အခန်း (၄၅၁)
Vol. 30 Ch. 451
အံ့သြသည့်အော်သံတစ်ချို့ထွက်ပေါ်လာပြီး ဂရစ်ဖင်ကောင်များ၏အလောင်းများနှင့်အတူ လူတစ်ချို့ကောင်းကင်ပေါ်မှ ပြုတ်ကျလာ၏။ ဂရစ်ဖင်ကောင်ပေါ်မှပြုတ်ကျသည့် တစ်ချို့လူများသည် ထိန်းချုပ်နိုင်သည်အသွင်ပြင်နှင့် အောက်သို့ဆင်းသက်သွားကြ၏။ လအဆင့်ရှိသည့် စစ်သည်များသာလျှင် ဤကဲ့သို့ဆင်းသက်နိုင်ကြ၏။ သူတို့သည် အမှောင်ထုထဲတွင်ပျောက်ကွယ်သွားကြသော်လည်း မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ရှိနေဆဲပင်။
ဤအခိုက်တန့်တွင် မည်သူမှ ထိုလူများကို အာရုံစိုက်နေကြခြင်းမရှိပေ။ အာရုံစိုက်မှုများအားလုံးသည် တော်၀င်နန်းတော်အတွင်းမှ ပျံသန်းလာသည့် ရွှေရောင်နဂါးများထံသို့သာရောက်ရှိနေကြ၏။ ထည်၀ါသည့်ဖြစ်တည်မှုနှင့်ကြောက်မက်ဖွယ်ကောင်းသည် စွမ်းအားများသည် ဇီးနစ်အင်ပါယာမှစစ်သည်များကို ထိတ်လန့်အံ့သြသွားစေ၏။ တစ်ချို့အားနည်းသည့်စစ်သည်များဆိုလျှင် မြေပြင်ပေါ်တွင် ဒူးထောက်လျှက်ကျသွားကြ၏။
ဤကဲ့သို့ နဂါးများ၏စိုးမိုးနိုင်သောအရှိန်၀ါသည် ဇီးနစ်အင်ပါယာမှစစ်သည်များကို ကိုးကွယ်လိုစိတ်များပင် ကိန်းအောင်းလာစေ၏။
လူအများစုပြန်လည်သတိရလာသည့်အချိန်တွင် ရွှေရောင်နဂါးများသည် အ၀ေးသို့ ပျံသန်းသွားကာ ရွှေရောင်အလင်းစက်လေးများအဖြစ်သို့ပြောင်းလဲသွားနေပြီဖြစ်သည်။ မကြာမှီတွင် အရာအားလုံးပျောက်ကွယ်သွားပြီး ဖြစ်ခဲ့သမျှသည် အိမ်မက်ဟုပင်ထင်ရတော့၏။ သို့သော် ရွှေရောင်နဂါးများပျောက်ဆုံးသွားသည့်တိုင်အောင်စိုးမိုးနိုင်သည့်အရှိန်၀ါများသည် လေထဲတွင်ရှိနေဆဲပင်။
“ဒါက...[နဂါးလက်သီး]လား...” တစ်စုံတစ်ယောက်မှ ညင်သာစွာဖြင့် တီတိုးပြောလိုက်သည်။ သူသည် အိပ်ပျော်နေရင်းဖြင့် ထယောက်နေသကဲ့သို့ပင်။
ဖှေး ထိတ်လန့်သွားပြီး အသံလာရာအရပ်ထံသို့ လှည့်ကြည့်လိုက်သည်။ ပြောလိုက်သည့်လူမှာ မဟာဘုရားကျောင်းအဖွဲ့ထဲမှ အဖိုးကြီးတစ်ယောက်ပင်။ သူ၏အိုမင်းရွတ်တွနေသည့်မျက်နှာပေါ်တွင် ထိတ်လန့်အံ့သြနေခြင်းကို ဖုံးကွယ်ထား၍မရပေ။ တကယ်တန်းတွင် လေးစားမှုနှင့် ကြောက်လန့်နေသည့် ခံစားချက်တစ်ချို့ပါရောထွေးနေ၏။
“နဂါး လက်သီး...”
“နဂါး လက်သီး...”
ဤစကားလုံးနှစ်လုံးသည် လူတိုင်းကိုများစွာထိတ်လန့်အံ့သြသွားစေ၏။ ကောင်းကင်ပေါ်တွင်ရှိနေသည့် ရွှေရောင်နဂါးများထက်ပင် ပို၍ ထိတ်လန့်အံ့သြဖွယ်ကောင်းသည့်အတွက်ပင်။
ဤစကားလုံးနှစ်လုံး၏ အဓိပ္ပါယ်ကို လူတိုင်းသိကြသည်။ ဤစကားလုံးနှစ်လုံးမည်သည့်အရာကို ကိုယ်စားပြုသည်ကိုလည်း လူတိုင်းသိကြ၏။
ဤသည်မှာ ယှဥ်ပြိုင်၍မရနိုင်သည့် ဒဏာရီတစ်ခုပင်။ အရှင်ခင်တစ်ဦး၏ ဒဏာရီတစ်ခုဖြစ်သည့်အတွက်ပင်။
အင်ပါယာအရှင်သခင် ယရှင်းပင်။
လွန်ခဲ့သည့် ၂၆နှစ်တာကာလလုံး နေအဆင့်ခွဲသိုင်းကွက်တစ်ခုဖြစ်သည့် နဂါးလက်သီးကို ဖန်တီးလေ့ကျင့်ခဲ့သည့် ယရှင်းသည် ဇီးနစ်အင်ပါယာ၏ ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး စပါတပ်အင်ပါယာ၏ အိမ်မက်ဆိုးတစ်ခုပင်။
လွန်ခဲ့သည့်ကာလပတ်လုံး သူနာမကျန်းဖြစ်နေသည်ဟူသည့် သတင်းမှာ ပြန့်နှံ့လျှက်ရှိနေပြီး အဖွဲ့၀င်တိုင်းပြည်များ စစ်ရေးလေ့ကျင့်မှုအား တက်ရောက်ရန်ပျက်ကွက်ခဲ့မှုသည် ဤသတင်းမှန်ကန်ကြောင်းကို သက်သေထူနေသကဲ့သို့ပင်။
သို့သော် ယခုအချိန်တွင် နဂါးလက်သီးသည် အစွယ်ဖြဲပြလိုက်ပြီဖြစ်သည်။
ဤသည်မှာ အင်ပါယာအရှင်သခင်ယရှင်းသည် လူတိုင်းပြောနေသကဲ့သို့ နာမကျန်းဖြစ်နေသည်ဆိုသည်မှာ မဟုတ်ကြောင်းကို ကိုယ်စားပြုနေ၏။
ခါဆစ်ကိုယ်တိုင်ပင် ရွှေရောင်နဂါးများတွင်ပါရှိသည့် စွမ်းအားအရှိန်၀ါများကို ခုခံနိုင်ခြင်းမရှိသည့်အတွက် နာမကျန်းဖြစ်ကာ သေခါနီးဖြစ်နေသူတစ်ယောက်သည် ဤကဲ့သို့အစွမ်းမျိုးရှိနေလိမ့်မည်မဟုတ်သောကြောင့်ပင်။
ဇီးနစ်အင်ပါယာမှ စစ်သည်များအားလုံးလိုလိုပင် အော်ဟစ်ကာ သူတို့၏ခံစားချက်ကို ထုတ်ဖော်ပြသလိုနေ၏။
“အင်ပါယာအရှင်သခင်ယရှင်းက နာမကျန်းဖြစ်နေတယ်ဆိုတာမဟုတ်ဘူး...” ဤသတင်းသည် ဓားတောင်ပေါ်တွင်ရှိနေသည့် လူများအတွက် ၀မ်းသာစရာသတင်းတစ်ခုပင်။ အကယ်၍ အင်ပါယာအရှင်သခင်ယရှင်းသာ အကောင်းပတိဖြစ်နေပါက ဇီးနစ်အင်ပါယာအား ကျူးကျော်ကြလိမ့်မည်မဟုတ်သောကြောင့်ပင်။
ဤအင်ပါယာအရှင်သခင်သည် သူ၏လက်သီးကိုသာအသုံးပြု၍ အင်ပါယာတစ်ခုလုံးကို ကာကွယ်စောင့်ရှောက်နိုင်၏။
နဂါးလက်သီးသိုင်းကွက်ကို မည်သူမှမခုခံနိုင်သကဲ့သို့ပင် မည်သူမှ အင်ပါယာအရှင်သခင်ယရှင်း၏ ခမ်းနားထည်၀ါမှုကို စိန်ခေါ်၍မရနိုင်ပေ။
အင်ပါယာအရှင်သခင်ယရှင်း၏ ကျန်းမာရေးအခြေအနေသတင်းပြန့်နှံ့သွားပါက စပါတပ်အင်ပါယာသည်လည်း သူ၏တပ်ဖွဲ့များကို ချက်ချင်းပြန်လည်ရုတ်သိမ်းသွားမည်ဟု လူတိုင်းယုံကြည်ကြသည်။
“ဖွီး...”
လူတိုင်း နဂါးလက်သီး၏ ခမ်းနားထည်၀ါမှုကြောင့်မင်သက်နေသည့်အချိန်မှာပင် ရုတ်တရက်ပြောင်းလဲမှုတစ်ခုဖြစ်ပျက်သွား၏။
သွေးများပန်းထွက်သည့်အသံတစ်ခုထွက်ပေါ်လာကာ ဖှေးအသံလာရာအရပ်သို့လှည့်ကြည့်လိုက်ပြီးချက်ချင်းပင် အေးခဲသွားတော့၏။ ခါဆစ်၏ပါးစပ်မှ သွေးများရေပန်းကဲ့သို့ ပန်းထွက်လာရင်းဖြင့် သူ၏ခန္ဓာကိုယ်သည်လည်း ပြင်းထန်စွာပင် တုန်ခါလာတော့သည်။ သွေးများသည် ဟွန်းတလားကြောင့် ရရှိခဲ့သည့် ညာရင်ဘက်ပေါ်ရှိ ဒဏ်ရာမှလည်း စီးကျလာနေလျှက်ရှိသည်။
“အဖိုး...” ဖှေး ပြေးသွားလိုက်ပြီး လဲကျခါနီးဖြစ်သည့် ခါဆစ်အား သယ်ဆောင်လိုက်၏။
ဤအခိုက်တန့်တွင် ခါဆစ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေ၏။
ဖှေးကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုကို သတိထားလိုက်မိသည်။ သွေးများသည် ခါဆစ်၏ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် မွေးညှင်းပေါက်တစ်ခုခြင်းစီတိုင်းမှ စိမ့်ထွက်နေခြင်းပင်။ ဤသည်မှာ ခါဆစ်၏ခန္ဓာကိုယ်အတွင်းပိုင်းသည် ပြင်းထန်သည့် ဖိအားတစ်ခု၏ ခြေမွခြင်းကိုခံခဲ့ရကာ ပြင်းထန်စွာဒဏ်ရာရရှိနေသည့် လက္ခဏာတစ်ခုပင်။ ဖှေး၏စိတ်တစ်ခုလုံး ပျာယာခတ်သွားတော့သည်။ ခါဆစ်သည် သူထင်ထားသည်ထက်ပင် ပို၍ဒဏ်ရာရရှိနေသည့်အတွက်ပင်။
“ဟာ အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီး...”
“မစ်စတာ ခါဆစ်...ဆရာကြီး..ဆရာကြီးဒဏ်ရာရနေတာလား....”
ဇီးနစ်အင်ပါယာမှ စစ်သည်များအားလုံးထိတ်လန့်သွားကြ၏။ ကွန်းတအား သတ်ဖြတ်ခဲ့ပြီး ကျန်ရှိနေသည့် လအဆင့်စစ်သည်သုံးဦးအနောက်သို့ လိုက်လံသတ်ဖြတ်ခဲ့သည့် ခါဆစ်အား ဒဏ်ရာပြင်းထန်စွာရရှိနေလိမ့်မည်ဟု မည်သူမှထင်မထားမိသည့်အတွက်ပင်။ သူတို့အားလုံး အကူညီပေးရန်အတွက် ပြေးသွားကြ၏။
ဤအခိုက်တန့်တွင်...
“၀ှစ် ၀ှစ် ၀ှစ်...”
လူသုံးလေးဆယ်ခန့်သည် မည်သည့်နေရာမှမသိပဲ ရုတ်တရက်ထွက်ပေါ်လာပြီး သူတို့၏လမ်းကြောင်းကို ပိတ်လိုက်၏။ ဤလူများအားလုံးသည် အညိုရောင်၀တ်ရုံများကိုသာ ၀တ်ဆင်ထားကြပြီးနောက်ကြောပေါ်တွင် ဓားရှည်များကို လွယ်ထားကြ၏။ မျက်နှာပေါ်တွင် ၀မ်းနည်းသည့်အမူယာနှ့င်အတူ သူတို့အားလုံး ခါဆစ်ကို ၀န်းရံလိုက်ကြသည်။ ခေါင်းဆောင်နေသည့် လူမှာ အလွန်ငယ်ရွယ်သေးပြီး ချောမောသည့်လူတစ်ယောက်မဟုတ်ပေ။ သို့သော် သူ၏တောက်ပသည့်မျက်လုံးများနှင့် ချွတ်ထက်သည့် မျက်ခုံးတို့ကြော့င် ထူးခြားသည့် အသွင်ပြင်တစ်ခုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ သူသည် ဓားတစ်လက်သူရဲကောင်းနှင့် အရှိန်၀ါခြင်းအနည်းငယ်ဆင်တူသော်လည်း ပို၍နွေးထွေးကာ ခင်မင်ရင်းနှီးတတ်သည့် ပုံပေါက်သည်။
“အကိုတို့၊ အမတို့ ကျေးဇူးပြုပြီး ဒီနေရာမှာပဲ ရပ်ပေးကြပါ...” ဤလူသည် အလွန်ယဥ်ကျေး၏။ သို့သော် လူတိုင်းကို ဆက်လက်မသွားအောင်တားဆီးလိုက်၏။
လူများသည် ဇီးနစ်အင်ပါယာကာကွယ်စောင့်ရှောက်သူအား အလွန်စိုးရိမ်နေကြသော်လည်း စကားကိုနားထောင်ကာ ဘေးသို့ဖယ်ပေးလိုက်ကြ၏။
ရုတ်တရက်ရောက်ရှိလာသည့်ဤလူများသည် သိုင်းပညာတောင်တန်းမှလူများဖြစ်ကြသည်မှာ ထင်ရှားသည်။ တနည်းအားဖြင့်ဆိုပါက သူတို့သည် ခါဆစ်၏ ပညာသင်တပည့်များပင်။ ဤလူများသည် တရား၀င်ရာထူးအရှိန်၀ါမရှိကြေသော်လည်း အထင်သေး၍မရပေ။ သိုင်းပညာတောင်တန်းပေါ်တွင် အစေခံတစ်ယောက်ကိုပင် အထင်သေး၍မရသောကြောင့်ပင်။
သိုင်းပညာတောင်တန်းမှ စစ်သည်များအားလုံးသည် ခါဆစ်အား ပတ်လည်၀ိုင်းကာ လူတိုင်းကို တားဆီးထားလိုက်၏။ သို့သော် သူတို့သည် ဖှေးကိုမူ တားဆီးခြင်းမရှိပေ။ ထိုအစားသူတို့သည် ဖှေးအားအလွန်လေးစားသည့်ပုံရှိနေကြ၏။ နားလည်မှုအပြည့်၀ဖြင့် ဤလူများသည် လူတိုင်းအားမမြင်နိုင်စေရန်အတွက် ကာဆီးလိုက်ကြပြီး ခါဆစ်နှင့် ဖှေးတို့ထံမှ ထွက်ပေါ်လာသည့်အသံများကိုလည်း မကြားရအောင်တစ်နည်းတစ်ဖုံဖြင့် ကာရံလိုက်သည်။
“ဘ၀ဆိုတာ အိမ်မက်တစ်ခုလိုပဲ...နှစ်တစ်သောင်းဆိုတာက ရှည်ကြာလွန်းပါတယ်...ငါကတော့ ဒီနေ့နဲ့မနက်ဖြန်အတွက်ပဲ တိုက်ခိုက်ချင်တယ်...”
ဂါရာနို၀ိုင်ခွက်ကို မော့သောက်လိုက်ပြီးသည့်အချိန်တွင် သက်ပြင်းချကာ သူ၏အစေခံကောင်မလေးလေးယောက်ကို ဖက်လိုက်၏။ ထို့နောက်တွင် ကြီးမားသည့်မှော်စွမ်းအင်အရှိန်၀ါတစ်ခုထွက်ပေါ်လာပြီး သူတို့ငါးယောက်လုံးပျောက်ကွယ်သွားကြတော့၏။ ဂါရာနိုသည် အစွမ်းကျန်နေသေးသည့် တစ်ဦးတည်းသောလအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့်အတွက် ဤကဲ့သို့ လွယ်ကူစွာထွက်ခွာသွားနိုင်ခြင်းပင်။
“ဘာလို့ သူက အင်ပါယာကာကွယ်စောင့်ရှောက်သူရဲ့ဘေးမှာ နေခွင့်ရတာလဲ...” လူများထဲတွင် စတုတ္တမင်းသားခရစ်စတယ်သည် ဖှေးကို လက်ညိုးထိုးကာမေးလိုက်၏။
မည်သူမှ သူ့အား ပြန်လည်ဖြေကြားခြင်းမပြုကြပေ။
သိုင်းပညာတောင်တန်းမှစစ်သည်မျာဆိုလျှင် ခရစ်စတယ်ကိုပင် မကြည့်ပဲ သူ့အား လျစ်လျူရှုထားကြ၏။
“သွားကြစို့...” မင်းသမီးတာနာရှာသည် သိုင်းပညာတောင်းတန်းမှ စစ်သည်များ၏အနောက်တွင်ရှိနေသည့် ဖှေးနှင့် ခါဆစ်တို့ကို ကြည့်ရင်းဖြင့် ပြောလိုက်သည်။ သူမ၏လက်ကို၀ှေ့ရမ်းကာ ဇီးလျန်းနှင့် သူမကိုထောက်ခံသောလူများနှင့်အတူထွက်သွားတော့၏။
“ငါတို့လဲသွားရအောင်...” ဒုတိယမင်းသား ဒိုမင်ဂူနှင့် ပဲရစ်တို့လဲ သူတို့၏လူများနှင့် အတူ ထွက်ခွာသွားကြတော့၏။
လေ့လာနိုင်စွမ်းရှိသည့်လူတစ်ချို့သည် အဖွဲ့၀င်တိုင်းပြည်မှသိုင်းဆရာတစ်ချို့သည်လည်း ဘက်ရွေးပြီးပြီဖြစ်ပြီး တစ်ချို့သည် တာနာရှာနှင့် လိုက်သွားပြီး တစ်ချို့သည် ပဲရစ်တို့ ဒိုမင်ဂူတို့နှင့်လိုက်သွားကြောင်းကို သတိထားလိုက်မိ၏။
......
ဖှေးသည် ခါဆစ်အား တင်းကြပ်စွာဖက်ထား၏။ ဤကာကွယ်စောင့်ရှောက်သူသိုင်းဆရာ၏ အရှိန်၀ါသည် တဖြည်းဖြည်းခြင်းဖြင့်အားနည်းလာနေလျှက်ရှိပြိး ဖှေးကိုယ်တိုင်ပင် အစွမ်းထက်သည့် လအဆင့်စစ်သည်တစ်ယောက်၏ အသက်၀ိဉာဥ်သည် အဖုံးမပါသည့် ရေသန့်ဘူးတစ်လုံးထဲမှ ရေများကဲ့သို့ ခါဆစ်၏ခန္ဓာကိုယ်အတွင်းမှ လျှန်မြန်စွာပင် စီးထွက်လျှက်ရှိနေသည်ကို အာရုံခံနေမိ၏။ ဤသည်မှာ အလွန်ရက်စက်လှသည်။
ဖှေးသည် ပြန်လည် သစ်လွင်ဆေးပုလင်းတစ်လုံးကို သူ၏ထားသိုရာအကန့်အတွင်းမှ ထုတ်ယူကာ ခါဆစ်၏ပါးစပ်အတွင်းသို့ လောင်းထည့်လိုက်သည်။ ခါဆစ်သည် သူ့အားတားဆီးရန်အတွက်ကြိုးစားနေသော်လည်း အလွန်အားနည်းနေပြီဖြစ်သောကြောင့်မတားဆီးနိုင်တော့ပေ။
သို့သော် ပြန်လည်သစ်လွင်ဆေးပုလင်း၏ အာနိသင်မှာ ဖှေးထင်ထားသလိုမကောင်းမွန်လှပေ။
လအဆင့်စစ်သည်တစ်ယောက်သည် စွမ်းအားမြင့်မားသောကြောင် ဒဏ်ရာအားလုံးကိုမကုသနိုင်သော်လည်း သွေးတိတ်သွားစေသင့်သည်။ ထူးဆန်းစွာပင် ဤဆေးပုလင်းသည် အသုံးမ၀င်သည့်အတိုင်းပင်။ အသက်၀ိဉာဥ်သည် ခါဆစ်၏ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာနေဆဲပင်။
“အဟွတ်...အဲ့လိုတန်ဖိုးရှိတဲ့ ဆေးပုလင်းကို ဖြုန်းတီးမပစ်နဲ့...င့ါရဲ့ဒဏ်ရာတွေကို ဘုရားသခင်တောင်ကုပေးလို့မရတော့ဘူး...” ခါဆစ်သည် ခေါင်းရမ်းကာ ပြောလိုက်၏။ “ငါ့ရဲ့နှလုံးက...”
ဖှေးအား ထိတ်လန့်သွားစေသည့်အချက်တစ်ချက်ကို ခါဆစ်ပြောပြလိုက်၏။