← Chapters

ဒီလောကမှာ သူရဲကောင်းဘယ်နှစ်ယောက်ရှိနိုင်မလဲ

Vol. 89 Ch. 1250

ဒီလောကမှာ သူရဲကောင်းဘယ်နှစ်ယောက်ရှိနိုင်မလဲ

Vol. 89 Ch. 1250

အခန်း (၁၂၅၀) ဒီလောကမှာ သူရဲကောင်းဘယ်နှစ်ယောက်ရှိနိုင်မလဲ

ဆေးသိုလှောင်ရုံအနီးသို့ ချဉ်းကပ်လာသူမှာ ရန်တိုတို့အုပ်စု မဟုတ်ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှတစ်ဆင့် အဂ္ဂိရတ်ခန်းမအတွင်းသို့ အခြားသူများ ထပ်မံဝင်ရောက်လာကြောင်း ရန်ကျောက်ကဲ သိရှိထားပြီး ဖြစ်သည်။

ဝင်ရောက်လာသူများက နတ်မိစ္ဆာမျိုးနွယ်လား ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှလား သေချာမသိသော်လည်း လူအများအပြား ဝင်ရောက်လာကြောင်းကိုတော့ သူ နားလည်ထား၏။

ထိုသို့ဝင်ရောက်လာသူများထဲမှတစ်ယောက်က ကံစွပ်၍ပဲလား ၊ သို့မဟုတ် သဲလွန်စတစ်ခုခု ရရှိ၍ပဲလားမသိ ၊ ထိန်းချုပ်ရေးဗဟိုသို့ ရောက်မသွားဘဲ လှည့်ပတ်သွားလာရင်း ဆေးသိုလှောင်ရုံဆီသို့ ရောက်ရှိလာသည်။

လမ်းတစ်လျှောက် သဲလွန်စရှာဖွေရင်း သွားလာနေသည့် ရန်ကျောက်ကဲနှင့် ယှဉ်လျှင် တစ်ဖက်လူက ပို၍ပင် လျှင်မြန်လေသည်။

ဆေးသိုလှောင်ရုံပတ်ဝန်းကျင်က အမှောင်ရိပ်များဖုံးလွှမ်းနေသဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ဆက်လက်လေ့လာရန် မဖြစ်နိုင်တော့ပေ။

ယခု ရန်ကျောက်ကဲက ဆေးသိုလှောင်ရုံအပြင်ဘက်တွင် လူတစ်ယောက်ရှိနေကြောင်း မသိမသာ အာရုံခံလိုက်မိသည်။

ထို့နောက်မှာတော့ ထိုသူက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ထိကိုင်လိုက်သည်။

လက်ရှိအချိန်တွင် ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို အပြည့်အဝ မထိန်းချုပ်နိုင််သေးသော်လည်း သူနှင့် ဝိညာဉ်စွမ်းအားဆက်နွယ်မှု အနည်းငယ် ရှိနေဆဲ ဖြစ်သည်။

ယခု တစ်စုံတစ်ယောက်က ထိုမီးပြင်းဖိုကို ထိကိုင်လိုက်သည့်အခါ သူ ချက်ချင်းအာရုံခံစားမိပြီး မီးပြင်းဖိုက အဝေးသို့ရွေ့လျားသွားရန် ရုန်းကန်ကြိုးစားနေကြောင်း သိရှလိုက်သည်။

ဆေးသိုလှောင်ခန်းထဲတွင်ရှိနေသော ရန်ကျောက်ကဲပင်လျှင် လောကကြီးတစ်ခုလုံး မရပ်မနားလည်ပတ်သွားသည့်အလား ခံစားလိုက်ရသည်။

“အဟက်...”

ရန်ကျောက်ကဲ တစ်ချက်ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်က အထက်သို့ လျှင်မြန်စွာ မြင့်တက်လာသည်။

သူက ရေမျက်နှာပြင်ထက်တွင် မျောပါနေသည့်အလား အလင်းဖန်သားပြင်းကို ဖြတ်ကျော်ကာ ဆေးသိုလှောင်ရုံအပြင်ဘက်သို့ ရောက်ရှိသွားသည်။

အလင်းဖန်သားပြင် အပြင်ဘက်သို့ ရန်ကျောက်ကဲ၏ဦးခေါင်း ထွက်ပေါ်လာသည်နှင့် သွေးနီရောင်ဓားအလင်းတန်းတစ်ခု သူ့အ‌ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

“နတ်ဘုရားထောင်ချောက်ဓား...”

ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်းမရှိဘဲ သူ၏ပုံရိပ်တစ်ချက်လင်းလက်သွားပြီး သွေးနီရောင်ဓားအလင်းတန်းတစ်ခု တောက်ပစွာ ထွက်ပေါ်လာသည်။

တူညီသော နတ်ဘုရားထောင်ချောက်ဓားသိုင်းဖြင့်ပင် ရန်သူ၏ ဓားအလင်းတန်းကို ခုခံကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ခြင်း ဖြစ်၏။

သေ‌သေချာချာကြည့်လိုက်တော့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုဘေးတွင် မတ်တတ်ရပ်နေသည့် ဆယ်ကျော်သက်လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုသူက တာအိုဝတ်စုံဝတ်ဆင်ထားသော်လည်း ဆံပင်များကို စည်းနှောင်ထားခြင်း မရှိပေ။ မျက်ဝန်းများက အလွန်တရာ စူးရှတောက်ပလွန်းသည်။

ယခုတော့ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို စိုက်ကြည့်နေသည့် သူ၏မျက်ဝန်းများက ရန်ကျောက်ကဲထံသို့ ပြောင်းရွှေ့သွားသည်။

ရန်ကျောက်ကဲက ခပ်တိုးတိုး တစ်ချက်ရယ်မောရင်း...

“ကောင်းကင်ကိုးထပ်သခင် ဟယ်မြန်...”

သူက ဆက်ပြောသည်။

“မင်း သူများကို နှုတ်ဆက်တဲ့ပုံစံက သိပ်တော့ ကျေနပ်စရာမကောင်းဘူးနော်...”

တာအိုဝတ်စုံဝတ်ဆင်ထားပြီး ဆံပင်များစည်းနှောင်ထားခြင်းမရှိသော ဆယ်ကျော်သက်လူငယ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ လူငယ်မျိုးဆက်များထဲတွင် အလွန်ပါရမီထူးခြားသူဖြစ်သော စန့်ထင်ထိပ်တန်းအရှင်သခင် ၊ “ကောင်းကင်ကိုးထပ်သခင်” ဟယ်မြန် ပင် ဖြစ်သည်။

သူနှင့် ယွီယဲ့တို့က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် မိုးကောင်းကင်မှ မျက်နှာသာပေးသော ပါရမီရှင်များ ဖြစ်ကြသည်။

ရှောင်ကျန့်နတ်ဓားရှင် ‘လုန်ရွှယ်ကျီး’ ပြီးလျှင် ဟယ်မြန်က စန့်ချင်အဆက်အနွယ်များထဲတွင် အထူးချွန်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

ဟယ်မြန်က လုန်ရွှယ်ကျီးထက် ငယ်ရွယ်ပြီး ယွီယွဲ့ထက် အသက်ကြီးသည်။

လွန်ခဲ့သော ရာစုနှစ်များစွာက လုန်ရွှယ်ကျီး အထက်ဘုံကမ္ဘာတွင် အလွန်တရာ နာမည်ကျော်ကြားခဲ့သည်။ အထက်ဘုံကမ္ဘာတွင် လုန်ရွှယ်ကျီး ပြီးသည့်နောက် နာမည်ကျော်ကြားလာသူမှာ ‘ကောင်းကင်သခင်လေး’ ချန်ချန်းဟွာ ဖြစ်သည်။

ထို့နောက်မှာတော့ နတ်ဘုရားများကို တုန်လှုပ်စေသော’နျဲ့’ ဟု နာမည်ကျော်ကြားသော နျဲ့ကျင်းရှန် ထွက်ပေါ်လာသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်တော့ လုန်ရွှယ်ကျီးပြီးလျှင် သူနှင့် သက်တူရွယ်တူများအပေါ် လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် ဟယ်မြန်က နာမည်ကျော်ကြားသည်။

နောက်ပိုင်းမှ ယွီယဲ့ထွက်ပေါ်လာပြီး သူမ၏ နာမည်ဂုဏ်သတင်းသည်လည်း ဟယ်မြန်ကို အမီလိုက်နိုင်လာခြင်း ဖြစ်၏။ ယခုတော့ သူတို့နှစ်ယောက်၏ ကျော်ကြားမှုက တန်းတူရှိနေပေပြီ။

အသက်အရွယ်ကို အခြေခံပြီးကြည့်မည်ဆိုလျှင် ဟယ်မြန်နှင့် ချန်ချန်းဟွာက သက်တူရွယ်တူ နီးပါး ဖြစ်သည်။ ယခုဆိုလျှင် ဟယ်မြန် ထိပ်တန်းအရှင်သခင်ဖြစ်လာသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လုန်ရွှယ်ကျီး နတ်ဘုရားတစ်ပါးဖြစ်လာပြီးနောက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် လောကပထမ သိုင်းသူတော်စင်မှာ ကောင်းရွှယ်ပေါ်မဟုတ်ခဲ့ပေ။

ဟယ်မြန်က လောကပထမသိုင်းသူတော်စင် နေရာကို ရရှိခဲ့သည်။

သူ၏ ဆရာဖြစ်သူက ဟွေလင်တောင်ကြားအရှင်သခင် “တိမ်လွှာဧကရာဇ်” ဟုလူသိများသော “တိမ်လွှာခွင်းဧကရာဇ်” ဖြစ်၏။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သူက ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ နှင့် အဆင့်အတန်း တူညီသူ ဖြစ်သည်။

တိမ်လွှာခွင်းဧကရာဇ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံစတင်တည်ထောင်သည့် အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး လက်ရှိ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ကျန်ရှိနေသော (၂)ပါးထဲတွင် တစ်ပါးအပါအဝင် ဖြစ်၏။

အသက်အရွယ်နှင့် အတွေ့အကြုံအရ သုံးသပ်မည်ဆိုလျှင် သူက ရန်ကျောက်ကဲ၏အဘွား ‘တိချင်းလျန်’ ထက်ပင် အသက်ကြီးပေသည်။

သို့သော် သူက ယခုအချိန်ထိ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့်တွင်သာရှိနေပြီး သမ္မာတရားကပ်ဘေးကို မဖြတ်ကျော်ရသေးပေ။

မည်သို့ပင်ဖြစ်စေ တိမ်လွှာခွင်းဧကရာဇ်တွင် ထိုကပ်ဘေးကို ဖြတ်ကျော်နိုင်သော အရည်အချင်းများ ရှိနေပြီဟု ရန်ကျောက်ကဲ အာရုံခံမိသည်။

ဟယ်မြန်က တိမ်လွှာခွင်းဧကရာဇ်၏ နောက်ဆုံးတပည့် ဖြစ်သည်။ သိုင်းသူတော်စင်အဆင့်မှာပင် အောင်မြင်မှုများအတွက် ချီးကျူးခံရပြီး တိမ်လွှာခွင်းဧကရာဇ်ထက်ပင် သာလွန်သူ ဖြစ်လာသည်။

ဟယ်မြန် လူသားနတ်ဘုရားအဆင့်သို့တက်ရောက်ခဲ့ပြီး ထိပ်တန်းအရှင်သခင်တစ်ပါးဖြစ်လာပြီးနောက် အခြားသောသိုင်းသူတော်စင်အဆင့် ကျင့်ကြံသူများနှင့်တိုက်ခိုက်ရာတွင် တစ်ကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးသည်။

သူရှုံးနိမ့်ခဲ့သူက ‘လုန်ရွှယ်ကျီး’ ဖြစ်၏။

သို့သော် သူတို့တိုက်ခိုက်စဉ်က လုန်ရွှယ်ကျီး လူသားအထွတ်ထိပ်အဆင့်ရောက်သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး ဟယ်မြန်ကတော့ လူသားအထွတ်ထိပ်အဆင့် တက်ရောက်ခါစ ဖြစ်၏။

ဟယ်မြန်နှင့် တိုက်ခိုက်ရသည်မှာ ကျင့်ကြံခြင်းအဆင့်တူညီသူများတွင် ရင်ဆိုင်ရအခက်ဆုံးတိုက်ပွဲဖြစ်ကြောင်း လုန်ရွှယ်ကျီးက ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ကြောင့် တိုက်ပွဲရှုံးနိမ့်သည့်တိုင် ဟယ်မြန်အနေဖြင့် အလွန်တရာ သိက္ခာကျဆင်းသွားခြင်း မရှိပေ။

သို့သော် ဟာသတစ်ခုပမာ ဖြစ်နေသော သူ၏ “ကောင်းကင်ရှစ်ထပ်ထိပ်တန်းအရှင်သခင်” ဆိုသော အမည်ကိုအခြေခံပြီး သူက ဂုဏ်သိက္ခာလုံးဝကျဆင်းသွားခြင်းမရှိသော်လည်း နောင်တစ်ချိန်တွင် လုန်ရွှယ်ကျီးနှင့် ထပ်မံတိုက်ခိုက်ချင်နေဆဲ ဖြစ်သည်။

လုန်ရွှယ်ကျီးက နတ်ဘုရားတစ်ပါးဖြစ်နေပြီဖြစ်သော်လည်း ဟယ်မြန်က သူ၏အရှက်ရသိက္ခာကျခဲ့မှုကို ဖယ်ရှားရန် အခွင့်အရေးကို စောင့်မျှော်နေခဲ့သည်။

ဟယ်မြန်က...

“အထက်ဘုံကမ္ဘာက ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ‘ရန်ကျောက်ကဲ’”

သူတို့နှစ်ယောက်တွေ့ဆုံသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည့်တိုင် ဟယ်မြန်က ရန်ကျောက်ကဲကို သိရှိနေသည်။

သူ၏မျက်လုံးများထဲတွင် သွေးနီရောင်အလင်းတစ်ချက် လင်းလက်သွားပြီး...

“ဒါဖြင့် အဲဒီအချိန်တုန်းက မင်းလက်ထဲကို ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို ရောက်သွားခဲ့တာပေါ့”

“ကံကောင်းပြီး ရသွားတာပါ”

ရန်ကျောက်ကဲက တည်ငြိမ်စွာပင် ဆိုသည်။

“အကြီးအကဲ’ထန်’ နဲ့တခြားသူတွေအတွက် တကယ်စိတ်မကောင်းပါဘူး ၊ ပြီးတော့ မြောက်ဖေးတောင်ထွတ်က အကြီးအကဲတွေအတွက်ရောပေါ့”

ဟယ်မြန်က...

“ငါလည်း သူတို့အတွက် စိတ်မကောင်းဖြစ်ရပါတယ် ၊ ကံကောင်းတာက ငါ အဲဒါကို ပြင်ဆင်ဖို့ အခွင့်အရေး ရှိနေတာပဲ”

ပြောပြီးသည်နှင့် ဟယ်မြန်က လက်ကိုဆန့်ထုတ်ပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ဖမ်းဆုပ်ကိုင်မြှောက်ရန် ကြိုးစားလိုက်သည်။

ရန်ကျောက်ကဲက သူ့ကိုတားဆီးလိုက်ရင်း ပွင့်လင်းစွာပင် စကားဆိုလိုက်၏။

“နတ်မိစ္ဆာမျိုးနွယ်တွေကို အသာထား ၊ အဂ္ဂိရတ်ခန်းမကိုယ်တိုင်က ထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်နေတယ် ၊ အဲဒါက ကိုင်တွယ်ရ လွယ်ကူမှာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“မင်းက ဟွေလင်တောင်ကြားက အဆက်အနွယ်ဖြစ်တဲ့အတွက် ဆရာဦးလေး’လုန်’ ၊ ရွှမ်ဟွမ်ဧကရီတို့နဲ့ မသင့်မြတ်ဘူးဆိုတာ သိပါတယ် ၊ ဒါကြောင့် ငါ့ကို မထီမဲ့မြင်ပြုတာကို ငါနားလည်ပတယ် ၊ ဒါပေမဲ့ ငါတို့အချင်းချင်း ပဋိပက္ခဖြစ်ဖို့ စောလွန်းသေးတယ်လို့ မထင်ဘူးလား”

ဟယ်မြန်က ခေါင်းခါယမ်းရင်း...

“ကျင့်ကြံသူ’ရန်’ အထင်လွဲနေပြီ ၊ အထက်ဘုံကမ္ဘာမှာ မင်းတို့တွေ နှစ်ဖွဲ့ကွဲပြီး ပြဿနာတက်နေတာနဲ့တင် ငါက အရမ်းဝမ်းသာနေပါပြီ ၊ အဲဒီရန်ပွဲက ပိုဆိုးလာလေ ကောင်းလေပဲ ၊ ဒါကြောင့် ငါ မင်းအပေါ် ဘာမှ ရန်ငြိုးထားအမျက်မသိုပါဘူး”

အနည်းဆုံးတော့ ဟယ်မြန်က ရန်ကျောက်ကဲအား လောလောဆယ် ရန်ငြိုးထားမည် မဟုတ်သေးပေ။

သူက ဆက်ပြောသည်။

“ဒီမှာ ဖြစ်နေသမျှကို ဝင်စွက်ဖို့လည်း အစီအစဉ်မရှိဘူး”

“ငါ ဒီကိုလာရတဲ့အကြောင်းရင်းက ရွှမ်ရှောက်ကျိကျင်း မီးပြင်းဖိုကြောင့်ပဲ ၊ အခု ငါ ဒါကိုရပြီဆိုတော့ ငါ့ရည်ရွယ်ချက်အောင်မြင်သွားပြီ ၊ ငါ ထွက်သွားတော့မှာပါ ၊ တခြားပစ္စည်းတွေကို ငါ မလိုချင်ဘူး”

သူက အဝေးသို့လှမ်းကြည့်လိုက်ရင်း ပတ်ဝန်းကျင်တွင် သွေးနီရောင်အလင်းတန်းများ တောက်ပသွားသည်။

“မင်းနဲ့တွေ့ရတာကတော့ စိတ်မကောင်းစရာပဲ”

ရန်ကျောက်ကဲ သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်ရှိစဉ်က တိုက်ပွဲတစ်ပွဲတည်းဖြင့် မိုးမြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

အနက်ရောင်ပိုးသားဧကရာဇ်ကို အနိုင်ယူခဲ့ပြီး ယင်ယန်တောင်နှင့်မြစ်ရေကားချပ် ကိုင်ဆောင်ထားသော ဝမ်ကျန်းချန်ကို သတ်ဖြတ်ပစ်နိုင်ခဲ့သည်။

ဤသတင်းက အထက်ဘုံကမ္ဘာကို တုန်လှုပ်စေရုံသာမက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအပါအဝင် တာအိုဝါဒ စကြာဝဠာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

သာမန်နှင့် အဆင့်နိမ့်ကျင့်ကြံသူများက ထိုအကြောင်းကိုမသိကြသော်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တန်ခိုးစွမ်းအားရှင် ထိပ်တန်း (၁၀)ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်သော ထိပ်တန်းအရှင်သခင် ‘ဟယ်မြန်’ ကတော့ ထိုအကြောင်းကို ကြားဖူးပြီးသားပင်။

စစ်ထိုက်ရှန်းထျန်းအလံမပါရှိသည့် ပိုးသားဧကရာဇ်နှင့် ယင်ယန်တောင်နှင့်မြစ်ရေကားချပ် ကိုင်ဆောင်ထားသော ဝမ်ကျန်းချန်တို့ အတူတကွ တိုက်ခိုက်မည်ဆိုလျှင်တောင် ဟယ်မြန်က လုံးဝ ကြောက်ရွံ့မည် မဟုတ်ပေ။

သို့သော် ယခု သူ့အရှေ့တွင်ရှိနေသော ရန်ကျောက်ကဲက သိုင်းသူတော်စင် နဝမအဆင့်မဟုတ်တော့ကြောင်း သူ ပြောနိုင်သည်။ ထိုအစား ရန်ကျောက်ကဲက သူနှင့် ကျင့်ကြံခြင်းအဆင့်တူညီနေပြီဖြစ်သည်။

သူ၏ သွေးကြောဆုံချက်များအားလုံးက နတ်ဘုရားသိမြင်ခြင်းဖြင့် ပြီးပြည့်စုံသွားပြီဖြစ်ပြီး လူသားနတ်ဘုရားရုပ်ခန္ဓာတွင် ပြီးပြည့်စုံသည့် စကြာဝဠာတစ်ခု ဖြစ်တည်နေပြီဖြစ်သည်။

ယခု ရန်ကျောက်ကဲက သေချာပေါက် ‘ထိပ်တန်းအရှင်သခင်’ တစ်ယောက် ဖြစ်နေလေပြီ။

ဤမျှ တိုတောင်းသောအချိန်အတွင်း ရန်ကျောက်ကဲ သိုင်းသူတော်စင် ဒဿမအဆင့်သို့ရောက်ရှိရန် မဖြစ်နိုင်ကြောင်း သူ ခံစားရသည်။

သို့သော် အမှန်တရားက သူ့အရှေ့တွင် ရှိနေပေပြီ။

သေချာသည်မှာ သူ့အရှေ့မှ ရန်ကျောက်ကဲမှာ အနက်ရောင်ပိုးသားဧကရာဇ်ကို အနိုင်ယူပြီး ဝမ်ကျန်းချန်ကို သတ်ဖြတ်ခဲ့သော ရန်ကျောက်ကဲထက် ပိုမိုအားကောင်းနေမည်မှာ သေချာပေသည်။

သို့တိုင် ဟယ်မြန်က တစ်ချက်ယိမ်းယိုင်ခြင်း မရှိပေ။

ရန်ကျောက်ကဲကိုကြည့်ရင်း သူ့မျက်ဝန်းထဲမှ အနီရောင်အလင်းတန်းများ ပိုလို့တောက်ပလာသည်။

ရန်ကျောက်ကဲ ပခုံးတစ်ချက်တွန့်ရင်း သူ့ကို ပြုံးပြလိုက်၏။

“ငါ နောက်နေတာမဟုတ်ဘူး ၊ မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်”

သူက ဆက်ပြောသည်။

“ငါ တခြားသူတွေနဲ့တိုက်နေတုန်း မင်း ငါ့ကိုအလစ်ချောင်းတိုက်ခိုက်တာက မင်း ငါ့ကိုအနိုင်ရဖို့ အခွင့်အရေးပိုများမယ် ထင်တယ်”

ထိုစကားကြားတော့ ဟယ်မြန်၏ စွမ်းအားရောင်ဝါများ ပြင်းထန်လာသည်။

“ကျင့်ကြံခြင်းအဆင့်တူညီတဲ့သူအချင်းချင်းကို ငါက သတ္တိကြောင်ပြီး အဲဒီလိုလုပ်ရမယ်ဆိုရင် ငါ့ကိုယ်ငါပဲ သတ်သေလိုက်မယ်”

သူက ဆက်ပြောသည်။

“’ရန်’ သခင်လေးရဲ့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုလာတုန်းက အချင်းချင်း မဆုံဖြစ်ကြတာ နှမျောစရာပြ ၊ အခုကတော့ ငါတိ့အတွက် အချိန်ကောင်းပါပဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

သူက တည်ငြိမ်စွာပင် ဟယ်မြန်ကိုကြည့်လျှက် ခေါင်းတစ်ချက်ညိတ်ရင်း...

“အိုး ဟုတ်လား”

ထို့နောက် သွေးနီရောင်ဓားအလင်းတန်းတစ်ခု လင်းလက်သွားပြီး ရန်ကျောက်ကဲက ချက်ချင်းပင် ဟယ်မြန်ကိုကျော်ဖြတ်ပြီး ရွှမ်ကျောက်ကျိကျင်းမီးပြင်းဖိုထက်သို့ ရောက်ရှိသွားလေတော့၏။

All Chapters