အခန်း (၄၄၀)
Vol. 29 Ch. 440
ကျောက်တိုင်၏ ထိပ်ဖျားပေါ်၌လရောင်အောက်တွင် ကွန်းတ၏တစ်ဖက်တွင်ရပ်နေသည့် ပိန်ပိန်ပါးပါးနှင့်လူသည် သူ့အား မိုရိုတောင်တန်းပေါ်တွင် သင်ပြပေးခဲ့သည့် လျို့၀ှက်သည့် ဆရာဖြစ်ကြောင်းကို သိလိုက်ရသည်။
ဇီးနစ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာ ခါဆစ်ပင်။
ဂုဏ်သရေကြီးကာ တောက်ပသည့်နာမည်တစ်ခုပင်။ ဤနာမည်သည် ဒဏာရီတစ်ခုကို ကိုယ်စားပြုပြီး ဤနာမည်သည် ခေတ်တစ်ခုကို ကိုယ်စားပြု၏။
ဖှေးသည် သူ၏လျို့၀ှက်သည့်ဆရာသည်မည်သူဖြစ်သည်ကို ခန့်မှန်းနေခဲ့မိသည်။ အင်ပါယာအရှင်သခင် ယရှင်းကိုယ်တိုင်လား၊ ပုန်းအောင်းနေသည့် ဆရာတစ်ယောက်လား၊ သို့မဟုတ် လျို့၀ှက်သည့် အဆင့်၁ပါးကွပ်သားသူရဲကောင်းခေါင်းဆောင် အာကင်ဖိဗ်လားဟူ၍ပင်။ အင်ပါယာအရှင်သခင် ယရှင်းကိုယ်တိုင်ရေးထားသည့် ကျင့်စဥ်စာလိပ်များကို တော်၀င်စာကြည့်တိုက်ထဲမှ ယူဆောင်လာနိုင်ခဲ့သည့်အတွက် ထိုလူသည် အရှိန်၀ါကြီးမားသည့် လူတစ်ယောက်ဖြစ်သည်ကို ဖှေးခန့်မှန်းမိခဲ့ပြီးဖြစ်သည်။
သို့သော် ထိုလူသည် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာ ခါဆစ်ဖြစ်နေလိမ့်မည်ဟု ဖှေးလုံး၀မထင်ခဲ့ပေ။
ဖှေးမက်တပ်ရပ်ကာ အော်ဟစ်လိုက်မိသည်။ “အဖိုး...”
“အန်း...” ကြီးမားသည့် ကျောက်တိုင်ကြီးပေါ်တွင် ရှိနေသည့် ခါဆစ်သည် ဖှေးအား အောက်သို့ ခေါင်းငုံ့ကြည့်ကာ အသာယာခေါင်းငြိမ့်ပြလိုက်သည်။ ပြင်းထန်သည့်လေသည် ခါဆစ်၏ဆံပင်ရှည်များကို လွှင့်ပျံနေစေပြီး မမြင်နိုင်သည့် အတွင်းအားစွမ်းအင်များ၀န်းရံနေသည့်အတွက် ခါဆစ်၏ပုံသည် အနည်းငယ် ရူးသွပ်နေသည့်ပုံရှိနေသည်။ သူ၏စွမ်းအင်များသည် လူတိုင်းကို နတ်ဆိုးအစစ်မှန်တစ်ကောင် တိုက်ပေါ်သို့ ရောက်ရှိလာသကဲ့သို့ ကြီးမားသည့်ဖိအားကို ခံစားနေရစေသည်။
တုန့်ပြန်မှုရလိုက်သဖြင့် ဖှေးများစွာပျော်ရွှင်သွားသည်။
ဖှေးသည် ခါဆစ်မည်သူဖြစ်သည်ကို ဂရုမစိုက်ပေ။ သူသည် ဤစကားနည်းသော်လည်း ဂရုစိုက်တတ်သည့် သူ၏ဆရာဖြစ်သူ၏ အာရုံစိုက်မှုကို ရရှိသည့်အတွက် ပျော်ရွင်သွားခြင်းပင်။
ဖှေးစခန်းချနေရာတွင် လျို့၀ှက်သည့်သိုင်းဆရာတစ်ယောက်၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရစဥ်က သူ့အား ကူညီရန်လာရောက်ခဲ့သည့်လူမှာ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာခါဆစ်ပင်။ သူသည် ဖှေးအား တိုက်ရိုက်ကယ်တင်ခဲ့ခြင်းမဟုတ်သော်လည်း သူသည် ထိုလုပ်ကြံသတ်ဖြတ်သူအနောက်သို့လိုက်ခဲ့ပြီး မိုရိုတောင်တန်းပေါ်တွင် တိုက်ခိုက်ခဲ့သည်။ ခါဆစ်သည် လုပ်ကြံသတ်ဖြတ်သူအား အနိုင်ယူပြီးသည့်အချိန်တွင်လည်း လူမသိသူမသိပင်ထွက်ခွာသွားခဲ့၏။ ထို့နောက်တွင် သူသည် ဖှေးအား ကျင့်ကြံခြင်းအကြောင်းကို သင်ကြားပေးရန်အတွက် ညတိုင်းလာရောက်ခဲ့သည်။ သူသည် ဖှေးအား အင်ပါယာအရှင်သခင် ယရှင်းကိုယ်တိုင်ရေးသားခဲ့သည့် ကျင့်စဥ်စာလိပ်များကိုပင် ယူဆောင်ပေးခဲ့၏။
လေ့ကျင့်ပေးခြင်းသည် ရက်နှစ်ဆယ်ခန့်သာ ကြာမြင့်သော်လည်း ဖှေး၏ ကျင့်ကြံခြင်းအုတ်မြစ်ကို ကောင်းမွန်စွာခိုင်မာသွားစေခဲ့သည်။ ထို့နောက်တွင် ဖှေးသည် သူ၏ ဒိုင်ယာဘလိုကမ္ဘာမှ ဇာတ်ကောင်များ၏ သိုင်းကွက်များကို ပြန်လည်ကာ တည်ဆောက်နိုင်ခဲ့ပြီး ထိခိုက်စေနိုင်မှုနှုန်းနှင့် သက်ရောက်မှုတို့ကိုလည်း ခါဆစ်သင်ကြားပေးသည့် နည်းလမ်းများကို အသုံးပြုကာတိုးမြှင့်နိုင်ခဲ့သည်။
ဖှေးအတွက် ခါဆစ်မှာ ကြီးမြတ်သည့်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီးမဟုတ်ပဲ အဖေလိုဆရာလို အားကိုးရာလူတစ်ယောက်ပင်။
ဖှေးဤအင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာအပေါ်တွင် ကျေးဇူးတင်စိတ်နှင့် လေးစားစိတ်တို့ကိုသာ ခံစားရ၏။
သူသည် ဤလျို့၀ှက်သည့်လူနှင့် ထက်မံတွေ့ဆုံနိုင်ရန်အတွက် မျှော်လင့်နေခဲ့ပြီး ကံကြမ္မာသည် လျှင်မြန်စွာပင် ပြန်လည်တွေ့ဆုံနိုင်ရန်အတွက် စီစဥ်ပေးခဲ့ခြင်းပင်။
“အဖိုး ဂရုစိုက်နော်...” ဖှေး ဤအခိုက်တန့်တွင် များစွာစိုးရိမ်ခြင်းသည် မကောင်းသည့်အရာတစ်ခုဖြစ်သော်လည်း သူ၏စိုးရိမ်စိတ်ကို မထိန်းနိုင်သဖြင့် အော်ပြောလိုက်မိသည်။
“အန်း...” ခါဆစ်သည် အေးစက်နေဆဲပင်။ ခေါင်းငြိမ့်ပြလိုက်၏။
သို့သော် ထို “အန်း” နှစ်လုံးကပင် ဖှေးပတ်လည်တွင် ရှိနေသည့်လူများကို ပါးစပ်အဟောင်းသားဖြစ်စေ၏။ အထူးသဖြင့် ဆွေကြီးမျိုးကြီးများပင်။ သူတို့အတွက် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကို သိပ်ပြီးမြင်တွေ့ဖူးခြင်းမရှိသော်လည်း သူနှင့်ပတ်သက်သည့် ဇာတ်လမ်းများကို များစွာကြားဖူးထားသည့်အတွက်ပင်။ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် လွန်စွာပင် စကားနည်းပြီး ဇီးနစ်အင်ပါယာမဟာဘုရားကျောင်းမှ ဘုန်းတော်ကြီး ဆာဂီရီမှ မေးခွန်းသုံးခုမေးခဲ့စဥ်ကပင် တုန့်ပြန်မှုတစ်စုံတစ်ရာမပြုလုပ်ခဲ့ဟု ဆိုကြသည်။ နှိုင်းယှဥ်ကြည့်ပါက ချမ်းဘော့ဒ်ဘုရင်သည် နာမည်ကြီးသော်လည်း သူသည် ဘုန်းတော်ကြီး ဆာဂီရီ၏အဆင့်ထက်နှိမ့်ကျနေဆဲပင်။ “သူကို ဘာလို့ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာက ဒီလောက်အလေးပေးရတာလဲ...” လူတိုင်းတွေးလိုက်မိကြသည်။
အခိုက်တန့်တစ်ခုကြာခန့် မင်းသမီးတာနာရှာနှင့် ပဲရစ်တို့ပင် ဖှေးအားထိတ်လန့်အံ့သြစွာဖြင့် ကြည့်လိုက်မိကြသည်။
စတုတ္ထမင်းသား ခရစ်စတယ်နှင့် သူ၏ဆွေကြီးမျိုးကြီးသူငယ်ချင်းများဆိုလျှင် ပို၍ပင် ထိတ်လန့်အံ့သြနေကြ၏။ သူမှားခဲ့ပြီဟု ခံစားလိုက်ရသည့်အတိုင်းပင် ခရစ်စတယ်၏နှုတ်ခမ်းများသည် တွန့်လိမ်သွား၏။ သူသည် ပြန်လည်ပြင်ဆင်ရန်အတွက် အချိန်ရှိသေးရဲ့လား မသေချာတော့ပေ။
သို့သော် ဒုတိယမင်းသား ဒိုမင်ဂူမှာမူ အံ့သြခြင်းမရှိပေ။ သူသည် တစ်စုံတစ်ခုကိုမှ သတိမထားလိုက်မိသည့်အတိုင်းပင် အိုကာအမည်ရှိသည့် သူ၏မသန်စွမ်းခွေးကလေးဖြင့်သာ ဆက်လက်၍ ဆော့ကစားနေ၏။ ခွေးလေးအိုကာသည် ဒိုမင်းဂူ၏ပါးပြင်ကို အဆက်မပြတ် လျှာဖြင့်ယက်နေလျှက်ရှိပြီး သူ၏မျက်လုံးများထဲတွင် သခင်အပေါ် ရင်းနှီးသည့်အရိပ်ယောင်တို့ဖြင့်ပြည့်နှက်နေ၏။
“အဲ့ကောင်လေးက မင်းရဲ့တပည့်လား...” တစ်ဖက်တွင် ရပ်နေသည့် စပါတပ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီး ကွန်းတသည် ရုတ်တရက်မျက်မှောင်ကြုံ့ကာမေးလိုက်သည်။ သူ၏မျက်လုံးများသည် လုံး၀ပင်နီရဲနေ၏။
“မဟုတ်ဘူး...” ခါဆစ်သည် သူ၏ခေါင်းကို ခါရမ်းလိုက်ပြီး ကွန်းတ၏ နီရဲနေသည့်မျက်လုံးများနှင့် ပတ်သက်၍ စိုးရိမ်ခြင်းမရှိပေ။
“ဆရာ သူက အကိုကြီး ဘာတွန်ကို ဒဏ်ရာရအောင်တိုက်ခိုက်ခဲ့တဲ့လူပါ။” ပွဲကြည့်နေရာတွင် ထိုင်နေကြသည့် စပါတပ်အင်ပါယာမှ စစ်သည်များသည် အော်ဟစ်လိုက်၏။
“ဟမ်..” ကွန်းတအံ့သြသွားသည်။ သူသည် ဖှေးအားသူ၏နီရဲနေသောမျက်လုံများဖြင့်စိုက်ကြည့်လိုက်သည်။ မီးပြတိုက်တစ်ခုသည် ဖှေးအား မီးမောင်းထိုးနေသကဲ့သို့ပင်။
ညနေခင်းသို့ရောက်နေပြီဖြစ်သောကြောင့် ကောင်းကင်မှာ မှောင်မဲစပြုလာပြီဖြစ်သည်။ ရလဒ်အနေဖြင့် ကွန်းတ၏မျက်လုံးမှ ထွက်ပေါ်နေသည့် အနီရောင်အလင်းတန်းနှစ်ခုသည် ပို၍ပင်ကြောက်စရာကောင်းနေ၏။