အခန်း (၄၆၉)
Vol. 30 Ch. 469
ရှီဗ်ချန်ကိုနှင့် ပီတာတို့သည် ဤကဲ့သို့ပြောလိုက်သည့်အတွက် စိတ်ဆိုးခြင်းမရှိကြပေ။ ဤဂျက်အင်ပါယာမှ စစ်သည်ကို သူတို့အားလုံးယှဥ်ပြိုင်နိုင်မည်မဟုတ်ကြောင်းကို ကောင်းစွာသိရှိကြသည်။ သူတို့ထို့နောက်တွင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ဘေးသို့ဖယ်ကာ ပို၍ ကျယ်သည့်လမ်းကြောင်းတစ်ခုကို ပြုလုပ်လိုက်ကြသည်။
ကာမန်းသူတို့အား ကျော်လွန်ကာကြည့်လိုက်သည်။
ထဲအတွင်းတွင် ထိုင်နေသည့်လူကို မြင်သည့်အချိန်တွင် သူမျက်လုံးများသည် ပြူးကျယ်သွားတော့၏။
တောက်ပသည့် တဲအတွင်းတွင် ကျောက်ထိုင်ခုံတစ်ခုပေါ်တွင် အေးဆေးထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည့် လူတစ်ယောက်ရှိနေ၏။ သူသည် သာမန်သာ၀တ်စားထားပြီး သူ၏ထူထပ်သည့်အမဲရောင်ဆံပင်ရှည်များသည် ရေတံခွန်တစ်ခုကဲ့သို့ပင်။ ကာမန်းသည် သူ၏မျက်နှာကို ကောင်းစွာမမြင်နိုင်သော်လည်း ဤလူသည် လျှော့ရဲသည့်၀တ်ရုံတစ်ခု၀တ်ဆင်ထားကာ ဖိနပ်စီးထားခြင်းမရှိသည်ကို ကောင်းစွာမြင်နိုင်နေ၏။
ဤလူ၏ဘေးတွင် လေးမီတာခန့်မြင့်မားသည့် ထူးဆန်းသော သားရဲတစ်ကောင်ရှိနေသည်။ ထိုလူ၏ဘေးတွင် လဲလျောင်းနေသော်လည်း သူ၏ခြေထောက်များသည် ထောက်တိုင်တစ်ခုမျှပင်တုတ်ခိုင်ကြောင်းကို ကာမန်းပြောနိုင်၏။ ရှည်လျားသည့်အမဲရောင်နားရွက်များသည် သူ၏ဦးခေါင်းတစ်၀က်ခန့်ကို ဖုံးကွယ်ထားပြီး ချွန်ထက်သည့်သွားစွယ်များသည် အရာအားလုံးကို စုတ်ဖြဲနိုင်သကဲ့သို့ပင်ဖြစ်နေပြီး ရန်လိုမှုများသည် သူ၏ကြီးမားကာကြည်လင်သည့်မျက်လုံးများထဲတွင် ပြည့်နှက်နေလျှက်ရှိ၏။ ပို၍ပင် အံ့သြဖွယ်ကောင်းသည်မှာမီးမှုတ်တော့မည်သကဲ့သို့ ကန့်မှုန့်နံ့များသည် ထိုသားရဲကောင်၏ပါးစပ်မှ ထွက်ပေါ်နေခြင်းပင်။
ဤသားရဲကောင်တွင်သာ အမဲရောင်ချောမွေ့သည့် သားမွေးများမပါရှိပါက နဂါးတစ်ကောင်ဟုပင် ကာမန်းယူဆလိုက်မိမည်ဖြစ်သည်။ ကန့်မှုန့်အနံ့နှင့် ကြီးမားသည့်ဖိအားတစ်ခုကို ပေးနိုင်ခြင်းတို့သည် နဂါးတစ်ကောင်၏ ဂုဏ်သတ္တိများဖြစ်သည့်အတွက်ပင်။
ကာမန်းသည် ပို၍ပို၍ ထိတ်လန့်လာနေလျှက်ရှိသည်။ သဲကျားများကို ကြောက်လန့်သွားစေသည့် ဟိန်းဟောက်သံသည် ဤသားရဲကောင်ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်ကို သူသိရှိသည့်အတွက်ပင်။
ထို့ပြင် တဲအတွင်းတွင် ထိုင်နေသည့် လူငယ်၏ စွမ်းအားကိုလည်း သူအာရုံခံနိုင်ခြင်းမရှိပေ။ ဤလူငယ်သည် စွမ်းအားမရှိသည့် သာမန်မြို့သူမြို့သားတစ်ယောက်ဟု ထင်မှတ်ဖွယ်ပင် သို့သော် သူ၏စွမ်းအားအပြည့်၀ဖြင့် တိုက်ခိုက်မှုကို ဤလူငယ်မှ လွယ်ကူစွာကာကွယ်လိုက်ခြင်းဖြစ်သည့်အတွက် ထိုကဲ့သို့မဖြစ်နိုင်ချေ။
ဖြေရှင်းချက်မှာ တစ်ခုသာရှိ၏။ ဤလူ၏စွမ်းအားများသည် သူ၏စွမ်းအားထက်များစွာ သာလွန်နေသည့်အတွက်ကြောင့်ပင်။
“အန္တရာယ်ရှိတယ်...” သူတွေးလိုက်မိ၏။
တဲအတွင်းတွင်စာအုပ်ဖတ်နေသည် လူငယ်သည် ကာမန်း၏အကြည့်များကို အာရုံခံလိုက်မိသည့်အတွက်ကြောင့်လားမသိချေ။ အပေါ်သို့ မော့ကြည့်ကာ ပြုံးလိုက်၏။
“မင်းက ငါ့ကိုတွေ့ချင်တယ်လို့ ပြောနေတာ အခုတွေ့ရပြီမလား။ မင်းဒူးထောက်ပြီးတော့ အရှုံးပေးရမယ့်အချိန်ပဲ...” ထိုလူငယ်မှ ပြောလိုက်၏။
အမှန်ပင် ထိုလူသည် ဤကဲ့သို့မြင်ကွင်းအား ကြွား၀ါရန်ဖန်တီးခဲ့သည့် ချမ်းဘော့ဒ်ဘုရင်ပင်။
သူသည် သူနှင့် နီးစပ်သည့်လူများကို ကောင်းကောင်းမွန်မွန်ဆက်ဆံလိုသော်လည်း ရန်သူများ၏အရှေ့တွင် မကြာခနဟိတ်ဟန်ထုတ်ပြမှသာ ကျန်းမာရေးကောင်းမွန်၏။
ထို့အပြင် သူသည် တပ်ဖွဲ့ကြီးတစ်ခုကို ပထမဆုံးအနေဖြင့် ဦးဆောင်ကာ စစ်ချီလာခဲ့ခြင်းဖြစ်သည့်အတွက် ရန်သူများ၏အရှေ့တွင် အရှိန်၀ါရှိအောင်နေပြရမည်ဖြစ်သည်။
ကာမန်းသည် သူ၏ကြီးမားသည့် ဓားကြီးကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး အသက်ရှူထုတ်ကာ စိတ်လျှော့လိုက်သည်။
“ဒူးထောက်ပြီးအရှုံးပေးရမယ်ဟုတ်လား...” ကာမန်းရယ်မောလိုက်၏။ “ဂျက်အင်ပါယာက စစ်သည်တွေက စစ်မြေပြင်မှာပဲ အသေခံတိုက်မယ့်စစ်သည်တွေကွ။ အရှုံးပေးမယ့်လူကြောက်တွေ တစ်ယောက်မှမပါဘူး...” ထို့နောက်တွင် သူ့အား၀ိုင်းထားသည့်ဇီးနစ်အင်ပါယာမှ စစ်သည်များကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။ “နောက်ပြီးတော့ ငါတို့ကြိုးစားရင် ဒီနေရာကနေဖောက်မထွက်နိုင်မှာမှ မဟုတ်တာ...”
“ဟားဟား ငါ့ရဲ့ရှေ့ပြေးတပ်ဖွဲ့ကို မင်းက လူ၄၀၀လောက်နဲ့ဖောက်ထွက်မလို့လား...”
ရယ်စရာကောင်းသည့် ဟာသတစ်ခုကို ကြားလိုက်ရသည့်အတိုင်းပင် ဖှေးသူ၏ခေါင်းကို ခါရမ်းကာ ရယ်မောလိုက်၏။ “တကယ်လို့ ငါသာ ဆန္ဒရှိမယ်ဆိုရင် မင်းတို့ကောင်တွေကို ဆယ်မိနစ်တောင်မကြာပဲနဲ့ နုတ်နုတ်စင်းပစ်လိုက်လို့ရတယ်။ မင်းတို့တွေအကုန်လုံးကို ခေါင်းဖြတ်ပစ်လိုက်မယ်။ နောက်ပြီးတော့ မင်းတို့ရဲ့ဦးခေါင်းတွေကိ တောင်တစ်လုံးပေါ်မှာ ပုံထားလိုက်မယ်။ မင်းတို့ရဲ့ဦးခေါင်းမရှိတဲ့ ခန္ဓကိုယ်တွေကို လင်းတတွေနဲ့ ခွေးအတွေစားလို့ရအောင် သဲကန္တာရထဲမှာပဲ ပစ်ထားလိုက်မတယ်။ မင်းတို့ ငါတို့ရဲ့မြို့သူမြို့သားတွေကို လုပ်ခဲ့သလိုမျိုးလေ...”
“သတ်ပစ် သတ်ပစ် သတ်ပစ်...”
ဖှေး၏စကားလုံးများသည် ဇီးနစ်စစ်သည်များ၏ စိတ်ထဲတွင်ရှိနေသည့် ဒေါသများကို နိုးဆွပေးလိုက်ရာ စစ်သည် ခြောက်ထောင်သည် သူတို့၏လက်နက်များချပ်၀တ်များကို တီးခတ်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်တက်လိုက်ကြရင်းဖြင့် ပြိုင်တူအော်ဟစ်လိုက်ကြ၏။ သတ္တုခြင်းရိုတ်ခတ်သည့်အသံများနှင့် အော်ဟစ်သံများသည် မမြင်နိုင်သည့်စွမ်းအင်အရှိန်၀ါတစ်ခုကို ဖန်တီးလိုက်ပြီး သတ်ဖြတ်လိုသည့်အရှိန်၀ါများသည် ကောင်းကင်ထိပင် ထောင်တက်သွားတော့၏။ ဤသည်မှာ အသက်ရှူမှားလောက်ဖွယ်ပင်။
ဖှေးသူ၏ စာအုပ်ကို အောက်သို့ချကာ ရုတ်တရက် မက်တပ်ရပ်လိုက်သည်။ “မင်းကြိုးစားကြည့်ပေါ့...” သူနှာခေါင်းရှုံ့လိုက်၏။
သူရပ်လိုက်သည့်အချိန်တွင် ထူထပ်သိပ်သည်းသည့် သတ်ဖြတ်လိုသည့်အရှိန်၀ါတစ်ခုထွက်ပေါ်လာတော့သည်။ ဤအခိုက်တန့်တွင် ကာမန်းသည် အလောင်းများသွေးများဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုတွင် ရပ်နေရသကဲ့သို့ခံစားလိုက်ရ၏။ ခနအကြာခန့် သူသည် ရှေးကျကာ ရက်စက်ကြမ်းကြုတ်သည့် စစ်ပွဲတစ်ခုအတွင်းသို့ရောက်ရှိနေသလို ခံစားလိုက်ရ၏။ သူသည် ငရဲပြည်သို့ ခနရောက်ရှိသွားသည့်အတိုင်းပင်။
“အတော်ကြောက်စရာကောင်းတဲ့အရှိန်၀ါပဲ...”
ကာမန်းချက်ချင်းပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖော်မပြနိုင်လောက်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ကျောပေါ်တွင် တောင်ပေါင်းများစွာကို သယ်ဆောင်ထားရသလိုပင်။ သူသည် ထိုဖိအားကို တောင့်ခံနိုင်ရန်အတွက် ကြိုးစားနေပြီး သူ၏အရိုများသည်လည်း စတင်၍ ကွဲအက်လာတော့သည်။
သူသည် မှားနေသည်ကို နားလည်လိုက်၏။ အလွန်မှားနေခဲ့ခြင်းပင်။
“အဲ့လူပြောတာအမှန်ပဲ...သူက စစ်သည်၆၀၀၀ကိုတောင်စတင်တိုက်ခိုက်ဖို့အတွက် အမိန့်ပေးစရာလိုမှာမဟုတ်ဘူး။ သူသာစပြီးလှုပ်ရှားရင် ငါတို့ မဟူရာမျှော်စဥ်တပ်ဖွဲ့က ဒီနေရာကနေ ဘယ်မှထွက်သွားနိုင်မှာမဟုတ်ဘူး။ သူ့ရဲ့အရှိန်၀ါနဲ့တင် ကြယ်၇လုံးအဆင့်စစ်သည်ဖြစ်တဲ့ငါက မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်တော့ဘူး။ အတော်ကြောက်စရာကောင်းတာပဲ...” သူတွေးလိုက်မိသည်။
“မင်း...မင်းဘယ်သူလဲ...” ကာမန်းသည် သူ၏ဓားကိုမြေပေါ်တွင် စိုက်လိုက်ကာ မက်မက်ရပ်နိုင်အောင် အားပြုထားရင်းဖြင့် မေးလိုက်သည်။
“ငါက ချမ်ဘော့ဒ်ဘုရင် အလတ်ဇန္ဒားပဲ...”
“အဲ့လို အဲ့လိုဆိုမင်းပေါ့...ငါမင်းအကြောင်း..မင်းအကြောင်းကြားဖူးတယ်။ ငါမှားနေခဲ့တာပဲ...” ကာမန်းသည် စကားပြောနေရင်းဖြင့် ဖိအားဒဏ်ကြောင့် ခနခနရပ်တန့်နေရ၏။ နောက်ဆုံးတွင် သူ၏ပါးစပ်အတွင်းမှ သွေးများစီးကျလာပြီး သူ၏ဒူးများသည်လည်း စတင်၍ ကွေးညွတ်လာတော့သည်။ သူသည် ဆက်လက်၍တောင့်ခံထားနိုင်ခြင်းမရှိတော့ပေ။
“လက်နက်ချ၊ ဒူးထောက်ပြီးအရှုံးပေးလိုက်...မင်းအဲ့လိုလုပ်မယ်ဆိုရင် ငါမင်းလက်အောက်က စစ်သည်တွေကို သက်ညှာပေးပြီးတော့ အသက်ရှင်လျှက်ပြန်လွှတ်ပေးမယ်။” ဖှေး ထူးဆန်းစွာပြုံးလိုက်ပြီးပြောလိုက်၏။
“မဖြစ်နိုင်ဘူး...” ကာမန်းသည် အတတ်နိုင်ဆုံးကြိုးစားရပ်နေလျှက် အော်ဟစ်ကာ ပြောလိုက်သည်။ “ဂျက်အင်ပါယာက စစ်သည်တွေက ဘယ်တော့မှ ဒူးထောက်မှာမဟုတ်ဘူး။ ငါတို့တွေ...ငါတို့တွေက အရဲရင့်ဆုံးစစ်သည်တွေပဲ...”
“ဟုတ်ပါတယ် မင်းကောင်တွေက ရဲရင့်တဲ့စစ်သည်တွေပါ...” ဖှေးသည် ဂျက်အင်ပါယာမှ မြင်းစစ်သည်တစ်ချို့၏ ကြောင်တောင်တောင်မျက်နှာအမူယာများကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ “ငါသိသလောက်ဆိုရင် သူတို့ရဲ့တာ၀န်က အလံနှစ်စုံမြို့၁၀၀ကီလိုမီတာအချင်း၀က်ပတ်လည်နေရာကိုပဲ ရှင်းလင်းဖို့မလား။ အဲ့တာက ရိုးရှင်းတဲ့တာ၀န်တစ်ခုပါ။ ဇီးနစ်အင်ပါယာရဲ့ ရှေ့ပြေးတပ်ဖွဲ့ကို ၀င်တိုက်ခိုက်စရာမလိုပါဘူး။ သူတို့ကို ဒီအခြေအနေရောက်အောင်ခေါ်ဆောင်လာတာက မင်းပဲ။ စောက်ပိန်းခေါင်းဆောင်တစ်ယောက်ကြောင့်။ မင်းက နာမည်ကောင်းလိုချင်တာနဲ့ သူတို့ကို အန္တရာယ်တောထဲကို ဆွဲခေါ်လာခဲ့တာမဟုတ်ဘူးလားကွ။ အခုအချိန်မှာတော့ မင်းမှာ သူတို့ကို ကယ်တင်နိုင်တဲ့အခွင့်ရေးတစ်ခုရှိနေပြီ။ မင်းလက်နက်ချပြီး ဒူးထောက်လိုက်မယ်ဆိုရင် မင်းရဲ့ဂျက်အင်ပါယာက ရဲရင့်တဲ့စစ်သည်တွေကို ကယ်တင်နိုင်လိမ့်မယ် မင်းရဲ့စောက်ပိန်းမာနတစ်ခုတည်းကြောင့်နဲ့ သူတို့ရဲ့အသက်တွေကို မင်းစတေးခံမလို့လား...”
ဖှေး၏အသံသည် နတ်ဆိုးတစ်ကောင်၏ ဆွဲဆောင်ခြင်းကဲ့သို့ပင်။ ဂျက်အင်ပါယာမှ စစ်သည်တိုင်းကြားလိုက်ရပြီး သူတို့၏အတွေးများစတင်ကာ ယိမ်းယိုင်လာတော့သည်။
“မဟုတ်ဘူး။ မင်းနတ်ဆိုး မင်းက...” ကာမန်းသည် သူ၏ပါးစပ်မှ သွေးများစီးကျလာရင်းဖြင့် အော်ဟစ်လိုက်သည်။
သူသည် ဤတိုက်ပွဲသည်မည်သည်ကို အဓိပ္ပါယ်ဆောင်သည်ကို သိရှိသည့်အတွက်ပင်။ ဤသည်မှဦ အင်အားစုနှစ်ခု၏ ပထမဆုံးထိတွေ့တိုက်ခိုက်သည့်တိုက်ပွဲပင်။
ကာမန်းသည် ဂျက်အင်ပါယာအတွက် ပထမဆုံးအောင်နိုင်ခြင်းကို ယူဆောင်ပေးသည့်အနေဖြင့် ဤရှေ့ပြေးတပ်ဖွဲ့ကိုတိုက်ခိုက်ကာ အမိန့်ပေးခေါင်းဆောင်ကို သတ်ဖြတ်ရန်အိမ်မက်မက်နေခဲ့သည်။ ဤကဲ့သို့အောင်နိုင်သွားပါက ဂျက်အင်ပါယာမှ စစ်သည်များ၏ စိတ်ဓာတ်သည်များစွာပို၍မြင့်မားလာမည်ဖြစ်သည်။ သူသည် အမှားလုပ်ခဲ့သဖြင့် အောင်နိုင်ခြင်းကို မယူဆောင်နိုင်တော့သော်လည်း သူသည်အရှုံးပေးလိုခြင်းမရှိသေးပေ။ သူနှင့် သူ၏လူများအားလုံးကိုသာ အသက်စွန့်လိုက်မည်ဖြစ်ပြီး ဂျက်အင်ပါယာ၏ ဂုဏ်ရှိန်ကိုနောက်ဆုံးအချိန်ထိကာကွယ်ပေးသွားမည်ဖြစ်သည်။
အကယ်၍ သူယနေ့တွင် ဒူးထောက်လိုက်ပါက သူ၏မာနသည်သာထိခိုက်လိမ့်မည်မဟုတ်ပေ။
ဂျက်အင်ပါယာသည်လည်း ထိခိုက်သွားလိမ့်မည်ဖြစ်သည်။
အကယ်၍ သူဒူးထောက်လိုက်ပါက ဂျက်အင်ပါယာတော်၀င်မိသားစုနှင့် စစ်သည်တပ်ဖွဲ့များသည် များစွာအရှက်ရသွားမည်ဖြစ်သည်။ ထို့နောက်တွင် စစ်သည်များ၏စိတ်ဓာတ်ကိုလည်း ပျက်ပြားသွားစေမည်ဖြစ်သည်။
“ဒါက ညစ်ပတ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာတစ်ခုပဲ...”
ကာမန်းသူ၏ဆုံးဖြတ်ချက်ကို နောင်တရနေ၏။
ထောင်ခြောက်မိသွားသည့်အချိန်တွင် သူ၏ဆုံးဖြတ်ချက်ကို နောင်တရခဲ့ခြင်းမရှိပေ။
သူသည် ကျွမ်းကျင်သိုင်းဆရာတစ်ယောက်ရှိနေကြောင်းနှင့် သူတို့အားလုံးအသက်ရှင်လျှက်ထွက်သွားနိုင်တော့မည်မဟုတ်ကြောင်းကို သိရှိလိုက်သည့်အခါတွင်လည်းနောက်တရခဲ့ခြင်းမရှိပေ။ သူသည်ဤထက်အဆတစ်ရာခန့် ပို၍အန္တရာယ်များသည်အခြေအနေတွင် ပိတ်မိနေလျှင်လည်း နောက်တရလိမ့်မည်မဟုတ်ပေ။
သို့သော် ယခုအချိန်တွင်မူ သူနောင်တရနေပြီဖြစ်သည်။
ဤခေါင်းဆောင်၏ ဗျူဟာမှာရက်စက်ကြမ်းကြုတ်လွန်းလှသည်။
သူ၏အမှားကြောင့် ဂျက်အင်ပါယာမှ စစ်သည်များတစ်သက်လုံးတွင်မေ့နိုင်တေ့ာမည်မဟုတ်သည့်အရှက်ရမှုကြီးတစ်ခုနှ့င် ကြုံတွေ့ရတော့မည်ဖြစ်သည်။
ကာမန်းသည် ဘုရင်အလတ်ဇန္ဒားအကြောင်းကို ယခင်ကလည်း ကြားဖူးခဲ့သည် ဂျက်အင်ပါယာတွင် ကိုယ်ပိုင်သတင်းအချက်လက်ကွန်ယက်တစ်ခုရှိပြီး ဇီးနစ်တိုင်းပြည်မှ သတင်းကိုအချိန်မရွေးနားစွန့်နေခဲ့သည်။ ဇီးနစ်တိုင်းပြည်သည် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကို ကျင်းပခဲ့ပြီးဖြစ်သောကြောင့် အနိုင်ရရှိသူ၏နာမည်ကိုလည်း ဂျက်အင်ပါယာမှ သိရှိထား၏။
ဘုရင်အလတ်ဇန္ဒားအား ထိုစာထဲတွင် ဇီးနစ်အင်ပါယာသမိုင်းတစ်လျောက်တွင်အရည်ချင်းအရှိဆုံးသိုင်းဆရာတစ်ယောက်ဟု ဖော်ပြထားပြီး ကာမန်းထိုအရာကိုရယ်မောခဲ့သည်။
“အဖွဲ့၀င်တိုင်းပြည်ငယ်လေးတစ်ခုက ဘုရင်ငယ်လေးတစ်ပါးက ဘယ်လိုလုပ်ပြီးအရည်ချင်းရှိနေမှာလဲ...” ကာမန်းမယုံကြည်ခဲ့ပေ။
ကမ္ဘာကြီးသည် တရားမျှတခြင်းမရှိပေ။ ပါရမီရှင်တော်တော်များများသည် မိသားစုကြီးများ၊ တော်၀င်မိသားစုများ၊ အင်အားကြီးအဖွဲ့စည်းများမှသာ ထွက်ပေါ်လာတတ်သည့်အတွက်ပင်။ ဤကဲ့သို့ ချမ်းသာကြွယ်၀သည့်အသိုင်း၀ိုင်းများကသာလျှင် ဤပါရမီရှင်များအားလိုအပ်သည့် အရင်းမြစ်များကို ထောက်ပံ့ပေးနိုင်သည့်အတွက်ပင်။ အကယ်၍ အရည်ချင်းရှိသည့်လူတစ်ယောက်သည် ဆင်းရဲသည့်မိသားစုတွင် မွေးဖွားခဲ့ပါက သူ၏အနာဂတ်မှာ အကန့်သက်တစ်ခုရှိနေမည်ဖြစ်၏။