← Chapters

အခန်း (၄၅၃)

Vol. 30 Ch. 453

အခန်း (၄၅၃)

Vol. 30 Ch. 453

“နောက်ထပ်အမှန်တရားတစ်ခုလား...”

ခါဆစ်ခေါင်းငြိမ့်ပြလိုက်သည်။

ဖှေးခနတာစဥ်းစားကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားသလို ခံစားလိုက်ရ၏။

“ဇီးနစ်အင်ပါယာကြီးလဲပြိုတော့မယ်ဆိုရင် မင်းကို အင်ပါယာကမြို့သူမြို့သားတွေကို ရန်သူရဲ့ဓားအောက်ကကယ်တင်ပေးပါလို့တောင်းဆိုချင်တယ်...” ခါဆစ်သည် တစ်စုံတစ်ခုကို စဥ်းစားလိုက်မိပြီးဆက်ပြောလိုက်၏။

“တကယ်လို့ အင်ပါယာအရှင်သခင်ယရှင်းရှိနေတယ်ဆိုရင် ဇီးနစ်အင်ပါယာကိုဘယ်သူက စိန်ခေါ်ရဲတော့မှာလဲ...” ဖှေးရုတ်တရက် ယနေ့တွေ့မြင်လိုက်ရသည့် နဂါးလက်သီးအစွမ်းအကြောင်းကိုစဥ်းစားလိုက်မိပြီး ဇီးနစ်အင်ပါယာသည် ဤကဲ့သို့သော အင်ပါယာအရှင်သခင်၏လက်အောက်တွင် မည်သည့်အချိန်မှ ဒုက္ခမရောက်နိုင်ဟု စဥ်းစားလိုက်မိ၏။

“မင်းအင်ပါယာအရှင်သခင်ယရှင်းကိုရော အညိုးတေးထားမိလား။ သူက ကွန်းတလို လူကို ကိုယ်တိုင်သတ်ဖြတ်နိုင်တဲ့အစွမ်းရှိတာတောင် ငြိမ်နေလို့ ငါသေခဲ့ရတာလို့ စဥ်းစားမိနေလား...” ခါဆစ်သည် ဖှေး၏စကားလုံးများနောက်ကွယ်မှ ပို၍လေးနက်သည့်အဓိပ္ပါယ်ကိုနားလည်သွားသည့်အတွက်ကြောင့် ရှင်းပြလိုက်၏။ “အဲ့တာက သူ့မှာလဲ ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေလို့ပါ...”

ဖှေးတိတ်ဆိတ်သွား၏။

“နောက်ပြီး တာနာရှာ...သူမက အရည်ချင်းရှိတဲ့ကလေးတစ်ယောက်ဆိုပေမယ့် သူမက နေမကောင်းပြီးတော့ မိန်းကလေးတစ်ယောက်လေ။ သူ့ရဲ့အမွေကို တာနာရှာပဲ ဆက်ခံနိုင်တာအတော်ဆိုးတာပဲ....အတော်ဆိုးတယ်...” ခါဆစ်သည် တစ်စုံတစ်ရာကို ရုတ်တရက်စဥ်းစားမိပြီး ထက်မံ၍သက်ပြင်းချလိုက်သည်။

“မင်းသမီးက ကျွန်တော့ရဲ့သူငယ်ချင်းတစ်ယောက်ပါ။ တကယ်လို့ သူသာ ကျွန်တော့ကို လိုအပ်မယ်ဆိုရင်အစွမ်းရှိသလောက်ကူညီပေးသွားမှာပါ...” ဖှေး ခါဆစ်ဆိုလိုသည်ကို သဘောပေါက်လိုက်၏။ မင်းသမီးသည် ဤကမ္ဘာပေါ်တွင် ဖှေး၏သူငယ်ချင်းအနည်းငယ်ထဲမှတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမလိုအပ်လာပါက ဖှေးသေချာပေါက်ပင်အကူညီပေးသွားမည်ဖြစ်သည်။ သို့သော် ဖှေးခါဆစ်၏ စကားလုံးများနောက်ကွယ်မှ ပို၍လေးနက်သည့်အဓိပ္ပါယ်ကိုပါ နားလည်သည့်အတွက် ပို၍ပင်ကျေးဇူးတင်သလို ခံစားလိုက်ရ၏။

“ငါမင်းကို စသိတဲ့အချိန်ကတည်းက မင်းကိုတောက်ပတဲ့ကြယ်ပွင့်တစ်ခုဖြစ်လာမယ်ဆိုတာကို သိခဲ့ပါတယ်။ မင်းတိုက်တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့အချိန်ကျရင် ငါကိုယ်တိုင်မမြင်နိုင်တော့မှာ အတော်ဆိုးတာပဲ...” ခါဆစ်သည် ကောင်းကင်ပေါ်တွင်ရှိသည့် ကြယ်ပွင့်များကို မော့ကြည့်ကာ ပြောလိုက်၏။ “ငါဒီလိုရှုခင်းမျိုးကို အခုလိုအေးအေးဆေးဆေးမခံစားရတာ အတော်ကြာပြီ။ ဒီကြယ်ပွင့်လေးတွေ ဘယ်လောက်တောင်လှလဲဆိုတာ ကြည့်ပါဦး...”

ဖှေး ပြန်လည်မတုန့်ပြန်နိုင်သေးခင်မှာပင် သူဖှေးအားကြည့်ကာရယ်လိုက်သည်။ “ဒီနေ့ကစပြီး ဘယ်အရာမှင့ါကို ချုပ်နှောင်မထားနိုင်တော့ဘူး။ ငါဘယ်သူ့အပါ်ကိုမှ အကြွေးမတင်တော့ဘူး။”

နောက်ထပ်လေညှင်းတစ်ခုတိုက်ခတ်သည့်အချိန်တွင် ခါဆစ်၏ခန္ဓာကိုယ်သည် လျှင်မြန်စွာပင် ကြွေလွှင့်သွားတော့၏။ သူ၏မျက်နှာသည် လျှင်မြန်စွာပင်အိုမင်းရင့်ရော်လာသည် သူသည် အရွတ်တွများစွာရှိသည့် အဖိုးကြီးတစ်ယောက်အသွင်သို့ လျှင်မြန်စွာပင်ပြောင်းလဲသွားပြီး သူ၏အရေပြားသည်လည်း ခြောက်သွေ့သွားတော့သည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်သည် ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွားကာ လေနှင့်အတူလွှင့်ပါသွားတော့၏။

သဲရုပ်တုတစ်ခုကဲ့သို့ပင် သူ၏ခန္ဓာကိုယ်သည် လေထဲတွင် ကြွေလွှင့်သွား၏။

ဇီးနစ်အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာ၏ ရုပ်အလောင်းသည် သူ၂၆နှစ်ကြာကာကွယ်ခဲ့သည့် ကုန်းမြေပေါ်သို့ ပြန့်လွှင့်သွားတော့သည်၊

သူ၏ပြာများသည် ဇီးနစ်အင်ပါယာတစ်ခွင်တွင်ရှိသည့် အိမ်များ၊ အဖြူရောင်ခံတပ်နံရံများ၊ အမဲရောင်ကုန်းမြေ၊ တောင်တန်းကြီးများ၊ စီးဆင်းနေသည့် မြစ်များပေါ်သို့ ပြန့်နှံ့သွားတော့၏။

ဖှေးအရာအားလုံးကို တိတ်ဆိတ်စွာကြည့်နေ၏။ ဤသည်မှာ အတွင်းအားလမ်းကြောင်း ပြန်လည်ရှင်သန်ခြင်းသိုင်းကွက်၏ ကြောက်မက်ဖွယ်အကျိုးဆက်ဖြစ်ကြောင်းကို ဖှေးသိ၏။ ခါဆစ်၏ခန္ဓာကိုယ် လေထဲတွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်းဖြင့် ဖှေးခါဆစ်ပြောခဲ့သည့်တစ်စုံတစ်ခုကို သတိရလိုက်မိသည်။ “ဒီနေ့ညပြီးရင် ဇီးနစ်အင်ပါယာမှာ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာမရှိတော့ဘူး...” ဆိုသည်ကိုပင်။

ဖှေးဓားတောင်ထိပ်တွင်ရပ်နေရင်းဖြင့် အောက်တွင်ရှိသည့်မြို့တော်စိန့်ပီတာစဘာ့တ်ကို ငုံ့ကြည့်လိုက်သည်။ မြို့တော်အတွင်းမှ အလင်းစက်လေးများသည် ကြယ်ပွင့်များကဲ့သို့ပင်။ ဤအလင်းစက်များသည် ကောင်းကင်ပေါ်တွင်ရှိသည့် ကြယ်ပွင့်အစစ်မှန်များနှင့်ထိဆက်သွားသည့်အချိန်တွင် အလွန်လှပသည့် ပုံရိပ်တစ်ခုကို ဖန်တီးပေးလျှက်ရှိ၏။

ခါဆစ်၏ ခန္ဓာကိုယ်သည် ဖုန်မှု့န့်များအဖြစ်သို့ပြောင်းလဲကာ လေညှင်းနှင့်အတူပါသွားပြီးမြို့တော်စိန့်ပီတာစဘာ့တ်ကို ဖုံးလွှမ်းသွားပြီဖြစ်သည်။

သူ၏အသက်သေဆုံးသွားသည့်ပုံမှာ ဇီးနစ်အင်ပါယာမှလူများကို မည်ကဲ့သို့ တာ၀န်ကျေခဲ့သည်ကို ဖော်ပြနေ၏။ ဇီးနစ်အင်ပါယာမှ လူများသူ့ကို စသိစဥ်ကတည်းက လွန်ခဲ့သည့်၂၆နှစ်က ပုန်ကန်ထကြွခြင်းတို့တွင် ဇီးနစ်အင်ပါယာမှလူများကို ကာကွယ်ပေးခဲ့၏။ ဤသည်မှာ သူဤဇီးနစ်အင်ပါယာကိုမည်မျှမြတ်နိုးကြောင်းကို ဖော်ပြနေ၏။

ယနေ့တိုက်ပွဲသည် ဇီးနစ်အင်ပါယာ၏ အနာဂတ်ကိုအဆုံးဖြတ်ပေးလိမ့်မည်ဟု လူတိုင်းသိရှိကြသဖြင့် မြို့တော်အတွင်းတွင်ရှိသည့် အိမ်တိုင်းသည် အိပ်စက်ကြခြင်းမရှိသေးပေ။ မြို့တော်စိန့်ပီတာစဘာ့တ်တစ်ခုလုံးသည် လင်းလတ်လျှက်ရှိနေပြီး မြို့ပြင်တွင်ရှိသည့် စခန်းချနေရာတစ်၀ိုက်ပင်လျှင် လင်းထိန်နေ၏။

ဓားတောင်ထိပ်တွင် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာသေဆုံးသွားခဲ့ကြောင်းကို ဤလူများသိရှိကြသလား။

ဖှေး တောင်ခြေမှအားပေးသံတစ်ချို့ကိုပင် ၀ေ၀ေ၀ါး၀ါးကြားနေရ၏။ ဖှေး၏မျက်နှာပေါ်တွင် သူကိုယ်တိုင်ပင် နားမလည်သည့်အပြုံးတစ်ခုပေါ်လာ၏။ “အဲ့လူတွေက စွမ်းအားမြင့်နဂါးလက်သီးသိုင်းကွက်ကို ပြလိုက်တဲ့အင်ပါယာအရှင်သခင်ယရှင်းအတွက် အားပေးနေကြတာလား။ အင်ပါယာကို တကယ်ကာကွယ်စောင့်ရှောက်ခဲ့တဲ့ လူသေသွားတာကို သူတို့မသိကြဘူးလား...”

မကြာမှီတွင် ဖှေးသူ၏ ဆိုး၀ါးသည့် စိတ်ခံစားချက်များကို ဖယ်ရှားပစ်လိုက်၏။

“နဂါးလက်သီးသိုင်းကွက်ကြောင့် ဂရစ်ဖင်ကောင်တွေပေါ်ကနေပြုတ်ကျကုန်ကြတဲ့ သုံးယောက်က မြို့တော်စိန့်ပီတာစဘာ့တ်ထဲမှာရှိနေတုန်းပဲ။ ဒီကောင်တွေက လအဆင့်စစ်သည်တွေဆိုတော့ အသက်ရှင်နေဦးမယ်ထင်တယ်...တစ်နေရာရာမှ ပုန်းနေတာပဲဖြစ်ရမယ်။ ငါလိုက်ရှာပြီးတစ်ယောက်ခြင်းစီကို သတ်ပစ်ရမယ်....”

ဖှေး သူ၏လက်ထဲတွင်ရှိသည့် ၁၀စင်တီမီတာအစိမ်းရောင်စူးချွန်လုံးလေး လေးခုကို ကြည့်လိုက်သည်။ ဤသည်မှာ ခါဆစ် အတွင်းအားလမ်းကြောင်းပြန်လည်ရှင်သန်ခြင်းသိုင်းကွက်ကို အသုံးပြုရန်အတွက် သုံးခဲ့သည့် ပစ္စည်းများပင်။ ခါဆစ်၏ခန္ဓာကိုယ်ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွားသည့်အချိန်တွင် ဤစူးချွန်လေးများကျန်ရစ်ခဲ့၏။

“ငါဒီသောက်စူးချွန်တွေကို ဟွန်းတလား၊ ကွန်စတာကာတာနဲ့ အာမာယူရီတို့ရဲ့ နှလုံးသားထဲထိရောက်အောင်ထိုးစိုက်ပစ်မယ်။ နောက်ပြီးတော့ ဂျက်အင်ပါယာ၊ အိုက်ဟိုဗင်အင်ပါယာနဲ့ စပါတပ်အင်ပါယာတို့ကိုလည်း သူတို့လုပ်ခဲ့တဲ့အရာတွေအတွက် ပြန်ပေးဆပ်ရအောင်လုပ်ပြမယ်...”

ဖှေးကောင်းကင်သို့ မော့ကြည့်ကာအော်ဟစ်လိုက်သည်။

“ငါ့ရဲ့ကျင့်စဥ်လမ်းကြောင်း ကျွမ်းကျင်သွားတဲ့အချိန်ကျရင် ခါဆစ်ရဲ့ပြာဖုံးလွှမ်းခဲ့တဲ့နေရာမှ စစ်ပွဲတွေ သွေးမြေကျမှုတွေမရှိစေရတော့ဘူး...”

......

ဖှေး ဓားတောင်၏၀င်ပေါက်သို့ ပြန်သွားလိုက်ပြီး သူသည် တည်ငြိမ်သွားပြီဖြစ်သည်။

သူ၏မျက်နှာပေါ်တွင် ၀မ်းနည်းခြင်းနှင့်အမျက်ဒေါသတို့ကို မြင်တွေ့ရခြင်းမရှိတော့ပေ။

သိုင်းပညာတောင်တန်းမှ စစ်သည်အယောက်၄၀အပြင်ဤနေရာတွင် အဖွဲ့၀င်တိုင်းပြည်များမှ သိုင်းဆရာတစ်ချို့ရှိနေဆဲပင်။

ဤသည်မှာ တိုက်ပွဲကို ကြည့်ခွင့်ရခဲ့ကြသည့် အဖွဲ့၀င်တိုင်းပြည်များမှ သိုင်းဆရာ ၂၅ယောက်ပင်။ သို့သော် နှစ်ယောက်မှာ သံချိန်းကြိုးများမှ တွယ်တက်နိုင်ခြင်းမရှိခဲ့ကြသည့်အတွက် ကြည့်ခွင့်မရခဲ့ကြပေ။ နှစ်ယောက်မှာ စပါတပ်အင်ပါယာမှစစ်သည်များနှင့် တိုက်ခိုက်သည့်တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြပြီးခြောက်ယောက်မှာ မင်းသားအာရှဗင်သို့မဟုတ် မင်းသားဒိုမင်ဂူတို့၏အဖွဲ့အတွင်းသို့ ၀င်သွားခဲ့ကြသဖြင့် လက်ရှိတွင် ၁၅ယောက်သာ ကျန်တော့၏။

ကျန်ခဲ့သည့်လူများထဲမှအများစုသည် ထိပ်တန်းစစ်သည်ဆယ်ယောက်စာရင်း၀င်ခဲ့သည့် ငွေရောင်ချပ်၀တ်ဓားသွား၊ မှော်မင်းသမီးစင်ဒီနှင့် လေနှင့်မီးညီနှောင်နှစ်ဖော်တို့ကဲ့သို့လူများပင်။

သူတို့အားလုံးသည် ဖှေးနှင့်အတူအင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာပါမလာသည်ကို တွေ့လိုက်ရသည့်အတွက် ၀မ်းနည်းသွားကြ၏။

ခါဆစ်သည် ယိမ်းယိုင်နေပြီး သွေးထွက်လွန်နေသည်ကိုမြင်တွေ့ရစဥ်ကတည်းက ရလဒ်ကို ခန့်မှန်းထားပြီးဖြစ်သည်။ သို့သော်လည်း သူတို့ခန့်မှန်းထားသည့်အတိုင်းဖြစ်လာခဲ့သည့်အတွက် အလွန်စိတ်ပျက်သွားကြ၏။ အဖွဲ့၀င်တိုင်းပြည်မှသိုင်းဆရာများဖြစ်သည့်အတွက် သူတို့သည် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာ၏အရေးကြီးမှုကို သိရှိသည့်အတွက်ဖြစ်ပေလိမ့်မည်။ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာမရှိတော့ပါက တိုင်းပြည်များစွာသည် တစ်ခုနှင့်တစ်ခုကျူးကျော်စစ်ဆင်နွဲလာကြတော့မည်ဖြစ်သည်။

“အရှင်မင်းကြီး...” ဖှေးပြန်ရောက်လာသည်ကို တွေ့သည့်အခါ သိုင်းပညာတောင်တန်းမှ စစ်သည်အယောက်လေးဆယ်လုံးသည် ဒူးတစ်ဖက်ထောက်လိုက်ကြ၏။ “ဆရာကြီးခါဆစ်ရဲ့အမိန့်အတိုင်း ဒီနေ့ကစပြီး ကျွန်တော်တို့ကအရှင့်ရဲ့အမိန့်ကို နာခံပါ့မယ်...”

ဖှေးအနည်းငယ်အံ့သြသွား၏။ သို့သော် မကြာမှီတွင်အခြေအနေကို သဘောပေါက်သွား၏။

ဤသည်မှာ ခါဆစ်တိုက်ပွဲမတိုင်ခင်က စီစဥ်ခဲ့သည့်အရာတစ်ခုဖြစ်ပေလိမ့်မည်။

ဤအတွက်ကြောင့် ခါဆစ်သည် ဒီနေ့ညပြီးရင် အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာတစ်ယောက်ရှိတော့မှာမဟုတ်ဘူးဟု ပြောခဲ့ခြင်းပင်။ တကယ်တန်းတွင် ခါဆစ်မရှိတော့သောကြောင့် သိုင်းပညာတောင်တန်းပေါ်တွင် နေထိုင်သူရှိတော့မည်မဟုတ်ပေ။

စစ်သည်အယောက်၄၀ထဲတွင် စွမ်းအားအမြင့်ဆုံးတစ်ယောက်မှာ သာမန်ပုံစံရှိသည့်လူငယ်တစ်ယောက်ပင်။ အံ့သြဖွယ်ကောင်းစွာပင် ဤလူငယ်၏အစွမ်းသည် ကြယ်၇လုံးအမြင့်ဆုံးအဆင့်တွင်ရှိနေကြောင်းကို ဖှေးအာရုံခံလိုက်မိ၏။ ဤကောင်လေးသည် အလွန်ပင်ငယ်ရွယ်နေသေးပြီးမင်းသမီးစင်ဒီနှင့် ဓားတစ်လက်သူရဲကောင်းတို့ထက်ပင်ပို၍အရည်ချင်းရှိသည့် ပါရမီရှင်လူငယ်တစ်ယောက်ပင်။ ကျန်ရှိနေသည့် စစ်သည်၃၉ယောက်သည်လည်း ကြယ်လေးလုံးနှင့် ကြယ်၆လုံးကြားထဲတွင်ရှိကြ၏။

ဤစစ်သည်မျာအားလုံးစုပေါင်းလိုက်ပါက ဇီးနစ်အင်ပါယာထဲတွင် စွမ်းအားမြင့်မားကာ ကြောက်မက်ဖွယ်ကောင်းသည့်အင်အားစုတစ်ခုပင်။

ခါဆစ်သည် သူ့အားဤကဲ့သို့စွမ်းအားမြင့်မားသော အင်အားစုတစ်ခုကို လက်အတွင်းသို့ ထည့်ပေးခဲ့လိမ့်မည်ဟု ဖှေးအိမ်မက်ပင်မမက်ဖူးချေ။ ဤကဲ့သို့အင်ပါယာ၏ ငြိမ်းချမ်းရေးကိုပင် ခြိမ်းခြောက်နိုင်သည့်အဖွဲ့စည်းတစ်ခုသည်ဖှေး၏လက်အောက်သို့ရောက်ရှိသွားကြောင်းကို အင်ပါယာအရှင်သခင်ယရှင်းနှင့် ကျန်ရှိနေသည့် မိသားစုကြီးများသိရှိသွားပါက မည်ကဲ့သို့ထင်ကြမည်နည်း။

ဖှေးဂရုမစိုက်ပေ။ သူသည် ဤကဲ့သို့ရက်ရောသည့်လက်ဆောင်မျိုးကို ငြင်းဆန်လိမ့်မည်ဟုတ်ပေ။ ထို့အပြင် ခါဆစ်ကိုယ်တိုင်စီစဥ်ကာ ပေးအပ်ခဲ့သည်ဖြစ်သောကြောင့် လှည့်ကွက်တစ်စုံတစ်ရာမရှိနိုင်ဟုလည်း ဖှေးယုံကြည်၏။ ဤစစ်သည်များ၏ သစ္စာရှိမှုကိုလည်း ဖှေးသံသယမရှိချေ။ ဖှေးသည် ခါဆစ်ကိုအကြွင်းမဲ့ယုံကြည်သဖြင့် သိုင်းပညာတောင်တန်းမှစစ်သည်လေးဆယ်ကိုလည်း အကြွင်းမဲ့ယုံကြည်၏။

ဤအဖြစ်ပျက်သည် ချမ်းဘော့ဒ်မှမဟုတ်သည့် ကျန်ရှိနေသည့်စစ်သည်များကို အနည်းငယ်ကြောက်လန့်သွားစေ၏။

သူတို့၏စိတ်ထဲတွင် ချမ်းဘော့ဒ်ဘုရင်သည် အလွန်စွမ်းအားမြင့်မားနေပြီးဖြစ်သည်။ ယနေ့တိုက်ပွဲတွင် ဘုရင်အလတ်ဇန္ဒားသည် စွမ်းအားမြင့်လအဆင့်စစ်သည်တစ်ယောက်ဖြစ်သည့် ကွန်စတာကာတာနှင့်ပင် ဆယ်မိနစ်ကြာခန့်ရင်ဆိုင်တိုက်ခိုက်ခဲ့၏။ သူသည် အားနည်းခြင်းပင်မရှိခဲ့ပေ။ နှိုင်းယှဥ်ကြည့်ပါက မှော်မင်းသမီးစင်ဒီနှင့် ဓားတစ်လက်သူရဲကောင်းကဲ့သို့သော စစ်သည်များပင် ဤကဲ့သို့အခြေအနေတွင် အကူညီပေးနိုင်ခဲ့ခြင်းမရှိပေ။ ဖှေးနှင့် ကွန်စတာကာတာတို့တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့်အတွင်းအားစွမ်းအင်အကြွင်းကျန်များသည် သူတို့အားပြင်းထန်စွာဒဏ်ရာရရှိသွားစေမည်ဖြစ်သည်။

ယနေ့ညအပြီးတွင် မာနကြီးသည့် ဓားတစ်လက်သူရဲကောင်းကဲ့သို့စစ်သည်များပင် ချမ်းဘော့ဒ်ဘုရင်သည် သူတို့ထက်များစွာသာလွန်နေပြီဖြစ်ကြောင်းကို ၀န်ခံရမည်ဖြစ်သည်။

အခိုက်တန့်တစ်ခုကြာခန့် တစ်ခြားတိုင်းပြည်များမှ သိုင်းဆရာများသည် သူတို့များစွာနောက်ကျနေသည်ကို သိရှိရသဖြင့် အထီးကျန်မှုကို ခံစားနေရ၏။

ယခုအချိန်တွင် ချမ်းဘော့ဒ်ဘုရင်သည်အလွန်စွမ်းအားမြင့်မားနေသည်ကို လူတိုင်းသိရှိကြ၏။ သိုင်းပညာတောင်တန်းမှ စစ်သည်လေးဆယ်ကိုပါ ထိန်းချုပ်ထားသောကြောင့် သူ၏အရှိန်၀ါသည် အာရှဗင်၊ ဒိုမင်ဂူတို့နှင့်ပင် တူညီနေပြီဖြစ်ပြီး အင်ပါယာအရှင်သခင်ယရှင်းထက်အနည်းငယ်သာပို၍ နိမ့်ကျတော့သည်။ အနာဂတ်တွင် ဇီးနစ်အင်ပါယာမှ အခြေအနေသည် ချမ်းဘော့ဒ်ဘုရင်၏ အကြံဉာဏ်တစ်ခုကြောင့်ဖြင့်ပင် ပြောင်းလဲသွားနိုင်၏။

“သွားကြစို့...”

ဖှေးသည် တစ်ဖက်သို့လှည့်ကာ ပျက်စီးသွားသည့်ကျောက်တိုင်ကြီးသည့်တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာကို သေချာကြည့်ပြီးပြောလိုက်၏။ သူသည် ဤမြင်ကွင်းကို စွဲအောင်မှတ်သားထားလိုက်ပြီး နောက်သို့လှည့်မကြည့်တော့ပဲ ထွက်လာခဲ့တော့၏။

......

ရွှေရောင်နေမင်းသည် မိုရိုတောင်းတန်းများကို ကျော်လွန်လာပြီး နေရောင်ခြင်အား ကုန်းမြေပေါ်သို့ ဖြန့်ကျက်လိုက်သည့်အချိန်တွင်နေ့သစ်တစ်ခုစတင်ပြီဖြစ်၏။

အေးစက်သည့် ညတစ်ခုပြီးဆုံးသွားသည့်အချိန်တွင် မြို့တော်အတွင်းတွင်ရှိသည့်လူတိုင်း မနေ့ညသိုင်းပညာတောင်ပေါ်တွင်ဖြစ်ပျက်ခဲ့သမျှကို သိရှိလိုက်ရသည်။

ဂျက်အင်ပါယာမှ နံပါတ်၁ဓားသမား ဟွန်းတလားသည် အင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာခါဆစ်အား အလစ်ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်။

အိုက်ဟိုဗင်အင်ပါယာ၏ နံပါတ်၏စစ်ရေးခေါင်းဆောင်သည်လည်း သူ၏ဂုဏ်သိက္ခာကိုမငဲ့ပဲ စပါတပ်အင်ပါယာ၏ညစ်ပတ်သော လုပ်ကြံသတ်ဖြတ်မှုတွင် ပါ၀င်ခဲ့သည်။

စပါတပ်အင်ပါယာမှ လအဆင့်စစ်သည်တစ်ယောက်သည် ဇီးနစ်အင်ပါယာအတွင်းသို့ ခိုး၀င်လာခဲ့ပြီးခါဆစ်၏ လုပ်ကြံသတ်ဖြတ်မှုတွင်ပါ၀င်ခဲ့သည်။

ချမ်းဘော့ဒ်ဘုရင်သည် လအဆင့်စစ်သည်တစ်ယောက်နှင့်တိုက်ခိုက်ခဲ့သည်။

ခါဆစ်သည် လအဆင့်စစ်သည်လေးယောက်လုံးနှင့် ယှဥ်ပြိုင်ကာတိုက်ခိုက်ခဲ့ပြီး စပါတပ်အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူသိုင်းဆရာကွန်းတကို သတ်ဖြတ်ပြီးနေုာက်တွင် ဟွန်းတလား၊ ကွန်စတာကာတာနှင့် အာမာယူရီတို့ကိုအနိုင်ယူခဲ့သည်။ ထို့နောက်တွင် ခါဆစ်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် သေဆုံးသွားခဲ့၏။

အင်ပါယာအရှင်သခင်ယရှင်းသည် ဒေါသဖြစ်သွားပြီး နန်းတော်အတွင်းမှ နဂါးလက်သီးသိုင်းကွက်ကို သုံးကာ ဂရစ်ဖင်ကောင်းများဖြင့် ထွက်ပြေးရန်ကြံစည်နေကြည့်လအဆင့်စစ်သည်သုံးယောက်ကို ပြုတ်ကျသွားစေခဲ့သည်။

ဤကဲ့သို့သတင်းများသည်မြို့တော်ထဲတွင် ပြန့်နှံ့သွား၏။

ယခင်က ဤအင်ပါယာကာကွယ်စောင့်ရှောက်သူတိုက်ပွဲသည် အရေးကြီးအချက်လက်များပါ၀င်နေသောကြောင့် ဖုံးဖိထားကြလိမ့်မည်ဟု ဖှေးထင်ခဲ့၏။ သို့သော် ဤသတင်းများသည်အဖြစ်မှန်အတိုင်းပင်လျှင်မြန်စွာပြန့်နှံ့သွား၏။ လူတိုင်းဤတိုက်ပွဲအကြောင်းကို စိတ်၀င်နေစားနေကြသော်လည်း ဤကဲ့သို့လျှင်မြန်စွာ သတင်းပြန့်စေရန်အတွက် ဇီးနစ်အင်ပါယာအရာရှိတစ်ချို့လဲလုပ်ဆောင်ခဲ့ကြကြောင်းကို ဖှေးကောင်းစွာရိပ်မိသည်။

“အရာရှိတွေက ဘာလို့ ဒီလိုအရေးကြီးသတင်းတွေကို လူထုကို ချပြနေရတာလဲ..” ဖှေးတွေးလိုက်မိ၏။

ဇီးနစ်အင်ပါယာ၏လက်ရှိအခြေအနေမှာ ဆိုး၀ါးလှသည်။ အင်ပါယာတောင်ပိုင်းတွင် ဇီးနစ်စစ်ပွဲနတ်ဘုရားအာရှဗင်သည် ကျူးကျော်လာသူများနှင့်တိုက်ခိုက်နေဆဲပင်။ တိုက်ပွဲတစ်ချို့အနိုင်ရရှိပြီးနောက်တွင် အာရှဗင်သည် စပါတပ်တပ်ဖွဲ့များကို ဇီးနစ်ပိုင်နက်အတွင်းမှ မောင်းထုတ်နိုင်တော့မည့်အချိန်တွင် စပါတပ်အင်ပါယာသည်လည်း သူတို့၏အကောင်းဆုံးစစ်ရေးခေါင်းဆောင် မာချီဆိုကို စေလွှတ်လိုက်သဖြင့် စပါတပ်အင်ပါယာ၏ တိုက်ပွဲရှုံးနိမ့်မှုများမှာ ရပ်တန့်သွားပြီး လက်ရှိတွင်တင်းမာနေ၏။

All Chapters