မင်းရဲ့နာမည်ကို ‘ကောင်းကင်ခုနစ်ထပ်ထိပ်တန်းအရှင်သခင်’ လို့သာ ပြောင်းလိုက်တော့
Vol. 89 Ch. 1251
အခန်း (၁၂၅၁) မင်းရဲ့နာမည်ကို ‘ကောင်းကင်ခုနစ်ထပ်ထိပ်တန်းအရှင်သခင်’ လို့သာ ပြောင်းလိုက်တော့
“ငါတို့အချင်းချင်း မတွေ့ဖူးဘူးတဲ့လား ၊ ငါတော့ အဲဒီလိုမထင်ဘူး”
စကားသံနှင့်အတူ ရန်ကျောက်ကဲက ချက်ချင်းပင် ဟယ်မြန်နံဘေးသို့ ရောက်ရှိသွားသည်။
“မင်းတို့ဂိုဏ်းက တပည့်တွေရဲ့နောက်ကျောမှာ မင်းနဲ့မင်းဆရာ တိမ်လွှာဧကရာဇ်အတွက် စာလုံးအချို့ ရေးပေးလိုက်တယ်လေ ၊ အင်း... ငါတို့ တစ်ကြိမ်ဆုံဖူးပါတယ်လေ”
“ဒါပေမဲ့ အခုလောက်တော့ အနီးကပ်မဟုတ်ဘူးပေါ့”
စကားပြောနေရင်း ရန်ကျောက်ကဲက လက်ကိုဆန့်ထုတ်ပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် နောက်ဆုတ်သွားသော ဟယ်မြန်၏ပုံရိပ်က ရပ်တန့်သွားသည်။
“ငါတို့အချင်းချင်း မတိုက်ခိုက်ဖူးသရွေ့ မတွေ့ဖူးဘူးလို့ပဲ သတ်မှတ်ကြတာပေါ့”
ဟယ်မြန်၏မျက်ဝန်းများထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပသွားပြီးနောက် ခရမ်းရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် အချိန်ကာလအပိုင်းအခြားကို အရေးမစိုက်သည့် သွေးနီရောင်အလင်းတန်းတစ်ခုက ရန်ကျောက်ကဲရှေ့တွင် ချက်ချင်းပေါ်လာသည်။
ဟယ်မြန် ဓားထုတ်လိုက်သည်နှင့် ဓားအလင်းတန်းများက အဆုံးမရှိ အဆက်မပြတ် ထွက်ပေါ်လာပြီး ဗလာနယ်ထောင့်တိုင်းတွင် သွေးနီရောင်ဓားအလင်းတန်းများဖြင့် ပြည့်နက်သွားသည်။
တစ်ချိန်တည်းမှာပင် များပြားလှစွာသော ဓားအလင်းတန်းများက ရန်ကျောက်ကဲထံသို့ ကျရောက်လာသည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းပဲ... ၊ တကယ်တော့ အဲဒါက မင်းအတွက် အသုံးမဝင်ပါဘူး ၊ မင်းကိုယ်တိုင်လုပ်ထားတဲ့ဓားတစ်လက်ဆိုရင်တော့ လက်ဗလာနဲ့တိုက်ခိုက်တာထက်ဆာရင် အများကြီး ပိုကောင်းပါတယ်”
သူက ဆက်ပြောသည်။
“မင်း ဓားထုတ်ပြီးတိုက်မယ်ဆိုရင် ငါကလည်း ဓားကိုင်ထားတဲ့မင်းကို လက်ဗလာနဲ့မထီမဲ့မြင်ပြုမှာ မဟုတ်ပါဘူး”
ထို့နောက် သူက လက်တစ်ဖက်ဖြင့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ဖမ်းဆုပ်လိုက်ပြီး အခြားလက်တစ်ဖက်ကိုပင့်မြှောက်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ဗလာနယ်စကြာဝဠာတစ်ခုလုံးတွင် ရန်ကျောက်ကဲ၏ လက်သီးချက်များဖြင့် ပြည့်နက်သွားသည်။
သွေးနီရောင်ဓားအလင်းတန်းတစ်ခု တောက်ပလာတိုင်း သံမဏိလက်သီးက ထိုအရာထက်သို့ ကျရောက်လာပြီး ဓားအလင်းတန်းကို ဖျက်ဆီးပစ်လိုက်သည်။
ဓားအလင်းတန်းများစွာ တောက်ပလာသောအခါ လက်သီးချက်များစွာက ထိုဓားအလင်းတန်းများကို ထိုးခွင်းဖျက်ဆီးပစ်လိုက်သည်။
တိုက်ပွဲမစတင်ခင်မှာပင် အဖြေကထွက်နေပြီ ဖြစ်၏။
ဟယ်မြန်က နတ်ဘုရားထောင်ချောက်ဓားသိုင်းအပေါ်နားလည်မှု အလွန်တရာနက်ရှိုင်းသည်။ သူ၏ဓားက ဗလာနယ်ကိုပင် ခုတ်ပိုင်းနိုင်စွမ်း ရှိသည်။
ဓားအလင်းဖြတ်သန်းသွားရာနေရာတိုင်းတွင် ရန်သူက မည်သည့်နေရာတွင်ရှိနေပါစေ လွတ်မြောက်နိုင်မည်မဟုတ်သလို ရန်သူက မည်မျှလျှင်မြန်ပါစေ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲ၏လက်သီးချက်က ဓားသွားထွက်ပေါ်လာသည့်နေရာတိုင်းတွင် ကြိုတင်ရောက်ရှိနေပြီး လက်သီးတစ်ချက်ဖြင့် အရာအားလုံးကို ပြိုကွဲပျက်သုဉ်းသွားစေသည်။
နတ်ဘုရားထောင်ချောက်ဓားသိုင်းကိုယ်တိုင်က ဗလာနယ်ကန့်သတ်ချက်များကို လျစ်လျူရှုပြီး အချိန်ကိုကျော်လွန်သွားသည်ဖြစ်ရာ အရှိန်အဟုန်အရာတွင် မည်သည့်အရာကမှ မယှဉ်ပြိုင်နိုင်ပေ။
သို့သော် ရန်ကျောက်ကဲ၏ လက်သီးချက်ကတော့ အချိန်၏သဘောတရားကို ပျက်သုဉ်းသွားစေသည့် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုမှ ထွက်ပေါ်လာဟန် ရှိသည်။
ထိုလက်သီးချက်များက စကြာဝဠာမစတင်မီ သို့မဟုတ် စကြာဝဠာအဆုံးသတ်မှာပင် တည်ရှိနေသကဲ့သို့ ထင်မှတ်ရသည်။
ယခု ဟယ်မြန်ခံစားလိုက်ရသည်မှာ သူ၏ဓားကို ထုတ်လိုက်ချိန်မှာပင် တစ်စုံတစ်ယောက်က ဓားရိုးကိုလက်သီးနှင့်ထိုးပြီး ဓားအိမ်ထဲပြန်သွင်းလိုက်သည့် ခံစားချက်မျိုး ဖြစ်၏။
ကမ္ဘာ့အမြန်ဆုံးဓားကို ‘မြန်သည်’ ‘နှေးသည်’ ဆိုသော ဝေါဟာရများဖြင့် အသုံးပြုဖော်ပြရန် မဖြစ်နိုင်ပေ။ သို့သော် ယခုတော့ ထိုဓားက ဓားအိမ်ထဲကထွက်မလာအောင်ပင် ထိုးနှက်ခံရပြီ ဖြစ်သည်။
“ရှန်းထျန်းဝူထိုက်ရဲ့ ထိုက်ယိ...”
ဟယ်မြန် ရေရွတ်လိုက်သည်။
သူ၏မျက်ဝန်းထဲမှ သွေးနီရောင်အလင်းတန်းများက ပို၍ပင် ပြင်းထန်လာသည်။
အဆုံးသတ်မှာတော့ သူက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို လက်လွှတ်လိုက်ရသည်။ သို့သော် ပြန်လည်ဆုတ်ခွာရန် ရည်ရွယ်ချက် မရှိသေးပေ။
တာအိုဝတ်စုံကိုဝတ်ဆင်ထားပြီး ဆံပင်များကို စည်းနှောင်ထားခြင်းမရှိသည့် ဆယ်ကျော်သက်လူငယ်မှာ လေထဲတွင်လှည့်ပတ်သွားပြီး အစိမ်းရောင်ဓားအလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ထိုအစိမ်းရောင်ဓားအလင်းတန်းများက သွေးနီရောင်ဓားအလင်းတန်းကို ဝါးမျိုသွားပြီး ဗလာနယ်တစ်ခုလုံး တောက်ပသွားစေကာ နောက်ဆုံး ရန်ကျောက်ကဲ၏ ထိုက်ယိလက်သီးသိုင်းကို ရှောင်တိမ်းလိုက်သည်။
ဟယ်မြန်က နတ်ဘုရားထောင်ချောက်ဓားသိုင်းအပြင် နတ်ဘုရားသုတ်သင်ဓားသိုင်းကိုလည်း တတ်မြောက်ထားသေးသည်။
လင်ပေါင်ဓားသိုင်း (၄)မျိုးတွင် ထိပ်ဆုံးဖြစ်သော ‘နတ်ဘုရားသုတ်သင်ဓားသိုင်း’ ။
တစ်ချက်တည်းဖြင့် သိုင်းပညာရပ်အားလုံးကို ချိုးဖျက်နိုင်စွမ်းရှိပြီး အသေင်္ချသောတာအိုတရားများကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
သူ၏ဓားသိုင်းက ရန်ကျောက်ကဲ၏ ထိုက်ယိလက်သီးသိုင်းကို ချိုးဖျက်နိုင်ခြင်းမရှိသော်လည်း ရန်ကျောက်ကဲ၏လက်သီးချက် အစိမ်းရောင်ဓားအလင်းတန်းနှင့် ထိတွေ့မိတိုင်း အချိန်ရေစီးကြောင်းတစ်ခု ထွက်ပေါ်လာစမြဲ ဖြစ်၏။
စီးဆင်းနေသည့် အချိန်ရေစီးကြောင်းထဲမှ သွေးနီရောင်ဓားအလင်းတန်းများ ပျံသန်းထွက်ပေါ်လာသည်။
“မဆိုးဘူး... မင်းက နတ်ဘုရားသုတ်သင်ဓားသိုင်းကို ကျင့်ကြံနိုင်ရုံသာမက နတ်ဘုရားထောင်ချောက်ဓားသိုင်းနဲ့လည်း ပေါင်းစပ်အသုံးပြုနိုင်စွမ်းရှိတယ် ၊ လောကတစ်ခွင်နာမည်ကျော်ကြားတယ်ဆိုတာ အလကားမဟုတ်ဘူးပဲ”
ရန်ကျောက်ကဲ ချီးကျူးစကားဆိုလိုက်သည်။
စန့်ချင်အဆက်အနွယ်၏ နတ်ဘုရားသုတ်သင်ဓားသိုင်းနှင့် ယွိချင်အဆက်အနွယ်၏ ကောင်းကင်ဖွင့်ကျမ်းစာတို့က ကျင့်ကြံရန် မလွယ်ကူလှပေ။
ကျင့်ကြံသူတစ်ယောက်၏ အရည်အချင်းမလုံလောက်ပါက ထိုကျင့်စဉ်များကို ကျင့်ကြံနိုင်ဖို့ဝေးစွ အသက်အန္တရယ်ထိခိုက်ကာ ဝိညာဉ်ပင် အက်ကွဲသွားနိုင်သည်။
ဟယ်မြန်က နတ်ဘုရာသုတ်သင်ဓားသိုင်းကို အောင်မြင်စွာကျင့်ကြံထားသလို နတ်ဘုရားသုတ်သင်ဓားသိုင်းနှင့် နတ်ဘုရားထောင်ချောက်ဓာသိုင်းကို တစ်ချိန်တည်းတွင် ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိသည်။
ဤအချက်တစ်ချက်တည်းဖြင့်ပင် လူငယ်ပါရမီရှင်ဟု ခေါ်ဆိုထုက်ပေသည်။
ထိုသို့ပြုလုပ်နိုင်ခြင်းအတွက် သူ၏မျက်နှာထက်တွင်တော့ ဂုဏ်ယူသည့်အရိပ်အယောင်တစ်ခုမှ ရှိမနေခဲ့ပေ။ ထိုအစား တည်ကြည်လေးနက်မှုနှင့် အာရုံစူးစိုက်မှုတို့သာ ရှိနေခဲ့သည်။
သူက ဓားကွက်ထုတ်ဖော်လိုက်သည်နှင့် မရေမမတွက်နိုင်သော သွေးနီရောင်ဓားအလင်းတန်းများက နေရာတိုင်းတွင် မြင့်တက်လာသည်။
ထိုဓားအလင်းတန်းများက တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားပြီး အစည်းအနှောင်တစ်ခုပမာ စုစည်းသွားကာ အပိုင်းအစတစ်ခုအဖြစ် စုပေါင်းသွားသည်။ ထို့နောက် ချက်ချင်းပင် ကြီးမားသည့် ဓားအစီအရင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ဓားအစီအရင်ထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲကို အစီအရင်ထဲတွင် ပိတ်ဆို့ထားလိုက်တော့သည်။
ဓားအစီအရင် အသက်ဝင်လာသည်နှင့် အဂ္ဂိရတ်ခန်းမအတွင်းမှ စကြာဝဠာ၏ ထောင့်နေရာတိုင်းက မရှိမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက...
“ဟွေလင်တောင်ကြားက ဓားသိုင်းက ဓားအစီအရင်နဲ့ပေါင်းစပ်ထားတာလို့ ကြားဖူးတယ် ၊ ပြောကြတာတော့ အရမ်းလေးနက်တယ်လို့ဆိုတယ် ၊ အခု လက်တွေ့မြင်ရတော့မှ တကယ်ပဲ နာမည်ဂုဏ်သတင်းနဲ့ညီတယ်ဆိုတာ သိရတော့တယ်”
ရန်ကျောက်ကဲ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
ထို့နောက် ချက်ချင်းပင် သိသာထင်ရှားပြီး ပြင်းထန်သော တန်ခိုးစွမ်းအားများက သွေးနီရောင်ဓားအစီအရင်အတွင်းမှ ပေါက်ကွဲထွက်လာသည်။
ရန်ကျောက်ကဲ၏အနောက်ဘက်တွင် အလင်းရောင် (၁၂)ခုလှည့်ပတ်ပြီး လက်သီးချက်ပစ်လွှတ်လိုက်ချိန်တွင် မှိန်ဖျော့သည့် ပရမ်းပတာအလင်းရောင်က တုန်ခါလာပြီး အမှောင်ထုပျောက်ကွယ်သွားကာ အဆုံးမရှိသော အလင်းရောင်သာ ကျန်ရစ်ခဲ့သည်။
ထို့နောက်မှာတော့ အလင်းရောင်အက်ကွဲသွားပြီး မဟာတာအို ပြိုကျသွားသည်။
အလွန်တရာပြင်းထန်သော ‘ကြေမွတောက်လောင်လက်သီးသိုင်း’ က ဆက်တိုက်ဆိုသလို အတွင်းထဲမှ ပေါက်ကွဲထွက်သွားပြီး ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားများက လှိုင်းလုံးပမာ လွင့်စင်ထွက်လာသည်။
ရန်ကျောက်ကဲအား ပိတ်ဆို့ထားသည့် ဟယ်မြန်၏ ဓားအစီအရင်မှာ လေပူဖောင်းပမာ ဖောင်းပွသွားပြီး ပေါက်ကွဲထွက်သွားသည်။
ရန်ကျောက်ကဲ၏လက်သီးချက်က လျှင်မြန်ခြင်းမရှိသလို နှေးကွေးခြင်းလည်း မရှိပေ။ ထိုလက်သီးချက်က ဟယ်မြန်ဆီသို့ ပြတ်သားစွာ ဝင်ရောက်လာသည်။
ဟယ်မြန်၏မျက်နှာက တည်ကြည်လေးနက်သွားသည်။
သူ၏ ဘယ်လက်မှ ဓားစည်းတံဆိပ်တစ်ခု ထွက်ပေါ်လာပြီး ရင်ဘတ်ရှေ့သို့ရောက်ရှိသွားကာ ညာလက်၏ လက်ညိုးနှင့်လက်ခလယ်က ဓားသွားပမာ အရှေ့ဆီသို့ ညွှန်ပြလိုက်၏။
သွေးနီရောင်ဓားအလင်းတန်းတောက်ပလာပြီး အစိမ်းရောင်ဓားအလင်းတန်း တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။
ထို့ပြင် ပါးလွှာသည့်ချည်မျှင်ပမာ အနက်ရောင်ဓားချီသည်ပင် ရောယှက်လျှက် ပါရှိနေသေးသည်။
နတ်ဘုရားသတ်ဖြတ်ဓားသိုင်း။
လင်ပေါင်ဓားသိုင်း (၄)မျိုးတွင် ဟယ်မြန်က နတ်ဘုရားသုတ်သင်ဓားသိုင်းနှင့် နတ်ဘုရားထောင်ချောက်ဓားသိုင်းကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့သည်သာမက နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကိုလည်း ကျင့်ကြံနိုင်ခဲ့သည်။
ထို့ပြင် သူက ဓားသိုင်း (၂)မျိုး အတူတကွ အသုံးပြုနိုင်ရုံသာမက ဓားသိုင်း (၃)မျိုးကိုလည်း အတူတကွ ပေါင်းစပ်အသုံးပြုနိုင်စွမ်း ရှိသည်။
သတ်ဖြတ်ခြင်း ၊ သုတ်သင်ခြင်းနှင့် ထောက်ချောင်ဟူသော ဓားသိုင်း (၃)မျိုးကို အတူတကွ ပေါင်းစည်းထားသည်။
အဆုံးမရှိသော ရက်စက်ကြမ်းတမ်းမှုနှင့် ထက်ရှမှုက မြင့်တက်လာပြီး မိုးမြေတစ်ခွင်သည်ပင် ကပ်ဘေးသက်ရောက်သည့်ပမာ ဆိတ်သုဉ်းတစပြင်အဖြစ် ပြောင်းလဲသွားသည်။
“မအံ့သြတော့ပါဘူး မအံ့သြတော့ပါဘူး”
ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်အား တည်ငြိမ်အောင်ထိန်းထားလျှက် လက်သီးတစ်ချက်ပစ်လွှတ်ရင်း ချီးကျူးလိုက်သည်။
“ကောင်းကင်ရှစ်ထပ်ထိပ်တန်းအရှင်သခင်ဆိုတဲ့နာမည်ကို ထိန်းသိမ်းထားနိုင်တာ အံ့သြစရာမရှိတော့ပါဘူး ၊ ဆရာဦးလေး’လုန်’ ကို နောက်တစ်ကြိမ်စိန်ခေါ်ဖို့အတွက် မင်းမှာ တကယ်အရည်အချင်းရှိပါတယ်”
ထိုအချိန် ရန်ကျောက်ကဲ၏လက်သီးထက်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
သွေးနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် မြင့်တက်လာပြီး တောက်ပသည့်အလင်းရောင်က မှိန်ဖျော့သွားကာ အနီရင့်ရောင်အဖြစ်ပြောင်းလဲသွားပြီး ပိုမိုကြမ်းတမ်းခက်ထန်လာသည်။
ရန်ကျောက်ကဲ၏လက်သီးထက်တွင် အနီရင့်ရောင်အလွှာတစ်ခု ဖုံးလွှမ်းနေပုံရသည်။
သူ လက်သီးချက်ထိုးနှက်လိုက်သည့်အခါ လက်သီးသိုင်းဝိညာဉ်ထဲတွင် နတ်ဘုရားထောင်ချောက်ဓားဝိညာဉ်ပါ တစ်ခါတည်းပါရှိသွားသည်။
ခဏအတွင်းမှာပင် အနက်ရောင်ဓားချီများ ထွက်ပေါ်လာပြီး ထို ပါးလျသည့် ချီစွမ်းအားများက ရန်ကျောက်ကဲ၏လက်တွင် တင်းကျပ်စွာ ရစ်နှောင်သွားသည်။
ပါးလွှာသည့်ချည်မျှင်က ဗလာနယ်ကိုဖြတ်သန်းသွားပြီး များပြားလှစွာသော အသက်ဓာတ်စွမ်းအားများကို သုတ်သင်ဖြတ်တောက်ပစ်လိုက်သည်။
များပြားလှစွာသော အနက်ရောင်ကြိုးမျှင်များ တစ်ခုနှင့်တစ်ခု ဖြတ်သွားပြီး မရဏချီစွမ်းအားများက တဟုန်ထိုး ထွက်ပေါ်လာသည်။
နောက်ဆုံးတွင် အနက်ရောင်ချည်မျှင်နှင့် သွေးနီရောင်အလင်းတန်းအပြင် အစိမ်းရောင်ဓားဝိညာဉ်ပါ ထွက်ပေါ်လာသည်။
ထိုအရာက ပြိုင်ဘက်ကင်းပြီး ပျက်ဆီးနိုင်ခြင်း မရှိပေ။
အစိမ်းရောင်ဓားအလင်းတန်းက စကြာဝဠာ၏နိယာမများကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်ပြီး ထိုအရာများအားလုံး တည်ရှိခြင်း မရှိတော့ပေ။
ဟယ်မြန်၏မျက်ဝန်းထဲမှ သွေးနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး သူ၏မျက်နှာထက်တွင် တုန်လှုပ်ခြောက်ခြားသောအမူအရာ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏လက်သီးချက်များတွင် ဓားဝိညာဉ်ပါရှိလေရာ လက်သီးဟုပြောရမည်လား ဓားဟုပြောရမည်လား ခက်ခဲလှသည်။
သူ၏တိုက်ခိုက်မှုသည်လည်း ဟယ်မြန်ကဲ့သို့ပင် လင်ပေါင်ဓားသိုင်း (၃)မျိုး ပေါင်းစည်းထားခြင်းပင် ဖြစ်၏။
ရန်ကျောက်ကဲက...
“မင်းနဲ့ ဆရာဦးလေး’လုန်’ ထပ်တိုက်တာက အရေးမကြီးဘူး ၊ ဒီနေ့ကစပြီး မင်းရဲ့ ‘ကောင်းကင်ရှစ်ထပ်ထိပ်တန်းအရှင်သခင်’ ဆိုတဲ့နာမည်ကို ‘ကောင်းကင်ခုနစ်ထပ်ထိပ်တန်းအရှင်သခင်’ လို့သာ ပြောင်းလိုက်တော့”
နတ်ဘုရားသုတ်သင်ဓားသိုင်း ၊ နတ်ဘုရားသတ်ဖြတ်ဓားသိုင်း ၊ နတ်ဘုရားထောင်ချောက်ဓားသိုင်း။
ဓားသိုင်း (၃)မျိုးနှင့် ဓားသိုင်း (၃)မျိုး ရင်ဆိုင်ခြင်း။
ရန်ကျောက်ကဲက ဟယ်မြန်၏ ကပ်ဘေးပမာ ကြောက်မက်ဖွယ်ရာဓားသိုင်းကို ပြင်းထန်စွာ ဖိနှိပ်ထားလိုက်သည်။
ထို့နောက် ဓားဝိညာဉ်အချင်းချင်း ဖြတ်တောက်လိုက်ချိန် သူ၏လက်သီးချက်က ပုဆိန်တစ်လက်ပမာ ပြောင်းလဲသွားသော်လည်း ပုဆိန်တစ်လက်မဟုတ်ပေ။ လှံသွားနှင့်တူသော်လည်း လှံသွားမဟုတ်ပေ။
ထိုအရာက သူ့အရှေ့မှ ကြောက်မက်ဖွယ်မုန်တိုင်းအား ဓားသွားဖြင့် ပဲပြားကိုလှီးဖြတ်လိုက်သည့်ပမာ တိခနဲ ခုတ်ပိုင်းချလိုက်လေ၏။
ရန်ကျောက်ကဲ၏လက်သီးချက်က ဟယ်မြန်ကို ထိမှန်သွားပြီး စန့်ချင်အဆက်အနွယ်မှ ပါရမီရှင်လူငယ်သည် နောက်သို့ လွင့်စင်ထွက်သွားလေတော့သည်။