← Chapters

“စာနှစ်စောင်”

Vol. 28 Ch. 426

“စာနှစ်စောင်”

Vol. 28 Ch. 426

မန္တန်ရွတ်ဖတ်သံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်စင်မြင့်ပေါ်တွင် မှော်စွမ်းအင်များစတင်၍ နိုးထလာတော့သည်။ ကြောက်မက်ဖွယ်ခံစားချက်တစ်ခု စတင်ထွက်ပေါ်လာပြီး မင်းသမီးစင်ဒီသည် ယခင်အစွမ်းနှစ်ခုထက်ပင် ပို၍အစွမ်းထက်သည့် မှော်အစွမ်းတစ်ခုကို ထုတ်သုံးရန်ပြင်ဆင်နေကြောင်းကို လူတိုင်းသိလိုက်ကြ၏။

ဖှေးသူ၏ဦးခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။ “ရပ်လိုက်တော့ နင်ဒဏ်ရာရနေပြီ...”

ဖှေး၏ အကြံပြုချက်ကို ပြန်လည်တုန့်ပြန်သည့်တစ်ခုတည်းသောအရာမှာ မန္တန်များကို ပိုမို၍ဆက်လက်ရွတ်ဖတ်နေခြင်းပင်။ ဓားကွင်းအပြင်ဘက်တွင်ရှိနေသည့် မှော်စွမ်းအင်များကိုပင် စုပ်ယူလေလျှက်ရှိ၏။ မှော်စွမ်းအင်များသည် သူတို့အား ရေကဲ့သို့ဖြတ်သန်းစီးဆင်းလျှက်ရှိနေသည်ဟုပင် ပရိသတ်များခံစားနေရ၏။ ဤခံစားချက်သည် ထင်ယောင်ထင်မှားတစ်ခုကဲ့သို့သာ ဖြစ်သော်လည်း အလွန်စစ်မှန်နေသလိုခံစားရ၏။

“နင်တားမြစ်ထားတဲ့ မှော်အစွမ်းတွေကို ဆက်ပြီးအသုံးပြုနေမယ်ဆိုရင် သေသွားလိမ့်မယ်...” သူ၏ပြိုင်ဘက်ခေါင်းမာနေသည်ကို တွေ့ရသည့်အချိန်တွင် ဖှေးမျက်မှောင်ကြုံ့ကာပြောလိုက်၏။

မန္တန်ရွတ်ဖတ်ခြင်းသည် ရပ်တန့်သွားခြင်းမရှိပဲ မင်းသမီးစင်ဒီသည်ဆက်လက်၍ခေါင်းမာနေဆဲပင်။

ကြောက်မက်ဖွယ်မှော်စွမ်းအင်များသည် သူမ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် ထွက်ပေါ်လာပြီး ဤစွမ်းအင်များမှာ အလွန်သိပ်သည်းလှသဖြင့် သူမနှင့်ပတ်လည်၁၀မီတာခန့်တွင် လေမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်၏။ လေများအရပ်မျက်နှာအနှံ့သို့ ဖြတ်သန်းတိုက်ခတ်နေသည့်အတွက် ပရိတ်သတ်များပင် အနောက်သို့ လွှင့်မသွားစေရန်အတွက် မနည်းထိန်းထားကြရ၏။ အခိုက်တန့်တစ်ခုကြာခန့် အရပ်မျက်နှာအနှံ့မှ အာမေဍိတ်သံများထွက်ပေါ်လာ၏။

“ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့...”

ဖှေး သူ၏ဦးခေါင်းကို ညင်သာစွာခါရမ်းလိုက်ပြီးချက်ချင်းပင် မင်းသမီးစင်ဒီ၏အရှေ့သို့ရောက်ရှိသွား၏။ စွမ်းအားမြင့် မှော်စွမ်းအင်များသည် ဖှေးအား လုံး၀ပင်ရပ်တန့်နိုင်ခြင်းမရှိပဲ ဖှေး၏လက်ဖ၀ါးသည် စင်ဒီ၏နဖူးပေါ်သို့ရောက်ရှိသွား၏။

သိုင်းဆရာတစ်ယောက်သည် မှော်ဆရာတစ်ယောက်၏အနီးသို့ရောက်ရှိသွားနိုင်ခြင်း၏အဓိပ္ပါယ်ကို ကလေးတစ်ယောက်ပင်သိရှိ၏။

အကယ်၍ ဖှေးသာ သူ၏လက်ကို လှုပ်ရှားလိုက်ပါက လှပသော်လည်း ခေါင်းမာသည့် ကောင်မလေးကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဖြစ်သည်။

စင်မြင့်ပတ်လည်တွင်ရှိသည့် လူများစတင်၍ အော်ဟစ်ကုန်ကြတော့သည်။ အထူးသဖြင့် ဘူလန်တိုင်းပြည်၏ ဘုရင်နှင့် မင်းသားငယ်များပင်။ သူတို့သည် အထိတ်တလန့်ဖြင့် အော်ဟစ်နေကြ၏။

သို့သော် မှော်မင်းသမီးမှာမူ မန္တန်ရွတ်ဖတ်နေခြင်းကို ရပ်တန့်ခြင်းမပြုပေ။

သူမ၏မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ခိုင်မာခြင်းများကို မြင်တွေ့နေရဆဲဖြစ်သော်လည်း သူမ၏ခေါင်းမာသည့်မျက်နှာပေါ်တွင် အနည်းငယ်စိတ်သက်သာရရသွားသည့် အသွင်ပြင်တစ်ခုကိုလည်း ဖှေးသတိထားလိုက်မိ၏။ ဖှေးသူမအားသတ်ဖြတ်လိုက်ပါက သူမစိတ်သက်သာရာရသွားတော့မည့်အတိုင်းပင်။ ဤကဲ့သို့ဖြစ်သော်လည်း သူမသည် တားမြစ်ထားသည့် မှော်မန္တန်များကို ဆက်လက်ရွတ်ဆိုလျှက်ရှိပြီး သူမ၏အခြေအနေမှာ ပို၍ပို၍ပင် ဆိုး၀ါးလာတော့သည်။

“နင်မနိုင်နိုင်ဘူး ပြန်ပြီးနားတော့...”

ဖှေး စင်ဒီ၏ဦးခေါင်းကို ညင်သာစွာပုတ်လိုက်ပြီး ထိုအပြုမူတစ်ခုတည်းကပင် မင်းသမီးစင်ဒီကို အိပ်မောကျသွားစေ၏။ မှော်စွမ်းအင်များမရှိတော့သဖြင့် သူမ၏ခန္ဓာကိုယ်သည် လေပေါ်မှ ပြုတ်ကျလာတော့သည်။ မလိုလားသည့် ထိခိုက်ဒဏ်ရာရရှိမှုများကို ရှောင်ရှားရန်အတွက် ဖှေး သူ၏လက်မောင်းများထဲတွင် စင်ဒီအား ဖမ်းယူလိုက်သည်။

“ချမ်းဘော့ဒ်ဘုရင် နိုင်ပါတယ်...”

ဒိုင်လူကြီးမှ ရလဒ်ကိုကြေငြာပြီးသည့်အချိန်တွင် မှော်စွမ်းအင်အကာရံအတွင်းသို့ စွမ်းအားများဖြည့်လျှက်ရှိနေသည့် တော်၀င်မှော်ဆရာကြီးများလည်း ရပ်လိုက်ကြသည်။

ရေစီးသံများရပ်တန့်သွားပြီးသည့်နောက်တွင် ရေစွမ်းအင်အကာရံကြီးသည် ပျောက်ကွယ်သွား၏။

လူတစ်ချို့သည် စင်မြင့်ပေါ်သို့ ပြေးတက်လာကြသည်။

ဘူလန်တိုင်းပြည်၏ဘုရင်နှင့် မင်းသားသုံးပါးပင်။

“ကျေးဇူးပါ အရှင်မင်းကြီး...” ဘူလန်ဘုရင်မှာ မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူများနှင့် ပိန်ပိန်ပါးပါး တက်တက်ကြွကြွအဖိုးကြီးတစ်ဦးပင်။ သူဖှေးအားကြည့်လိုက်အပြီးတွင် သူ့သမီးအပေါ်တွင် အလျှော့ပေးတိုက်ခိုက်ခဲ့သည့်အတွက် အရိုသေပေးကာ ကျေးဇူးတင်စကားပြောလိုက်သည်။

ကောက်ကွေးနေသည့်ဆံပင်များနှင့် ခန့်ညားသောလူငယ်တစ်ယောက်သည် ဖှေးလက်ထဲမှ စင်ဒီကို ယူဆောင်လိုက်သည်။ သူသည် ရဲစွမ်းသတ္တပုံရှိပြီး မင်းသမီးစင်ဒီ၏မောင်တစ်ယောက်ဖြစ်ပုံရ၏။

မင်းသမီးစင်ဒီသည် ဖှေးအားရှုံးနိမ့်ခဲ့သော်လည်း ဘူလန်တိုင်းပြည်မှလူများသည် ဖှေးအပေါ်တွင် ယဥ်ယဥ်ကျေးကျေးနှင့် လေးလေးစားစားဆက်ဆံနေကြ၏။

မင်းသမီးစင်ဒီသည် သူမ၏ခန္ဓာကိုယ်ကို ဂရုမစိုက်ပဲ ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့် တားမြစ်ထားသောမှော်အစွမ်းများကို ထုတ်သုံးခဲ့ကြောင်းကို သူတို့အားလုံးသိရှိကြသည်။ အကယ်၍ ချမ်းဘော့ဒ်ဘုရင်သာ ခွန်အားသုံးပြီးမင်းသမီးအာားမရပ်တန့်ခဲ့ပါက သူမ၏အစွမ်းများကြောင့် သူမကိုယ်သူမသတ်သေသလိုဖြစ်ကာ အသက်ဆုံးရှုံးနိုင်သောကြောင့်ပင်။

ဘူလန်တိုင်းပြည်မှလူများသည် မင်းသမီးစင်ဒီကို ခေါ်ဆောင်ကာ လျှင်မြန်စွာပင်ထွက်သွားကြသည်။ ပရိသတ်များလည်း အခြင်းခြင်းတီတိုးပြောကြားကုန်ကြ၏။

“ချမ်းဘော့ဒ်ဘုရင် ချမ်းဘော့ဒ်ဘုရင် ချမ်းဘော့ဒ်ဘုရင်...”

တစ်စုံတစ်ယောက်သည် ဖှေးအားစတင်အော်ဟစ်ကာ အားပေးတော့သည်။ တဖြည်းဖြည်းဖြင့် စင်မြင့်ပတ်လည်တွင်ရှိသည့်လူတိုင်းလည်း လိုက်လံအော်ဟစ်ကာ အားပေးကြတော့၏။ ဤကဲ့သို့အဆင့်မြင့်တိုက်ပွဲမှာ လူတိုင်းမြင်တွေ့လိုသည့် တိုက်ပွဲတစ်ခုပင်။ လူပေါင်များစွာ၏ အိမ်မက်မှာ ဤတိုက်ပွဲကို ကြည့်ရှုရင်းဖြင့် ပြည့်စုံသွားကြပြီဖြစ်သည်။ စွမ်းအားမရှိကြသည့် သာမန်မြို့သူမြို့သားများသည် ဤကဲ့သို့အဆင့်မြင့်သိုင်းဆရာများယှဥ်ပြိုင်တိုက်ခိုက်ကြသည်ကို ပုံမှန်အားဖြင့် မြင်တွေ့ဖူးခြင်းမရှိသည့်အတွက်ပင်။

ချမ်းဘော့ဒ်ဘုရင်သည် ဘုရင်တစ်ပါး၏ ရက်ရောမှုတို့ကိုလည်း ပြသခဲ့သည်။

အသာစီးရနေသည့်အချိန်မှာပင် ငွေရောင်ချပ်၀တ်ဓားသွားကို သတ်ဖြတ်ရန်ကြိုးစားခဲ့သည့် ဓားတစ်လက်သူရဲကောင်းနှင့် နှိုင်းယှဥ်ကြည့်ပါက မင်းသမီးစင်ဒီကိုကယ်တင်ခဲ့သည့် ဖှေး၏အပြုမူမှာ လူအများ၏စိတ်ထဲတွင် သူရဲကောင်းဆန်နေသောကြောင့်ပင်။

ဤအချိန်တွင် မင်းသမီးစင်ဒီ၏ ပရိသတ်များသည် ချမ်းဘော့ဒ်ဘုရင်၏နာမည်ကို အော်ဟစ်အားပေးနေကြ၏။ တစ်ချို့လူများဆိုလျှင် “ဒီလို စွမ်းအားမြင့်မားပြီး သဘောထားကြီးတဲ့ ချမ်းဘော့ဒ်ဘုရင်လိုလူမျိုးကလဲ အရည်ခြင်းရှိ မှော်ပညာရှင်ဖြစ်တဲ့ မင်းသမီးစင်ဒီနဲ့ လိုက်ဖက်တယ်” ဟုတွေးမိနေကြ၏။

ဤပြိုင်ပွဲအပြီးတွင် ထိပ်တန်းစစ်သည်လေးယောက်စာရင်းမှာ အတည်တကျဖြစ်သွား၏။ “ချမ်းဘော့ဒ်ဘုရင်နှင့် လေးနတ်သမီးအယ်လီနာတို့သည် ချမ်းဘော့ဒ်တိုင်းပြည်အတွက် ထိပ်တန်းနေရာနှစ်ခုကို ဆွတ်ခူးထားပေး၏။ ဓားတစ်လက်သူရဲကောင်းနောက်တစ်ဆင့်သို့ရောက်ရှိသွားခြင်းမှာလည်း လူတိုင်းထင်ထားသည့်အတိုင်းပင်။ နှိုင်းယှဥ်ကြည့်ပါက ဖိုးကံကောင်းမင်းသား ရှီဗ်ချန်ကိုသည် ဤလေးယောက်ထဲတွင် အားအနည်းဆုံးလူဟု ယူဆရ၏။ သူသည် နောက်ဆုံးပွဲစင်သို့ရောက်ရှိသွားနိုင်မည်မဟုတ်ဟု လူတိုင်းကပင် ယုံကြည်ထားကြ၏။

သူမည်မျှပင်ကံကောင်းစေကာမူ နောက်နေ့တွင် မတိုက်ခိုက်ရပဲ နောက်တစ်ဆင့်သို့ရောက်နိုင်မည့်လူမရှိတော့သည့်အတွက်ပင်။

ကံကောင်းခြင်းဆိုသည်မှာ စစ်မှန်သောခွန်အား၏အရှေ့တွင် အသုံးမ၀င်တော့ပေ။

......

ပြိုင်ပွဲများပြီးဆုံးသွားသည့်အချိန်တွင် နေ့လည်ခင်းသို့ပင်ရောက်ရှိနေပြီဖြစ်သည်။

ဖှေးချမ်းဘော့ဒ်စခန်းသို့ပြန်ရောက်သည့်အချိန်တွင် ဆောင်းဦးဟုအမည်ရသည့် အစေခံမလေးတစ်ယောက်ရောက်လာပြီး အန်ဂျယ်လာအား မင်းသမီးတာနာရှာမှ သူမ၏နန်းတော်သို့ ဖိတ်ခေါ်သွားကြောင်းနှင့် တစ်ခြားအစေခံသုံးယောက်ဖြစ်သည့် နွေဦး၊ နွေနှင့် ဆောင်းတို့လည်းအန်ဂျယ်လာနှင့်အတူလိုက်ပါသွားကြောင်းသတင်းပို့လိုက်သည်။

ဖှေးအနည်းငယ်မျက်မှောင်ကြုံ့ကာ ခေါင်းငြိမ့်ပြလိုက်သည်။

ဆောင်းဦးသည် သွေးစွန်းဂိုဏ်းမှ ဖှေးထံသို့ဆက်သခဲ့သည့်ကောင်မလေးများထဲမှ တစ်ယောက်ဖြစ်သည်။ ဖှေးသည် သူမတို့အား သူရဲကောင်းနန်းတော်၏ ရက်စက်သည့်အပြစ်ပေးခံရခြင်းမှ ကယ်တင်ခဲ့ပြီး သူမတို့၏မိသားစုကို ရှာဖွေနိုင်ခြင်းမရှိတော့သည့်အတွက် ချမ်းဘော့ဒ်စခန်းတွင် နေထိုင်ခွင့်ပေးခဲ့သည်။ အန်ဂျယ်လာသည် သူမတို့ကို သနားသဖြင့် ကိုယ်ပိုင်အစေခံများအဖြစ်ခန့်အပ်ခဲ့သည်။

သို့သော် ဖှေးရုတ်တရက် သူယခင်ဘ၀တွင်ကြည့်ဖူးခဲ့သည့်နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုအကြောင်းကို စဥ်းစားမိသဖြင့် သူမတို့အား ထို ရုပ်ရှင်ထဲမှ အစေခံကောင်မလေးများ၏နာမည်ပေးလိုက်၏။

ဖှေးအကြံကို မည်သူမှနားလည်ခြင်းမရှိပဲ ဤနာမည်များသည် ကြောင်တောင်တောင်နိုင်လှသည်ဟု လူတိုင်းထင်မြင်မိသော်လည်း ဘုရင်ကိုယ်တိုင်ပေးသောနာမည်ဖြစ်သဖြင့်် သူမတို့လည်း ဂုဏ်ယူစွာဖြင့် ခံယူထားကြ၏။

နာမည်များသည် အနည်းငယ်ထူးဆန်းနေသော်လည်းခေါ်ရသည်မှာ ကောင်းမွန်သောကြောင့် လူများသည် သူမတို့အား နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းဟု စတင်၍ခေါ်လာကြ၏။

တာနာရှာသည် မည်သည့်အတွက်ကြောင့် အန်ဂျယ်လာအားထက်မံဖိတ်ကြားခဲ့သည်ကို တွေးရင်းဖြင့် ဖှေးစခန်းအလည်တွင်ရှိသည့်တဲအတွင်းသို့ လမ်းလျှောက်၀င်လာခဲ့သည်။

သို့သော် နတ်ဆိုးသားရဲတစ်ကောင်၏အရေခွံဖြင့် ပြုလုပ်ထားသည့် ကောဇောတစ်ခုပေါ်တွင် လဲလျောင်းနေလျှက်ရှိသည့် မိန်းမလှလေးတစ်ဦးကို သူတွေ့လိုက်ရ၏။ ဤကော်ဇောသည် ဖှေးထိုင်နေကျ ကျောက်ပုလ္လင်ပေါ်တွင် ခင်းလေ့ရှိသည့် ကောဇာဖြစ်သည်။ ဖှေး လမ်းလျှောက်၀င်လာသည့်အချိန်တွင် ဤကောင်မလေးသည် ခရမ်းရောင်စပျစ်သီးတစ်လုံးကို သူမပါးစပ်အတွင်းသို့ ထည့်နေ၏။ သူမသည် အလွန်သက်တောင့်သက်သာရှိလျှက်ရှိနေပြီး သူမ၏ငွေရောင်ဆံပင်များသည် နူးညံ့သည့်ကော်ဇောပေါ်တွင် ပြန့်ကျဲနေလျှက်ရှိသည်။ သူမ၏အဖြူရောင်ဂါ၀န်သည် ဖြူဖွေးသွယ်လျသောခြေထောက်များကို အပြည့်၀ဖုံးကွယ်ထားနိုင်ခြင်းမရှိသောကြောင့် မြင်ရသည့်ယောက်ျားတိုင်းကို ရေငတ်စေမည်ဖြစ်သည်။

“အား အရှင်မင်းကြီး ပြန်ရောက်ပြီလား...ကျွန်...ကျွန်မ...”

ဤကောင်မလေးသည် ဖှေးလမ်းလျှောက်၀င်လာသည်ကို တွေ့ရသည့်အချိန်တွင် ထိတ်လန့်သွား၏။ သူမသည် ကောဇောပေါ်မှ အမြန်ခုန်ထလိုက်သဖြင့် အပေါ်တွင်ရှိနေသောကျောက်စားပွဲနှင့် ခေါင်းနှင့်ဆောင့်လိုက်မိ၏။ ဤသည်မှာ နာကျင်လှသော်လည်း သူမသည် ဖှေးအား ကြောက်လန့်သည့်အမူယာဖြင့် ကြည့်ကာ သူမ၏ဖိနပ်ကို အမြန်ရှာနေလျှက်ရှိသည်။ မျက်လုံးများထဲတွင် မျက်ရည်များ၀ဲလျှက်ရှိနေပြီး သူမ၏ဆံပင်များသည်လည်း ရှုပ်ထွေးလျှက်ရှိသည်။

“သေစမ်း နင်က အပျင်းကြီးပြီးဇိမ်ကျနေတာပဲ။ နင်ကတကယ်ပဲ မင်းသမီးတစ်ပါးပေါ့...” ဖှေးအနည်းငယ် စိတ်ဆိုးသွားသည်။ သို့သော် သူရယ်စရာကောင်းသည်ဟုလည်း ခံစားမိ၏။ ထို့ကြောင့် သူမျက်နှာကို တည်ကာ ဆူလိုက်၏။

“အာ ကျွန်မ...ကျွန်မက ဒီမှာ သစ်သီးတွေလာထားတာ။ အရှင်မ အန်ဂျယ်လာက မှာသွားခဲ့တာ....” သူမသည် ကျောက်စားပွဲနှင့် တိုက်မိသွားသည့် ဦးခေါင်းကိုပွတ်သပ်ရင်းဖြင့် ရှင်းပြရန်အတွက် အကောင်းဆုံးကြိုးစားနေ၏။ သူမဖှေးကိုမကြည့်ရဲပေ။

“ရပြီ သွားတော့...” ဖှေးမျက်နှာကိုတည်တည်ထားကာ ပြောလိုက်၏။ ကောင်မလေးလဲ တဲ၀င်ပေါက်လိုက်ကာ ထံသို့ အမြန်ပြေးသွားတော့သည်။ သို့သော် သူမ၏ ဂါ၀န်စကို တက်နင်းလိုက်မိပြီးလဲကျကာ သူမ၏ခြေထောက်များကို ထက်မံ၍ပြသလိုက်သေးသည်။ ထို့နောက်တွင် သူမအော်ဟစ်ကာ အမြန်ထပြီး ယုန်လေးတစ်ကေင်ကဲ့သို့ တဲအတွင်းမှ ပြေးထွက်သွားတော့သည်။

ဖှေး ပြုံးကာ သူ၏ခေါင်းကို ခါရမ်းလိုက်သည်။

ဤကောင်မလေးသည် လမ်းပါ့ဒ် သွေးစွန်းဂိုဏ်းစစ်ဆင်ရေးညတွင် သွေးစွန်းဂိုဏ်းမှလူများ၏လက်ထဲမှ ကယ်တင်ခဲ့သော ကောင်မလေးနှစ်ယောက်ထဲမှတစ်ယောက်ဖြစ်သည်။ သူမသည် ယခင်က ဇီးနစ်အင်ပါယာ၏ဘာသာစကားကိုပြောတတ်ခဲ့ခြင်းမရှိပေ။ သို့သော် သူမသည် ဉာဏ်ကောင်းပြီး တိုက်ပေါ်မှဘာသာစကားများသည် တစ်ခုနှင့်တစ်ခုများစွာကွဲပြားခြင်းမရှိသောကြောင့် ယခုအချိန်တွင် ကောင်းမွန်စွာပြောဆိုနိုင်လာပြီဖြစ်သည်။

သူမနှင့် စကားပြောပြီးသည့်နောက်တွင် သူမ၏နာမည်သည် ဗစ်တိုးရီးယားဖြစ်ပြီး သူမသည် လယ်ဗယ်၄အင်ပါယာတစ်ခုမှ မင်းသမီးတစ်ပါးဖြစ်ကြောင်းသိရ၏။ သူမသည်အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် အဖမ်းခံခဲ့ရပြီး လက်ရှိတွင် ပြန်နိုင်ခြင်းမရှိသေးသောကြောင့် ဖှေးအား သူမကို ယာယီအားဖြင့် ကာကွယ်ပေးရန်အတွက် တောင်းဆိုခဲ့သည်။

ဤကောင်မလေးထံမှ ရရှိသည့်အရှိန်၀ါသည်ထူးခြားကာ၊ ရုပ်ဆင်းသွင်ပြင်လည်းအလွန်လှပသောကြောင့် သာမန်လူတန်းစားမဖြစ်နိုင်ကြောင်းကို ဖှေးအစကတည်းက ရိပ်မိခဲ့၏။ သူမ၏အရိုးတည်ဆောက်ပုံသည် ဇီးနစ်အင်ပါယာမှ လူများနှင့်မတူပဲ သူမ၏ငွေရောင်ဆံပင်များသည် ဇီးနစ်အင်ပါယာထဲတွင် ရှားပါးလှသည်။ ထို့အပြင် သူမသည် ချမ်းဘော့ဒ်မှလူများမသိသည့် သတင်းအချက်လက်တစ်ချို့ကိုပင် ဖော်ပြနိုင်ခဲ့၏။

ဖှေးသူမအား ချမ်းဘော့ဒ်စခန်းတွင် နေထိုင်ခွင့်ပြုခဲ့ပြီး သူမ၏နောက်ကြောင်းကို စုံစမ်းရန်အတွက် လူတစ်ချို့ကိုလည်း အမိန့်ပေးခဲ့သည်။

သို့သော် သူမသည် ချမ်းဘော့ဒ်မှလူများနှင့် ရင်းနှီးလာသည်နှင့်အမျှ သူမနှင့်ပတ်သက်သည့်ပြသနာအသေးလေးများလည်းပေါ်ထွက်လာတော့၏။ သူမသည် အပျင်းကြီးသည့် ကောင်မလေးတစ်ယောက်ပင်။ သူမသည် ဒေါသထွက်လွယ်ကာ ရတနာပစ္စည်းများကိုလည်းနှစ်သက်သည်။ သို့သော် သူမနှင့် ပတ်သက်သည့်အဆိုးဆုံးအချက်မှာ သူမ၏အတင်းပြောစွမ်းရည်ပင်။ သူမကြားသည့် အရာမှန်သမျှသည် ချမ်းဘော့ဒ်စခန်းထဲတွင် ပုံစံဆယ်မျိုးခန့်ဖြင့် ပြန့်နှံ့သွားလေ့ရှိသည်။

ဖှေးသူမကို အကြိမ်အနည်းငယ်ခန့်သည်းခံခဲ့ပြီးသည့်နောက်တွင် သူမကိုလည်း နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းတို့ကဲ့သို့အစေခံအဖြစ်အမှုထမ်းခိုင်းကာ အပြစ်ပေးရန်ဆုံးဖြတ်လိုက်ရသည်။ အဆူခံရပြီး အပြစ်ပေးခံရပြီးသည့်နောက်တွင် သူမသည်များစွာပို၍ကောင်းလာခဲ့သည်။ သို့သော် အပျင်းကြီးသည့်အကျင့်ကမူရှိနေဆဲပင်။

ခုနကဖြစ်သွားခဲ့သည့်အရာမှာ ထင်ရှားလှသည်။ ပတ်၀န်းကျင်တွင်မည်သူမှမရှိသည်ကိုတွေ့ရပြီးချိန်တွင် သူမသည် လယ်ဗယ်၆မှော်သားရဲကောင်၏သားမွေးပေါ်တွင်လဲလျောင်းခဲ့သည်။ သူမသည် ဤသားမွေးကို လိုချင်နေခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် မင်းသမီးတစ်ပါးအနေဖြင့် ခနတာခန့်ဇိမ်ယူရန်ဆုံးဖြတ်ခဲ့ပုံပင်။ သို့သော် သူမသည် အနည်းငယ်ဇိမ်ကျလွန်းသွားသဖြင့် ဖှေး၏ခြေသံများကိုပင် သတိမထားမိလိုက်ပေ။

ဖှေးသူ၏ခေါင်းကို ခါရမ်းကာ တွေးလိုက်မိသည်။ “ဒီဗစ်တိုးရီးယားလို့ခေါ်တဲ့ ကောင်မလေးကတော့ အတော်ထူးခြားတာပဲ...”

ဤကောင်မလေးသည် အတိုင်းတာများကိုသိရှိပြီးမကောင်းသည့်လူတစ်ယောက်မဟုတ်ကြောင်းကို ဖှေးပြောနိုင်၏။ ထို့ကြောင့်ပင် ဖှေးထိုကောင်မလေးကို စခန်းထဲတွင် နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဗစ်တိုးရီးယားသည် သားမွေးစနှင့် စပျစ်သီးတစ်ချို့ကို အသုံးပြုစားသောက်ခဲ့သော်လည်း ချမ်းဘော့ဒ်တိုင်းပြည်နှင့်ပတ်သက်သည့်အရေးကြီးကိစ္စများကိုမူ ထိကိုင်ခဲ့ခြင်းမရှိပေ။

......

ဖှေးပုလ္လင်ပေါ်တွင်ထိုင်ကာ အနားယူနေလျှက်ရှိသည်။ သူတော်စင်ဘေးလ်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့်အကြောင်းကို ပြန်လည်ကာ စဥ်းစားလိုက်မိပြီးနောက်တွင် မဟာဘုရားကျောင်းမှ စတင်တုန့်ပြန်တော့မည်ကိုသူသိလိုက်သည်။ အောက်လမ်းဆရာတစ်ယောက်ပေါ်ပေါ်တင်တင်ထွက်လာခဲ့ခြင်းမှာ တိုက်တစ်ခုလုံးအတွက် ထိတ်လန့်ဖွယ်ကိစ္စတစ်ခုဖြစ်သောကြောင့်ပင်။

မဟာဘုရားကျောင်းသည် သူ့အားလုပ်ကြံသတ်ဖြတ်သူဟု တပ်အပ်ပြောနိုင်ခြင်းမရှိသော်လည်း သံသယစာရင်းထဲတွင် ပါနေမည်မှာ အသေချာပင်ဖြစ်သည်။ ဤအချိန်တွင် သူ၏လုပ်ရပ်များနှင့် လှုပ်ရှားမှုများသည် မဟာဘုရားကျောင်းသို့ သတင်းရောက်နေလောက်ပြီဖြစ်သည်။

သူစဥ်းစားနေသည့်အချိန်တွင်တိုးရိစ်ရောက်လာပြီး အင်ပါယာကင်းလှည့်တပ်ဖွဲ့မှစစ်သည်တစ်ယောက်ရောက်ရှိနေကြောင်း ဖှေးအားသတင်းပို့လိုက်သည်။ ထိုစစ်သည်သည်လမ်းလျှောက်၀င်လာပြီး ဖှေးအားစာတစ်စောင်ဆက်သလိုက်သည်။ စာအိပ်ပေါ်တွင် နှင်းဆီတစ်ပွင့်ပုံပါနေလျှက်ရှိကာ ဤသည်မှာ ပဲရစ်၏သင်္ကတပင်။

စစ်သည်အားပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် ဖှေးစာကိုဖွင့်ဖတ်လိုက်၏။

လျို့၀ှက်သည့်လူတစ်စုသည် ညဆယ်နာရီအချိန်ခန့်တွင် ချမ်းဘော့ဒ်စခန်းနှင့်အနီးတစ်၀ိုက်တွင် ပေါ်လာခဲ့ကြောင်းကို ပဲရစ်မှလှမ်း၍သတိပေးထားခြင်းဖြစ်သည်။ အင်ပါယာကင်းလှည့်တပ်ဖွဲ့မှ စုံစမ်းပြီးသည့်အချိန်တွင် သူတို့သည်ဖှေးအား စောင့်ကြည့်နေခြင်းဖြစ်ကြောင်းကို သိလိုက်ရသည်။

လက်ရှိအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်ကို စောင့်ကြည့်နေသည့်အဖွဲ့စည်းတော်တော်များများရှိသောကြောင့် မူလကပဲရစ်သည် စိုးရိမ်ခြင်းမရှိပေ။ သို့သော် ဤလူများသည် မဟာဘုရားကျောင်းမှလူများဖြစ်ကြောင်းကို သူမစုံစမ်းမိသဖြင့် ဖှေးအား လျို့၀ှက်စွာဖြင့် သတိပေးလိုက်ခြင်းဖြစ်သည်။

ဖှေးဖတ်ပြီးသည့်အချိန်တွင် စာရွက်ကို လုံးချေလိုက်သည်။ စာရွက်ပေါ်တွင်ပါရှိသည့်ရနှံ့မှာ ပဲရစ်၏ ကိုယ်သင်းနှံ့အတိုင်းပင်။

ဖြစ်ပျက်ခဲ့သည့်အရာများအားလုံးသည် ဖှေးထင်ထားခဲ့ပြီးသည့်အတိုင်းပင်။ ထို့ကြောင့် သူ၏လက်ကို ခါရမ်းကာ စာရွတ်ကို အမှုန့်ခြေကာ လက်ဆဖြောက်လိုက်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ ဖှေးတစ်စုံတစ်ခုအားတွေးလိုက်မိပြီး အပြာရောင်ပေါ်တယ်တစ်ခုကို ဖွင့်လိုက်ကာ လူတစ်ယောက်ထိုပေါ်တယ်အတွင်းမှ ထွက်လာ၏။ ဤလူသည် ဖှေးအားစာတစ်စောင်ပေးကာ ပြန်သွားသည်။

ဖှေးစာအား ဖွင့်ဖတ်လိုက်ကာ ဤစာထဲတွင်ပါသည့်အရာများသည်လည်း ပဲရစ်စာထဲတွင် ပါသကဲ့သို့သာဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

သူစိတ်သက်သာသွား၏။

All Chapters