်သည်။
ပတ်ဝန်းကျင်မှာ ခရီးသည်တွေအများကြီးရှိနေပြီ။ ထောက်ခံချက်ပေးပြီးရင် ဒီခရီးသည်တွေက သေချာပေါက်ဓာတ်ပုံတွေရိုက်၊ ဗီဒီယိုတွေရိုက်ကြမည်။ ဒါသူတို့အတွက် တစ်နည်းတစ်ဖုံနှင့်ကြော်ငြာခြင်းဖြစ်နိုင်၏။
အခုကြည့်နေတဲ့ခရီးသည်အရေအတွက်က ထောက်ခံချက်ပေးဖို့လုံလောက်ပြီ။
သို့သော် ထိုအချိန်တွင် လှပသောခရီးသည်တစ်ဦးက သူမသူငယ်ချင်းအား_ ''ရှောင်ချီ... ဒီဗီဒီယိုကိုကြည့်... ချင်းလင်စံအိမ်ရဲ့အလှအပဥက တကယ်ချောမွေ့စေတဲ့အာနိသင်ရှိတယ်တဲ့... နောက်ပြီး အာနိသင်ကထိရောက်တယ်တဲ့''
သူမသူငယ်ချင်းကအနားကပ်ကြည့်ပြီး_ ''လူခုတ်ဓားရဲ့ ID ကို အရမ်းရင်းနှီးနေသလိုပဲ''
ဖွင့်ထားသောဗီဒီယိုထဲတွင်_ ''ခင်ဗျားတို့အားလုံးက ရေပေါ်တံတားရှုခင်းနဲ့ ဘဲတွေဘယ်လောက်ကြီးတယ်ဆိုတာကိုပဲ အာရုံစိုက်နေကြတာ... ဒါပေမဲ့ အရေးအကြီးဆုံးအရာကို နည်းနည်းမှသတိမထားမိကြဘူး... အဲဒါဘာလဲဆိုတော့ အဲဒီဘဲကြီးတွေရဲ့အလှအပဥပဲ''
''ဒီအလှအပဥတွေမှာ မျက်နှာကိုချောမွေ့စေတဲ့အာနိသင်တကယ်ရှိတယ်... နောက်ပြီး အာနိသင်ကအရမ်းထက်တယ်... အထူးသဖြင့် ဘဲကြီးသုံးကောင်ရဲ့ငှက်ကုလားအုပ်ဥအရွယ်အစားလောက်ရှိတဲ့ အလှအပဥတွေပေါ့... တစ်လုံးစားလိုက်တာနဲ့ အလှအပဆေးထိုးတာထက်ပိုပြီး အာနိသင်ကထိရောက်တယ်''
''ဒါ ကျွန်တော့်ဇနီးကိုယ်တိုင်ခံစားရတဲ့အာနိသင်ပဲ... ဖြစ်ချင်တော့ ဒီငှက်ကုလားအုပ်အရွယ်အစားအလှအပဥက တစ်နေ့မှတစ်လုံးပဲရတဲ့အပြင် ပစ္စည်းလည်းခဏခဏပြတ်တတ်ပါတယ်''
ဒါဝမ်ရန်တွေးမိသောနည်းလမ်း။ ဟိုကောင်မလေးတွေက အရမ်းဝီရိယကောင်းနေတာ။ သူတို့နှင့်ယှဉ်မလုနိုင်။ ပြီးရင် ဒီအကြောင်းကို လူတွေအများကြီးသိသွားလောက်ပြီ။


ဒီတော့ ဒီလိုလုပ်ရုံသာရှိတော့သည်ပေါ့။
ငှက်ကုလားအုပ်ဘဲဥတစ်လုံး ယွမ် ၁၀၀၀ ဆိုတာ ကြော်ငြာထားတဲ့တန်ဖိုး။ သူက ဒီဥတန်ဖိုးကို မြန်မြန်ဆန်ဆန်တက်သွားအောင်လုပ်မည်။ ယွမ် ၄၀၀၀၊ ၅၀၀၀ မှမတက်ရင်တော့ လွန်သွားပြီ။ ယွမ် ၁၀၀၀၀ ဆိုရင်တောင် ဝယ်ချင်တဲ့သူတွေရှိဦးမည်။ ဘာပဲဖြစ်ဖြစ် ယွမ် ၁၀၀၀၀ တန်အလှအပဆေးထိုးတာက ဒီလိုအာနိသင်မျိုးရှိချင်မှရှိမည်။
တန်ဖိုးက ပမဏတစ်ခုအထိတက်သွားပြီဆိုရင် သာမန်လူတွေကို ပထုတ်နိုင်ပြီ။
တန်ဖိုးက သူ့အတွက်ပြဿနာမရှိ။ တန်ဖိုးတက်လာခဲ့ရင် အာနိသင်အကြောင်းပြန့်သွားရင်တောင် သူရဖို့အခွင့်အရေးပိုများမည်။ အရင်အကြီးအကဲစားပွဲလိုပင်။ အနိုင်ရဖို့ ငွေကြေးကိုအားထားရမည်။
အားလုံးမှာ ရေပေါ်တံတားရှုခင်းနှင့်နာမည်ကျော်ဘဲကြီးကိုသာအာရုံစိုက်နေကြသဖြင့် ဘဲဥကိုစိတ်ဝင်စားသူနည်းနေ၏။ အခုဒီဗီဒီယိုကိုမြင်ပြီး လှပသောခရီးသည်နှစ်ဦးက နည်းနည်းစိတ်ဝင်စားသွားသည်။
အမျိုးသမီးများမှာ အမြဲတစေအလှအပအတွက်ဂရုစိုက်ကြသည်။ ဥတစ်လုံးက အလှအပဆေးထိုးတာထက် ပိုအာနိသင်ရှိတယ်ဆိုပါလား? မယုံချင်စရာမကောင်းဘူးလား?
''သွားကြည့်ရအောင်'' ခရီးသည်အလှလေးကပြောပြီး သူမသူငယ်ချင်းကိုဆွဲ၍ အရောင်းစင်တာဆီအပြေးသွားလိုက်၏။
အလှအပဆေးထိုးဖို့မတတ်နိုင်ပေမဲ့ ဥဖိုးတော့တတ်နိုင်တယ်မဟုတ်လား?
ခရီးသည်အလှလေးဘေးမှလူတွေလည်း ထိုသတင်းအကြောင်းသိပြီး ပွစိပွစိဖြစ်ကုန်ကြသည်။
''ယောက်ျား... အရောင်းစင်တာမှာ အလှအပဥရှိတယ်တဲ့... ကြည့်ရတာ အရမ်းအာနိသင်ရှိပုံပဲ''
''ကျားကျား... တို့လည်းသွားကြည့်မလား?''
''သွားတာပေါ့... ချင်းလင်စံအိမ်ရဲ့ပစ္စည်းတွေက အရမ်းကောင်းတယ်... ဒီဥကတကယ်ထိရောက်တာဖြစ်နိုင်တယ်''
“…”
တခဏချင်း ဘေးမှကြည့်နေသူတစ်ဝက်ကျော်လောက်ပါသွားသည်။
အမျိုးသမီးများက အလှအပဆွဲဆောင်ချက်ကိုမတွန်းလှန်နိုင်။ နောက်ပြီး ဟိုလူကပိုပိုသာသာပြောထားသေးသည်။
ဂင်းနစ်ကယွီဟုန်မှာ ခရီးသည်များထွက်သွားသည်ကိုမြင်လျှင် ကြောင်သွားသည်။
စီစဉ်ထားတဲ့အတိုင်းဖြစ်မလာ။
…
ခရီးသည်များမှာ အရောင်းစင်တာတွင်အုံနေကြသည်။ အများစုက အမျိုးသမီးများဖြစ်ပြီး သူတို့ရည်ရွယ်ချက်ကကြည့်ကောင်းဖို့ပင်။
သို့သော် သူတို့အရောင်းစင်တာရောက်ချိန်တွင် ဥကကုန်သွားလေပြီ။
ချန်ရွှယ်နှင့်တက္ကသိုလ်သူငယ်ချင်းများက ဝမ်ရန်၏ဗီဒီယိုကိုမြင်သွားသည်။ သူမသူငယ်ချင်းများက နည်းနည်းမခံမရပ်နိုင်ဖြစ်သွားကြ၏။
''ရှောင်ရွှယ်... ဒီ'လူခုတ်ဓား'ဆိုတဲ့ကောင်ကိုကြည့်စမ်း... ငါတို့ဥတွေကို လုချင်တဲ့တစ်ယောက်မလား?''
''ယုတ်မာလိုက်တာ... ဒါဆိုရင် အလှအပဥရဲ့အာနိသင်ကို လူတွေသိကုန်ပြီ... ငါတို့မှာ ပြိုင်ဘက်တွေများလာပြီပေါ့''
''ချင်းလင်စံအိမ်ကစျေးတက်လိုက်မှာစိုးတယ်... အဲဒီအချိန်ကျရင် စျေးကြီးတာတွေကို ငါတို့တတ်နိုင်မှာမဟုတ်တော့ဘူး''
''ဟုတ်ပါ့... ယွမ် ၁၀၀၀ က စျေးချထားတဲ့တန်ဖိုးပဲရှိသေးတာ... ဟိုလူသိတယ်... တန်ဖိုးက ၅ ဆ ၁၀ ဆလောက်တက်သွားရင် ငါတို့မနိုင်တော့ဘူး''
''ဟိုလူက ပိုက်ဆံတတ်နိုင်ပုံရတယ်ဟ''
သူတို့အားလုံးက တက္ကသိုလ်ကျောင်းသူတွေ။ ငတုံးတွေမဟုတ်။ ဝမ်ရန်ရဲ့လှုပ်ရှားမှုကို သူတို့အတပ်သိသည်။
''စားမရမှတော့ သဲနဲ့ပက်ကြတာပေါ့'' ချန်ရွှယ်က ရုတ်တရက်ချေလိုက်သည်_ ''ဒီအလှအပဥစားထားတဲ့အာနိသင်ကို ငါတို့မှတ်တမ်းတင်ထားတာပဲ... သူ့ထက်ပိုသိသာတယ်... ဒီတော့ ဗီဒီယိုတစ်ပုဒ်တင်ကြမယ်... ပိုက်ဆံရှိတာ သူတစ်ယောက်တည်းမှမဟုတ်တာ... အချိန်ကျရင် သူ့ထက်ပိုချမ်းသာတဲ့လူတွေရှိလာလိမ့်မယ်... ဒါဆိုရင် သူလည်းဝယ်နိုင်တော့မှာမဟုတ်ဘူး''
ဟုတ်ပြီနော်။ အမျိုးသမီးတွေက အငြိုးကြီးတတ်တယ်။
ဒါတစ်ယောက်ကိုတစ်ယောက် အဆုံးသတ်ပေးခြင်းပဲ။