အခန်း (၄၇၀)
Vol. 30 Ch. 470
အရာရှိများသည် ဖှေးလအဆင့်စစ်သည်သုံးယောက်ကို ဇီးနစ်တွင်ဖမ်းဆီးခဲ့သည့်သတင်းကို ကန့်သက်ထားသည့်အတွက် ဂျက်အင်ပါယာမှလူများမသိကြသေးပေ။ ရလဒ်အနေဖြင့် ကာမန်းသည် ချမ်းဘော့ဒ်ဘုရင်၏စွမ်းအားကိုမသိသည့်အတွက် ဇီးနစ်အင်ပါယာမှ ရှေ့ပြေးတပ်ဖွဲ့ကို လျှော့တွက်ခဲ့မိ၏။
ယခုအချိန်တွင် သူသည် တစ်ခါမှမကြုံဖူးသေးပဲ အလွန်ထိတ်လန့်နေ၏။
သူသည် ဂျက်အင်ပါယာတစ်ခုလုံးကြောက်ရွံ့ရသည့် ထိုလူ၏အရိပ်ကို မြင်တွေနေရသလို ခံစားနေရ၏။
"ဇီးနစ်အင်ပါယာထဲမှာ နောက်ထပ်ကြောက်စရာကောင်းတဲ့လူတစ်ယောက်ထွက်ပေါ်လာတာပဲ.." သူတွေးလိုက်မိသည်။
ဤကြယ်၇လုံးအဆင့်စစ်သည်၏မျက်နှာပေါ်မှ မျက်နှာအမူယာပြောင်းလဲသွားသည်ကို ဖှေးမြင်တွေ့လိုက်ရသည့်အချိန်တွင် သူစကားလုံးများဖြင့်သာ မဖျောင်းဖျနိုင်တော့ကြောင်းကို သဘောပေါက်လိုက်၏။ ထို့ကြောင့် သူရှေ့အား ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူ၏ကြောက်မက်ဖွယ်စွမ်းအင်အရှိန်၀ါများပေါက်ကွဲသွား၏။ ပထမဆုံးအနေဖြင့် သူဒိုင်ယာဘလိုကမ္ဘာထဲတွင် စုဆောင်းခဲ့သည့်သတ်ဖြတ်လိုသောအရှိန်၀ါများကို ဤကမ္ဘာတွင်ပြသခဲ့၏။
လက်ရှိအချိန်တွင် ဖှေး၏ဘေးတွင်ရှိနေသည့်လူများအားလုံးသည် လေထုသည် ထုထပ်ကာ နီရဲလာသည်ဟု ခံစားလိုက်ရ၏။
"မင်းဘာလို့ အခုထိဒူးမထောက်သေးတာလဲ..."
ကာမန်း သူ၏အတွင်းအားစွမ်းအင်များအားလုံးကို ထုတ်လွှင့်ထားကာ အ၀ါရောင်အတွင်းအားစွမ်းအင်မီးတောက်များသည် သူ၏ခန္ဓာကိုယ်တစ်၀ိုက်တွင် တောက်ပနေသော်လည်း သူ၏ခန္ဓာကိုယ်ကိုထိန်းနိုင်စွမ်းမရှိသေးပေ။ ရလဒ်အနေဖြင့် သူသည် ဖှေး၏အော်သံကို တုန့်ပြန်လိုက်သည့်အတိုင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့၏။
"ချွတ်" ကြီးမားသည့် ဖိအားကြီးတစ်ခုသည် သူ၏ဒူးရိုးများကို ချိုးပစ်လိုက်သည်။
ကာမန်းဒူးထောက်ကျသွားသည့်အချိန်တွင် သူ၏ဦးခေါင်းသည်လည်း ငိုက်စိုက်ကျကာ သတိလစ်မေ့မျောသွားတော့၏။
နောက်မှကြည့်ပါက ကာမန်းသည် ဖှေး၏စကားကိုနားထောင်ပြီး မိမိအလိုဆန္ဒအတိုင်းဒူးထောက်ကာ အရှုံးပေးလိုက်သကဲ့သို့ပင်။
သူ၏အနောက်တွင်ရှိနေသည့် ဂျက်အင်ပါယာမှ မြင်းစစ်သည်များအားလုံးထိတ်လန့်အံ့သြကုန်ကြ၏။
တစ်ချို့မြင်းစစ်သည်များဆိုလျှင် မြင်နေရသည်ကိုပင်ယုံကြည်နိုင်ခြင်းမရှိကြပေ။ "အင်ပါယာကာကွယ်စောင့်ရှောက်သူသိုင်းဆရာကြီးတဲ့ တပည့်က ဇီးနစ်အင်ပါယာက အဖွဲ့၀င်တိုင်းပြည်တစ်ခုရဲ့ဘုရင်ရှေ့မှာ ဒူးထောက်လိုက်တာလား..." သူတို့တွေးလိုက်မိကြ၏။
သူတို့၏ဂုဏ်သရေများ၊ ယုံကြည်မှုများအားလုံးသည် ဤဒူးထောက်မှုကြောင့် ပျက်ဆီးသွား၏။
အရှုံးပေးရန်ဆန္ဒမရှိပဲ အသေခံတိုက်ခိုက်လိုသည့် မြင်းစစ်သည်များပင် သူတို့၏ရဲစွမ်းသတ္တိများပျောက်ဆုံးကုန်ကြတော့၏။ သူတို့မြင်လိုက်ရသည့်မြင်ကွင်းသည် သူတို့၏စိတ်အာရုံများကို ခြောက်ခြားစေပြီး ခြေလက်များကို ထုံကျင်သွားစေသည်။ သူတို့၏လက်နက်များကိုပင် ကိုင်ထားနိုင်ကြခြင်းမရှိကြတော့ပေ။
"ဟားဟား မင်းက အရှုံးပေးဖို့ရွေးချယ်လိုက်တယ်ဆိုတော့ ငါကလည်း ကတိအတိုင်းမင်းအနောက်က ရဲရင့်တဲ့မြင်းစစ်သည်တွေကို လွှတ်ပေးလိုက်မယ်..." ဖှေးရယ်မောလိုက်သည်။
ဤမြင်ကွင်းကို ဇီးနစ်အင်ပါယာမှ မှော်ဆရာတစ်ယောက်မှ ဒိုင်ဗီတလင်းကျောက်တစ်ခုကိုအသုံးပြုကာ မှတ်တမ်းတင်ထားလိုက်၏။ အနာဂတ်တွင်အသုံး၀င်လာနိုင်သည့်အတွက်ပင်။
ဖှေးလည်း အမှန်တကယ်ပင် ကတိတည်လိုက်သည်။
သူသည် ဤဂျက်အင်ပါယာမှ မြင်းစစ်သည်များကိုလွှတ်ပေးလိုက်၏။
သို့သော် ဘုရင်သည် သူ၏လောဘကြီးသည့်အကျင့်မူဆက်ထိန်းထားလိုက်သည်။ သူသည် ဤမြင်းစစ်သည်များ၏ လက်နက်များ၊ ချပ်၀တ်များ စစ်သည့် တန်ဖိုးကြီးပစ္စည်းများနှင့်် ပြေးရန်ပင်ကြောက်လန့်နေကြသည့် ကန္တာရသဲကျားများကို သိမ်းယူထားလိုက်သည်။ သူသည် ဂျက်အင်ပါယာမှ စစ်သည်များအား အားအနည်းဆုံးသဲကျား၄၀ခန့်နှင့် အ၀တ်စုတ်အ၀တ်ပျက်များကို ပြန်ပေးလိုက်ပြီးနောက်တွက် စခန်းအတွင်းမှ ကန်ထုတ်လိုက်တော့သည်။
ဤလူမျိုးစု၏ ပြင်းထန်သည့်စိတ်ဓာတ်ကို မျက်မြင်မြင်တွေ့လိုက်ရ၏။
ဂျက်အင်ပါယာမှ စစ်သည်၁၃၃ယောက်မှာအရှက်ရမှုကိုသည်းမခံနိုင်သည့်အတွက် မိမိကိုယ်မိမိသတ်သေသွားကြ၏။ သူတို့၏သွေးများသည် သဲပြင်ပေါ်သို့ စွန်းထင်ကုန်ကြသည်။
ကျန်ရှိနေသည့်စစ်သည်များမှာ ခေါင်းဆောင်တစ်ချို့၏ဦးဆောင်မှုအောက်တွင် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့၏။
"သွားကြတော့ မင်းတို့ မြင်ခဲ့ရတာတွေကို ပြန်ပြောလိုက်ကြ....ဟားဟား..."
ထွက်ပြေးနေကြသည့် မြင်းစစ်သည်များကို ကြည့်ရင်းဖြင့် ဖှေးသည် တဲအရှေ့တွင် ဗီလိန်တစ်ကောင်ကဲ့သို့ရယ်မောနေ၏။ ဂျက်အင်ပါယာမှ စစ်သည်များသည် စီးနှင်းစရာသားရဲကောင်လုံလုံလောက်လောက်မရှိတော့ခြင်း၊ သားရဲကောင်များနှင့် ဆိုး၀ါးသည့် ရာသီဥတုဒဏ်ကြောင့် တစ်၀က်ခန့်သာ ဂျက်အင်ပါယာသို့ အသက်ရှင်လျှက်ပြန်ရောက်နိုင်ကြမည်ဖြစ်၏။
ဂျက်အင်ပါယာမှကာကွယ်စောင့်ရှောက်သူသိုင်းဆရာ၏ တတိယမြောက်တပည့်ဖြစ်သည့် ကာမန်းဒူးထောက်ကာ အရှုံးပေးခဲ့သည့်သတင်းသည် ပြန့်နှံ့သွားလိမ့်မည်ဟု ဖှေးယုံကြည်သည်။ ဤသည်မှာ ဂျက်အင်ပါယာမှ စစ်သည်များအား စိတ်ဓာတ်ပျက်ပြားစေမည့်အကြောင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။
ရန်သူများ ၀င်ရောက်စီးနှင်းခြင်းကို ဖြေရှင်းပြီးဖြစ်သော်လည်း ရှိဗ်ချန်ကိုနှင့် တစ်ခြားလူများသည် ဖြစ်ခဲ့သည်ကို ပြန်လည်စဥ်းစားလိုက်မိပြီးသည့်နောက်တွင် ထိတ်လန့်ကာ ချွေးများပျံလာကြ၏။
"တပ်ဖွဲ့ခေါင်းဆောင်သာ ဒီနေရာမှာ ငါတို့နဲ့ရှိမနေဘူးဆိုရင် ငါတို့ရှေ့ပြေးတပ်ဖွဲ့က အသေပျောက်အနည်းငယ်တော့ ကြုံတွေ့ရလောက်တယ်။ အဲ့ကာမန်းလို့ခေါ်တဲ့လူက အတော်စွမ်းအားကြီးတဲ့လူပဲလေ။ ငါတောင်မှာ အဲ့လူကို ထိပ်တိုက်ရင်ဆိုင်နိုင်မှာမဟုတ်ဘူး..." ရှိဗ်ချန်ကို တွေးလိုက်မိသည်။
အမှန်ပင် ပီတာ၊ ပီးရာ့စ်နှင့်ဒရော့ဂ်ဘာတို့သည် သူတို့၏ကြယ်တာရာချပ်၀တ်များကို ဆင့်ခေါ်ကာအတူတကွတိုက်ခိုက်နိုင်ပါက ကာမန်းအား ခုခံနိုင်လောက်၏။ သို့သော် ဤအချက်ကို ရှိဗ်ချန်ကိုမသိရှိပေ။
"အရှင်မင်းကြီးက ကျွန်တော်တို့နဲ့အစကတည်းက လိုက်လာတာလား..." ဖှေး အားတွေ့လိုက်ရခြင်းကြောင့် စစ်သည်များအံ့သြကုန်ကြပြီး ဒရော့ဂ်ဘာနှင့် ပီးရာ့စ်တို့သည် လမ်းလျှောက်လာပြီးဖှေးအား နှုတ်ဆက်လိုက်ကြသည်။
"အေးပေါ့ကွ မင်းတို့နှစ်ကောင်ကောင်းကောင်းနေရဲ့လားဆိုတာ ငါလိုက်ကြည့်တာ။ မင်းတို့နှစ်ကောင် ရှိဗ်ချန်ကိုရဲ့ အမိန့်ကို နားထောင်ရဲ့လားဆိုတာကိုလေ။" ဖှေးပြောလိုက်၏။ "မဆိုးပါဘူး မင်းတို့တွေကောင်းကောင်းနေနေကြသားပဲ။ ကောင်းတယ် ဒီလိုပဲဆက်လုပ်ထားကြ င့ါကိုအရှက်မခွဲနဲ့..."
ဖှေးအစက စိုးရိမ်နေခဲ့မိသည်။
သူတို့နှစ်ယောက်သည် ချမ်းဘော့ဒ်တိုင်းပြည်မှ ခေါင်းဆောင်များဖြစ်ပြီး သူနှင့်လဲရင်းနှီးနေသည့်အတွက် မာနကြီးကာ တပ်ခွဲခေါင်းဆောင်ဖြစ်သည့်ရှိဗ်ချန်ကိုအား မလေးမစားလုပ်မည်ကို စိုးရိမ်နေသည့်အတွက်ပင်။ ဤကဲ့သို့ဆိုပါက တပ်ဖွဲ့အတွက်မကောင်းပေ။
ယခုအချိန်တွင်အရာအားလုံး အဆင်ပြေနေသည်ကိုမြင်တွေ့ရသည့်အတွက် ဖှေးစိတ်အေးသွား၏။
ဤလူသန်ကြီးနှစ်ယောက်သည် ရှိဗ်ချန်ကိုအမိန့်ကို လေးလေးစားစားဖြင့်လိုက်နာနေလျှက်ရှိကြသည်။ ဤသည်မှာ ဖှေးကိုအနည်းငယ်ပင် အံ့သြသွားစေ၏။
"သူတို့နှစ်ယောက်က ကိုယ့်အကန့်ကိုသိပြီးတော့ ချမ်းဘော့ဒ်ကိုအရှက်မရစေဘူးပဲ..."
ဖှေးအနည်းငယ် စိုးရိမ်နေခဲ့ရသည့် အကြောင်းပြချက်လဲရှိ၏။
ဇီးနစ်စစ်ဌာနချုပ်မှ မည်ကဲ့သို့တွေးကြောင်းမသိပေ။ သို့သော် သူတို့သည် ၀ံပုလွေစွယ်ပင်မတပ်ဖွဲ့အား လေ့ကျင့်မှုမပေးသောကြောင့် တပ်ဖွဲ့၀င်များသည်တစ်ယောက်နှင့်တစ်ယောက်သိကျွမ်းကြခြင်းမရှိသေးပေ။ ထို့အပြင် တပ်ဖွဲ့၏၈၀ရာခိုင်နှုန်းခန့်ကို အဖွဲ့၀င်တိုင်းပြည်များမှ စစ်သည်များ၊ သိုင်းဆရာများစုပေါင်းကာဖွဲ့စည်းထားသည့်အတွက် အချင်းများမှုများ၊ သဘောထားမတိုက်ဆိုင်မှုများအနည်းငယ်ရှိလာနိုင်၏။
ထိုကဲ့သို့ သဘောထားမတိုက်ဆိုင်မှုများသည်လည်း ၀ံပုလွေစွယ်တပ်ဖွဲ့ထဲတွင် အမှန်တကယ်ပင် ပေါ်ပေါက်ခဲ့ပြီး တပ်ဖွဲ့ကြီးတစ်ခုလုံးကိုနှောင့်နှေးစေခဲ့သည်။ အဖိုးကြီးအာရန်းသည် အတွေ့ကြုံရှိပြီးဤကဲ့သို့သော ကိစ္စများကို ကြိုတင်ကာ တွက်ဆထားပြီးဖြစ်သော်လည်းအချိန်တိုအတွင်းတွင် ဖြေရှင်းရန်မှာ မဖြစ်နိုင်ပေ။
ရှေ့ပြေးတပ်ဖွဲ့မှ လွဲ၍ ကျန်ရှိနေသည့် တပ်ဖွဲ့အများစုသည် နယ်စပ်နှင့်ပင် နီးကပ်လာခြင်းမရှိသေးပေ။ ဖှေး အဖိုးကြီးအာရန်း၊ မှော်မင်းသမီးစင်ဒီ၊ ငွေရောင်ချပ်၀တ်ဓားသွား၊ လမ်းပါ့ဒ်နှင့် အယ်လီနာတို့ထံမှ အကူညီများကိုလည်း ရယူခဲ့သည်။ ဖှေး တပ်ဖွဲ့အား ဖြေးဖြေးခြင်းသာ ချီတပ်ခဲ့ရန်အတွက် အမိန့်ပေးခဲ့ပြီး လမ်းတွင် လေ့ကျင့်ရမည့်အချိန်ဇယားကိုလည်း ရေးဆွဲပေးခဲ့သည်။ တပ်ဖွဲ့များ အလံနှစ်စုံမြို့တော်နှင့် နီးကပ်လာသည့်အချိန်တွင် တိုက်ပွဲအတွက်အဆင့်သင့်ဖြစ်နေစေရန်ဖြစ်သည်။
ဖှေးသည် လေ့ကျင့်ရခြင်းမရှိသေးသည် ဤရှေ့ပြေးတပ်ဖွဲ့အတွက် ပို၍စိုးရိမ်နေခဲ့သည်။
ထို့ကြောင့် သူသည် လျို့၀ှက်ကာ သူတို့နှင့်လိုက်လာခဲ့ခြင်းပင်ဖြစ်ပြီး အဓိကခေါင်းဆောင်နှစ်ယောက်ဖြစ်သည့် ရှိဗ်ချန်ကိုနှင့် ပီတာတို့သာ ဖှေးလိုက်လာသည့်အကြောင်းကို သိရှိကြသည်။
ဖှေးလက်ရှိတွင် ထွက်လာခဲ့ခြင်းကြောင့် စစ်သည်များအားလုံးမြင်တွေ့သွားပြီဖြစ်ရာ ဆက်လက်ပုန်းအောင်းနေရန်အတွက် မလိုအပ်တော့ပေ။
ဖှေးသည် စစ်သည်များ၏စိတ်ထဲတွင် အဖွဲ့၀င်တိုင်းပြည်များ၏ နံပါတ်၁စစ်သည်တစ်ယောက်သာ မဟုတ်တော့ပေ။ သူလအဆင့်စစ်သည်သုံးယောက်အား ဖမ်းဆီးပေးခဲ့သည့် သတင်းပြန့်နှံ့သွားခဲ့သည့်အချိန်တွင် သူသည် စစ်ပွဲနတ်ဘုရားတစ်ပါးကဲ့သိုပင်ဖြစ်လာ၏။ ယနေ့ညတွင် ဖှေး၏စွမ်းဆောင်ရည်အား ကိုယ်တိုင်တွေ့မြင်ပြီးနောက်တွင် စစ်သည်များသည် ဖှေးအား ပို၍ပင် ယုံကြည်ကိုးကွယ်လာကြ၏။
တပ်ခွဲမှစစ်သည်များအားလုံးသည် ဖှေးအတွက် အော်ဟစ်အားပေးနေကြ၏။
အဖွဲ့ခေါင်းဆောင်ရာထူးရှိသည့် လူများသည် အလည်တွင်ရှိသည့် တဲအတွင်းသို့ရောက်လာကြပြီး ဖှေးအားမြှောက်ပင့်ချီးကျူးနေကြ၏။ တစ်နာရီခန့်ကြာသည့်အချိန်တွင် ဖှေးထိုလူများကိုနှင်ထုတ်လိုက်သည်။
ဖှေးနှင့်ကိုယ်တိုင်မတွေ့ဖူးသေးသည့် အရာရှိတော်တော်များများလည်းရှိနေ၏။ သူတို့သည် ယခင်က ဤတပ်ဖွဲ့ခေါင်းဆောင်သည် အေးစက်ပြီး မာနကြီးလိမ့်မည်ဟု ထင်ခဲ့သော်လည်း တကယ်တန်းတွေ့ဆုံပြီးသည့်အချိန်တွင် ခင်မင်ရင်းနှီးတတ်သူတစ်ယောက်ဖြစ်ကြောင်းကို သိရှိလာကြ၏။
ဤသည်မှာ ဖှေး၏ တစ်ခြားတစ်ဖက်ပင်။
တကယ်၍ ဖှေးနှင့်အတူရန်သူများရှေ့တွင်ဆိုပါက ဖှေးသည် ခင်မင်ရင်းနှီးတတ်သည့်လူမဟုတ်ကြောင်းသိလာလိမ့်မည်ဖြစ်သည်။
ဤသည်မှာ မမေ့နိုင်သည့် ညတစ်ညပင်။
၀ံပုလွေတပ်ဖွဲ့၏ ရှေ့ပြေးတပ်ခွဲ ဂျက်အင်ပါယာ၏ မဟူရာမျှော်စဥ်အဖွဲ့မှ ၀င်ရောက်စီးနင်းခံရခြင်းသည် သိပ်ပြီးအရေးမကြီးတော့ပေ။ ထိုအစား တပ်ဖွဲ့ခေါင်းဆောင်၏ စွမ်းအားကို ကိုယ်တိုင်မြင်တွေ့လိုက်ရခြင်းကြောင့် စစ်သည်များပျော်ရွင်ကာ တက်ကြွလာကြ၏။
သို့သော် ဂျက်အင်ပါယာမှစစ်သည်များအတွက်မှာမူ ဆန့်ကျင်ဘက်ပင်။
သူတို့ယနေ့တွင်ရရှိခဲ့သည့်အရှက်တရားသည် အမှောင်ခေတ်၏အစပျိုးခြင်းပင်။