အခန်း (၄၄၂)
Vol. 29 Ch. 442
“ဖုန်း...”
“ဖုန်း ဖုန်း ဖုန်း...”
အနီရောင်နှင့် အစိမ်းရောင်မီးတောက်များသည် ညအမှောင်ထဲတွင် ရောင်စုံမီးရှုးမီးပန်းများကဲ့သို့တောက်ပနေ၏။ အလွန်လှပသည့် မြင်ကွင်းတစ်ခုပင်။
“ဓားသိုင်းကွက်...”
အေးစက်သည့်အော်သံတစ်ခုထွက်ပေါ်လာပြီး ခါဆစ်သူ၏လက်များကို ညင်သာစွာလှုပ်ရှားလိုက်သည်။ နှစ်ဆယ်မီတာကျော်ရှည်လျားပြီး ထွင်းစာများဖြင့်ပြည့်နှက်နေသည့် ဓားတစ်ချောင်းထွက်ပေါ်လာ၏။ အစိမ်းရောင်စွမ်းအင်လှိုင်းများသည် ပတ်လည်၀ိုင်းကာ အပြင်ဘက်သို့ ပြန့်နှံ့သွားသည်။ နေရာတစ်ခုလုံးသည် ထိုအရာကြောင့် ဆုတ်ပြဲသွားတော့မည့်အတိုင်းပင်။
“မီးသိုင်း...”
ကွန်းတ၏ ဆံပင်ရှည်များသည် လေထဲတွင် လွှင့်ပျံသွားပြီး ထူထပ်သည့်အနီရောင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်အတွင်းမှ စီးထွက်လာ၏။ နတ်ဆိုးဦးခေါင်းနှင့်တူသည့် ကြီးမားသည့် မီးစွမ်းအင်ဒိုင်းကာကြီးတစ်ခု ချက်ချင်းပင်ရောက်ရှိလာတော့သည်။
“၀ှစ်..”
အစိမ်းရောင်စွမ်းအင်ဓားသွားမှာ လျင်မြန်စွာပင် ကွန်းတ၏အရှေ့သို့ရောက်ရှိလာ၏။
“လာစမ်း...” ကွန်းတအော်ဟစ်လိုက်ကာ သူ၏မီးစွမ်းအင်ဒိုင်းကာနှင့် အစိမ်းရောင်စွမ်းအင်ဓားသွား၏ ထိပ်ဖျားကို ၀င်တိုက်လိုက်၏။
“ဖုန်း...”
တောင်ထိပ်တစ်ခုလုံး ထက်မံ၍ လှုပ်ခါလာတော့သည်။
မီးတောက်များစွာသည် တောက်ပေါ်မှ လက်ပစ်ဗုံးများကဲ့သို့ ကျဆင်းနေလျှက်ရှိသည်။
တိုက်ခတ်လိုက်သည့်အခိုက်တန့်တွင် မီးဒိုင်းကာသည် အစိတ်စိတ်အမွှာမွှာကွဲအက်သွား၏။ ကြီးမားသည့်အစိမ်းရောင်ဓားသွားသည် အရောင်မှေးမှိန်သွားကာ ထက်မံတောက်ပလာအပြီးတွင် ကွန်းတထံသို့ ပို၍ပင် လျှင်မြန်သည့်အရှိန်နှင့် ပျံသန်းသွား၏။ စက္ကန့်၀က်အတွင်းမှာပင် အညှာတာကင်းမဲ့သည့်ဓားသွားသည် ကွန်းတ၏ခန္ဓာကိုယ်အတွင်းသို့ စိုက်၀င်သွားတော့သည်။
“ပြီးသွားပြီလား...”
လူများသည် ဖြစ်ပျက်သွားသည်ကို ကြည့်နေကြရင်းဖြင့် မျက်လုံးများပြူးကျယ်နေကြ၏။ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာပင်မဆိုစေ စစ်ပွဲနတ်ဘုရားကိုယ်တိုင်ပင် ထိုအစိမ်းရောင်ဓားသွား၏ ထိုးစိုက်ခြင်းကိုခံလိုက်ရပါက ကြီးမားစွာ ဒဏ်ရာရရှိသွားမည်ဖြစ်သောကြောင့်ပင်။ သိုသော် ဒီအင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာက ဘာလို့ဒီလောက်အားနည်းနေရတာလဲ...
ဖှေးတစ်စက္ကန့်ခန့်သာ ပျော်ရွှင်ခြင်းကို ခံစားလိုက်ရသည်။ ထို့နောက်တွင် အစိမ်းရောင်စွမ်းအင်ဓားသွားသည် ကွန်းတလျှင်မြန်စွာရွှေ့လျားမှုကြောင့်ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်ကိုသာ ထိုးစိုက်သွားခြင်းဖြစ်ကြောင်းကို သိလိုက်ရ၏။ ကွန်းတ၏အမြန်နှုန်းမှာ အလွန်မြင့်မားလှသဖြင့် ကြည့်ရှုနေသည့်ပရိသတ်ကို လှည့်စားလိုက်ခြင်းပင်။
ဖှေး ညကောင်းကင်ရံပေါ်သို့ မော့ကြည့်ကာ ကွန်းတမည်သည့်နေရာတွင်ရှိနေကြောင်း လိုက်ရှာကြည့်လိုက်သည်။
ဖှေး၏မျက်လုံးများတောက်ပသွားသည့်အချိန်မှာပင် သတ္တုခြင်းရိုက်ခတ်သည့်အသံများစွာထွက်ပေါ်လာတော့သည်။
“ချွင် ချွင် ချွင် ချွင်...”
ထူးခြားသည့်မြင်ကွင်းတစ်ခုအား ကောင်းကင်ပေါ်တွင် တွေ့မြင်လိုက်ရသည်။
ခါဆစ်သည် ယခင်နေရာတွင်သာ တိတ်ဆိတ်စွာရပ်နေဆဲပင်။ သို့သော် မီးစွမ်းအင်ဓားသွားများစွာသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ထွက်ပေါ်လာ၏။ သူ၏ခန္ဓကိုယ်ပတ်ပတ်လည်ရှိအရပ်မျက်နှာတိုင်းတွင် မီးစွမ်းအင်ဓားသွားများဖြည့်ပြည့်နှက်နေသည်။ ဤတိုက်ခိုက်မှုကိုရှောင်ရှားရန်အတွက် ခါဆစ်သွားစရာနေရာမရှိတော့ပေ။ သို့သော် ကြယ်ခြောက်လုံးအဆင့်စစ်သည်တစ်ယောက်၏တိုက်ခိုက်မှုနှင့် ညီမျှသည့်ထိုမီးစွမ်းအင်ဓားသွားများသည် ခါဆစ်နှင့် ၅စင်တီမီတာခန့်ကွာ၀ေးသည့်နေရာသို့ရောက်သည့်အချိန်တွင် ရှေ့သို့ဆက်လက်ရွေ့လျားနိုင်ခြင်းမရှိတော့ပေ။ အစိမ်းရောင်စွမ်းအင်အကာရံတစ်ခုသည် ခါဆစ်၏ခန္ဓာကိုယတစ်၀ိုက်တွင်ထွက်ပေါ်လာပြီး သူ့အား လုံခြုံစွာကာကွယ်ပေးလိုက်၏။
“ဟားဟား ကောင်းတယ် ၂၆နှစ်ကြာတာတောင် မင်းရဲ့စွမ်းအားတွေက အတော်ကောင်းနေတုန်းပဲ...”
မီးစွမ်းအင်ဓားသွားများအားလုံးပေါက်ကွဲသွား၏။ လွှင့်စင်လာသည့်မီးစွမ်းအင်များသည်ကောင်းကင်ကြီးတစ်ခုလုံးကိုတောက်ပသွားစေသည်။ ကွန်းတသည်မီးတောက်များကြားထဲတွင် ပေါ်ထွက်လာပြီး ခါဆစ်နှင့်မျက်နှာခြင်းဆိုင်ကာ ရပ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် တိုက်ပွဲဆာလောင်နေသည့်အမူယာတစ်ခုနှင့်အတူ မျက်လုံးများထဲမှ အနီရောင်အလင်းများထွက်ပေါ်နေလျှက်ရှိဆဲပင်။
ခါဆစ်ဘာမှ ပြန်ပြောခြင်းမရှိပေ။ တည်ငြိမ်သည့်အမူယာတစ်ခုနှင့်အတူ သူ၏လက်ကို ၀ှေ့ရမ်းကာလေထုထဲတွင်ရှိနေသည့်မီးတောက်များကို ငြိမ်းသက်လိုက်၏။
သိုင်းဆရာနှစ်ယောက်သည် လွန်ခဲ့သည့်စက္ကန့်အနည်းငယ်တွင် သိုင်းကွက်အနည်းငယ်ခန့်ကိုသာအသုံးပြုခဲ့ကြသည်။ သို့သော် ပရိသတ်များအားလုံးမှာမူ ထိုသိုင်းကွက်အနည်းငယ်ကိုကြည့်ရင်းဖြင့်ပင် အလွန်ထိတ်လန့်အံ့သြနေကြ၏။
ဤသည်မှာ သိုင်းဆရာအစစ်မှန်များပင်။ ဤသည်မှာ အင်ပါယာ၏ထိပ်တန်းသိုင်းဆရာနှစ်ယောက်တိုက်ခိုက်သည့်တိုက်ပွဲတစ်ခုပင်။ ဤတိုက်ပွဲသည် နောင်တစ်ချိန်တွင် ဒဏာရီတစ်ခုဖြစ်လာမည်ဟု ဆိုပါကလည်း မှားမည်မဟုတ်ပေ။ ဤသိုင်းကွက်များကြောင့် အာကာသဟင်းလင်ပြင်ပင် ပျက်ဆီးတော့မလိုဖြစ်နေ၏။ မမြင်နိင်သည့်စွမ်းအင်လှိုင်းများသည် လအဆင့်မဟုတ်သည့်လူမည်သူမဆိုသူတို့နှင့်၁၀၀မီတာအနီးသို့ကပ်မလာနိုင်အောင်တားဆီးထား၏။
ပွဲကြည့်နေရာတွင်ရှိနေသည့်လူများမှာ မင်သက်နေကြ၏။
စစ်သည်များအားလုံးသည် လေထုထဲတွင်ရှိနေသည့်စွမ်းအင်အရှိန်၀ါများကိုအာရုံခံနိုင်ရန်အတွက် ကြိုးစားနေကြသည်။ ဤလအဆင့်စစ်သည်များ၏ ထူးခြားသည့်စွမ်းအင်အရှိန်၀ါများသည် အဆင့်ထက်မတတ်နိုင်ဖြစ်နေကြသည်စစ်သည်များအား သွယ်၀ိုက်သောနည်းဖြင့် လမ်းညွှန်မှုတစ်ခုပေးနိုင်၏။
ဂျက်အင်ပါယာ၏ နံပါတ်၁ဓားသမား ဟွန်းတလားသည် သူ၏မျက်လုံးများကိုပိတ်ထားပြီး ငွေရောင်ဓားအားပွတ်သပ်နေ၏။ သူသည် တစ်ခါတစ်ရံတွင်မျက်မှောင်ကြုံ့လိုက်ပြီးတစ်ခါတစ်ရံတွင် ပျောက်ရွှင်နေသည့်ပုံရှိသည်။ သူသည် တစ်စုံတစ်ခုကြောင့် စိတ်အားထက်သန်ခြင်းများရသွားသည့်ပုံအတိုင်းပင်။
အိုက်ဟိုဗင်အင်ပါယာ၏ နံပါတ်၁စစ်ရေးခေါင်းဆောင် ကွန်စတာကာတာသည် သူ၏ထိုင်ခုံပေါ်တွင် ထိုင်နေလျှက် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်ကို စိုက်ကြည့်နေ၏။ သူ၏မျက်နှာပေါ်တွင် လေးနက်သည့်အမူယာတစ်ခုနှင့်အတူ သူဘာတွေးနေသည်ကို မည်သူမှမသိကြပေ။
စိန့် ဂျာမိန်းအင်ပါယာ၏ မင်းသား ဂါရာနိုသည် သူ၏အစေခံမလေး လေးယောက်နှင့်အတူ သာယာနေဆဲပင်။ လက်ထဲတွင် အရသာရှိသည့် ၀ိုင်ခွက်ကိုကိုင်ထားရင်း၊ ဘေးတွင် မိန်းမလှလေးယောက်နှင့်အတူ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်သည် သူ့အား ဖျော်ဖြေရန်အတွက်တိုက်ခိုက်နေသည့်အတိုင်းပင်။
ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့ကဲ့သို့သော ချမ်းဘော့ဒ်မှစစ်သည်များသည်လည်း အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်၏ စွမ်းအင်အရှိန်၀ါများကို အာရုံခံနိုင်ရန်အတွက် ကြိုးစားနေကြသည်။ သူတို့သည် အတွေ့ကြုံသိပ်မရှိသေးပဲ အဆင့်မြင့်သိုင်းဆရာနှစ်ယောက်တိုက်ခိုက်သည်ကို သေချာမြင်တွေ့ဖူးခြင်းမရှိသေးပေ။ ထို့ကြောင့် ဤသည်မှာ သူတို့အတွက် အခွင့်ရေးတစ်ခုပင်။
သို့သော် ဤအရာများအားလုံးသည် အယ်လီနာအတွက် ပျင်းစရာကောင်းနေ၏။ သူမ၏စွမ်းအားများသည် ဒိုင်ယာဘလိုကမ္ဘာမှ မကောင်းဆိုး၀ါးများကိုသတ်ဖြတ်၍ လယ်ဗယ်မြှင့်တင်မှသာ မြင့်တက်နိုင်သောကြောင့် ဤကမ္ဘာမှကျင့်စဥ်စာလိပ်များ၊ နည်းပညာများကိုအသုံးပြုကာ လေ့ကျင့်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာနှစ်ယောက်သည်လည်း သူမ၏မျက်လုံးထဲတွင် ဒိုင်ယာဘလိုကမ္ဘာမှ ခေါင်းဆောင်အဆင့်မကောင်းဆိုးများကဲ့သို့သာပင်။
ဖှေးသည် တိုက်ပွဲအား ဂရုစိုက်ကြည့်ရှုနေ၏။
သူသည် ခါဆစ်ဒုက္ခအနည်းငယ်ရောက်သည်ကို တွေ့လိုက်ရသည်နှင့်တပြိုင်နက်စတင်လှုပ်ရှားရန်ဆုံးဖြတ်ထားသည်။ ဤကမ္ဘာပေါ်တွင် ဖှေးတန်ဖိုးထားသည့်လူများစွာမရှိပေ။ သို့သော် ခါဆစ်သည် ဖှေးတန်ဖိုးထားသည့်လူအနည်းစုထဲမှ တစ်ယောက်ပင်။ ဖှေးသည် သူ၏လှုပ်ရှားမှုများကို ကြိုတင်ကာ စီစဥ်ထားပြီဖြစ်သောကြောင့် အနည်းဆုံး အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာ ကွန်းတအား ဒုက္ခရောက်အောင်လုပ်နိုင်လိမ့်မည်ဟု ယုံကြည်၏။
သို့သော် လက်ရှိတွင် ခါဆစ်သည် အသာစီးရနေသည့်ပုံဖြစ်သောကြောင့် ဖှေးသိပ်မစိုးရိမ်ရသေးပေ။
ခါဆစ်သည် တိုက်ပွဲစတင်စဥ်ကတည်းက ခြေတစ်လှမ်းမှ မလှုပ်ရှားရသေးပေ သို့သော် ကွန်းတမှာမူ ပတ်ပြေးကာတိုက်ခိုက်နေရ၏။ တစ်ယောက်တိုက်ခိုက်သည့်အချိန်တွင် ကျန်တစ်ယောက်မှ ခုခံနေ၏။ ဤကဲ့သိုပင် ခါဆစ်၏စိတ်ခံစားချက်ကင်းမဲ့ကာ အေးစက်သည့် အရှိန်၀ါသည် ကွန်းတအား လွှမ်းမိုးထားသည့်အတိုင်းပင်။
ဤကဲ့သို့ဖြစ်သောကြောင့် ဖှေးအားအနည်းငယ် စိတ်အေးစေသည်။ သို့သော်လည်း မကြာသေးပဲကြိုတင်ကာ မပျော်သင့်သေးကြောင်းကိုလည်း သူသိရှိ၏။ လအဆင့်သိုင်းဆရာများ၏ တိုက်ပွဲသည် အပြောင်းလဲအတက်ကျများသောကြောင့်ပင်။ တိုက်ပွဲအစတွင် သိုင်းဆရာနှစ်ယောက်လုံးသည် တစ်ယောက်နှင့်တစ်ယောက်မည်သည့်အဆင့်တွင်ရှိနေကြောင်းကို ခန့်မှန်းနိုင်ရန်အတွက် ကြိုးစားကြမည်ဖြစ်သည်။ လအဆင့်စစ်သည်များတွင် အတွင်းအားစွမ်းအင်များစွာရှိနေပြီး စွမ်းအားမြင့်သိုင်းကွက်များစွာလည်း ပိုင်ဆိုင်ထားသည့်အတွက်ပင်။
တကယ်တန်းတွင် တိုက်ပွဲအခြေအနေသည်မြင်နေရသကဲ့သို့မရိုးရှင်းလှပေ။
“ဟားဟား ငါစောင့်နေတာအတော်ကြာပြီ...” သွေရူးသွေးတန်းအသွင်ပြင်သည် အော်ဟစ်ရင်းဖြင့် ခါဆစ်၏မျက်နှာပေါ်တွင်ပေါ်လာ၏။ သူ၏အတွင်းအားစွမ်းအင်များကြောင့် ၀တ်ဆင်ထားသည့် လယ်သာချပ်၀တ်ပင် ဆုတ်ပြဲသွား၏။
ဖှေး ကွန်းတ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် သားရဲကောင်တက်တူးကို သတိထားလိုက်မိပြီး လအဆင့်စစ်သည်များ၏ ကျင့်ကြံခြင်းလမ်းစဥ်အကြောင်း ကြားဖူးခဲ့သည့် အချက်လက်တစ်ခုကို သတိရသွား၏။
“ခါဆစ်။ ငါမင်းကိုသတ်မယ်။ မင်းသေသွားပြီဆိုတာနဲ့ ဇီးနစ်စစ်ပွဲနတ်ဘုရားလို့ခေါ်တဲ့ကောင်ကိုလည်း လွယ်လွယ်ကူကူသတ်လို့ရသွားပြီ။ မကြာမှီမှာပဲ စပါတပ်အင်ပါယာက ဇီးနစ်အင်ပါယာထဲကို တပ်တွေ၀င်လာပြီးတော့ လွယ်လွယ်ကူကူပဲသိမ်းပိုက်လိုက်မယ်။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲက လူတွေအားလုံးကို သတ်ပြီးတဲ့အချိန်ကျရင် မင်းတို့ရဲ့ သူပုန်ခေါင်းဆောင်ယရှင်းရဲ့ ဦးခေါင်းခွံကို ၀ိုင်ခွက်လုပ်ပြီး စပါတပ်အင်ပါယာအရှင်သခင်ကို ဆက်သမယ်...”
ကွန်းတ၏မျက်နှာအသွင်ပြင်သည်ပို၍ပို၍ ရက်စက်ကြမ်းကြုတ်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင်ရှိနေသည့်အနီရောင်စွမ်းအင်မီးတောက်များသည်လည်း တောက်ပသည်ထက်ပို၍တောက်ပလာတော့သည်။ မီးတောက်များသည် သူ၏မွှေးညှင်းပေါက်များထဲမှ ထွက်နေသကဲ့သို့ပင်။ သူသည် မီးလူသားတစ်ယောက်ဖြစ်လာတော့၏။
ပွဲကြည့်နေရာတွင်ရှိနေသည့်လူများအားလုံး အပူရှိန်ကိုခံစားနေရပြီးခြေထောက်အောက်တွင်ရှိနေသည့်မြက်ပင်များပင် ခြောက်သွေ့လာတော့၏။ တစ်ချို့အားနည်းသည့်စစ်သည်များ၏ ဆံပင်များဆိုလျှင် မီးလောင်သွားကြပြီး သူတို့အ၀တ်စားအရောင်များသည် အ၀ါရောင်အဖြစ်သို့ပြောင်းလဲကုန်ကြသည်။ သူတို့သည် နေလုံးအနီးသို့ရောက်ရှိနေသကဲ့သို့ပင်။
လူတိုင်းသည် အတွင်းအားစွမ်းအင်များကိုအသုံးပြုပြီး အပူချိန်ကို ကာကွယ်နိုင်ရန်အတွက် ကြိုးစားနေကြ၏။