← Chapters

အပြန်အလှန်ဖျက်ဆီးခြင်း! သူဌေးချင်ခေါင်းဘယ်လိုလုပ်ကြီးလာတာလဲ? ၃

Vol. 21 Ch. 310

အပြန်အလှန်ဖျက်ဆီးခြင်း! သူဌေးချင်ခေါင်းဘယ်လိုလုပ်ကြီးလာတာလဲ? ၃

Vol. 21 Ch. 310

မနာလိုဖြစ်နေသူများ ချက်ချင်းအသံတိတ်သွားသည်။ သူတို့က ပါမောက္ခရန်လိုလူနှင့်ပြိုင်မငြင်းရဲသဖြင့် ဗီဒီယိုကိုဖျက်လိုက်ကြ၏။ မဟုတ်ရင် မရေမတွက်နိုင်သောပြည်သူများက သင်ခန်းစာပေးကြတော့မည်။

လွန်ခဲ့သောရက်ပိုင်းခန့်က အသိဉာဏ်မရှိသောအမျိုးသမီးတစ်ဦးသည် လူကြီးမင်းကျုံးအကြောင်း မသင့်တော်သောမှတ်ချက်များပေးခဲ့၏။ သူမမှာ အင်တာနက်ပေါ်ရှိပြည်သူများ၏ တံတွေးခွက်တွင်ပက်လက်မျောခဲ့ရလေသည်။ အကျိုးဆက်က သင်ခန်းစာရသွားခြင်းပင်။

ချင်လင်လည်း ပါမောက္ခရန်၏ဗီဒီယိုကိုမြင်သွားသည်။

ဒါပါမောက္ခရန်လိုလူမျိုးနှင့် အသိမိတ်ဆွေဖြစ်ရခြင်းအတွက် အကျိုးရလဒ်ဖြစ်ပေသည်။



ပါမောက္ခရန်၏ထောက်ခံချက်နှင့် အလှအပဥကျော်ကြားမှုကပိုတက်လာသည်။ အဆင့်အတန်းရှိသောအမျိုးသမီးများလည်း မနေနိုင်ဘဲစိတ်ဝင်စားလာ၏။

ထို့ကြောင့် နောက်တစ်နေ့တွင် စံအိမ်ကားပါကင်လုံခြုံရေးအစောင့်များက ကားအကောင်းစားနှင့်အမျိုးသမီးကားမောင်းသူများပိုများလာကြောင်းသတိထားမိသည်။ သူတို့က သူတို့အလှအပအတွက်လာမှန်းသိသာ၏။

ဒီလိုကျော်ကြားမှုအခြေအနေနှင့် စိတ်ဝင်စားသောခရီးသည်အရေအတွက်လည်း မြင့်တက်လာသည်။

…

ရေပေါ်တံတားရှုခင်းနေရာ၌_

ချန်လီက ကျုံးလဲ့ကို မနက်စောစောစီးစီး စံအိမ်တစ်နေရာဆီခေါ်လာသည်။ ထိုနေရာတွင် ရေပေါ်တံတားရှုခင်းကိုအကောင်းဆုံးမြင်နိုင်၏။

ရေပေါ်တံတားပေါ်တွင်ကြပ်သိပ်နေသောခရီးသည်များကိုကြည့်ရင်း ချန်လီကသက်ပြင်းချလိုက်ပြန်သည်။

နှစ်သစ်ရောက်ပြီး စွန်းရှန်နှင့်သူက ချင်းလင်စံအိမ်ကို မနှစ်ကအရှိန်အဟုန်အတိုင်း ခရီးသည်အရေအတွက်ဆက်ထိန်းထားနိုင်ပါ့မလား စိုးရိမ်နေဆဲပင်။

ဘာပဲဖြစ်ဖြစ် နှစ်သစ်ရောက်ပြီး ခရီးသည်အရေအတွက်ကကျဆင်းသွားသည်လေ။ အင်တာနက်ပေါ်တွင်နာမည်ကြီးသည်က နွေဦးပွဲတော်နှင့်ဆက်စပ်သောသတင်းများဖြစ်ကုန်၏။

စွန်းရှန်နဲ့သူစိတ်ပူနေတုန်း ချင်းလင်စံအိမ်က ဒီလိုအုတ်အော်သောင်းတင်းဖြစ်အောင်လုပ်လိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ?

သူက ရေပေါ်တံတားတွင်စည်ကားနေသောခရီးသည်များကိုကြည့်လိုက်သည်။ လူဝင်လူထွက်နှုန်းကိုကန့်သတ်ထားရ၏။ သူတို့အလကားစိုးရိမ်နေမိတာပင်။

ချန်လီက ကျုံးလဲ့ကိုမနေနိုင်ဘဲမေးလိုက်သည်_ ''မင်းပြောကြည့် ဒီရေလှောင်တမံဒီမှာရှိတာ ဆယ်စုနှစ်ချီပြီ... ငါတို့ရဲ့ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်း+ အစီအစဉ်အကောင်အထည်ဖော်တာ လေးငါးနှစ်ရှိပြီ... ဒီနေရာကို ဒီလိုဆောက်လို့ရတယ်ဆိုတာ ဘာလို့ဘယ်သူမှမတွေးမိတာလဲ?''

ကျုံးလဲ့လည်း အပြည့်အဝလေးစားပုံနှင့်_ ''လက်ထောက်ချန်... သူဌေးချင်ရဲ့ဦးနှောက်အလုပ်လုပ်ပုံကိုဘယ်လိုထင်လဲ?''





သူကလက်ထောက်ချန်နှင့်ပတ်သွားထားသောကြောင့် ရေလှောင်တမံအခြေအနေကိုသိသည်။ အရင်က ဘယ်သူမှကြည့်တောင်မကြည့်ချေ။

အခုတော့ရေလှောင်တမံက သူဌေးချင်ရဲ့လက်ထဲမှာ နာမည်ကျော်ရှုခင်းကြည့်နေရာဖြစ်လာပြီ။ သူဌေးချင်က ရှုမျှော်ခင်းဖန်တီးတဲ့နေရာမှာ တကယ့်ပညာရှင်တစ်ဦးပင်။ ဘယ်နေရာမဆို ရတနာလိုပြောင်းလဲပစ်နိုင်သည်။ နိုင်ငံထဲမှာ ဘယ်ဒီဇိုင်းပညာရှင်မှ သူ့ကိုမယှဉ်နိုင်ဟုခံစားရ၏။

''နိုင်ငံထဲကရှုမျှော်ခင်းနေရာတာဝန်ခံပုဂ္ဂိုလ်တွေသာ သူဌေးချင်လိုအသိအမြင်ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ?'' ချန်လီကသက်ပြင်းချပြီး ဆက်ပြောလိုက်သည်_ ''သူဌေးချင်ကိုသွားရှာရအောင်... ငါတို့မှာ အရေးတကြီးဆွေးနွေးစရာရှိသေးတယ်''

သူတို့နှစ်ဦးက ချင်လင်၏ရုံးခန်းထဲမြန်မြန်ဆန်ဆန်ရောက်သွားကြသည်။ သူတို့ဝင်သွားသောအခါ ချင်လင်မှာလူငယ်တစ်ဦးနှင့်အတူ လက်ဖက်ရည်ဖျော်နေ၏။

ထိုလူငယ်က ချင်လုံပင်။

နှစ်သစ်မတိုင်ခင်က ခရမ်းချဉ်သီးစိုက်ခင်းတရားဝင်စဖွင့်လျှင် ဖွင့်ပွဲအခမ်းအနားကိုချင်လင်အားဖိတ်မည်ဟု ရွာထဲတွင်သူပြောခဲ့သည်။

သူ့ခရမ်းချဉ်သီးစိုက်ခင်းကို နှစ်ရက်အတွင်းဖွင့်တော့မည်။ ဒီမနက် ချင်လင်ကိုဖိတ်ရန်အတွက် အစောကြီးလာခဲ့ခြင်းဖြစ်၏။

ဒါက ရိုသေလေးစားမှုနှင့်ကျေးဇူးတရားကိုဖော်ပြသည့်အပြုအမူပင်။

ချင်လင်က ချင်လုံအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးသည်။ ချန်လီဝင်လာသည်ကိုမြင်လျှင် သူကချက်ချင်းမတ်တပ်ရပ်ပြီး ကြိုဆိုလိုက်၏_ ''လက်ထောက်ချန်... ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ? ထိုင်ပါဦး... ကျွန်တော်အခုပဲလက်ဖက်ရည်ဖျော်နေတာ''

''သူဌေးချင်... မင်းနဲ့ဆွေးနွေးစရာရှိလို့'' ချန်လီကပြုံးပြုံးနှင့် ချင်လင်နှင့်အတူထိုင်လိုက်သည်။

ချင်လင်ကမိတ်ဆက်ပေးဖို့မမေ့_ ''လက်ထောက်ချန်... ဒါကျွန်တော့်ရွာကအစ်ကိုကြီးချင်လုံပါ... အစ်ကိုလုံ ဒါကလက်ထောက်ချန်''

''မင်္ဂလာပါ'' ချန်လီက ချင်လုံကို သူ့ပုံစံအတိုင်းနှုတ်ဆက်လိုက်သည်။

''လက်ထောက်ချန် မင်္ဂလာပါ'' ချင်လုံက တုန်တုန်ရီရီနှင့်ပြန်နှုတ်ဆက်၏။

ဒီလိုအဆင့်ရှိတဲ့လူတစ်ယောက်နဲ့မျက်နှာချင်းဆုံရတာ နည်းနည်းစိတ်လှုပ်ရှားစရာပင်။

ချင်လင်နှင့်လက်ထောက်ချန်၏စကားဝိုင်းကိုမြင်ရတာ တကယ်လေးစားဖို့ကောင်းသည်။

ဤသည်က ရုံချန်းစီရင်စုတွင် ချင်လင်၏အနေအထားအရမ်းမြင့်ကြောင်းပြသရာလည်းရောက်လေသည်။





All Chapters