အခန်း (၄၆၈)
Vol. 30 Ch. 468
သမိုင်းစာအုပ်အရ ဂျက်အင်ပါယာ၏ ကန္တာရဓားပြများသည် အင်ပါယာအရှင်သခင်ယရှင်း ဇီးနစ်အင်ပါယာကို စတင်တည်ထောင်ခဲ့စဥ်က အင်ပါယာအနောက်ပိုင်းဒေသများကို မကြာခန၀င်ရောက်လုယက်တိုက်ခိုက်ခဲ့ကြသည်။
ရလဒ်အနေဖြင့် စွမ်းအားအမြင့်ဆုံးအချိန်တွင်ရှိနေသည့် အင်ပါယာအရှင်သခင်ယရှင်းသည် သူ၏တပ်ဖွဲ့များနှင့် အနောက်ပိုင်းသို့ချီတပ်သွားပြီး တိုက်ပွဲတစ်ပွဲမှ ရှုံးနိမ့်ခြင်းမရှိပဲ ဂျက်အင်ပါယာ၏ အာမန်စတာဒမ်ကို သိမ်းပိုက်ခဲ့သည်။ ဇီးနစ်အင်ပါယာ၏ အုပ်ချုပ်သူသည် ဂျက်အင်ပါယာ၏သိုင်းဆရာတစ်ရာခန့်ကို သတ်ဖြတ်ခဲ့သည်။ ဂျက်အင်ပါယာ၏ အရှင်သခင်ကိုလည်း အနိုင်ယူခဲ့ပြီး ဂျက်အင်ပါယာမှ တော်၀င်မျိုးနွယ်များ၊ ဆွေကြီးမျိုးကြီးများတစ်ထောင်ခန့်ကိုလည်း ဖမ်းဆီးခဲ့၏။ ဤသည်မှာ အောင်နိုင်မှုကြီးတစ်ခုပင်။
ဂျက်အင်ပါယာသည် ပျက်သုန်းခါနီးအထိပင်ဖြစ်သွားပြီး ၁၀နှစ်ကြာသည်အထိပြန်လည်ထူထောင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ထိုဆယ်နှစ်အတွင်းတွင် ဂျက်အင်ပါယာတွင် အလွန်ဉာဏ်ပညာရှိသည့် အင်ပါယာအရှင်သခင်တစ်ယောက်ထွက်ပေါ်လာခဲ့သည်။ သူ့အား အင်ပါယာအရှင်သခင် ဖူဂျီဟုခေါ်ကြသည်။ တော်၀င်မိသားစုအား ပြန်လည်တည်ထောင်လိုက်ပြီး ဂျက်အင်ပါယာသည်လည်း သူ၏ဦးဆောင်မှုအောက်တွင် လျှင်မြန်စွာဖွံ့ဖြိုးတိုးတတ်လာခဲ့၏။
ဤအခိုက်တန့်တွင် ဂျက်အင်ပါယာမှ လူများအတွက် အိမ်မက်ဆိုးတစ်ခုဖြစ်သည့် အင်ပါယာအရှင်သခင်ယရှင်းသည် သေခါနီးအခြေအနေသို့ ရောက်ရှိနေကာ အင်ပါယာအရှင်သခင်ဖူဂျီသည် နုပျိုပြီးစွမ်းအားအမြင့်ဆုံးအချိန်ပင်။ အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားသည်နှင့်အမျှ ဂျက်အင်ပါယာသည် အင်ပါယာအရှင်သခင်ယရှင်းကြောင့် ရရှိခဲ့သည့်အရှက်တရားများကို မေ့လျှော့ခြင်းမရှိပဲ လက်စားချေရန်အတွက် တာဆူနေခဲ့၏။
သိုင်းပညာတောင်တန်းပေါ်တွင် ဂျက်အင်ပါယာမှ နံပါတ်၁ဓားသမားသည် ခါဆစ်အား ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး ဂျက်အင်ပါယာ၏ ခုခံမှုကို ပြသလိုက်သည်။
ဖှေး ဤသမိုင်းကြောင်းကို ယခင်ကအနည်းငယ်သိရှိသော်လည်း ယခုဖတ်ရှုနေသည့် အေဇာရုတိုက်၏ သမိုင်းမှတ်တမ်းစာအုပ်ထဲတွင်မူ အသေးစိတ်ဖော်ပြထားသည်။
ဖှေးသည် စွန်းဇူး၏ ဆိုရိုးတစ်ခုကို သတိရလိုက်မိသည်။ “ရန်သူကိုသိပြီးတော့ သင့်ကိုယ်သင်လည်း သေချာသိမယ်ဆိုရင် စစ်ပွဲတစ်ရာကိုတောင်ကြောက်စရာမလိုတော့ဘူး။” ဖှေးသည် အချိန်ရသ၍ဤစာအုပ်ကို ယခုရက်ပိုင်းတွင် ဖတ်ရှုနေခဲ့၏။ သူ၏တပ်ဖွဲ့နယ်စပ်သို့ရောက်ပြီး ရန်သူများနှင့်မတွေ့ခင်မှာပင် ဖှေးသည် ဂျက်အင်ပါယာအကြောင်းကို တော်တော်များများလေ့လာကြည့်ခဲ့ပြီးပြီဖြစ်သည်။ ဤအချိန်တွင် သူသည် ရန်သူအကြောင်းကို သူ၏ဘေးတွင်ရှိသည့်လူများထက်များးစွာပို၍သိရှိထားသည်။
စခန်းအလည်တွင်ရှိသည့် တဲထဲတွင်မီးများလင်းထိန်နေဆဲပင်။ ညနက်လာသည်နှင့်အမျှ အအေးဓာတ်သည်လည်း ပို၍ဆိုး၀ါးလာ၏။
......
“အချိန်ကျပြီ။ အားလုံးပဲ အသင့်ပြင်ထားကြတော့။ ချီတပ်...”
တောင်ထိပ်တွင်ရှိနေသည့် ကာမန်းသည် တိတ်ဆိတ်ငြိမ်သက်နေသည့် စခန်းကိုကြည့်ကာ ရက်စက်စွာပြုံးလိုက်ပြီး ကန္တာရသဲကျားတပ်ဖွဲ့ကို ချီတပ်ရန်အတွက် အချက်ပြလိုက်၏။ သူထိုကဲ့သို့ပြုလုပ်ပြီးသည်နှင့် သူ၏သားရဲကိုလည်း ကြာပွတ်ဖြင့်ရိုက်ကာ တောက်အောက်သို့ တဟုန်ထိုးဆင်းသွားတော့၏။
“ဖုန်း ဖုန်း ဖုန်း ဖုန်း...”
မြင်းစစ်သည်များအားလုံးသည်လည်း သူ၏အနောက်မှ တင်းကြပ်စွာလိုက်ပါလာသည်။
အမဲရောင်ရေစီးကြောင်းကြီးတစ်ခုကဲ့သို့ပင် သူတို့အားလုံးသည် ၅၀၀မီတာခန့်၀ေးသည့်နေရာတွင်ရှိသည့် ဇီးနစ်စခန်းထံသို့ တိတ်ဆိတ်စွာဖြင့် ပြေး၀င်သွားတော့၏။
ဤသည်မှာ ပထမဆုံးအနေဖြင့် ဂျက်အင်ပါယာတပ်ဖွဲ့နှင့် ဇီးနစ်အင်ပါယာတပ်ဖွဲ့တို့ တွေ့ဆုံတိုက်ခိုက်ကြတော့မည့် တိုက်ပွဲပင်။
သဲကန္တာရကဲ့သို့ ကြမ်းတမ်းသည့် ပတ်၀န်းကျင်တွင်ရှင်သန်နေထိုင်သည့် စစ်သည်များအတွက် ဤသည်မှာ သူတို့ဘ၀ပို၍ကောင်းမွန်လာစေနိုင်သည့် ခရီးအစပင်။
ချွန်ထက်သည့် ဓား၄၀၄လက်သည် လရောင်အောက်တွင် တောက်ပနေပြီး ရောင်ပြန်ဟပ်သည့်အလင်းတန်းများကပင် တစ်စုံတစ်ယောက်၏အရေပြားကို နာကျင်စေမည့်အတိုင်းပင်။ဤဓားသွားများသည် သွေးဆာလောင်နေကြ၏။
သူတို့ ဇီးနစ်စခန်းနှင့် မီတာ၂၀ခန့်၀ေးသည့်နေရာသို့ရောက်သည်အချိန်တွင် အမှောင်ထဲတွင် ကင်းပုန်း၀ပ်နေကြသည့် စစ်သည်များ၏ သတိထားမိခြင်းကို ခံလိုက်ရ၏။
“မှတ်ထားကြ တိုက်ပွဲကို သိပ်ပြီးတော့အာရုံမစိုက်ကြနဲ့။ ငါတို့ကောင်တွေက အလည်မှာရှိတဲ့ တဲထဲကို၀င်ပြီးတော့ တပ်ခွဲခေါင်းဆောင်ကို သတ်နိုင်ဖို့ကိုပဲ အာရုံစိုက်။” ကာမန်းသည် သူ၏ထူးဆန်းသည့် ပုံသဏန်ရှိသည့် ဓားကြီးတစ်လက်ကိုဆွဲထုတ်လိုက်ပြီး အမိန့်ပေးလိုက်၏။ သူ၏အသံသည် မိုးကြိုးကဲ့သို့ပင် ကျယ်လောင်နေသည်။
“ချီတပ်ကြ ချီတပ်ကြ...” သူ၏အနောက်တွင် ရှိနေသည့် မြင်းစစ်သည်၄၀၃ယောက်သည်လည်း တိတ်ဆိတ်ခြင်းမရှိတော့ပဲ ကာမန်းနှင့်အတူလိုက်ပါ အော်ဟစ်နေ၏။
ဤအခိုက်တန့်တွင် တိတ်ဆိတ်ငြိမ်သက်နေသည့် ညတစ်ညသည် ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲအစတစ်ခုအဖြစ်သို့ပြောင်းလဲသွားတော့၏။
“ဖုန်း...”
ကာမန်းသူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည့်အချိန်တွင် အဖြူရောင်အတွင်းအားစွမ်းအင်များထွက်ခွာသွားပြီး သူတို့၏အရှေ့တွင်ရှိနေသည့် ခြံစည်းရိုးတစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။
“အား ငါတို့အတိုက်ခံနေရပြီ။ အမြန်ထကြ ရန်သူတွေလာနေပြီ...”
“ဘုရားရေ ဂျက်အင်ပါယာရဲ့ ကန္တာရကျားတပ်ဖွဲ့တွေပဲ ဒီကောင်တွေဘယ်အချိန်တုန်းကရောက်လာကြတာလဲ...”
“ထကြတော့ မင်းတို့လက်နက်တွေကို အမြန်ထုတ်ထား...”
စခန်းထဲတွင်ရှိနေသည့် ဇီးနစ်စစ်သည်များပျာယာခတ်ကုန်ကြတော့၏။
အော်ဟစ်သံများသည် ထွက်ပေါ်လာနေပြီး စစ်သည်များသည် စခန်းအတွင်းတွင်ပြေးလွှားနေကြ၏။ ဘောင်းဘီမပါပဲ ဓားကိုင်ကာပြေးလွှားနေသည့် စစ်သည်များပင်ရှိနေသေးသည်။
ကန္တရကျားစီးနင်းသည့် တပ်ဖွဲ့များသည် ဤစစ်သည်များကို ကြည့်ရင်းဖြင့် ဇီးနစ်စခန်းအတွင်းသို့လွယ်ကူစွာပင် ၀င်ရောက်လာနိုင်ခဲ့ကြ၏။ သူတို့သည် ခုခံမှုတစ်စုံတစ်ရာကို ကြုံတွေ့ရခြင်းမရှိပဲ ဖြစ်စဥ်တစ်ခုလုံးသည် လွယ်ကူနေ၏။
ဤမြင်းစစ်သည်၄၀၄ယောက်သည် သေချာစွာလေ့ကျင့်ထားကြပြီး တစ်ယောက်နှင့်တစ်ယောက်ကောင်းမွန်စွာပူးပေါင်းဆောင်ရွတ်နေကြသည်။ သူတို့၏ဖွဲ့စည်းချီတပ်လာပုံမှာ ကောင်းမွန်ပြီး သူတို့စီးနင်းလာသည့်သားရဲကောင်များသည်လည်း ကျယ်လောင်သည့် ကြောက်မက်ဖွယ်ဟိန်းဟောက်သံများကို ဖန်တီးနေလျှက်ရှိသည်။
မျက်စိတစ်မှိအတွင်းမှာပင် သူတို့သည် စခန်းအလည်တွင်ရှိသည့် တဲနှင့်မီတာ၁၀၀ခန့်သာကွာ၀ေးတော့၏။
“အဲ့မှာပဲ အမြန်ချီတပ်က ဒီကောင်တွေရဲ့ခေါင်းဆောင်ကို သတ်ပစ်ကြမယ်...”
ကာမန်း၏ခေါင်းဆောင်မှုအောက်တွင် မြင်းစစ်သည်များသည် Vပုံဖွဲ့စည်းပုံအဖြစ်သို့ပြောင်းလဲလိုက်ကြပြီး စခန်း၏အလည်တွင်ရှိသည့် တဲထံသို့ ချီတပ်သွားကြတော့သည်။
“သူတို့ခေါင်းဆောင်ကို သတ်ပစ်ကြ...”
“သတ်ပစ်စမ်းကွာ...”
“ပထမဆုံးတိုက်ပွဲကို ဂျက်အင်ပါယာကပဲ အောင်နိုင်ရမယ်ကွ...”
မြင်းစစ်များတွေးနေသည့်အချိန်တွင် ခုခံမှုတစ်စုံတစ်ချို့ကို ကြုံတွေ့နေရ၏။ သို့သော် ထိုခုခံမှုများသည် သိပ်ပြီးထိရောက်ခြင်းမရှိလှပေ။ ကန္တာရသဲကျားတပ်ဖွဲ့များမှာ နှေးကွေးသွားခြင်းပင်မရှိပေ။ တကယ်တန်းတွင် သူတို့မှာ ဒဏ်ရာပင်မရရှိကြပေ။
အရာအားလုံးမှာ အလွယ်တကူပင်အဆင်ပြေချောမွေ့နေ၏။
“ခနနေဦး...တစ်ခုခုတော့ လွဲနေတယ်...”
မြင်းစစ်သည်အာရီသည် မကောင်းသည့်ခံစားချက်တစ်ခုကို ခံစားနေရ၏။ ဇီးနစ်အင်ပါယာမှ စစ်သည်များသည် သူတို့အားတိုက်ခိုက်ဟန်ဆောင်နေကြသည်ဟု သူခံစားနေရ၏။ သူတို့အား ဘယ်သူမှ အမှန်တကယ်ချီတပ်ကာ တိုက်ခိုက်လာခြင်းမရှိသည့်အတွက်ပင်။ သူတို့၏အနောက်တွင်ရှိနေသည့် စစ်သည်များဆိုလျှင် ပြေးလိုက်လာကြခြင်းပင်မရှိပေ။ ဇီးနစ်အင်ပါယာမှစစ်သည်များသည် ပရမ်းပတာဖြစ်နေကြသော်လည်း စိုးရိမ်ခြင်းမရှိဟု သူခံစားနေရ၏။ ဤစစ်သည်များသည် သူတို့အား အသေချာ၀င်ခွင့်ပြုလိုက်သည့်အတိုင်းပင်။
သို့သော် အရေးကြီးနေသည့်အချိန်ဖြစ်သောကြောင့် သူသေချာတွေးနိုင်ခြင်းမရှိပေ။
“သတ်ကွာ...”
စခန်းအလည်တွင်ရှိနေသည့် တဲသည်သူတို့၏အရှေ့တွင်ရှိနေပြီဖြစ်ပြီး ကာမန်းသည် အော်ဟစ်ကာ လေပေါ်သို့ ခုန်တက်သွား၏။ လေပေါ်တွင် သူ၏ဓားကို ခုတ်ချလိုက်ကာ တောက်ပသည့်စွမ်းအင်များသည် တဲထံသို့ပျံသန်းသွား၏။
“ဖုန်း...”
စွမ်းအင်များပေါက်ကွဲသွားသည့်အတွက် မြေပြင်တစ်ခုလုံးပင်တုန်ခါသွား၏။
သို့သော် ဤမြင်းစစ်သည်များမျှော်လင့်ထားသကဲ့သိ့မြင်ကွင်းကို မြင်တွေ့လိုက်ရခြင်းမရှိပေ။
ထိုစွမ်းအင် တဲပေါ်သို့ မရောက်ရှိမှီမှာပင် ထိုးဖောက်မြင်နိုင်သည့် စွမ်းအင်အကာရံတစ်ခု၏တားဆီးခြင်းကိုခံလိုက်ရ၏။ တောင်ငယ်တစ်ခုကိုပင် ဖျက်ဆီးနိုင်လောက်သည်အထိစွမ်းအားပြင်းထန်သည့် ဓားသွားစွမ်းအင်သည် စွမ်းအင်အကာရံကို လုံး၀သက်ရောက်နိုင်ခြင်းပင်မရှိပေ။ ကာမန်းသည် ကျောက်ဆောင်တစ်ခုအား ကြက်ဥတစ်လုံးဖြင့် ပစ်ပေါက်လိုက်သည့်အတိုင်းပင် စွမ်းအင်သည်သာ ပျောက်ကွယ်သွားတော့၏။
သို့သော် အရာများသည် ဤနေရာတွင်သာ ရပ်တန့်သွားခြင်းမရှိပေ။ ထို့နောက်တွင် စွမ်းအင်အကာရံမှ ကြီမားသည့် တန်ပြန်အင်အားတစ်ခုထွက်ပေါ်လာပြီး ကာမန်းအား ရိုက်ခတ်လိုက်၏။
ကာမန်းသည် အနောက်သို့လွှင့်ထွက်သွားပြီး သူ၏မျက်နှာသည်လည်းအရောက်ဖျော့သွားတော့၏။
“သူတို့ဘက်မှာ ကျွမ်းကျင်သိုင်းဆရာတစ်ယောက်ရှိနေတယ်။” ကာမန်းသည် သူ၏သားရဲပေါ်သို့ ပြန်ထိုင်လိုက်ရင်းဖြင့် ထိတ်လန့်အံ့သြသွား၏။
ဤအခိုက်တန့်တွင် ရုတ်တရက်ပြောင်းလဲမှုများဖြစ်ပေါ်လာတော့သည်။
အော်ဟစ်သံများစွာနှင့်အတူ မီးတုတ်များကို ထွန်းညှိလိုက်ကြသည်။ ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် ဇီးနစ်အင်ပါယာမှ ကျွမ်းကျင်စစ်သည်များသည် ဤမြင်းစစ်သည်၄၀၄ယောက်အား သေးငယ်သောကျွန်းတစ်ခု၏ ပတ်လည်တွင်ရှိသည့် ပင်လယ်ပြင်ကြီးတစ်ခုကဲ့သို့ ၀ိုင်းထားလိုက်ကြသည်။
“ငါတို့တော့ ထောင်ခြောက်အဆင်ခံလိုက်ရပြီ။ ဒီကောင်တွေငါတို့လာမှာကို ကြိုသိနေတယ်...”
ဤအချိန်တွင် ဉာဏ်ရည်နိမ့်သူတစ်ယောက်ပင် ဇီးနစ်အင်ပါယာမှ လူများဆင်ထားသည့် ထောက်ခြောက်အတွင်းသို့ သူတို့ကျရောက်သွားပြီဖြစ်ကြောင်းကို ပြောနိုင်နေ၏။
“မစ်စတာ ကာမန်းကျွန်တော်တို့ ပြန်ဆုတ်မှရမယ်။ ကျွန်တော်တို့အရပ်မျက်နှာတစ်ခုတည်းကိုပဲ ဖောက်ထွက်ကြမယ်ဆိုရင် လွတ်မြောက်နိုင်သေးတယ်။” အာရီသည် မြန်ဆန်စွာတွေးခေါ်နိုင်သည့် လူတစ်ယောက်ပင်။ သူသည် ကန္တရာသဲကျားတပ်ဖွဲ့၏ခေါင်းဆောင်ကို လျှင်မြန်စွာပင်အကြံပြုလိုက်၏။ ဤအခိုက်တန့်တွင် ကာမန်းအား ဇီးနစ်စခန်းသို့၀င်စီးရန်အကြံပြုခဲ့သည့် ခေါင်းဆောင်နှစ်ယောက်မှာ တိတ်ဆိတ်နေကြ၏။
“ကောင်းပြီး အနောက်ဘက်ကို ဖောက်ထွက်ကြမယ်...”
ကာမန်းသည် တွေးခေါ်နိုင်စွမ်းရှိသည့် လူတစ်ယောက်ပင်။ ရွက်ဖျင်တဲအား ကာကွယ်ခဲ့သည့် ကျွမ်းကျင်သိုင်းဆရာတစ်ယောက်ရှိနေကြောင်းကို သတိထားလိုက်ပြီးသည့်နောက်တွင် ခါမန်းသည် ယနေ့ညတွင် အနိုင်ရတော့မည်မဟုတ်ကြောင်းကို သိလိုက်ရ၏။ ထို့ကြောင့် သူသည်အမြန်ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏မြင်းစစ်သည်များကို အနောက်ဘက်သို့ ဖောက်ထွက်ကြရန်အမိန့်ပေးလိုက်၏။
သူသည် ကန္တာရသဲကျားများ၏ ဖောက်ထွက်နိုင်သည့်စွမ်းအင်အပေါ်တွင် ယုံကြည်မှုရှိသည့်အတွက်ပင်။ သူတို့သည် ၀င်ရောက်စီးနှင်းနိုင်ခဲ့ခြင်းမရှိသော်လည်း ဖောက်ထွက်ပြီး ပြန်လည်ဆုတ်ခွာရန်မှာမူ သိပ်ပြီးခဲယဥ်းလှမည်မဟုတ်ပေ။
ဤအခိုက်တန့်တွင် ထူးဆန်းသည့် ဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာ၏။
“အာ၀ူး...၀ုတ်..၀ုတ်...၀ုတ်...”
ထိုအသံသည် ခွေးဟောင်သံတစ်ခုကဲ့သို့ပင်။ သို့သော် ခွေးတစ်ကောင်သည် ဤကဲ့သို့ဟိန်းဟောက်နိုင်လိမ့်မည်ဟု ကာမန်းမသိချေ။ အသံထဲတွင် ဖိအားများစွာပါ၀င်နေသည့်အတွက် မြင်းစစ်သည်များမူး၀ေနေသလိုခံစားနေရ၏။
“ဖုန်း...”
ကန္တာရလှေများဟုတင်စားခေါ်၀ေါကြသည့် သဲကျားများသည် ထိုဆူညံသံကိုကြားသည့်အချိန်တွင် ကြောက်လန့်ကာ တုန်ယဥ်လာကြ၏။ သူတို့သည် မြင့်မြတ်သည့် နဂါးတစ်ကောင်ကို မြင်တွေ့လိုက်ရသည့် ခွေးများကဲ့သို့ပင် ဂျက်အင်ပါယာမှ စစ်သည်များ ဂုဏ်ယူရသည့် သားရဲကောင်များသည် မထိန်းချုပ်နိုင်အောက် တုန်ခါလာကြပြီး မြေပြင်ပေါ်သို့ လဲကျလာကြ၏။
“အဆင့်မြင့် နတ်ဆိုးသားရဲကောင်တွေလား...”
“ဒီစခန်းထဲမှာ အဆင့်မြင့်နတ်ဆိုးသားရဲကောင်တစ်ကောင်ရောရှိနေတာလား...”
အဆင့်မြင့်နတ်ဆိုးသားရဲကောင်များထံမှ ထွက်ပေါ်လာသည့် ဖိအားများကသာလျှင် သဲကျားများကို ခြောက်လန့်နိုင်စွမ်းရှိ၏။ သေချာကြည့်ပါက ဇီးနစ်စခန်းထဲတွင် အဆင့်၇သို့မဟုတ် အဆင့်၈နတ်ဆိုးသားရဲတစ်ကောင်ပင်ရှိနေနိုင်သည့်အတွက် ကာမန်းအလွန်ကံဆိုးသလို့ပင် ခံစားလိုက်ရ၏။
သဲကျားများမသွားနိုင်ကြတော့သည့်အတွက် ဂျက်အင်ပါယာမှစစ်သည်များသည် ရွေ့လျားနိုင်စွမ်းပျောက်ဆုံးသွားကြ၏။ ထို့အပြင် သူတို့အား ဇီးနစ်အင်ပါယာမှ ကျွမ်းကျင်စစ်သည်၆၀၀၀ခန့်မှလည်း ၀ိုင်းထားကြ၏။
သူတို့သည် စက်၀ိုင်းပုံခုခံခြင်းဖွဲ့စည်းပုံသို့ပြောင်းလဲလိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက်ကြောခြင်းကပ်ကာ ဇီးနစ်အင်ပါယာစစ်သည်များနှင့်မျက်နှာခြင်းဆိုင်လိုက်ကြ၏။
“ငါ့နာမည်က ကာမန်းပဲ။ ဂျက်အင်ပါယာကာကွယ်စောင့်ရှောက်သူ သိုင်းဆရာရဲ့ တပည့်ဖြစ်တယ်။ ဇီးနစ်တပ်ဖွဲ့ရဲ့ခေါင်းဆောင်က င့ါကို လာပြီးမျက်နှာခြင်းဆိုင်ရဲလား...” ဓားကိုလက်ထဲတွင်ကိုင်ကာ ကာမန်းကျယ်လောင်စွာမေးလိုက်၏။ သူသည် ဆိုး၀ါးသည့်အခြေအနေတွင်ရှိနေခြင်းဖြစ်သော်လည်း အရှုံးပေးမည့်ပုံမပေါ်ကြပေ။
ကြီးမားသည့် ဒိုင်းကာနှင့် လက်နက်ကြီးများကို ကိုင်ဆောင်ထားကြသည့် ဇီးနစ်အင်ပါယာမှစစ်သည်များသည် ဘေးသို့ရွေ့လျားကာ လမ်းဖယ်ပေးလိုက်ကြသည်။ ရွက်ဖျင်တဲတံခါးပွင့်လာပြီးအထဲမှ ချပ်၀တ်အပြည့်စုံ၀တ်ဆင်ထားသည့် သိုင်းဆရာခြောက်ဦးလမ်းလျှောက်ထွက်လာကြသည်။ ရှိဗ်ချန်ကို၊ ပီတာ၊ ဒရော့ဂ်ဘာ၊ ပီးရာ့စ်၊ ခါနော့်တ်နှင့် ဟူအက်တို့ပင်။
“ငါက ဒီတပ်ခွဲရဲ့ခေါင်းဆောင် အန်ဒရူး-ရှီဗ်ချန်ကိုပဲ...”
လက်ထဲတွင်ကြီးမားသည့် ဓားကြီးတစ်လက်ကို ကိုင်ထားရင်းဖြင့် ရှိဗ်ချန်ကို ကျယ်လောင်စွာပင် ပြန်ဖြေလိုက်သည်။ စွမ်းအားမြင့်အရှိန်၀ါများသည် သူ့ထံမှ ထွက်ပေါ်လာနေလျှက်ရှိ၏။
“မင်းလာ...မင်းက စွမ်းအားမြင့်မားတယ်။ ဒါပေမယ့် မင်းက င့ါရဲ့ ခုနတုန်းကတိုက်ခိုက်မှုကို အဲ့လောက်နဲ့လွယ်လွယ်ကူကူကာကွယ်နိုင်မှာမဟုတ်ဘူး။” ကာမန်းသည် ဖွဲ့စည်းပုံအတွင်းမှ လမ်းလျှောက်ထွက်လိုက်ရင်းဖြင့် သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ “တကယ့်သိုင်းဆရာကို ထွက်လာခိုင်းလိုက် အဲ့လိုမှ မဟုတ်ဘူးဆိုရင် မင်းတို့ခြောက်ယောက်င့ါကို ယှဥ်နိုင်မှာမဟုတ်ဘူး...” သူပြောလိုက်၏။