အခန်း (၄၅၀)
Vol. 29 Ch. 450
လအဆင့်စစ်သည်လေးယောက်သည် အ၀ေးသို့ ဆုတ်ခွာကာ ထွက်ပြေးရန်အတွက်အဆင့်သင့်ဖြစ်နေကြပြီဖြစ်သည်။ ခါဆစ်၏ ရုတ်တရက်စွမ်းအားများမြင့်တက်လာခြင်းသည် သူတို့၏ယုံကြည်ချက်များကို ဖျက်ဆီးပစ်လိုက်၏။ သူတို့သည် ဤနေရာတွင် ဆက်လက်ရှိနေပါက အသတ်ခံရတော့မည်ဟု ခံစားနေရ၏။
သို့သော် ခါဆစ်သည် သူတို့အား အခွင့်ရေးလုံး၀မပေးပေ။
လက်ကို ထက်မံ၍ လှုပ်ရှားလိုက်သည့်အချိန်တွင် အစိမ်းရောင်ဓားသွားစွမ်းအင်များပျံသန်းသွားပြီး သူတို့၏အနောက်သို့ လိုက်သွားတော့သည်။
"ဖွီး..."
"အား..."
အာမာရူရီနှင့် ကွန်စတာကာတာတို့နှစ်ယောက်လုံးသည် ဤဓားသွားစွမ်းအင်များကို ခုခံနိုင်ရန်အတွက် ကြိုးစားခဲ့ကြသော်လည်း ဓားသွားစွမ်းအင်များတွင်ပါရှိသည့် ကြောက်မက်ဖွယ်စွမ်းအားများကြောင့် အနောက်သို့ လွှင့်ထွက်ကုန်ကြ၏။ အပစ်ခံလိုက်ရသည့် ငှက်များကဲ့သို့ပင် သူတို့သည် ကောင်းကင်ပေါ်မှ ပြုတ်ကျသွားပြီး မြေပြင်နှင့် ပြင်းထန်စွာရိုက်မိကာ ဖုန်မှုန့်တိမ်တိုက်များကို ဖန်တီးလိုက်၏။
တစ်ချိန်တည်းမှာပင် ပေါင်ချိန်တစ်ထောင်ခန့်လေးလံသည့် ကျောက်တုံးကြီးနှစ်လုံးကို ကောင်းကင်ဘုံဓားဖြင့် ရိုက်ခတ်လိုက်ပြီး တစ်ခြားဘက်သို့ ထွက်ပြေးနေသည့် ကွန်းတနှင့် ဟွန်းတလားတို့ကို ပစ်လိုက်၏။
"သေစမ်း..."
လအဆင့်စစ်သည်နှစ်ယောက်သည် ချည်းကပ်လာနေသည့် အန္တရာယ်ကို အာရုံခံလိုက်မိကြပြီး သူတို့၏မျက်နှာသည် အရောင်ပြောင်းလဲသွား၏။ ခါဆစ်သည် သူတို့အား အသေသတ်ရန်ကြံစည်နေကြောင်းကို သိရှိလိုက်သဖြင့် ကျောက်တုံးများကိုကာကွယ်ရန်အတွက်တစ်ဖက်သို့လှည့်လိုက်သည်။
"ဖုန်း..."
အနီရောင်စွမ်းအင်လက်ဖ၀ါးကြီးတစ်ခုနှင့် ငွေရောင်စွမ်းအင်ဓားသွားတစ်ခုသည် ကျောက်တုံးများနှင့် ရိုက်ခတ်လိုက်သည်။ ပေါက်ကွဲသံများထွက်ပေါ်လာသည်နှင့်အတူ ကျောက်တုံးများသည် အစိတ်စိတ်အမွှာမွှာကွဲကုန်ကြ၏။ မီးရှုးမီးပန်းတစ်ခုကဲ့သို့ပင် ကျောက်စများ၊ ဖုန်မှုန့်များနှင့် စွမ်းအင်မီးတောက်များသည်နေရာအနှံ့သို့ ပျံသန်းကုန်ကြ၏။
ဤအခိုက်တန့်တွင် အစိမ်းရောင်ဓားသွားစွမ်းအင်နှစ်ခုသည် ကျောက်စများဖုန်မှုန်များကို ဖြတ်သန်းလာပြီး ကွန်းတနှင့် ဟွန်းတလားတို့ကို ထိမှန်လိုက်၏။ ကောင်းကင်ပေါ်တွင် သွေးများပန်းထွက်ကုန်တော့၏။
"အား..."
"ဖွီး..."
နာကျင်စွာအော်ဟစ်သံများနှင့်အတူ လအဆင့်စစ်သည်နှစ်ယောက်မှာ ကြိုးပြတ်သွားသည့် စွန်ကဲ့သို့ကောင်းကင်ပေါ်မှပြုတ်ကျလာတော့၏။
"ဟားဟားဟား..." ခါဆစ်သည် ကောင်းကင်ဘုံဓားကိုကိုင်ထားရင်းဖြင့် ရယ်မောလိုက်သည်။
ဇီးနစ်အင်ပါယာ၏ကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် လက်ရှိတွင် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။
သူသည် တိတ်ဆိတ်ငြိမ်သက်သည့်လူတစ်ယောက်မဟုတ်တော့ပေ။ ထိုအစားသူသည် အေးစက်ကာ စိုးမိုးနိုင်သည့် ပုံရှိနေ၏။ သူ၏စွမ်းအားအရှိန်၀ါများပို၍ပို၍ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ ဆံပင်ရှည်များသည်လည်း ရူးသွပ်စွာပင် လေထဲတွင် လွှင့်ပျံနေလျှက်ရှိ၏။ သူ၏မျက်နှာအား ဆံပင်များဖြင့် ဖုန်းလွှမ်းနေပြီး မျက်လုံးထဲတွင်ရှိသည့် အေးစက်မှုများနှင့် သတ်ဖြတ်လိုသည့်ဆန္ဒများကို အတိုင်းသားမြင်တွေ့နေရ၏။
"သေစမ်း..." ဇီးနစ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာသည် သူ၏ကောင်းကင်ဘုံဓားကိုကိုင်မြောက်ကာအော်ဟစ်လိုက်သည်။
ဤကြုံး၀ါးသံသည် လအဆင့်စစ်သည်များကို ဓာတ်လိုက်ခံလိုက်ရသလိုပင်တုန်ခါသွားစေ၏။
သူတို့အားလုံးသည် ပြင်းထန်စွာဒဏ်ရာရရှိနေကြပြီး သူတို့၏တိုက်ခိုက်နိုင်စွမ်းများသည် ပြင်းထန်စွာပင်ကျဆင်းနေ၏။ ထို့အပြင် နာကျင်မှုများသည် သူတို့၏အာရုံကြောများကို ထုံကျင်စေသည့်အတွက် ပြန်လည်တုန့်ပြနိုင်စွမ်းကို သိသာစွာပင်နှေးကွေးသွားစေ၏။
သူတို့ဘာမှမလုပ်နိုင်သေးခင်မှာပင် ခါဆစ်သည် ကွန်းတနှင့် ဟွန်းတလားတို့၏အရှေ့သို့ ချက်ချင်းပင်ရောက်ရှိသွားပြီး အစိမ်းရောင်ဓားသွားစွမ်းအင်များနှင့် ကောင်းကင်ဘုံဓားကို အညှာတာကင်းမဲ့စွာခုတ်ပိုင်းချလိုက်သည်။
"ဝီး..."
ဦးခေါင်းပြတ်တစ်လုံးသည်ကောင်းကင်ပေါ်သို့ ပျံသန်းသွား၏။
ကွန်းတသည် အသတ်ခံလိုက်ရစဥ်မှာပင် မယုံနိုင်ဖြစ်နေသကဲ့သို့ မျက်နှာပေါ်တွင် ထိတ်လန့်အံ့သြသည့်အမူယာတစ်ခုရှိနေ၏။
ဤတိုက်ပွဲမတိုင်ခင်က သေချာစွာစီစဥ်ထားခဲ့သည့် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာတိုက်ပွဲသည် တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး သူသည် အဓိကဇာတ်လိုက်ဖြစ်လိမ့်မည်ဟု သူထင်ထားခဲ့၏။ သို့သော် နောက်ဆုံးစက္ကန့်အတွင် အဓိကဇာတ်လိုက်မှ အလောင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူမထင်ခဲ့ပေ။
"ဖုန်း..."
ကွန်းတ၏ ဦးခေါင်းမဲ့သည့် ခန္ဓာကိုယ်သည်မြေပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်မှုန့်များကိုလွှင့်စင်သွားစေသည်။
လအဆင့်စစ်သည်တစ်ယောက်သည် ဤကဲ့သို့သေဆုံးသွားခြင်းပင်။
လယ်ဗယ်၁အင်ပါယာတစ်ခု၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာတစ်ယောက်သည် ဤကဲ့သို့ပင် သေဆုံးသွားခြင်းပင်။
ပုံမှန်အားဖြင့် ဤကဲ့သို့စွမ်းအားမြင့်မားပြီး လူအများ၏လေးစားမှုကိုရရှိထားသည့် သိုင်းဆရာတစ်ယောက်သည် တိုက်ပွဲတွင်သေဆုံးလေ့ရှိသည်မဟုတ်ပေ။
ဖြစ်ပျက်သွားခဲ့သည့်အရာသည် လူများစွာကို ထိတ်လန့်အံ့သြသွားစေပြီး တောင်ထိပ်တွင် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေ၏။
ကွန်းတကို မုန်းတီးသည် ဇီးနစ်အင်ပါယာမှစစ်သည်များပင် သူတို့မြင်လိုက်ရသည်ကိုမယုံနိုင်ဖြစ်နေကြ၏။
"ဒီရက်ပိုင်းအတွင်းမှာ ဖိအားပေးနေခဲ့တဲ့ စပါတပ်အင်ပါယာ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာက တကယ်ပဲ သေသွားတာလား..."
"အား ပြေးကြ။ အမြန်လုပ်..." အာမာယူရီ၏ ပျာယာခတ်နေသည့် အော်ဟစ်သံသည် တိတ်ဆိတ်နေမှုကို ဖျက်ဆီးပစ်လိုက်၏။
သူသည် မိုရိုတောင်တန်းပေါ်တွင် ခါဆစ်အားရှုံးနိမ့်ခဲ့စဥ်က သူ၏ယုံကြည်မှုသည် အနည်းငယ်ကွဲအက်သွားခဲ့၏။ သို့သော် ဤကဲ့သို့ယုံကြည်ချက်ပျက်ပြားသွားခြင်းသည် ခါဆစ်အား သတ်ဖြတ်ပြီး၊ စစ်ဆင်ရေးအောင်မြင်သွားပါက ပြန်လည်အဆင်ပြေသွားလိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။ သို့သော် ခါဆစ်၏ရုတ်တရက်စွမ်းအားမြင့်မားလာခြင်းသည် သူ၏ယုံကြည်ချက်ကိုအလုံးစုံပင် ဖျက်ဆီးပစ်လိုက်၏။ သူ၏အကိုဖြစ်သူ ကွန်းတမျက်စိရှေ့တွင် သေဆုံးသွားသည်ကို တွေ့လိုက်ရသည့်အချိန်တွင် အလွန်ထိတ်လန့်သွားပြီး ဇီးနစ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာကို တစ်သက်လုံးအနိုင်မရနိုင်သကဲ့သို့ ခံစားလိုက်ရ၏။
အာမာယူရီ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာပျက်ပြားသွားခြင်းသည် ဟွန်းတလားနှင့် ကွန်စတာကာတာတို့၏ နောက်ဆုံးမျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်၏။
"ရွီး...." ဟွန်းတလားထံမှ လေချွန်သံတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်ရံတွင်ပဲ့တင်သွားသည်။
ချက်ချင်းလိုလိုပင် တောင်ပံခတ်သံများထွက်ပေါ်လာ၏။ လရောင်အောင်တွက် ကြီးမားသည့်အရိပ်ကြီးငါးခုထွက်ပေါ်လာပြီး တစ်ခုခြင်းစီတိုင်းသည် ၄မီတာခန့်ရှည်လျား၏။ ၄င်းတို့သည် အလည်တွင်ရှိသည့် ဓားတောင်ပေါ်သို့ ကြီးမားသည့် ဖိအားကြီးတစ်ခုကို သယ်ဆောင်ကာ ပျံသန်းလာကြပြီး ထိုဖိအားသည် နီးကပ်လာသည်နှင့်အမျှ ပို၍ ပြင်းထန်လာ၏။
"ဂရစ်ဖင်...ဂျက်အင်ပါယာရဲ့ ဂရစ်ဖင်သူရဲကောင်းတွေ ကောင်းကင်ရဲ့ထိန်းချုပ်သူတွေ..." တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။ [ဂရစ်ဖင် - ကောင်းကင်ပေါ်တွင် ပျံသန်းသည့် ဒဏာရီလာ သတ္တ၀ါတစ်မျိုး]
ဖှေးအံ့သြသွားပြီး မော့ကြည့်လိုက်သည်။
ကောင်းကင်ပေါ်တွင် ပျံသန်းနေသည့် သားရဲကောင်များသည် ထူးခြား၏။ သူတို့သည် ခြင်္သေ့ခန္ဓာကိုယ်များဖြစ်သော်လည်း သိမ်းငှက်၏ ဦးခေါင်းနှင့် အတောင်ပံများကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏အတောင်ပံများသည် ကြေးနီရောင်တစ်ခုကို အလင်းပြန်လျှက်ရှိကာ ၀ံပုလွေကဲ့သို့ အမြှီးများကို ၀ှေ့ရမ်းနေလျှက်ရှိ၏။
ရင့်ကျက်သည့် ဂရစ်ဖင်တစ်ကောင်သည် ကွန်းတ၏မီး၀က်၀ံကဲ့သို့ပင် အဆင့်၁၀နတ်ဆိုးသားရဲများဖြစ်လာနိုင်သည်ဟုဆိုကြ၏။ သို့သော် ဤဂရစ်ဖင်များကိုမူ ဂျက်အင်ပါယာမှ ယဥ်ပါးအောင်မွေးမြူထားခြင်းဖြစ်သည်။ လူသားများနှင့် အလွယ်တကူပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ၄င်းတို့၏အရိုင်းဆန်မှုများကို ဖျက်ဆီးထားသောကြောင့် အများစုမှာ အဆင့်၇နတ်ဆိုးသားရဲများသာဖြစ်ကြပြီး ကြယ်၇လုံးအဆင့်စစ်သည်တစ်ယောက်နှင့် ညီမျှသည်။
ဤဂရစ်ဖင်များသည် ဉာဏ်ရည်မြင့်မား၏။ ထို့ကြောင့် ခါဆစ်၏ ကြီးမားသည့်စွမ်းအားများကို အာရုံခံမိကာ ဓားတောင်ထိပ်နှင့် ၁၀၀၀မီတာခန့်ကွာ၀ေးကာ ပျံသန်းနေကြသည်။ အောက်သို့နီးကပ်စွာ ပျံသန်းလိုခြင်းမရှိကြပေ။
"သွားတော့..." ဟွန်းတလားသည် အပေါ်သို့ ခုန်တက်ကာ လက်ကို ဆန့်တန်းလိုက်သည်။ တစ်စုံတစ်ခုအား ဆွဲလိုက်ပြီး ဂရစ်ဖင်ကောင်၏ ကြောပေါ်သို့ တက်ဆီးလိုက်၏။
အာမာယူရီ၏မျက်လုံးများလဲတောက်ပသွားပြီး တူညီသောနည်းလမ်းကို အသုံးပြုကာ ဂရစ်ဖင်တစ်ကောင်ပေါ်သို့ တက်စီးလိုက်သည်။
တစ်ဖက်တွင် ကွန်စတာကာတာသည် ဘေးသို့အမြန်ရွှေ့လိုက်ပြီး တစ်စုံတစ်ခုကို ဆွဲကာ တစ်ကောင်ပေါ်သို့ တက်လိုက်၏။
ယခုအချိန်တွင် ဂရစ်ဖင်များထံမှ တွယ်တက်ရန်အတွက် ပါးလွှာသည့် ကြိုးများတွဲလောင်းကျနေသည်ကို ဇီးနစ်အင်ပါယာမှစစ်သည်များသတိထားမိပြီးဖြစ်သည်။
ပုံမှန်အားဖြင့် ဆိုပါက လအဆင့်စစ်သည်များသည် လေပေါ်တွင် လွယ်ကူစွာပျံသန်းနိုင်ကြသော်လည်း ယခုအချိန်တွင် ပြင်းထန်စွာဒဏ်ရာရရှိနေကြသောကြောင့် ၁၀၀၀မီတာပင်မြင့်အောင်မခုန်နိုင်ကြတော့ပေ။ ထို့ကြောင့် ကြိုးများကိုသာ အသုံးပြုပြီးတွယ်တက်နေရခြင်းပင်။ သူတို့၏အခြေအနေသည်အလွန်ဆိုး၀ါးနေသည့်အတွက် ဖော်ပြရန်ပင် ခက်ခဲလှ၏။
"ချူး.."
ဂရစ်ဖင်ကောင်များသည် နက်ရှိုင်းသည် ဟိန်းဟောက်သံတစ်ခုကို ထုတ်လိုက်ပြီး အသံလှိုင်းများသည် ဇီးနစ်အင်ပါယာမှ စစ်သည်များကို မူး၀ေစေသည့်အတွက် အနောက်သို့ လိုက်နိုင်စွမ်းမရှိတော့ပေ။
တစ်ဖက်တွင် ဂရစ်ဖင်များသည် မြင့်သထက်မြင့်အောင်ပျံသန်းနေကြ၏။ မြို့တော်စိန့်ပီတာစဘာ့တ်၏ ကြီးမားသည့်မှော်စွမ်းအင်အကာရံကြီးနှင့် မှော်မျှော်စင်များ၏တိုက်ခိုက်မှုကိုရှောင်ရှားနိုင်လောက်သည့် အမြင့်ထိရောက်ရန်ပျံသန်းနေကြခြင်းပင်။
"ခါဆစ် အင်ပါယာသုံးခုက နောက်တစ်ကြိမ်ပြန်လာပြီးလက်စားချေလိမ့်မယ်..."
"ဟားဟား မင်းလဲဒဏ်ရာအပြင်းထန်ရနေတယ်ဆိုတာကို ငါသိတယ်။ ကောင်းကောင်းအနားယူထားဦးပေါ့။ ငါတို့နောက်တစ်ခါလာတဲ့အချိန်ကြရင် ဇီးနစ်အင်ပါယာကို သိမ်းပိုက်ဖို့ပဲ။ မင်းရဲ့ ဦးခေါင်းပြတ်ကို မြို့တော်စိန့်ပီတာစဘာ့တ်ရဲ့ မြို့တံခါး၀မှာ ချိတ်ထားပြမယ်ကွ..."
"ခါဆစ်။ ဒီနေ့မင်းငါ့တို့ကို မသတ်နိုင်လိုက်လို့ ဒီနေ့ငါ့အကိုကွန်းတကို သတ်ခဲ့သလိုမျိုးမင်းကိုတစ်နေ့ကျပြန်လာသတ်မယ်..."
လအဆင့်စစ်သည်များ၏ ချိမ်းခြောက်သံများမှာ ကောင်းကင်ပေါ်တွင် ဆူညံသွား၏။ ခါဆစ်သည်လည်း ဒဏ်ရာရရှိနေသည့်အတွက် သူတို့အနောက်သို့ ပြေးမလိုက်နိုင်တော့သည်ကို သိရှိနေသောကြောင့်ပင်။ ယနေ့တွင်ဖြစ်ခဲ့သည့်အရာများသည် သူတို့အတွက် အလွန်အရှက်ရဖွယ်ပင်။ သူတို့ဘက်တွင် လအဆင့်စစ်သည်လေးယောက်ပင် ရှိနေသော်လည်း ကြီးမားစွာပင် အထိနာခဲ့သည်။
ဂရစ်ဖင်ကောင်များသည် မြင့်မားသည်ထက်ပို၍မြင့်မားလာပြီး လွတ်မြောက်သွားတော့မည်ဖြစ်သည်။ ခါဆစ်သည် တောင်ထိပ်တွင်ရပ်လျှက်ပင်ရှိနေပြီး ရွေ့လျားခြင်းမရှိပေ။ ဂါရာနိုသည်လည်း ကျောက်တုံးကြီးတစ်ခုအား မှီလျှက် သူ၏အစေခံကောင်မလေးများ ဆက်သသည့်၀ိုင်ကိုသောက်နေ၏။ ထိုလအဆင့်စစ်သည်နှစ်ယောက်သည် ပြေးလိုက်ရန်အတွက် ဆန္ဒမရှိသည့်အတိုင်းပင်။ ကျန်ရှိနေသည့် ဇီးနစ်အင်ပါယာမှစစ်သည်များသည်လည်း လိုက်နိုင်သည့် အင်အားမရှိပေ။
သူတို့သုံးယောက်လွတ်မြောက်တော့မည့်အချိန်တွင် အပြောင်းလဲများဖြစ်သွား၏။
"မင်းတို့ကောင်တွေ ဒီနေရာကိုဘာထင်နေတာလဲ။ ဒါက င့ါရဲ့ မြို့တော်စိန့်ပီတာစဘာ့တ်ကွ ၀င်ချင်တိုင်း၀င်ပြီး ထွက်ချင်တိုင်းထွက်လို့ရတယ်ထင်နေတာလား..."
ခန့်ညားထည်၀ါသည့်အသံတစ်ခုသည် တော်၀င်နန်းတော်တည်ရှိကာ အ၀ေးတစ်နေရာမှ ထွက်ပေါ်လာ၏။ ဤအသံထွက်လာသည့်အချိန်တွင် တစ်ခါမှမကြုံဖူးသည့်စွမ်းအင်အရှိန်၀ါများတောက်ပလာပြီး ကောင်းကင်ပေါ်တွင် ရွှေရောင်အလင်းတန်းများစွာထွက်ပေါ်လာ၏။
လူတိုင်းမော့ကြည့်လိုက်သည့်အချိန်တွင် သူတို့အားလုံး အံ့သြသွားကြ၏။ ထိုအရာများသည် ရွှေရောင်အလင်းတန်းများမဟုတ်ပဲ ရွှေရောင်နဂါးများဖြစ်နေသောကြောင့်ပင်။ ရွှေရောင်နဂါးတစ်ကောင်ခြင်းစီတိုင်းသည် ၁၀မီတာခန့်ရှည်လျားပြီး ရွှေရောင်ကြေးခွံများနှင့် ထည်၀ါသည့်အသွင်ပြင်တို့ကို ပိုင်ဆိုင်ထား၏။ ပတ်၀န်းကျင်တွင် ကြီးမားသည့်ဖိအားတစ်ခုရောက်လာသည်နှင့်အတူ ဤရွှေရောင်နဂါးများသည်လည်း ဂရစ်ဖင်ကောင်များကို လျှင်မြန်စွာပင် ပျံလိုက်သွား၏။
ကောင်းကင်ထိန်းချုပ်သူများဟုတင်စားခေါ်ကြသည့် ဂရစ်ဖင်များသည် နဂါးများ၏ရှေ့တွင် အကာကွယ်ကင်းမဲ့သွား၏။ တစ်စက္ကန့်အတွင်းမှာပင် ဂရစ်ဖင်ကောင်များသည်တစ်စစီဖြစ်သွားပြီး သွေးများ၊ အရိုးစများ၊အသားစများသည်ကောင်းကင်ပေါ်မှ မိုးကဲ့သို့ ရွာကျလာတော့၏