အခန်း (၄၁၈)
Vol. 28 Ch. 418
စခန်းချနေရာတစ်၀ိုက်တွင် နက်ရှိုင်းကျယ်လောင်သည့် ခရာသံကြီးမှာ ထက်မံ၍ ထွက်ပေါ်လာ၏။
လူခြောက်သောင်းခန့်၏ အကြည့်များအောက်တွင် ထိပ်တန်းသိုင်းဆရာ၇ယောက်မှာ စင်မြင့်ပေါ်သို့တက်လာပြီး ရင်ဆိုင်ရမည့် ပြိုင်ဘက်အသီးသီးကို မဲနှိုက်ကာ ရွေးချယ်လိုက်ကြသည်။ ထိပ်တန်းသိုင်းဆရာ ၇ယောက်မှာ ကောင်းကင်လက်သီးချမ်းဘော့ဒ်ဘုရင်၊ လေးနတ်သမီး အယ်လီနာ၊ ဓားတစ်လက်သူရဲကောင်း၊ လေမိုးကြိုး ခါနော့တ်၊ ငွေရောင်ချပ်၀တ်ဓားသွား၊ နံပါတ်၁မှော်မင်းသမီး စင်ဒီနှင့် ထူးခြားစွာပင်ကံကောင်းနေသည့် မိုးကျရွှေကိုယ်မင်းသား ရှီဗ်ချန်ကိုတို့ပင်ဖြစ်ကြသည်။
ဤအခိုက်တန့်တွင် လူတိုင်းတိတ်ဆိတ်နေ၏။
အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ စင်မြင့်၏ညာဘက်တွင်ရှိသည့် မှော်ဖန်သားပြင်ပေါ်တွင် နာမည်များပေါ်လာ၏။
ယှဥ်ပြိုင်ရမည့် ပြိုင်ဘက်အသီးသီးမှာ ချမ်းဘော့ဒ်ဘုရင် ကောင်းကင်လက်သီးနှင့် မှော်မင်းသမီး စင်ဒီ။
လေးနတ်သမီး အယ်လီနာနှင့် လေမိုးကြိုးတောင်၀ှေး ခါနော့တ်။
ဓားတစ်လက်သူရဲကောင်းနှင့် မာနထောင်လွှားဆုံးဖြစ်သည့် ငွေရောင်ချပ်၀တ်ဓားသွား။
ကံကောင်းသည့် မင်းသား ရှီဗ်ချန်ကိုသာ နောက်တစ်ကြိမ်ပင် ယှဥ်ပြိုင်စရာပြိုင်ဘက်မရှိသောကြောင့် တိုက်ခိုက်စရာမလိုပဲ နောက်တစ်ဆင့်သို့ရောက်ရှိသွားပြန်သည်။
......
ပရိသတ်ထဲတွင် ရေရွတ်သံများဖြင့် ပြည့်နှက်သွားသည်။ သူတို့၏မျက်နှာပေါ်တွင် ယနေ့တွင်မြင်တွေ့ရမည့်တိုက်ပွဲများအပေါ်တွင် စိတ်လှုပ်ရှားနေကြခြင်းအပြင် မင်းသားရှီဗ်ချန်ကို၏ ကံကောင်းနေမှုကိုလည်း မေးခွန်းထုတ်နေကြ၏။ ကံကောင်းခြင်းမှာ တည်ရှိသော်လည်း ဤကဲ့သို့ကံကောင်းမှုမျိုးမှာမူ အလွန်ရှားပါးလှသည်။ ဒီမင်းသားက ကံကြမ္မာနတ်သမီးရဲ့သားလား စစ်ပွဲနတ်ဘုရားရဲ့သားလား။ သူသည် လွန်ခဲ့သည့်ပြိုင်ပွဲသုံးခုလုံးတွင် ယှဥ်ပြိုင်တိုက်ခိုက်စရာမလိုပဲ တစ်ဆင့်ပြီးတစ်ဆင့်ကျော်ဖြတ်လာနိုင်ခဲ့သောကြောင့်ပင်။
ဖှေးကိုယ်တိုင်ပင် ဤမင်းသားကို စိတ်၀င်စားမိနေသည်။
ဇီးနစ်အင်ပါယာ၏နံပါတ်၁ခရီးသွားကဗျာဆရာ မတ်-ရာဇီရေးသည့် စာအုပ်ထဲတွင် ဤမင်းသားအကြောင်းကို ဖော်ပြထားသည်မှာ သာမန်သာဖြစ်သည်။ မတ်-ရာဇီရေးသည့် မှတ်ချက်များအရ ဤမင်းသားနှင့် ပတ်သက်သည့် ထူးခြားချက်ဟူ၍မရှိပေ။ သူသည် ထိပ်တန်းစစ်သည်၅၀ထဲတွင် မတ်-ရာဇီမှ ၃၇ဖြစ်နိုင်သည်ဟုသာဖော်ပြထားသည့် သိုင်းဆရာတစ်ယောက်ဖြစ်၏။
ပုံမှန်အားဖြင့်ဆိုပါက သူ၏အစွမ်းအရ ထိပ်တန်းစစ်သည်၄ယောက်အဆင့်သို့ရောက်ရှိရန်မှာဖြစ်နိုင်မည်မဟုတ်ပေ။
တကယ်တန်းတွင် သူ့အတွက် ထိပ်တန်းစစ်သည်၁၃ယောက်နေရာသို့ပင် ၀င်နိုင်ရန်ခဲယဥ်းမည်ဖြစ်သည်။ သို့သော် ရှီဗ်ချန်ကိုကဲ့သို့မထင်မရှားလူတစ်ယောက်သည် ပထမတစ်ပွဲကိုသာ အနိုင်တိုက်ခိုက်လိုက်ပြီး ကျန်ပွဲများအားလုံးတွင် မဲရွေးချယ်မှုအရတိုက်ခိုက်စရာမလိုပဲ ထိပ်တန်းစစ်သည်၄ယောက်ထဲသို့ပင်ရောက်ရှိလာလိမ့်မည်ဟု မည်သူမှထင်မထားခဲ့ပေ။
“ပွဲစင်ပြုလုပ်မှုတွေကို တစ်ယောက်ယောက်ကမျှ ချုပ်ကိုင်ထားလို့လား...”
လူတိုင်း၏စိတ်ထဲတွင် ဤကဲ့သို့ တွေးနေမိကြ၏။ ပထမတစ်ကြိမ်အံ့သြပြီးနောက်တွင် ပရိသတ်ထဲတွင်ရှိသည့် လူတိုင်းလိုလိုပင် ရှီဗ်ချန်ကို မည်သည့်အတွက်ကြောင့် ဤကဲ့သို့ကံကောင်းနေရသည်ကို သိချင်နေကြ၏။ စင်မြင့်ပေါ်တွင်ရှိနေသည့် စစ်သည်၇ယောက်မှလွဲ၍ လူတိုင်းတီတိုးရေရွတ်နေကြ၏။
ဤကိစ္စနှင့် ပတ်သက်၍လူပေါင်းများစွာမှ ၀ေဖန်နေကြသောကြောင့် ပြိုင်ပွဲ၏ ဒိုင်လူကြီးချုပ်သည် ပြိုင်ပွဲစင်ကို ခေတ္တရပ်နားကာ ဒုတိယမင်းသားဒိုမင်ဂူကို ပြိုင်ပွဲ၏တရားမျှတမှုအား ထက်မံ၍ စစ်ဆေးပေးရန်တောင်းဆိုလိုက်သည်။
ပရိသတ်အတွင်းမှ လူများစွာသည် ဇီးနစ်အင်ပါယာစစ်ဘက်ဆိုင်ရာပြိုင်ပွဲကြီး၏ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသောလိမ်လည်မှုကို မြင်တွေ့ရတော့မည်ဟု ယူဆကာ စိတ်လှုပ်ရှားနေကြ၏။ သို့သော တရား၀င်စုံစမ်းမှု၏ ရလဒ်မှာ အံ့သြဖွယ်ပင်။
ပြိုင်ပွဲပြုလုပ်မှုပုံစံတွင် ယိုယွင်းမှုတစ်စုံတစ်ရာမရှိပေ။ ရှီဗ်ချန်ကိုနောက်တစ်ကြိမ်တိုက်ခိုက်စရာမလိုပဲ နောက်တစ်ဆင့်သို့ရောက်ရှိသွားရခြင်းမမှာ ကံကောင်း၍သာဖြစ်၏။
တရား၀င်စုံစမ်းစစ်ဆေးမှုပြီးဆုံးသွားသည့်အချိန်တွင် ၀ေဖန်မှုများမှာ များစွာငြိမ်သက်သွား၏။
လူများသည် ရှီဗ်ချန်ကိုအား စိတ်၀င်စားလာကြတော့သည်။
ထိုလူငယ်၏ ကံတရားမှာ ကောင်းသည်ဟုပင်ဆိုနိုင်မည်မဟုတ်ပေ။ ရူးသွပ်ချင်စရာပင်။ သူသည် အသစ်ဖွဲ့စည်းတော့မည့် ပင်မတပ်ဖွဲ့ကြီးတွင် နေရာကောင်းတစ်ခုရရန်အခွင့်ရေးများစွာရှိနေ၏။
ပရိသတ်အတွင်းမှ စစ်သည်များစွာသည် ရှီဗ်ချန်ကိုအား မနာလိုအားကျသည့်အကြည့်များဖြင့် ကြသည့်နေကြ၏။ ဤပွဲစဥ်အပြီးတွင် ယှဥ်ပြိုင်သူဦးရေမှာ စုံဂဏန်းဖြစ်သွားသည့်အတွက် တိုက်ခိုက်စရာမလိုပဲ နောက်တစ်ဆင့်သို့တက်ရောက်နိုင်တော့မည်မဟုတ်ကြောင်းကို တွေးလိုက်သည့်အချိန်တွင် မနာလိုဖြစ်နေကြသည့် စစ်သည်များသည် ရှီဗ်ချန်ကို ရှုံးနိမ့်တော့မည်ကို မြင်တွေ့ရန်မစောင့်နိုင်ကြတော့ပေ။
......
ယနေ့အတွက် ပြိုင်ပွဲသုံးပွဲသာရှိပြီး ယှဥ်ပြိုင်သည့်လူများမှာလည်း နာမည်ကျော်များဖြစ်သောကြောင့် တစ်ချိန်တည်းမှာပင် ကျင်းပမည်မဟုတ်ပေ။ တစ်ပွဲပြီးတစ်ပွဲ နံပါတ်၁ဓားကွင်းမှာပင် အစဥ်လိုက်ကျင်းပသွားမည်ဖြစ်သည်။
ပထမဆုံးပွဲစဥ်မှာ ယောက်ျားလေးပရိသတ်များကြားထဲတွင် အလွန်ပေါ်ပျူလာဖြစ်သည့် လေးနတ်သမီး အယ်လီနာနှင့် ဂူဒေါင်တိုင်းပြည်မှ လေမိုးကြိးတောင်၀ှေး ခါနော့တ်တို့ယှဥ်ပြိုင်တိုက်ခိုက်ရမည့်ပြိုင်ပွဲဖြစ်သည်။
အလွန်ကံကောင်းနေသည့် မင်းသားရှီဗ်ချန်ကိုမှ လွဲ၍ ထိပ်တန်းစစ်သည်၇ယောက်ထဲတွင် ခါနော့်တ်သည် အားအနည်းဆုံးဖြစ်သည်ဟု လူတိုင်းသဘောတူထားကြသည်။ ကြိုတင်မှန်းဆကြည့်မည်ဆိုပါက သူသည် အယ်လီနာအားယှဥ်ပြိုင်နိုင်မည်မဟုတ်ပေ။
လက်တွေ့တွင်လည်း ဤကဲ့သိ့ပင်။
အယ်လီနာမှာ ကြယ်၇လုံးစတင်သူအဆင့်ရှိသူဖြစ်ပြီး ခါနော့တ်သည် ကြယ်ခြောက်လုံးအဆင့် စစ်သည်တစ်ဦးသာဖြစ်သောကြောင့် သူမကို ယှဥ်နိုင်ခြင်းမရှိပေ။
ခါနော့တ်သည် ပထဆုံးလက်ဦးမှုရယူကာ အစွမ်းကုန်တိုက်ခိုက်ခဲ့သော်လည်း အသာစီးမရနိုင်ခဲ့ပေ။ သူသည် လေးသည်တော်များ၏အားနည်းချက်ကို အသုံးချရန်အတွက် အနီးသို့ကပ်နိုင်အောင်ကြိုးစားလျှက်ရှိသည်။ သို့သော် ဒိုင်ယာဘလိုကမ္ဘာမှ အတွေ့ကြုံမြင့်လေးသည်တော်တစ်ယောက်ဖြစ်သည့် အယ်လီနာသည် သူ့အား အနီးသို့လုံး၀အကပ်မခံပေ။ အယ်လီနာသည် ဒိုင်ယာဘလိုကမ္ဘာတွင် မကောင်းဆိုး၀ါးများ၊ နတ်ဆိုးများနှင့် ကခုန်နေကြဖြစ်သဖြင့် လျှင်မြန်သည့်ခြေထောက်ရှိသည်ဟု ဆိုနိုင်၏။
ပျံသန်းမှုတစ်ချို့ပြုလုပ်ရုံဖြင့်ပင် သူမသည် ပြိုင်ဘက်၏တိုက်ခိုက်နိုင်သောစက်ကွင်း၏အပြင်ဘက်သို့ရောက်ရှိနေပြီဖြစ်သည်။
သူမရွေ့လျားနေသည့်အချိန်တွင်မူ မြှားများ၏စွမ်းအားသည် လျှော့ကျသွားခြင်းမရှိပေ။ ရေခဲမြှားအနည်းငယ်ခန့်ပစ်လွှတ်လိုက်သည့်အချိန်တွင် နံပါတ်၁ဓားကွင်း၏အပူချိန်မှာ သိသာစွာပင် ကျဆင်းသွားသည်။ ခါနော့တ်သည် အတတ်နိုင်ဆုံးကြိုးစားကြာမြှားများကို ရိုက်ထုတ်နေသော်လည်း ရေခဲစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ မသိမသာဖြင့် စိမ့်၀င်နေဆဲပင်။ ရေခဲစွမ်းအင်များသည် ရုတ်တရက် ပေါက်ကွဲကာ သူ၏တုန်ပြန်နိုင်စွမ်းနှင့် လှုပ်ရှားမှုနုုန်းတို့ကို နှေးကွေးသွားစေသည်။
“ဖုန်း...”
စက္ကန့်သုံးဆယ်ခန့်တိုက်ပွဲ၀င်ပြီးသည့်အချိန်တွင် အယ်လီနာသည် မြှားတစ်ချောင်းပစ်လွှတ်လိုက်ပြီး ခါနော့တ်သုံးနေသည့် တောင်၀ှေးတုတ်တံကို ဖျက်ဆီးပစ်လိုက်သည်။
အယ်လီနာ လေးကြိုးကိုနောက်တစ်ကြိမ်ဆွဲတင်လိုက်သည့်အချိန်တွင် ချွန်ထက်ကာအေးစက်သည့် ရေခဲမြှားသုံးချောင်းသည် သူမ၏လေးပေါ်သို့ ရောက်ရှိလာ၏။ ဤမြှားသုံးချောင်းလုံးသည် လက်နက်ပျောက်ဆုံးသွားသည့် ခါနော့တ်ကို ချိန်ရွယ်ထားသည်။ ဂူဒေါင်တိုင်းပြည်၏သိုင်းဆရာမှာ ရက်စက်ကြမ်းကြုတ်သောသားရဲကြီးတစ်ကောင်၏ ပစ်မှတ်ထားခြင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
“ငါအရှုံးပေးတယ်...” သူအယ်လီနာအား မယှဥ်နိုင်ကြောင်းကို သိလိုက်ရပြီးနောက်တွင် ခါနော့တ်သည် အရှုံးပေးကာ စင်အောက်သို့ ခုန်ဆင်းသွား၏။
ဤသည်မှာ ချက်ချင်းလိုလိုပင် အနိုင်ရရှိလိုက်ခြင်းသည်။
ဤပြိုင်ပွဲမှာ အလွန်ပင်တစ်ဖက်သက်ဆန်လှသည်။
ခနတာရပ်တန့်သွားပြီးချိန်တွင် ပရိသတ်များထံမှ ကျယ်လောင်သည့် အားပေးသံများထွက်ပေါ်လာ၏။
ပို၍စွမ်းအားမြင့်ကာ လှပသည့် အယ်လီနာသည် ခါနော့တ်ထက်ပို၍ ပရိသတ်များစွာရှိသောကြောင့်ပင်။ ပရိသတ်များထဲတွင်ရှိသည့် ယောက်ျားများသည် အယ်လီနာ စိုးမိုးစွာဖြင့် အနိုင်ရရှိသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားနေကြသည်။ သူတို့အားလုံး အယ်လီနာ၏ နာမည်ကို အော်ဟစ်ကာ အားပေးနေကြ၏။
သို့သော် အယ်လီနာသည် အနိုင်ရရှိသွားသည့်တိုင်အောင် စိတ်လှုပ်ရှားမှုတစ်စုံတစ်ရာကို ပြသခြင်းမရှိပေ။
သူမ၏လေးကို ပြန်သိမ်းလိုက်ပြီး စင်ပေါ်မှခုန်ဆင်းကာ နားနေရာနေရာသို့ ထွက်သွား၏။ သူမအတွက် ဒိုင်ယာဘလိုကမ္ဘာမှ မကောင်းဆိုး၀ါးများနတ်ဆိုးများနှင့် တိုက်ခိုက်နေရသည်ထက် ကွာခြားလှခြင်းမရှိပေ။
သို့သော် သူမ၏ပရိသတ်များမှာမူ သူမ၏တုန့်ပြန်မှုကို မြင်ရပြီးချိန်တွင် ပို၍ကျယ်လောင်စွာပင် အားပေးနေကြ၏။
ဤတိုက်ပွဲအပြီးတွင် ချမ်းဘော့ဒ်တိုင်းပြည်သည် ထိပ်တန်းစစ်သည်လေးယောက်နေရာတွင် တစ်နေရာအားရရှိသွားပြီဖြစ်သည်။