အပြန်အလှန်ဖျက်ဆီးခြင်း! သူဌေးချင်ခေါင်းဘယ်လိုလုပ်ကြီးလာတာလဲ?
Vol. 21 Ch. 308
ချန်ရွှယ်တို့က ခဏတိုင်ပင်လိုက်ပြီး အရင်နှစ်ရက်ကအလှအပဥအကြောင်း မှတ်တမ်းတင်ထားသောဗီဒီယိုကိုတင်လိုက်သည်။
မကြာမီ ချင်းလင်စံအိမ်ကိုစိတ်ဝင်စားသူများ၊ စောင့်ကြည့်နေသူများ ပိုပိုများလာပြီး ချန်ရွှယ်တို့မှတ်တမ်းတင်ထားသောဗီဒီယိုကိုတွေ့သွားကြ၏။
''ချင်းလင်စံအိမ်ရဲ့ပစ္စည်းကောင်းလေးတစ်ခုကိုထပ်တွေ့ထားပါတယ်... အဲဒါကတော့ အရောင်းစင်တာက အလှအပဥပါ... ကျွန်မတို့ညီအစ်မတွေ မနေ့ကဥအသေးနဲ့စမ်းသပ်ခဲ့ပါတယ်... အားလုံးကိုပြောနိုင်တာက အရမ်းထိရောက်ပါတယ်... ဒီနေ့ကျွန်မတို့က ဥအကြီးနဲ့စမ်းသပ်ပါတော့မယ်...''
ဗီဒီယိုထဲတွင် ချန်ရွှယ်နှင့်သူငယ်ချင်းတချို့က ဖန်သားပြင်ပေါ်ပေါ်လာသည်။ နှိုင်းယှဉ်ပြနိုင်ရန်အတွက် အလှအပပြင်ဆင်ချက်များမသုံးထားပေ။
ထို့နောက် မိန်းကလေးများက ငှက်ကုလားအုပ်ဥအရွယ်အစားရှိသောဘဲဥကိုထုတ်ပြီး ဘဲဥဟင်းရည်ချက်စားကြသည်။
နောက်ဗီဒီယိုချိန်းသွား၏။ နောက်တစ်ရက်မှန်းသိသာသည်။
ချန်ရွှယ်နှင့်မိန်းကလေးများထပ်ပေါ်လာ၏။
ဗီဒီယိုကြည့်နေသောသူများက ချန်ရွှယ်တို့အဖွဲ့၏မျက်နှာအသားအရေမှာ မနေ့ကထက်အများကြီးပိုကောင်းကြောင်းသတိထားမိသည်။
''အားလုံးမြင်တဲ့အတိုင်းပါပဲ... အာနိသင်က ပထမဆုံးဥအကြီးစားပြီးတာနဲ့ အရမ်းသိသာလာပါတယ်... ဒီနေ့ ဒုတိယမြောက်ဥကြီးကိုရခဲ့ပါတယ်... မနက်ဖြန်ကြည့်လိုက်ရအောင်''

သည်လိုနှင့် မိန်းကလေးအုပ်စုက ဘဲဥဟင်းရည်ကိုပျော်ပျော်ရွှင်ရွှင်စားသောက်နေသောမြင်ကွင်းတွေ့ရသည်။
မြင်ကွင်းပြောင်းသွားပြန်သည်။ နောက်တစ်နေ့ရောက်သွား၏။
ချန်ရွှယ်နှင့်မိန်းကလေးများ ဖန်သားပြင်ပေါ်ထပ်ပေါ်လာသည်။
ဒီတစ်ကြိမ်တွင် မိန်းကလေးများ၏မျက်နှာအသားအရေမှာ ပထမနေ့ထက်ပိုချောမွေ့ပြီးပိုဝင်းလာသည်။ တချို့က ဗီဒီယိုကိုနောက်ပြန်ဆွဲပြီး အစပိုင်းမိန်းကလေးများ၏အသားအရေကိုပြန်ကြည့်ကြ၏။
နှိုင်းယှဉ်ကြည့်ပြီးမှ မယုံနိုင်စရာကောင်းမှန်းတွေ့သွားကြသည်။
ဥကြီးနှစ်လုံးက ဒီလောက်တောင်ထိရောက်လား?
အလှအပဆေးထိုးသောအမျိုးသမီးအတော်များများက စျေးကြီးသည့်ဆေးများမှာ ဒီလိုအာနိသင်မျိုးမရှိကြောင်းအာမခံနိုင်ကြသည်။
တခဏအတွင်း ဗီဒီယိုကြည့်ပြီးသောအမျိုးသမီးများက ဥအကြောင်းစတင်စုံစမ်းတော့၏။
ဒီဆွဲဆောင်ချက်ကို ဘယ်အမျိုးသမီးမှတောင့်မခံနိုင်။
ဂင်းနစ်လက်မှတ်ရဘဲ၏နာမည်ကျော်ကြားမှုမှာ ချက်ချင်း အလှအပဘဲဥ၏လောင်းရိပ်မိသွားသည်။ တခဏအတွင်း ထိုကိစ္စကိုအာရုံစိုက်သူမရှိတော့ချေ။
ဤသည်က တရုတ်ဂင်းနစ်ကုမ္ပဏီဆိုသည်မှာ ဘာမှမဟုတ်ကြောင်းပြလိုက်သလိုပင်။
ချင်လင်လည်း ကျောက်မိုချင်းရုံးခန်းထဲတွင် ကောင်းယောင်ယောင်၏ချက်ချင်းအစီရင်ခံချက်ကိုရသဖြင့် 'ကျွန်မနာမည်ရှောင်ရွှယ်' နှင့် 'လူခုတ်ဓား' ID အကောင့်နှစ်ခုမှတင်သောဗီဒီယိုအကြောင်းသိသွားသည်။
သူတို့က ID နှစ်ခုလုံးကိုမှတ်မိသည်။ ဘာပဲဖြစ်ဖြစ် သူတို့တရားဝင်အကောင့်တွင် 'ကျွန်မနာမည်ရှောင်ရွှယ်' ဆိုသောခရီးသည်၏ဗီဒီယိုကိုအသုံးပြုထားသည်လေ။
'လူခုတ်ဓား' မှာမူ ပြောစရာမလိုတော့။ အရင်ဘဲဘုရင်ဝူက 'လူခုတ်ဓား'တင်သောဗီဒီယိုကြောင့် စံအိမ်ကိုတွဲတင်ခဲ့သည်။
ဘဲတွေဒီလောက်မြန်မြန်ဆန်ဆန်နာမည်ကြီးလာတာ သူ့ကြောင့်ပင်။
''ဒီ'လူခုတ်ဓား'က သွေးပူလွန်းတယ်မလား?'' ချင်လင်ခေါင်းခါလိုက်သည်။ ဒီလူက သူ့အလှအပဥကိုနာမည်ကျော်အောင်လုပ်လိုက်ပြန်ပြီ။
ပွင့်ပွင့်လင်းလင်းပြောရရင် အလှအပဥကိုနာမည်ကျော်အောင်လုပ်ဖို့က သူ့အတွက်အရမ်းလွယ်သည်။


သူဗီဒီယိုတင်ပြီး မကြော်ငြာရတဲ့အကြောင်းရင်း၊ ဥတွေကအကန့်အသတ်နှင့်ဖြစ်ကြောင်းမပြောပြသောအကြောင်းရင်းမှာ တပြိုင်တည်းနာမည်မကြီးစေချင်သောကြောင့်ပင်။
အချိန်တစ်ခုအကြာတွင် ရေပေါ်တံတားနှင့်ဘဲများ၏နာမည်ကျော်ကြားမှုက သေချာပေါက်ကျဆင်းလာမည်။ အချိန်ကျရင် နောက်ထပ်နာမည်ကျော်မှု၊ လူသိများမှုတဖန်ပြန်တက်လာမည်။
ထို့ကြောင့် အလှအပဘဲဥကိုကြော်ငြာဖို့ အလျင်မလိုသေး။ အရင်ဆုံးခရီးသည်များအကြားပြန့်အောင်လုပ်ပြီး ချင်းလင်စံအိမ်တွင်ပစ္စည်းရှိကြောင်းအသိပေးထားခြင်းဖြစ်သည်။
ကောင်းယောင်ယောင်က_ ''သူဌေး... ဒီ'လူခုတ်ဓား'က ကျွန်မတို့စံအိမ်လာတာ ပထမဆုံးအကြိမ်မဟုတ်ဘူး... နောက်ပြီးသူက VIP အဖြစ်ရွေးချယ်ခံထားရတဲ့ဧည့်သည်ပါ... သူကအကြီးအကဲစားပွဲပေါက်ခဲ့တဲ့ လူကြီးမင်းဝမ်ရန်ပဲ''
''သူကိုး'' ချင်လင်က ဒီလူအပေါ်အမြင်ရှိထားသည်။
သူက အကြီးအကဲစားပွဲအစီအစဉ်တွင် ပေါက်မဲကိုမရောင်းသော ပထမဆုံးခရီးသည်ထင်သည်။ သူကချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းဗီဒီယိုတင်ခဲ့ပြီး ဝိုင်တစ်ပုလင်းတန်ဖိုးကို ယွမ် ၆၀၀၀၀ အထိတက်စေခဲ့သူဖြစ်၏။
ကျောက်မိုချင်းက ချင်လင်ကိုမေးလိုက်သည်_ ''အခု အလှအပဥအကြောင်း လုံးဝပေါ်သွားပြီ... ကျွန်မတို့စျေးကို ကြိုမြှင့်ထားရမယ်''
ချင်လင်ကခေါင်းညိမ့်လိုက်ပြီး_ ''သာမန်ဥကို ယွမ် ၃၀၀ အထိတက်မယ်... လောင်ပိုင် အာ့ပိုင်နဲ့ ဆန်းပိုင်ကဥတဲ့ဥကို ယွမ် ၅၀၀၀ ထိတိုးမယ်''
ကျောက်မိုချင်းလည်း ကောင်းယောင်ယောင်ကိုညွှန်ကြားလိုက်သည်_ ''ယောင်ယောင်... ပြီးရင်သူတို့ကိုစျေးနှုန်းအသိပေးလိုက်ပါ''
ဒီစျေးနှုန်းက သာမန်လူတွေအတွက်နည်းနည်းအလှမ်းဝေးသည်ဆိုသော်လည်း အလှအပဥက အထက်တန်းကျသွားမည်။
အလှအပဥရဲ့အာနိသင်အကြောင်းကို သူမအသိဆုံး။
လက်ရှိ အလှအပပြင်ဆင်စရိတ်မှာ ယွမ် ၃၀၀ မှ ၄၀၀ ကျသည်။ အာနိသင်ပိုကောင်းလျှင် ယွမ် ၅၀၀ မှ ၁၀၀၀ အထိရှိနိုင်၏။
ဒီဥလေးရဲ့အာနိသင်က အလှပြင်ပစ္စည်းကောင်းထက်မညံ့။
အလှအပဥကြီးမှာမူ သူမကအလှအပဆေးမထိုးဖူးသော်လည်း အွန်လိုင်းပေါ်မှလူတွေပြောကြသည်မှာ အလှအပဆေးထိုးတာထက်မညံ့တဲ့။ ပိုကောင်းတဲ့အာနိသင်ရှိမှတော့ ယွမ် ၅၀၀၀ ကျော်တန်သင့်သည်။
အဓိကအချက်မှာ အလှအပဥကအစာကြေပြီးသည်နှင့် ခန္ဓာကိုယ်မှချက်ချင်းစုပ်ယူလိုက်သည်။ အလှအပဆေးထိုးတာလို ပြင်ပအားတွေကိုမှီခိုစရာမလိုပေ။ အလှအပဆေးထိုးတာများသွားရင် အသက်အရွယ်ရတဲ့အခါ ဘေးထွက်ဆိုးကျိုးများရှိနိုင်သည်။ အလှအပဆေးထိုးခြင်းမှတဆင့်ကူးစက်ရောဂါများရခဲ့ရင် ပိုတောင်ဒုက္ခများဦးမည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့ခေတ်လူ့အဖွဲ့အစည်းထဲမှာ စိတ်ရင်းမကောင်းတဲ့သူတွေမှအများကြီး။ အလှအပဆေးမပြောနှင့်။ ကင်ဆာအတွက်ဆေးအတုတောင်ထွက်သည်။ ဘဲဥပေါင်းစားတာက ပိုစိတ်ချရ၏။
''ကောင်းပါပြီ အစ်မမိုချင်း'' ကောင်းယောင်ယောင်ကပြန်ဖြေလိုက်သည်_ ''ပြီးရင် ကျွန်မစီစဉ်လိုက်ပါမယ်''
ချင်လင်ကခဏတွေးလိုက်ပြီး_ ''ဥတွေကို အရောင်းစင်တာမှာဆက်ရောင်းမယ်... လူတိုင်းတစ်ယောက်ကိုတစ်လုံးပဲဝယ်ဖို့ ကန့်သတ်ထားမယ်... လောင်ပိုင် အာ့ပိုင်နဲ့ စန်းပိုင်ကဥတဲ့ဥကြီးတွေကို တစ်နေ့တစ်လုံးပဲဝယ်လို့ရမယ်... ပြီးတော့ကံစမ်းမဲနှိုက်ရမယ်''
''စံအိမ်ကိုလာတဲ့ခရီးသည်တိုင်း အခမဲ့မဲနှိုက်ခွင့်ရှိမယ်... မဲပေါက်တဲ့သူမှ ဥကြီးကိုဝယ်နိုင်မယ်... ဒါကိုအတော်အသင့်ပွဲအစီအစဉ်တစ်ခုလို့လည်း ယူဆနိုင်တယ်... ခရီးသည်အားလုံးကို အံ့ဩအောင်လုပ်ပြီး မျှော်လင့်ချက်ပေးရတာပေါ့''