အခန်း (၄၃၂)
Vol. 29 Ch. 432
“မီးသိုင်းကွက်...”
နှိမ်ချသည့်ပုံမှ သွေးရူးသွေးတန်းလူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားရန်မှာ တစ်စက္ကန့်ပင် ကြာမြင့်လိုက်သည်။ ထို့နောက်တွင် ကျယ်လောင်ပြီး စိတ်ဆိုးသည့်အော်ဟစ်သံကြီးတစ်ခုထွက်ပေါ်လာတော့၏။ အနီရောင်မီးတောက်များသည် ရုတ်တရက် အမဲရောင်ဓားကြီးပေါ်တွင်ပေါ်လာပြီး ဖှေးအား ဥက္ကာပျံတစ်ခုကဲ့သို့ ခုတ်ပိုင်းလိုက်၏။
“ချွင်...”
ဖှေးချက်ချင်းပင် သူ၏သတ္တုလက်အိတ်များကို ဆင့်ခေါ်လိုက်ပြီး ဓားအား ရိုက်ချလိုက်သည်။
စွမ်းအင်နှစ်ခုသည် တစ်ခုနှင့်တစ်ခုတိုက်ခတ်မိသွားပြီး တောက်ပသည့်မီးပွားစများနှင့် အတူကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာတော့၏။ စင်မြင့်ပတ်လည်တွင်ရှိသည့် မှော်ဆရာအယောက်၂၀၏ မျက်နှာများသည် ဖြူဖက်ဖြူယော်ဖြစ်သွားပြီး လျှင်မြန်စွာပင် အသံတားဆီးခြင်းမှော်အစွမ်းများကို အသုံးပြုလိုက်ကြရသည်။ စင်နှင့် အလွန်နီးကပ်သည့်နေရာတွင်ထိုင်နေသည့် ပရိသတ်များသည် ကံမကောင်းလိုက်ကြပဲ သူတို့၏နားများအတွင်းမှ သွေးများစီးကျလာ၏။
အနီရောင်မီးစွမ်းအင်များသည် လက်အိပ်များမှတဆင့် သူ၏လက်မောင်းအတွင်းသို့ စီး၀င်သွားသည်နှင့်တပြိုင်နက် ဖှေးထုံကျဥ်မှုကို ခံစားလိုက်ရသည်။ ကန်အားကြောင့် ဖှေးသည် ခြေတစ်လှမ်းခန့်နောက်ဆုတ်သွား၏။
တစ်ဖက်တွင် ရှီဗ်ချန်ကိုသည်အနောက်သို့ ခြေငါးလှမ်းခန့်ဆုတ်သွား၏။ သူသည်အနောက်သို့ ဓားဖြင့်ထောက်ကာ သူ၏ခန္ဓာကိုယ်ကို ပြန်တည်ငြိမ်အောင်ထိန်းလိုက်သည်။
“ခွန်အားအတော်ကြီးတာပဲ။ ဒီမင်းသားက နတ်ဘုရားတွေပေးထားသလို ခွန်အားတွေကို ပိုင်ဆိုင်ထားတာပဲ” ဖှေးနားလည်သွားသည်။
ရှီဗ်ချန်ကိုသည် ဓားနှင့် ဒိုင်းကာကိုစွဲကိုင်လိုက်သည့်အချိန်တွင် နောက်ထပ်လူတစ်ယောက်ဖြစ်သွားသည့်ပုံပင်။ ဒိုင်ဗီတလင်းကျောက်ထဲတွင်ပါရှိသည့် လွှမ်းမိုးနိုင်ကာ သွေးရူးသွေးတန်းဖြင့် အသေခံတိုက်ခိုက်တတ်သည့်လူသည် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
“လည်ပတ်ခုတ်ပိုင်းခြင်း...”
ရှီဗ်ချန်ကိုအော်ဟစ်လိုက်သည့်အချိန်တွင် ကြီးမားသည့်အမဲရောင်ဓားကြီးသည် မုန်တိုင်းတစ်ခုအသွင်သို့ပြောင်းလဲသွား၏။ ဓား၏အရှိန်နှင့်ပေါင်းကာ သူသည် လေထဲသို့ ခုန်တက်သွား၏။ အညိုရောင်စွမ်းအင်များသည် သူ့အား လွှမ်းခြုံနေခြင်းနှင့်အတူ သူ၏ဓားသည် ဖှေးအား မုန်တိုင်းတစ်ခုကဲ့သို့ တိုက်ခိုက်လိုက်၏။
“ချွင် ချွင် ချွင် ချွင်...”
ပေါက်ကွဲသံများစွာထွက်ပေါ်လာ၏။ ကြီးမားသည့် ပွတ်တိုက်အားသည် လေထဲတွင်ပေါ်ထွက်လာပြီး မီးပွားစများသည် ညဘက်မီးရှုးမီးပန်းများကဲ့သို့ပင်။
အချိန်တိုအတွင်းမှာပင် လက်သီးနှင့် ဓားတို့မှာအနည်းဆုံးအကြိမ်တစ်ရာခန့်ပင် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။
ထို့နောက်တွင် ဖှေးနှင့် ရှီဗ်ချန်ကိုတို့သည် လူခြင်းကွာလိုက်ကြသည်။
ဖှေးအနောက်သို့ ခြေသုံးလှမ်းခန့်ဆုတ်သွား၏။
ရှီဗ်ချန်ကိုသည် အနောက်သို့ ခြေရှစ်လှမ်းခန့်ဆုတ်သွားသည်။
ရှီဗ်ချန်ကိုသည် အသက်ရှူသံများမြန်ဆန်နေပြီး အနည်းငယ်ယိမ်းယိုင်နေသည့်ပုံရှိနေသော်လည်း သူ၏ခန္ဓာကိုယ်ပတ်လည်တွင်ရှိသည့် စွမ်းအားမြင့်မားသည့်အရှိန်၀ါသည် ပို၍အားကောင်းသည်ထက်အားကောင်းလာ၏။ ရူးသွပ်နေသည့် သားရဲတစ်ကောင်ကဲ့သို့ပင် သူသည် ခန္ဓာကိုယ်အားပြန်ထိန်းပြီးသည်နှင့်တပြိုင်နက် ဖှေးထံသို့ ပို၍ပင် မြန်ဆန်သည့်အမြန်နှုန်းဖြင့် ခုန်၀င်လာ၏။
“အလျားလိုက်ခုတ်ပိုင်းခြင်း...”
ကြုံး၀ါးသံတစ်ခုနှင့်အတူ အမဲရောင်ဓားကြီးကို အလျားလိုက်ခုတ်ပိုင်းလိုက်ပြီး လေပေါ်တွင် မျဥ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်၏။ ရိုးရှင်းသည့်တိုက်ခိုက်မှုဖြစ်သော်လည်း စွမ်းအားအမြောက်များပါရှိရာ ကမ္ဘာမြေပြင်ကိုပင်နှစ်ခြမ်းပိုင်းတော့မည့်ဟန်ပင်။
“ဟားဟား ကောင်းတယ်...”
ခွန်အားကိုသာအသုံးပြုပြီးသူ့အား ယှဥ်ပြိုင်နိုင်သည့် ရန်သူတစ်ယောက်ကို ဖှေးမတွေ့ဖူးသေးပေ။ သူသည် စွမ်းအားအကုန်ထုတ်သုံးရန်မလိုအပ်သော်လည်း ဤမျက်နှာခြင်းဆိုင်တိုက်ခိုက်မှုပုံစံသည် သူ့အား အလွန်ပင်စိတ်အားထက်သန်စေသည့်အတွက်ပင်။ ရှောင်ရှားခြင်းမရှိပဲ သူသည်အရှေ့သို့ တက်သွားလိုက်ပြီး ဓားများကို သူ၏လက်သီးများဖြင့် တိုက်ရိုက်ပင်ထိုးနှက်လိုက်သည်။
ဤရက်ပိုင်းအတွင်းတွင် ဖှေး၏အစွမ်းများသည်အလျှင်မြန်ပင်တိုးတက်လာနေလျှက်ရှိသည်။ ပြိုင်ပွဲမစတင်မှီနောက်ဆုံးညတွင် မကောင်းဆိုး၀ါးများအားသတ်ဖြတ်ပြီးသည့်အချိန်တွင် ဖှေး၏လူရိုင်းဇာတ်ကောင်သည် လယ်ဗယ်၈၀သို့ပင်ရောက်ရှိသွားပြီဖြစ်သည်။ သူသည် ကြယ်၉လုံးအလယ်လတ်အဆင့်စစ်သည်တစ်ယောက်ပင်ဖြစ်နေပြီဖြစ်သည်။ သူသည် ရှီဗ်ချန်ကိုထက်များစွာပို၍သန်မာသူဖြစ်သောကြောင့် တိုက်ခိုက်မှုအား ကောင်းမွန်စွာပင်တိုက်ရိုက်ခုခံနိုင်သည်။ သူ၏လက်ဖ၀ါးများသာ အနည်းငယ်ထုံကျင်သွား၏။
“ကျား....”
သွေးရူးသွေးတန်းဖြစ်နေသည့် ရှီဗ်ချန်ကိုသည် ဆက်တိုက်အော်ဟစ်နေသည်။ သူ၏မျက်လုံးများသည် အနီရောင်သန်းနေပြီး ဓားကိုကိုင်ထားသည့်လက်မှ အကြောများသည်ထောင်ထနေ၏။ သူသည် ခွန်အားအကုန်ထုတ်သုံးလျှက်ရှိနေသည်မှာ ထင်ရှားလှသည်။
သို့သော် သူဖှေး၏လက်သီးကြားထဲတွင် ရောက်နေသည့်ဓားကိုမူ ပြန်လည်ဆွဲယူနိုင်ခြင်းမရှိပေ။
ဖှေးသူ၏ခေါင်းကို ညင်သာစွာခါရမ်းလိုက်သည်။
သူရှီဗ်ချန်ကိုနှင့်တိုက်ခိုက်ပြီးချိန်တွင် ဓားတစ်လက်သူရဲကောင်းနှင့် ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ အဓိပ္ပါယ်ပို၍ရှိနေနိုင်သေးသည်ဟု ခံစားမိသည်။ ရှီဗ်ချန်ကိုသည် ဓားတစ်လက်သူရဲကောင်းအား သူ၏ခွန်အားဖြင့် ချိမ်းခြောက်နိုင်လောက်သော်လည်း ဓားတစ်လက်သူရဲကောင်းကို အနိုင်ရရှိရန်အတွက် မဖြစ်နိုင်သလောက်ပင်။ ဓားတစ်လက်သူရဲကောင်းသည် ဆီမီးဖိုင်နယ်တွင် စွမ်းဆောင်ရည်သိသာစွာကျဆင်းနေခဲ့သည်မှာ ဆိုး၀ါးလှသည်။
ဓားတစ်လက်သူရဲကောင်းသည် မည်သည့်အတွက်ကြောင့် စွမ်းဆောင်ရည်ကျဆင်းခဲ့သနည်း။ ဤသည်မှာ လျို့၀ှက်ချက်တစ်ခုပင်။
ယခုအချိန်တွင် ဖှေးသည် ရှီဗ်ချန်ကိုနှင့်ပတ်သက်သည့် လျို့၀ှက်ချက်တစ်ခုကိုရှာတွေ့ခဲ့သည်။ ရှီဗ်ချန်ကိုတိုက်ပွဲ၀င်သည့်အချိန်တိုင်းတွင် သူသည် သွေးရူးသွေးတန်းတိုက်ခိုက်တတ်သည့်လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။ ဖှေး ယခင်ဘ၀တွင်ကြားခဲ့ဖူးသည့် စိတ်များစွာခန္ဓာကိုယ်တစ်ခုထဲတွင်နေထိုင်နေသကဲ့သို့ပင်။
ရှီဗ်ချန်ကိုသည် ပုံမှန်အခြေအနေတွင် တောက်ပပြီး သဘောကျနှစ်သက်ဖွယ်ကောင်းသည့်လူတစ်ယောက်ဖြစ်ပြီး ဓားနှင့် ဒိုင်းကာကို ကိုင်လိုက်သည့်အချိန်တွင်မူ နောက်ထပ်လူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။
ဤအခြေအနေတွင် ရှီဗ်ချန်ကို၏တိုက်ခိုက်မှုများမှာ စက်ရုပ်တစ်ကောင်ကဲ့သို့ပင်တိကျနေပြီး တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍သန်မာလာမည်ဖြစ်သည်။
“ချွင်...”
ဖှေးသူ၏လက်သီးများကို ခါရမ်းလိုက်ပြီး သူ၏ကြယ်ကိုးလုံးအဆင့်စွမ်းအင်များကိုအပြည့်၀ထုတ်လွှတ်လိုက်သည်။
“ဖုန်း ဖုန်း...”
ဤကဲ့သို့ များပြားလှသည့် စွမ်းအားများအောက်တွင် အမဲရောင်ဓားရှည်ကြီးသည် ရှီဗ်ချန်ကို၏လက်အတွင်းမှ လွှင့်ထွက်သွားတော့၏။
ဓားသည် လေပေါ်မှ မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျသည့်အချိန်တွင် စင်မြင့်တစ်ခုလုံးပြင်းထန်စွာပင် လှုပ်ခါသွားသည်။
ပရိတ်သတ်အတွင်းတွင်ရှိနေသည့်လူတိုင်း အံ့သြသွားကြ၏။
နောက်တွင်ဖြစ်ပျက်သွားသည့်အရာမှာ ဖှေး၏သီအိုရီကို ထက်မံ၍ သက်သေပြလိုက်သည်။ လက်ထဲတွင်အမဲရောင်ဓားမရှိတော့သည့်အတွက် ရှီဗ်ချန်ကို၏မျက်လုံးများထဲမှ ကြောက်မက်ဖွယ်အနီရောင်မီးတောက်များသည် ကွယ်ပျောက်သွားပြီး သူ၏အသွင်ပြင်မှာလည်း သွေးရူးသွေးတန်းမှ တောက်ပသည့်ဘက်သို့ ပြောင်းလဲသွားတော့၏။ တောက်ပပြီးနှစ်သက်ဖွယ်လူသည် ပြန်လည်ရောက်ရှိလာတော့သည်။
“ကျွန်တော်ရှုံးသွားပြီ။” ရှီဗ်ချန်ကိုသည် ထင်ရှားစွာပင် သူ၏ဒုတိယအသိစိတ်အကြောင်းကို သိရှိသည်။ သူနှင့် မီတာ၂၀ခန့်အကွာတွင်ရောက်ရှိနေသည့် အမဲရောင်ဓားကြီးကို တွေ့လိုက်ရသည့်အချိန်တွင် သူသည် ရှုံးနိမ့်သွားပြီးဖြစ်ကြောင့် ၀န်ခံလိုက်၏။ “အရှင်မင်းကြီးက အဖွဲ့၀င်တိုင်းပြည်တွေကြားထဲမှာ နံပါတ်၁စစ်သည်တစ်ယောက်ပါပဲ...”
ရှီဗ်ချန်ကိုသည် သူ၏ဓားထံသို့ လမ်းလျှောက်သွားကာ ခြေထောက်ဖြင့်ကန်လိုက်ပြီး ဓားအိမ်အတွင်းသို့ပြန်ထည့်လိုက်သည်။ အနည်းငယ်၀ေးသည့်နေရာတွင်ရှိသည့် ဒိုင်လူကြီးမှ ရလဒ်ကို မကြေငြာရသေးခင်မှာပင် ပရိသတ်များအားလုံးသည် စတင်ကာ အော်ဟစ်အားပေးကြတော့သည်။ အခိုက်တန့်တစ်ခုကြာခန့် အသံဆူနာမီလှိုင်းကြီးတစ်ခုရှိနေသည့်ပုံပင်။ လူတိုင်းသည် စစ်သည်များ၏ဘုရင်အသစ်တစ်ပါးထွက်ပေါ်လာသည်ကို ကြည့်ရင်းဖြင့် အစွမ်းကုန်အော်ဟစ်အားပေးနေကြ၏။
ချမ်းဘော့ဒ်တိုင်းပြည်နားနေရာနေရာတွင် ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့်ရော်ဘင်တို့ကဲ့သို့သော စစ်သည်များသည် လေပေါ်တွင် ခုန်တက်ကာ အသံပေါင်းစုံဖြင့်အော်ဟစ်နေကြ၏။
အန်ဂျယ်လာသည်လည်းအလွန်ပျော်ရွှင်နေလျှက်ရှိသည်။ သူမ၏မျက်နှာသည် နီရဲနေလျှက်ရှိပြီး သူမ၏ကြည်လင်သောမျက်လုံးများထဲတွင် မျက်ရည်စများပင်ရှိနေ၏။
ဤကောင်မလေး၏ စိတ်ထဲတွင် အရာများစွာဖြစ်ပျက်နေလျှက်ရှိသည်။ လွန်ခဲ့သည့်နှစ်၀က်ခန့်က သူမသည် အလတ်ဇန္ဒားအား အနိုင်ကျင့်ခံရခြင်းတို့မှ ကာကွယ်ပေးခဲ့ပြီး သူမသည် ခန့်မှန်း၍ မရနိုင်သည့်အနာဂတ်ကြောင့် စိုးရိမ်ပူပန်မိခဲ့သည်။ ယခုအချိန်တွင် ထိုအလတ်ဇန္ဒားမှာ စင်မြင့်ပေါ်တွင် တိုင်းပြည်အဆင့်သက်မှတ်ပြိုင်ပွဲ၏နံပါတ်၁အနိုင်ရရှိသူအနေဖြင့် ရပ်နေနိုင်ပြီဖြစ်သည်။ ဤကဲ့သို့ ကံကြမ္မာ၏ရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် အန်ဂျယ်လာသည် ၀မ်းသာလွန်းသဖြင့် ငိုချင်စိတ်ပါပေါက်နေ၏။
အန်ဂျယ်လာ၏ဘေးတွင်ရှိနေသည့် ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ်နေတတ်သူလမ်းပါ့ဒ်သည်လည်း ပြုံးနေလျှက်ရှိသည်။
ကောင်းကင်ပေါ်တွင် မြင့်တက်နေလျှက်ရှိသည့် နေမင်းကြီးကို ကြည့်ရင်းဖြင့် သူ၏နှလုံးသားထဲတွင်ရှိသည့် ၀မ်းသာမှုကို ချုပ်တည်းနေရ၏။ သူ၏ သူငယ်ချင်းဟောင်းဖြစ်သည့် အဖိုးကြီးအလတ်ဇန္ဒား(ယခင်ချမ်းဘော့ဒ်ဘုရင်)၏ ပုံရိပ်သည် သူ၏စိတ်ထဲတွင် ပြန်ပေါ်လာ၏။ သူ၏စိတ်ထဲတွင် ထာ၀ရသိမ်းထားခဲ့သည့် ဆန္ဒတစ်ခုသည်လည်း ယခုအချိန်တွင် ပြည့်၀သွားသည့်ပုံပင်။
VIPနေရာတွင်ရှိနေကြသည့်လူများအားလုံးလဲ မက်တပ်ထရပ်လိုက်ကြသည်။ တာနာရှာနှင့် ပဲရစ်တို့ပင် ဘေးခြင်းယှဥ်ကာ ရပ်လျှက်ရှိနေကြပြီး လက်ခုပ်တီးနေကြ၏။ အိုကာဟုအမည်ရသည့်ခွေးလေးကို ကိုင်ထားဆဲဖြစ်သည့် မင်းသားဒိုမင်ဂူလည်းတောက်ပစွာဖြင့် ပြုံးလိုက်သည်။ တစ်ခြားပါ၀င်ယှဥ်ပြိုင်သူ သိုင်းဆရာများဖြစ်ကြသည့် ဘူလန်တိုင်းပြည်မှ မင်းသမီးစင်ဒီ၊ ဂူဒေါင်တိုင်းပြည်မှ မီးနှင့်လေညီနှောင်နှစ်ဖော်တို့သည်လည်း လက်ခုပ်တီးကာ အားပေးလျှက်ရှိသည်။ တစ်ချို့လူများသည် ချမ်းဘော့ဒ်ဘုရင်ကို နှစ်သက်ခြင်းမရှိသော်လည်း ပင်မတပ်ဖွဲ့အသစ်၏ အမိန့်ပေးခေါင်းဆောင်ဖြစ်လာတော့မည့် ဤဘုရင်ငယ်ကို လေးစားရမည်ဖြစ်သည်။
သို့သော် စတုတ္ထမင်းသားခရစ်စတယ်သည် မှုန်ကုတ်ကုတ်ဖြစ်နေပြီး သူ၏ဘေးတွင်ရှိသည့် ဘဂ်မိသားစုမှ ဘီယွန်းဆေး၏မျက်လုံများထဲတွင်မူ မတူညီသည့်ခံစားချက်များကို ဖော်ထုတ်ပြသလျှက်ရှိသည်။ သူမဘာတွေးနေသည်ကို မည်သူမှ သိရှိနိုင်ခြင်းမရှိပေ။
စင်ပတ်လည်တွင်ရှိသည့် မှော်စွမ်းအင်အကာရံကို ဖယ်ရှားလိုက်ပြီး ဖှေး၏ ပုံရိပ်ကိုလည်း ရှင်းလင်းစွာမြင်နိုင်သွားပြီဖြစ်သည်။
ဇီးနစ်အင်ပါယာစစ်သည်အစောင့်ရှောက်များနှင့်အတူ ခမ်းနားသည့် ရထားလုံးတစ်စီး၀င်ရောက်လာ၏။ ရွှေရောင်မှော်ရထားလုံးပေါ်တွင် အမိုးမပါပဲ နဂါးပုလ္လင်တစ်ခုပါရှိ၏။ ထိုနဂါးပုလ္လင်သည် ဖှေးထိုင်ရန်အတွက်ဖြစ်ပြီး အမိုးအကာရံမပါရှိရခြင်းမှာ တစ်ခြားလူများ အဖွဲ့၀င်တိုင်းပြည်များမှ နံပါတ်၁စစ်သည်ကို ကောင်းစွာမြင်တွေ့နိုင်ပြီးလေးစားအားကျနိုင်စေရန်ဖြစ်သည်။
မင်းသမီးနှင့် မင်းသားဒိုမင်ဂူကဲ့သို့သော လူများသည် တစ်ခြားပြိုင်ပွဲတွင် ထိပ်တန်းစာရင်း၀င်ခဲ့သည့်လူများကို ဆုပေးရန်အတွက် စင်မြင့်ပေါ်သို့ တက်သွား၏။
တစ်ဖက်တွင် ဖှေးသည်နဂါးပုလ္လင်ပေါ်တွင် ထိုင်လျှက်ရှိနေ၏။ ထို့နောက်တွင် ရထားလုံးသည့် အခြွေရံအစောင့်ရှောက်များသည် စခန်းချနေရာတစ်၀ိုက်ကို အရင်လှည့်လည်ပြီးမှ မြို့တော်အတွင်းသို့ ဦးတည်သွားကြ၏။
လှည့်လည်သွားလာခြင်းတစ်ခုသာဖြစ်သော်လည်း(ရှင်လောင်းလှည့်သလိုပေါ့) မြို့တော်စိန့်ပီတာစဘာ့တ်အတွင်းတွင်ရှိသည့်လူများသည် အနိုင်ရရှိသူမည်သူဖြစ်သည်ကို သိရှိကြလိမ့်မည်ဖြစ်သောကြောင့် ဂုဏ်ယူစရာတစ်ခုပင်။
အင်ပါယာကင်းလှည့်တပ်ဖွဲ့နှင့် အင်ပါယာစစ်သည်များ၏အကာကွယ်ဖြင့် ဖျေးတို့ရထားလုံးသည် ဖှေးညှင်းစွာဖြင့် လှည့်လည်နေ၏။ သူ၏ဘေးတွင် ချမ်းဘော့ဒ်မြို့သူမြို့သားများလိုက်ပါလာနေလျှက်ရှိသည်။
ရထားလုံးသည် မြို့တော်အတွင်းသို့ တောင်ဘက်ဂိတ်တံခါးမှ ၀င်လိုက်ပြီး လမ်းဘေးတွင်လူများဖြင့်ပြည့်နှက်နေလျှက်ရှိသည်။ အမျိုးသမိးငယ်များစွာသည် ပန်းပွင့်များကျဲနေလျှက်ရှိနေပြီး အမျိုးသားများသည် သံလွင်ခတ်များကို မြေပြင်ပေါ်သို့ ကျဲချကာ ဂုဏ်ပြုလျှက်ရှိနေကြသည်။ လမ်းဘေးအပြင် လမ်းဘေးတွင်ရှိသည့် အဆောက်ဥှီးများပေါ်တွင်လည်း လူများဖြင့် ပြည့်နက်နေပြိး နံပါတ်၁စစ်သည်ကို မြင်တွေ့လိုသည့်ကလေးများသည်လည်း သစ်ပင်များပေါ်သို့ တက်ကာ အလုယက်နေရာယူထားကြသည်။
ကျယ်လောင်သည့် အော်ဟစ်သံအားပေးသံများကို ဖှေး၏နားထဲတွင်ကြားနေရပြီး အနည်းငယ်ပင် ခေါင်းမူးချင်သလိုဖြစ်နေ၏။ သူ၏စွမ်းအားကြီးမားမှုကပင် ဤကဲ့သို့အခြေအနေမျိုးတွင် ကယ်တင်နိုင်ခြင်းမရှိပေ။
ဖှေးတို့ရထားလုံးသည် တော်၀င်နန်းတော်၏အရှေ့ဘက်တွင်ရှိသော ရင်ပြင်သို့ရောက်ရှိလာပြီးဖှေးသည် အင်ပါယာအရှင်သခင်ယရှင်းချီးမြှင့်သည့်ရွှေချပ်၀တ်တစ်စုံကို ရရှိလိုက်သည်။ မီတာတစ်ရာကျော်ခန့်မြင့်မားသည့် စစ်ပွဲနတ်ဘုရားရုပ်တုကြီးအောက်တွင် ဖှေးသည် ချောမောလှပသည့်အစေခံကောင်မလေးများ၀တ်ဆင်ပေးသည့် ရွှေချပ်၀တ်ကို၀တ်ဆင်ကာ ခန့်ညားနေ၏။ သူ အင်ပါယာအရှင်သခင်ယရှင်းအား ကျေးဇူးတင်သည့်အနေဖြင့်ခေါင်းငုံ့အရိုသေပေးပြီးချိန်တွင် ရထားလုံးပေါ်သို့ ပြန်တက်ကာ အပြန်ခရီးကိုစတင်ခဲ့သည်။
ယခင်နှစ်ပွဲများမှ အနိုင်ရရှိခဲ့သူများသည် အင်ပါယာနန်းတော်အတွင်းသို့ရောက်ရှိခဲ့သော်လည်း ဆုလာဘတ်အနေဖြင့် ရွှေချပ်၀တ်ကို ရရှိခဲ့ဖူးခြင်းမရှိပေ။ အင်ပါယာအရှင်သခင်ယရှင်းသည် ဤချပ်၀တ်ကိုအနိုင်ရရှိသူအား ကိုယ်တိုင်ပေးအပ်ချီးမြှင့်ရန်စီစဥ်ထားခဲ့သည်။ သို့သော် သူ၏ရောဂါသည် လွန်ခဲ့သည့်ဆယ်ရက်ခန့်က အလွန်ဆိုး၀ါးလာခဲ့သဖြင့် ကောင်းမွန်စွာအသွားလာနိုင်တော့ဟုပြောနေကြ၏။ ထို့ကြောင့်ပင် တော်၀င်မှော်ဆရာကြီးများသည် ဖှေးအား အင်ပါယာအရှင်သခင်ယရှင်းအစားချပ်၀တ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
တော်၀င်ပန်းပဲဆရာကြီးများနှင့် တော်၀င်မှော်ဆရာကြီးများပြုလုပ်ထားသည့် ရွှေချပ်၀တ်နှင့် မီးတောက်များကဲ့သို့အနီရောင်၀တ်စုံကို၀တ်ဆင်ထားရင်းဖြင့် နဂါးပုလ္လင်ပေါ်တွင်ထိုင်နေရင်းဖှေးသည် ကမ္ဘာအလည်ခေါင်ကို ရောက်ရှိနေသကဲ့သို့ခံစားနေရသည်။
ဖှေးသည် ဘ၀တွင် အကြီးမားဆုံးသောအနိုင်ရရှိသူတစ်ယောက်အဖြစ်ခံစားနေရ၏။
သို့သော် သူသည် ဘ၀င်မြင့်သွားခြင်းမျိုးမရှိပေ။ သူ၏ရထားလုံးအဆောက်ဦးများစွာကို ဖြတ်သန်းသွားသည်နှင့်အမျှ စွမ်းအားမြင့်အရှိန်၀ါများစွာကိုလည်း ခံစားမိလျှက်ရှိနေ၏။
စွမ်းအားမြင့်သိုင်းဆရာတိုင်းတွင် မီးတောက်များကဲ့သို့ ရောင်စုံအရှိန်၀ါများရှိနေကြ၏။ ဤအရှိန်၀ါများသည် အရွယ်စားတူညီခြင်းမရှိပဲ တစ်ခြားစွမ်းအားမြင့်သိုင်းဆရာများကသာလျှင် အာရုံခံနိုင်စွမ်းရှိကြသည်။ သာမန်လူများသည် ဤအရှိန်၀ါများကို သတိထားမိခြင်းမရှိပေ။
လူရိုင်းဇာတ်ကောင်အနေဖြင့် ဖှေးသည် ဤအရှိန်၀ါများကို ကောင်းမွန်စွာအာရုံခံနိုင်နေ၏။ အနောက်ဘက်တွင်ရှိသည့် အမဲရောင်မျှော်စဥ်ကြီးများထံမှ ကြယ်၆လုံးနှင့် ကြယ်၇လုံးတို့ကြားတွင်ရှိသည့်စွမ်းအားအရှိန်၀ါများကို ဖှေးခံစားမိနေသည်။ အရှိန်၀ါတစ်ချို့အား ရင်းနီးသလိုခံစားနေရပြီး ထိုအရှိန်၀ါများသည် ပါးကွပ်သားသူရဲကောင်းများ၏အရှိန်၀ါများပင်။ အဆိုပါ အမဲရောင်မျှော်စဥ်ကြီးများသည် သူရဲကောင်းနန်းတော်ဖြစ်သည်မှာ ထင်ရှားလှ၏။
သူရဲကောင်းနန်းတော်အပြင် ကြယ်ငါးလုံးနှင့် ကြယ်ခြောက်လုံးအဆင့် မှော်ဆရာများနေထိုင်သည့်မှော်မျှော်စဥ်ကြီးများလဲရှိနေ၏။ ထို့အပြင် ဆိုရိုကုန်သွယ်ရေးအဖွဲ့နှင့် ဆွေကြီးမျိုးကြီးမိသားစုများနေအိမ်များမှလဲ စွမ်းအားမြင့်အရှိန်၀ါများကို ခံစားနေရသည်။
လျို့၀ှက်သည့်အစီရင်များဖြင့် အာရုံခံ၍မရနိုင်အောင်တားဆီးထားသည့်နေရာတစ်ချို့လဲရှိနေ၏။
ထိုကဲ့သို့ တားဆီးထားသည့်ပထမဆုံးနေရာသည် အင်ပါယာနန်းတော်ပင်။ ဖှေး၏ ၀ိဉာဥ်စွမ်းအားသည်အင်ပါယာနန်းတော်အတွင်းသို့ ၀င်ရောက်နိုင်ခြင်းမရှိပေ။ မမြင်နိုင်သည့် အလွှာတစ်ခုသည် ဖှေး၏အာရုံခံနိုင်စွမ်းကို တားဆီးထားသကဲ့သို့ပင်။ အင်ပါယာနန်းတော်အပြင် အရှည်ဆုံးမှော်မျှော်စဥ်ကြီး လေးခုနှင့် သူရဲကောင်းနန်းတော်အတွင်းရှိ အမြင့်အားဆုံးမှော်မျှော်စဥ်ကြီးတွင်လည်း ထိုကဲ့သို့အာရုံခံ၍မရစေသည့် အစီရင်များထားရှိထား၏။
ဖှေး၏ရထားလုံးသည် မြို့သူမြို့သားများနေထိုင်သည့်နေရာသို့ ရောက်ရှိသွားသည့်အချိန်တွင် ဖှေး၏မျက်နှာအမူယာသည် ပြောင်းလဲသွားတော့၏။
“ဟမ် ဒီနေရာမှာလည်း ကန့်သက်မှော်အစီရင်တွေရှိနေတာလား။” သူသည် သာမန်တိုက်တစ်လုံးတွင် သူ၏အာရုံခံနိုင်စွမ်းကိုတားဆီးထားသည့်မှော်အစီရင်တစ်ခုချထားသည်ကို သတိထားလိုက်မိ၏။
ဤနေရာအား လုံခြုံရေးအရကန့်သက်ထားခြင်းလဲမရှိပေ။
ဖှေးထိုအဆောက်ဦးရှိရာအရပ်သို့ကြည့်လိုက်ပြီး မာနထောင်လွှားဟန်ရှိသည့်အမျိုးသားများ ထိုအဆောက်ဦးအတွင်းမှ လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသားများသည် ဇီးနစ်အင်ပါယာမှ ယောက်ျားများနှင့် နှိုင်းယှဥ်ကြည့်ပါက များစွာပို၍ပိန်နေပြီး နက်ပြာရောင်၀တ်ရုံများကို ၀တ်ဆင်ထားကြသည်။ ထို့အပြင် သူတို့၏ဆံပင်များကို အနောက်သို့ စုကာခေါင်းစည်းကွင်းတစ်ခုဖြင့် စည်းထားကြ၏။
သူတို့၀တ်စားပုံကို ကြည့်ရုံဖြင့်ပင် ဤလူများသည် ဇီးနစ်အင်ပါယာမှ မဟုတ်ကြောင်းကို ဖှေးပြောနိုင်၏။
ဖှေး အင်ပါယာကာကွယ်စောင့်ရှောက်သူများတိုက်ခိုက်ကြမည့်တိုက်ပွဲအကြောင်းကို သတိရလိုက်မိသည်။
ဤလူများသည် စပါတပ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာ ကွန်းတနှင့် အတူပါလာသည့်သိုင်းဆရာများဖြစ်ပေလိမ့်မည်။
ဤအဆောက်ဦးသည် ကွန်းတနေထိုင်သည့်အဆောက်ဦးဖြစ်ပြီး သူသည် လအဆင့်စစ်သည်တစ်ယောက်ဖြစ်၏။ သူ၏အစွမ်းမှာ ဖှေးထက်များစွာပို၍ သာလွန်သောကြောင့် ဖှေး၏အာရုံခံနိုင်စွမ်းတို့ကို တားဆီးထားခြင်းပင်။
ဖှေးသည် သာမန်ဇီးနစ်မြို့သားများကဲ့သို့ ဤစပါတပ်အင်ပါယာမှစစ်သည်များကို မုန်းတီးခြင်းမရှိပေ။ သူသည် ချမ်းဘော့ဒ်ဘုရင်ဟူသည့် သရုပ်နှင့်အသားတကျဖြစ်လာနေပြီဖြစ်ပြီး ချမ်းဘော့ဒ်သားများကိုသာ သူ၏လူယုံများအဖြစ်ခံယူထားသောကြောင့် ဇီးနစ်အင်ပါယာ၏သမိုင်းနှင့်ပတ်သက်၍ စိတ်ခံစားချက်မရှိပေ။ ထို့ကြောင့် သူသည် ဇီးနစ်အင်ပါယာ၏ရန်သူများကို သိလိုစိတ်တစ်ခုတည်းဖြင့်သာ ကြည့်နေလျှက်ရှိသည်။
သို့သော် အဆောက်ဦးအတွင်းမှ ထွက်လာသည့်လူငယ်များမှာမူ ဖှေးအားရန်လိုစွာဖြင့် ကြည့်နေကြ၏။
ခေါင်းဆောင်ဟု ယူဆရသည့်လူငယ်တစ်ယောက်သည် ရယ်စရာကောင်းသည့် တစ်စုံတစ်ခုကို စဥ်းစားလိုက်မိပုံရပြီး သူ၏အပေါင်းဖော်များကို တစ်စုံတစ်ခုပြောလိုက်၏။ တို့နောက်တွင် ဖှေးရှိရာအရပ်သို့ ညွှန်ပြပြီး ရယ်မောနေကြတော့၏။ ထို့နောက်တွင် ခေါင်းဆောင်လူငယ်သည် ရုတ်တရက်သူ၏လက်များကို မြှောက်လိုက်သည်။
“၀ှစ်...”
လေခွင်းသည့် အသံတစ်ခုထွက်ပေါ်လာသည်။ သို့သော် ထိုအသံသည် သောင်းနှင့် ချီသောပရိသတ်များ၏အော်ဟစ်အားပေးသံများကြားထဲတွင် ကွယ်ပျောက်သွား၏။