အခန်း (၄၂၄)
Vol. 28 Ch. 424
“သုံးချက်ပဲ တိုက်ခိုက်မှာလား ကောင်းပြီလေ...”
ဖှေးရှေ့သို့ခြေတစ်လှမ်းတက်လိုက်ပြီး လူရိုင်းဇာတ်ကောင်၏စွမ်းအားများကို ထုတ်လွှတ်လိုက်၏။
ဤခွန်အားများသည် စင်မြင့်ပေါ်တွင်ရှိနေသည့် လေထုကို သိပ်သည်းသွားစေသည်။ မြင်နိုင်ခြင်းမရှိသော နွံအိုင်တစ်ခုကဲ့သို့ပင် ရွေ့လျားရန်ပင် ခက်ခဲသွား၏။ စင်မြင့်ပေါ်တွင်ရှိနေသည့် လေထုသည်သိပ်သည်းသွားပြီး အလင်းတန်းများကွေးကောက်သွားသောကြောင့် ပရိသတ်များမြင်နိုင်ရန်ပင် ခဲယဥ်းလှ၏။
“ဟာ ကြယ်၇လုံးအဆင့်လား သူက လယ်ဗယ်မြင့်တက်သွားပြီ...”
မှော်ဦးထုပ်တစ်ခုကို ၀တ်ဆင်ထားသည့် တော်၀င်မှော်ဆရာတစ်ယောက်သည် ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူသည် စင်၏အစွန်းတွင်ရပ်နေသောကြောင့် မှော်အစီရင်ထဲတွင်ဖြစ်ပျက်နေသည့်အရာများကို ကောင်းမွန်စွာဖြင့်အာရုံခံနိုင်စွမ်းရှိသောကြောင့်ပင်။
သူ၏အာမေဍိတ်သံသည် ကျယ်လောင်ခြင်းမရှိသော်လည်း သူ၏ဘေးတွင်ရှိနေသည့် လူများအားလုံးထိပ်လန့်အံ့သြသွားကြ၏။ ဤအဖြူရောင်ဆံပင်များနှင့် မှော်ဆရာသည် သက်ကြီးပိုင်းအရွယ်လူတစ်ယောက်ဖြစ်သဖြင့် သူ၏စကားကို လူပေါင်းများစွာမှ ယုံကြည်ကြသည့်အတွက်ပင်။
“ဒါဆိုချမ်းဘော့ဒ်ဘုရင်က ကြယ်၇လုံးအဆင့်စစ်သည်တစ်ယောက်တောင်ဖြစ်သွားပြီပေါ့။” ပရိသတ်ထဲတွင်ရှိနေသည့် တစ်ခြားစစ်သည်များအားလုံးသည် ထုံထိုင်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ ကြယ်ခြောက်လုံးနှင့် ကြယ်၇လုံးတို့ကြားထဲတွင်ရှိသည့် စွမ်းအားကွာခြားချက်မှာ ကြီးမားသည့်အတွက်ပင်။ တစ်ချို့စစ်သည်များဆိုလျှင် ကြယ်၆လုံးအဆင့်မှ တစ်သက်လုံးပင် တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။ သို့သော် ချမ်းဘော့ဒ်ဘုရင်သည် လ၀က်အတွင်းမှာပင် ကြယ်၆လုံးအဆင့်ကို ကျော်လွန်ကာ ကြယ်၇လုံးအဆင့်သို့ရောက်ရှိသွားခဲ့၏။
VIPပွဲကြည့်စဥ်တွင်ရှိနေသည့် လူများစွာစိတ်ပျက်လက်ပျက်ဖြစ်သွားကြ၏။ စစ်သည်များစွာသည် ယခင်က ချမ်းဘော့ဒ်ဘုရင်အစွမ်းနှင့် သိပ်မကွာသဖြင့် ချမ်းဘော့ဒ်ဘုရင်အား စိန်ခေါ်လိုခဲ့ကြသည်။ သို့သော် ယခုအချိန်တွင်မူ သူတို့ ယှဥ်နိုင်မည်မဟုတ်တော့သောကြောင့်ပင်။
......
အယ်လီနာနှင့် ဓားတစ်လက်သူရဲကောင်းတို့နှစ်ယောက်လုံးသည် ဓားကွင်းမှထွက်ခွာပြီး သူတို့၏သက်ဆိုင်ရာစခန်းများသို့ ပြန်သွားကြပြီဖြစ်သည်။ ဤသည်မှာ သူတို့၏အကျင့်အတိုင်းပင်။
ထိပ်တန်းစစ်သည်၄ယောက်ထဲတွင် မပြန်သေးသည့် တစ်ဦးတည်းသောလူမှာ ကံကောင်းသည့် မင်းသားရှီဗ်ချန်ကိုပင်ဖြစ်သည်။ လူများသူ့အားကြည့်သည့်အချိန်တွင် ဤမင်းသားသည်စိတ်လှုပ်ရှားမှုမရှိသည်ကို တွေ့နေရ၏။ သူ၏မျက်နှာသည် ခံစားချက်ကင်းမဲ့လျှက်ပင်ရှိနေပြီး နှုတ်ခမ်းများကို တင်းကျပ်စွာစေ့ထား၏။ ဤမင်းသားဘာတွေးနေသည်ကို မည်သူမှပြောနိုင်မည်မဟုတ်ပေ။
ဖှေး သူ၏စွမ်းအားအနည်းငယ်ကို ထုတ်ပြလိုက်ရုံဖြင့်ပင် ပရိသတ်များလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။
ပရိသတ်များမသိသည်မှာ ဖှေး၏လူရိုင်းဇာတ်ကောင်သည် ကြယ်၉လုံးအဆင့်နီးနီးပင်ရောက်ရှိနေပြီး လအဆင့်စစ်သည်တစ်ယောက်အဖြစ်သို့ရောက်ရှိရန်ခြေတစ်လှမ်းခန့်သာ လိုတော့သည်ဆိုသည်ကိုပင်။
ဖှေးသည် ကြယ်၇လုံးခန့်အစွမ်းများကိုသာ ထုတ်ပြလိုက်သည့်အကြောင်းရင်းမှာ သူ၏အရှေ့တွင်ရှိနေသည့်ကောင်မလေးကို ဆိုးဆိုး၀ါး၀ါးမရှုံးနိမ့်စေလိုသောကြောင့်ပင်ဖြစ်သည်။
ညင်သာစွာ ကြုံး၀ါးပြီးသည့်နောက်တွင် ဖှေးလက်သီးဆုပ်လိုက်သည်။ ဤသည်မှာ လက်သီးထိုးကာတိုက်ခိုက်တော့မည့်လူတိုင်းပြုလုပ်လေ့ရှိသည့် ရိုးရှင်းသောလှုပ်ရှားမှုတစ်ရပ်ပင်။ သို့သော် ဖှေးပြုမူလိုက်သည့်အချိန်တွင်မူ နေရာတစ်၀ိုက်တွင်ရှိနေသည့် စွမ်းအင်များအားလုံးသည် သူ၏လက်သီးအတွင်းသို့ စီး၀င်သွားသကဲ့သို့ပင်။
ဖှေးနှင့် စင်ဒီတို့သဘောတူညီထားသည့် သုံးချက်တိုက်ခိုက်မှုသည် ဖှေးအား လျို၀ှက်ထူးဆန်းသည့်သိုင်းဆရာအားသတိရစေသည်။ ထိုအဖေကဲ့သို့သော၊ ဆရာကဲ့သို့သော လျို့၀ှက်ထူးဆန်းသည့် သိုင်းဆရာကြီးသည် ဖှေးနှင့် ဆယ်ချက်တိုက်ခိုက်ခြင်းသဘောတူညီချက်ဖြင့် လေ့ကျင့်ပေးခဲ့ပြီး သူနှင့် လေ့ကျင့်ပြီးနောက်တွင် ဖှေး၏စွမ်းအားများသည် အဆမတန်ခုန်တက်သွားခဲ့၏။ ယခုအချိန်တွင် ဖှေးသည် သူ၏စွမ်းအားများကို ကောင်းမွန်စွာပင်ထိန်းချုပ်နိုင်နေပြီဖြစ်သည်။ သူလက်သီးဆုပ်လိုက်သည့်အချိန်တွင် စွမ်းအားကို အလေအလွှင့်မရှိပဲ ထိထိရောက်ရောက်အသုံးချလိုက်ခြင်းပင်။
ဖောက်ထွင်းမြင်နိုင်သည့်စွမ်းအင်မီးတောက်တစ်ခုသည် ဖှေး၏ညာလက်ကို ဖုံးလွှမ်းသွား၏။
သူ၏ရှေ့တွင်ရှိနေသည့်မင်းသမီးစင်ဒီသည်လည်း စွမ်းအားအမြင့်ဆုံးတိုက်ခိုက်မှုများကို အသုံးပြုရန်အတွက်ပြင်ဆင်လျှက်ရှိသည်။ ပျံသန်းခြင်းမှော်အစွမ်းဖြင့် သူမသည် လေပေါ်သို့ နှစ်မီတာခန့်မြောက်တက်နေ၏။ လေညှင်းများတိုက်ခိုက်နေခြင်းမရှိသော်လည်း သူမ၏ဆံနွယ်များသည် တဖျက်ဖျက်ခါရမ်းလျှက်ရှိသည်။ သူမ၏လက်များသည်လည်း တစ်စုံတစ်ခုကို ပွေ့ဖက်ရန်ကြိုးစားနေသကဲ့သို့ဆန့်တန်းထားလျှက်ရှိသည်။ အေးစက်ပြီး အန္တရာယ်ရှိသည့်အရှိန်၀ါတစ်ခုသည် သူမအား လွှမ်းခြုံသွား၏။ သူမ၏မျက်လုံးများသည် တဖြည်းဖြည်းခြင်းဖြင့် ငွေရောင်သို့ပြောင်းလဲလာပြီး သူမ၏ဆံပင်များသည်လည်း ငွေရောင်ဘက်သို့ ကူးပြောင်းလာ၏။
“ချွတ် ချွတ် ချွတ်...”
လေထဲတွင် ရေခဲသည့်အသံများထွက်ပေါ်လာပြီး စင်ပတ်လည်တွင်ရှိသည့်အပူရှိန်သည်ကျဆင်းသွားတော့၏။ ရေခဲမှုန်များသည် မြေပြင်ပေါ်တွင်ပေါ်ထွက်လာပြီး ရေခဲများသည် တစ်ခုအပေါ်တစ်ခုတွင် ဆင့်ပွားကာ ထူထပ်လာတော့သည်။ မင်းသမီးစင်ဒီသည် အလည်တွင်ရှိနေပြီး ရေခဲမှုန်များသည် အရပ်မျက်နှာပေါင်းစုံသို့ ပြန့်နှံ့လာနေလျှက်ရှိသည်။
ရေခဲများဖြစ်တည်လာပြီးမကြာမှီတွင် ဖှေး၏ခြေထောက်ရင်းသို့ပင်ရောက်ရှိသွား၏။ ထို့နောက်တွင် အပေါ်သို့ တက်လာပြီး ဖှေး၏ခြေထောက်များ၊ ခါးနှင့်ရင်ဘက်တို့ကို အေးခဲလိုက်သည်။ နောက်ဆုံးတွင် ရေခဲမှုန်များသည် ဖှေး၏မျက်ခုံးနှင့် ဆံပင်များပေါ်တွင်ပင် ရောက်ရှိလာတော့၏။
“သေစမ်း ငါက ယုံကြည်ချက်လွန်ကဲလွန်းနေခဲ့တာပဲ...” ဖှေးပြန်တွေးလိုက်မိ၏။
ခနတာပြင်ဆင်ပြီးသည့်အချိန်တွင် စင်ဒီအသုံးပြုတော့မည့်မှော်အစွမ်းသည် သူမ၏လယ်ဗယ်ကိုပင် ကျော်လွန်သွားပြီး ကြယ်၇လုံးနောက်ဆုံးအဆင့်သို့ပင်ရောက်ရှိသွားတော့မည့်ပုံပင်။ ဤသည်မှာ မှော်ဆရာများ၏ကြောက်မက်ဖွယ်အချက်ပင်။ အချိန်နှင့် မှော်စွမ်းအင်လုံလုံလောက်လောက်ရှိပါက သူတို့သည် ကိုယ်ပိုင်အစွမ်းထက်များစွာကျော်လွန်သည့်တိုက်ခိုက်မှုများကိုပင် ပြုလုပ်နိုင်စွမ်းရှိကြ၏။
အမှန်ပင် ဤကဲ့သို့ တားမြစ်ထားသည့်မှော်အစွမ်းများကိုအသုံးပြုခြင်းကြောင့် အသုံးပြုသူ၏ခန္ဓာကိုယ်ကိုလည်း ပြန်လည်ကာ ထိခိုက်စေမည်ဖြစ်သည်။
“ချမ်းဘော့ဒ်ဘုရင် ဒီပထမအကြိမ်တိုက်ခိုက်မှုကို ယူလိုက်...” မှော်မင်းသမီးစင်ဒီသည် သူမ၏ ချိုသာသည့်အသံဖြင့် အော်ပြောလိုက်သည်။ “[နှင်းနတ်သမီး၏ ပွေ့ဖက်ခြင်း]”
သူမစကားပြောပြီးသည့်အချိန်တွင် နှင်းမုန်တိုင်းအသံနှင့် လေပြင်းတိုက်ခတ်သံများသည် စင်မြင့်ပေါ်တွင်ထွက်ပေါ်လာ၏။ ချိုးချိုးချွတ်ချွတ်အသံများနှင့် အတူရေခဲတုံးများသည်လည်း စတင်၍ကျဆင်းလာတော့သည်။ စင်မြင့်ပေါ်တွင်ရှိသည့်အပူရှိန်မှာ သိသိသာသာပင် ကျဆင်းသွားပြီး ကြမ်းပြင်ပေါ်တွင်ရှိနေသည့်ကျောက်ပြားများပင် စတင်၍ကွဲအက်လာတော့သည်။
ဤအခိုက်တန့်တွင် နှင်းများစတင်၍ ကျဆင်းလာသည်။
မင်းသမီးစင်ဒီသည် တစ်စုံတစ်ယောက်အား ပွေ့ဖက်တော့မည့်ဟန်ဖြင့် လက်များကို ဆန့်တန်းလိုက်သည့်အချိန်တွင်လေထဲတွင် နှင်းများအားလုံးသည် စုပေါင်းသွားပြီး ကြီးမားသည့်နတ်သမီးရုပ်ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွား၏။ ထိုနတ်သမီးပုံနှင်းရုပ်တုကြီးသည် လက်များကို ဆန့်တန်းလိုက်ပြီး ဖှေးအားပွေ့ဖက်လိုက်သည်။
ရုပ်တုသည် ဖှေးနှင့်ထိလိုက်သည်နှင့် တပြိုင်နက်နှင်းများအားလုံးသည် ငွေရောင်ရေခဲများအဖြစ်သို့ပြောင်းလဲသွားပြီး ဖှေးသည် ဤရေခဲများထဲတွင် အေးခဲသွားတော့၏။
ဤကဲ့သို့အအေးဓာတ်များအောက်တွင် စင်ပတ်လည်တွင်ရှိနေသည့် ရေဂုဏ်သတ္တိမှော်စွမ်းအင်အကာရံပင် အေးခဲသွား၏။
ပရိသတ်ထဲတွင်ရှိနေသည့်လူများ အံ့သြသွား၏။ အပြာရောင်မှော်စွမ်းအင်အကာရံ၏ အလင်းရောင်များအောက်တွင် ချမ်းဘော့ဒ်ဘုရင်သည် ရေခဲအတွင်းတွင်ရှိနေသည်ကို သူတို့အားလုံးမြင်နိုင်လိုက်ကြသည်။ သူသည် လက်သီးဆုပ်လျှက်အနေထားတွင်ရှိနေခြင်းပင်ဖြစ်ပြီး လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။
“ချမ်းဘော့ဒ်ဘုရင် ရှုံးသွားပြီလား...”
စင်မြင့်ပတ်လည်တွင်ရှိနေသည့် တော်၀င်မှော်ဆရာများပင် အံ့သြသွားကြ၏။
မှော်ပညာရှင်များဖြစ်သည့်အတွက် သူတို့သည် မင်းသမီးစင်ဒီ၏ ရေခဲနတ်သမီး ပွေ့ဖက်မှုမှော်အစွမ်းမည်မျှကြောက်စရာကောင်းသည်ကို အာရုံခံမိကြသည်။ ထိုမှော်အစွမ်းသည် ကြယ်၇လုံးနောက်ဆုံးအဆင့်တွင်ပင်ရှိနေပြီး စင်ဒီသည် သူမ၏မှော်တောင်၀ှေးနှင့် တစ်ခြားမှော်ပစ္စည်းများ၏အကူညီဖြင့် ဖန်တီးခဲ့ခြင်းပင်။
ဤစွမ်းအားမြင့်သော မှော်အစွမ်းကြောင့် လူများသည် ချမ်းဘော့ဒ်ဘုရင်အား စတင်၍ သံသယ၀င်လာကြတော့သည်။ ကောင်းကင်လက်သီးဟူသည့် နာမည်ကို အင်ပါယာတခွင်တွင်ကြားဖူးနေသော်လည်း သူသည် အခွင့်ကောင်းကို ဖမ်းဆုပ်ခြင်းမရှိပဲ မင်းသမီးစင်ဒီအား သူမ၏မှော်အစွမ်းကိုပြီးမြောက်အောင်အသုံးပြုခွင့်ပေးလိုက်သည်ကို မြင်လိုက်ရ၏။ “ဒါက ချမ်းဘော့ဒ်ဘုရင်ရဲ့အဆုံးသတ်များလား...”