အခန်း (၄၇၇)
Vol. 31 Ch. 477
ထိုမာနထောင်လွှားနေသည့်လူ၏ မျက်နှာသည် မဲ့ရွဲ့သွား၏။
သူသည်သူ၏စစ်သည်များကို လက်ရှိတွင် စိတ်ဓာတ်တက်ကြွနေကြသည့် ဇီးနစ်အင်ပါယာမှစစ်သည်များနှင့်တိုက်ခိုက်စေလိုခြင်းမရှိသဖြင့် သူသည် ဇီးနစ်အင်ပါယာမှ တပ်ကူ မြင်းစစ်သည်၆၀၀၀ကို မြို့အတွင်းသို့ လွတ်လပ်စွာ၀င်ခွင့်ပေးခဲ့ခြင်းပင်။ မြင်းစစ်သည်များသည် ရွေ့လျားနိုင်ခြင်းမရှိတော့ပါက နွံနစ်သွားသည့်ကျားတစ်ကောင်ကဲ့သို့ပင် ဤမာနကြီးသည့်လူသည် မြင်းစစ်သည်များကိုအသေပျောက်နည်းနည်းဖြင့် အမြန်ဆုံးသတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်၇ှိသည်။
သို့သော်သူသည် ယခုအချိန်တွင် ဇီးနစ်မှလေးသည်တော်တစ်ယောက်ကိုပင်ရပ်တန့်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ဂျက်အင်ပါယာမှ စစ်သည်များ၏ စိတ်ဓာတ်သည်များစွာပျက်ပြားသွား၏။
“မှော်ဆရာတွေကို တာ၀န်ပေးလိုက်ကွာ...” ခနတာတိတ်ဆိတ်သွားပြီးသည့်နောက်တွင် ဤမာနထောင်လွှားသည့်လူသည် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး အမိန့်ပေးလိုက်၏။
အစောင့်စစ်သည်များ၏ကာကွယ်မှုအောက်တွင် မှော်ဆရာများသည် မှော်မန္တာန်များကို စတင်၍ ရွတ်ဆိုကြတော့၏။ သူတို့သည် အတူတကွပေါင်းစည်း၍ စွမ်းအားမြင့်မှော်အစွမ်းတစ်ခုကို ထုတ်သုံးရန်အတွက်စီစဥ်နေကြခြင်းပင်။ စစ်ဘက်ဆိုင်ရာတွင် အလုပ်လုပ်သည့်မှော်ဆရာများသည် သာမန်မှော်ဆရာများနှင့်အနည်းငယ်ကွဲပြား၏။ သူတို့သည် ပို၍စည်းကမ်းရှိကြကာ တစ်ယောက်နှင့်တစ်ယောက် ပို၍ကောင်းမွန်စွာ စုပေါင်းလုပ်ဆောင်နိုင်ကြသည်။ အတွေ့ကြုံများစွာရှိသောကြောင့် သူတို့သည် အခွင့်ရေးများကို ဆုပ်ကိုင်ရာတွင် ကျွမ်းကျင်ပြီး ရန်သူများကို အများဆုံးထိခိုက်စေမှုများကို ပြုလုပ်နိုင်၏။
“မြေနတ်သမီး၏အမျက်ဒေါသ...”
ထိုလူသည်ရှေ့ပြေးတပ်ဖွဲ့ကို ထိုးဖောက်လာသည့်အချိန်တွင် ဤမှော်ဆရာများသည် သူဒုတိယခုခံမှုနေရာအား မရောက်ရှိမှီအခွင့်ရေးကိုအမိရဆုပ်ကိုင်ပြီး မှော်အစွမ်းကိုထုတ်သုံးလိုက်ကြ၏။ ထိုနေရာတွင် ဂျက်အင်ပါယာမှ စစ်သည်တစ်ယောက်မှရှိမနေသည့်အတွက်ပင်။ ထို့ကြောင့် မှော်ဆရာများသည် သူတို့၏လူများထိခိုက်မိမည်ကို စိုးရိမ်ရန်မလိုပေ။
မှော်စွမ်းအင်ဂုဏ်သတ္တိများစတင်၍ တောက်ပလာတော့သည်။
နောက်အခိုက်တန့်တွင် မာကြောသည့် မြေပြင်သည် စတင်၍ ရွေ့လျားလာတော့၏။ တစ်ချို့နေရာများသည် လှိုင်းများကဲ့သို့အပေါ်အောက်ရွေ့လျားလာပြီး တစ်ချို့နေရာများသည်နွံအိုင်များအဖြစ်သို့ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် ကြီးမားသည့်ဆူးချွန်ကြီးများသည်လည်း မြေပြင်အောက်မှ ထိုးဖောက်ထွက်လာပြီး အမဲရောင်သားရဲကြီး၏ ၀မ်းဗိုက်ကို ပစ်မှတ်ထားလိုက်၏။
“၀ုတ် ၀ုတ် ၀ုတ်...”
အမဲရောင်သားရဲကြီး၏ ဒေါသဖြင့် ဟိန်းဟောက်လိုက်သံသည် လူတိုင်းကို အံ့သြသွားစေ၏။
“ဒါက ခွေးဟောင်သံနဲ့လည်းတူတယ်။ ဒါပေမယ့် ခွေးတစ်ကောင်က ဒီလောက်ကြီးနိုင်လို့လား...”
နောက်အခိုက်တန့်တွင် ဖြစ်ပျက်သွားခဲ့သည့်အရာမှာ ဤလူများအား သူတို့၏မျက်လုံးများကိုပင် ပြန်လည်ပွတ်သက်မိသွားစေ၏။
ဤသားရဲကောင်ကြီးသည် အရွယ်စားနှင့်မလိုက်အောင်ပင် လျင်မြန်ဖြတ်လတ်လှသည်။ အမဲရောင်မီးခိုးတန်းကြီးတစ်ခုကဲ့သို့ပင် နွံအိုင်များ၊ ဆူးချွန်များနှင့် ငလျင်လှိုင်းများကို ခုန်ကျော်သွား၏။ ဂျက်အင်ပါယာများခံတပ်အနေဖြင့် တည်ဆောက်ထားသည့် နံရံအနည်းငယ်ကိုပင် ခုန်ကျော်သွားသေးသည်။ ဤနံရံများသည် ဆယ်မီတာကျော်ပင်အမြင့်ရှိသည့် နံရံများပင်။
မြေနတ်သမီး၏အမျက်ဒေါသသည် စစ်မြေပြင်တွင်အသုံးပြုလေ့ရှိကြသည့်နာမည်ကြီးမှော်အစွမ်းတစ်ခုဖြစ်၏။ ထိုအစွမ်းအားအသုံးပြုရန်အတွက် မှော်ဆရာများစွာလိုအပ်ပြီး တစ်စတုရန်းကီလိုမီတာနေရာတွင် နွံအိုင်များ၊ သဲတွင်းများ၊ ဆူးချွန်များ၊ ထောင်ချောက်များစသည်တို့ကို ဖြစ်ပေါ်လာစေ၏။ ဤသည်မှာ မြင်းစစ်သည်များအတွက် အိမ်မက်ဆိုးတစ်ခုပင်။
အမှန်ပင် ထိုအစွမ်းကိုအသုံးပြုရန်အတွက် အဆင့်မြင့်မှော်ပစ္စည်းများလည်း လိုအပ်သေးသည်။ စွမ်းအားမြင့် မှော်ဆရာများအပြင် လိုအပ်သည့်မှော်ပစ္စည်းများကိုလည်း ကြိုတင်နေရာချထားရန်လိုအပ်ပြီး မှော်အစွမ်းသည် ထိုပစ္စည်းများချထားသည့်နေရာတွင်သာ သက်ရောက်မှုရှိ၏။
ထို့ကြော့င် ဂျက်အင်ပါယာမှမှော်ဆရာများသည် ဇီးနစ်မှမြင်းစစ်သည်များ ချီတပ်လာခဲ့စဥ်က ဤအစွမ်းကိုအသုံးမပြုခဲ့ခြင်းပင်။ ထိုစစ်သည်များ၏လမ်းကြောင်းသည် မှော်အစွမ်းအသုံးပြုနိုင်သည့် နေရာတွင်မရှိသည့်အတွက်ဖြစ်၏။
သို့သော် ဤလေးသည်တော်အား တားဆီးရန်မှာ အရေးကြီးသည့်တာ၀န်တစ်ခုပင်။ ထို့ကြောင့် ဤကဲ့သို့မြင်းစစ်သည်တပ်ဖွဲ့ကြီးတစ်ခုကို တိုက်ခိုက်ရန်ပြင်ဆင်ထားသည့်မှော်အစွမ်းအား လူတစ်ယောက်ကို တားဆီးရန်ထုတ်သုံးလိုက်ရ၏။
လူတိုင်းအံ့သြသွားစွာပင် ဤအစွမ်းသည် ထိုလေးသည်တော်၏ လွယ်ကူစွာရှောင်တိမ်းခြင်းကိုခံလိုက်ရ၏။ တကယ်တန်းတွင် ထိုအစွမ်းကိုရှောင်တိမ်းလိုက်သည်မှာ သူစီးနင်းနေသည့် သားရဲကောင်ကြီးပင်။ ထိုသားရဲကောင်ကြီးခုန်ကျော်လိုက်သည်မှာ အတောင်ပံပါရှိသည့် သတ္တ၀ါတစ်ကောင်ပျံသန်းသွားသကဲ့သို့ပင်။
မှော်အစွမ်းကို ထုတ်သုံးပြီးခါစဖြစ်သောကြောင့် မောပန်းနေသည့်မှော်ဆရာများသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သတိလစ်သွားလုနီးနီးပင်။ သူတို့အတွက် အလွန်ထိတ်လန့်ဖွယ်ဖြစ်သောကြောင့်ပင်။
ဤသည်မှာ သူတို့စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေ၏။
“ငါတို့ရဲ့ အဆင့်မြင့်မှော်အစွမ်းက ခွေးတစ်ကောင်ကိုတောင် မသတ်နိုင်ဘူးလား...” သူတို့တွေးလိုက်မိကြ၏။
“ရှေ့ပြေးတပ်ဖွဲ့ကို သူ့ကို အနောက်ကနေ၀ိုင်းဖို့ပြောလိုက်ကြ။ ဒုတိယခံစစ်တပ်ဖွဲ့ကို လှံတံဖွဲ့စည်းပုံပြောင်းပြီး သူ့ကိုသတ်လိုက်ဖို့ပြောလိုက်...” မာနထောင်လွှားသည့်လူ၏မျက်နှာမှာ ပို၍ပို၍ပျက်လာတော့၏။
ခရာသံများထွက်ပေါ်လာပြန်သည်။
စစ်သည်လေးယောက်ခန့်စုပေါင်းပြီး သုံးမီတာကျော်ခန့်ရှည်လျားသည့် လှံရှည်ကြီးများကို မလိုက်ကြပြီး ၄၅ဒီဂရီခန့်ကောင်းကင်ပေါ်သို့ ထောင်မက်လိုက်သည်။ အ၀ေးမှကြည့်က ထိုလှံတံများသည် သေခြင်းတရားကိုကိုယ်စားပြုသည့် သံမဏိလက်နက်တောအုပ်ကြီးတစ်ခုကဲ့သို့ပင်။
လှံရှည်ဖွဲ့စည်းပုံသည်လည်း မြင်းစစ်သည်များနှင့်ရင်ဆိုင်ရာတွင်အကောင်းဆုံးဗျူဟာများထဲမှတစ်ခုဖြစ်သည်။
ကြယ်ငါးလုံးအဆင့်ခန့်ရှိသည့်မြင်းစစ်သည်တစ်ယောက်ပင် ထိုလှံတံဖွဲ့စည်းပုံအတွင်းတွင် ပိတ်မိသွားပါက သေဆုံးသွားနိုင်၏။
သို့သော် ထိုလေးသည်တော်နှင့် သူ၏စီးတော်ခွေးတို့သည် သေမည့်ပုံမပေါ်ကြပေ။ ၂၀မီတာခန့်အကွာသို့ရောက်သည့်အချိန်တွင် ထိုလေးသည်တော်သည် လက်သီးဖြင့် ဆက်တိုက်ထိုးလိုက်၏။ ထိုးဖောက်မြင်နိုင်သည့် လက်သီးရာများသည် လှံတံဖွဲ့စည်းပုံထဲသို့ ဥက္ကာပျံခဲများကဲ့သို့ပျံသန်းသွားတော့၏။
သွေးများသည် ချက်ချင်းပင်နေရာအနှံ့သို့ပြန့်နှံ့ကုန်ကြတော့သည်။
ထိုလူနှင့် သူစီးနှင်းနေသည့်သားရဲကောင်တို့ကိုမူ မည်သည့်အရာမှ ရပ်တန့်နိုင်ခြင်းမရှိသေးပေ။
သူ၏လက်သီးချက်များသည် သူ့အတွက် လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပေးလျှက်ရှိ၏။
ဤလက်သီးရာများ၏အရှေ့တွင် ဂျက်အင်ပါယာမှ မြင်းစစ်သည်များသည် အားနည်းလွန်းနေ၏။ သွေးများသည် မြစ်ကဲ့သို့ပင်စီးဆင်းနေပြီး အရိုးများသည်တောင်လိုပုံနေတော့သည်။ အမဲရောင်သားရဲကောင်ကြီးသည် ရန်သူများ၏အရိုးများ၊ အသားများပေါ်သို့ နင်းလျှက်ပြေးလာနေပြီး ထိုလေးသည်တော်နှင့် သူ၏သားရဲတို့သည် ရှေ့သို့ဆက်လက်ကာ ချီတပ်လာနေလျှက်ရှိသည်။
တောင်ပေါ်တွင်ရှိနေသည့် ဂျက်အင်ပါယာမှ ခေါင်းဆောင်များသည် ထိတ်လန့်အံ့သြနေကြ၏။
“သူ့မှာ ဘယ်လိုခွန်အားမျိုးရှိနေတာလဲ။ သူကဘယ်လိုလုပ်ပြီးတော့ သောင်းနဲ့ချီတဲ့စစ်သည်တွေကိုတောင် လွှမ်းမိုးနိုင်ရတာလဲ။ သူက လအဆင့်စစ်သည်တစ်ယောက်လား...”
ဂျက်အင်ပါယာမှ မာနထောင်လွှားသည့်ခေါင်းဆောင်သည် သူ၏စစ်သည်များစိတ်ဓာတ်စတင်၍ ပျက်ပြားလာကြသည်ကို အာရုံခံလိုက်မိ၏။
ဤသည်မှာ သူထိတ်လန့်သည့်အရာတစ်ခုပင်။
ဤလူ၏ စိတ်ထဲတွင် ထိုလေးသည်တော်နှင့် သူ၏သားရဲကောင်သည် စစ်သည်တစ်ချို့ကို သတ်ဖြတ်နိုင်သော်လည်း သူ၏တပ်ဖွဲ့ကြီးတစ်ခုလုံးကိုမူ ထိခိုက်စေနိုင်မည်မဟုတ်ပေ။ စစ်ပွဲတစ်ပွဲကို လူတစ်ယောက်တည်း၏စွမ်းအားဖြင့် အနိုင်ယူရန်မှာ မည်မျှပင်စွမ်းအားကြီးစေကာမူ မဖြစ်နိုင်သည့်အတွက်ပင်။ လူတစ်ဦးတစ်ယောက်တည်းလုပ်နိုင်သည်မှာ အကန့်သက်ရှိ၏။ သို့သော် သူသည် လက်ရှိတွင် ဂျက်အင်ပါယာ၏ တပ်ဖွဲ့ကြီးတစ်ခုလုံးကို ထိခိုက်အောင်ပြုလုပ်နေနိုင်ခြင်းမရှိသေးသော်လည်း ဂျက်အင်ပါယာမှစစ်သည်များ၏ စိတ်ဓာတ်ကိုမူ ကြီးမားစွာပျက်ပြားနေစေလျှက်ရှိသည်။
“ငါ့လေးယူလာခဲ့စမ်းကွာ...” မာနထောင်လွှားသည့် လူသည် အမိန့်ပေးလိုက်၏။
သူ၏ဘေးတွင်ရှိသည့် ကိုယ်ရံတော်တစ်ယောက်သည် သူ့အား ထူးဆန်းသည့်ပုံသဏန်ရှိသည့်လေးတစ်လက်ကို ယူဆောင်လာခဲ့ပေးလိုက်၏။ လေးထိပ်တွင် သိမ်းငှက်ခေါင်းတစ်ခုပုံကို ထွင်းထုထား၏။ လေးကြိုးသည် နီရဲနေပြီး အနီရောင်လေဆာတန်းတစ်ခုကဲ့သို့ပင်။ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို ပြောနိုင်ရန်အတွက် ခက်ခဲသော်လည်း မီးစွမ်းအင်အရှိန်၀ါတစ်ချို့ထုတ်လွှတ်လျှက်ရှိ၏။
သူလေးကို ကိုင်လိုက်လျှင် ကိုင်လိုက်ခြင်းပင် သူ၏အရှိန်၀ါသည် သိသိသာသာပြောင်းလဲသွား၏။
သူသည် ယခင်က ဓားအိမ်ထဲတွင်ရှိနေသည့်ဓားတစ်လက်ကဲ့သို့ဖြစ်ပြီး ယခုအချိန်တွင်မူ ခုတ်ပိုင်းရန်ဆွဲထုတ်ထားသည့် ဓားတစ်ချောင်းကဲ့သို့ပင်။
သူလေးကြိုးအား အသာဆွဲတင်လိုက်သည့်အချိန်တွင် အနီရောင်မြှားတစ်ချောင်းပေါ်လာ၏။
သိပ်မ၀ေးသည့်နေရာတွင် ရပ်နေသည့် ရစ်ဘရီသည် ဤမြှားသည်အတွင်းအားစွမ်းအင်များဖြင့် ပြုလုပ်ထားသည်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။ ဤလေးသည် ထူးခြားပြီး ဤမာထောင်လွှားသည့်လူ၏စွမ်းအားကိုပါ တိုးမြှင့်ပေးထားလျှက်ရှိသည်။ သူသည် လက်ရှိတွင် ကြယ်၈လုံးအဆင့်စစ်သည်တစ်ယောက်ပင်။
“သူက ဒီလိုစွမ်းအားကြီးတာတောင်အ၀ေးကနေချောင်းမြောင်းတိုက်ခိုက်တော့မလို့လား...” ရစ်ဘရီတွေးလိုက်မိသည်။
“သတိထား...” ရစ်ဘရီသည် အလွန်စိုးရိမ်လာပြီး လက်ကျန်အတွင်းအားစွမ်းအင်များကိုအသုံးပြုကာ အော်ဟစ်လိုက်၏။ သို့သော် သူ၏ခန္ဓာကိုယ် ထိုကဲ့သို့အော်ဟစ်လိုက်သည့်အတွက် ပြင်းထန်စွာတုန်ခါသွားပြီး ခန္ဓာကိုယ်ပေါ်တွင်ရှိသည့် ဒဏ်ရာများသည်လည်း ပို၍ဆိုး၀ါးလာတော့သည်။
“၀ှစ်...”
ရစ်ဘရီအော်လို့မပြီးသေးခင်မှာပင် မြှားကို ပစ်လွှတ်လိုက်၏။
မြှားသည်အလွန်မြန်ဆန်လှသည့်အတွက် တယ်လီပေါ့တ်သွားသကဲ့သို့ပင်။ သားရဲကောင်ပေါ်တွင်ရှိနေသည့် လေးသည်တော်ရှေ့သို့ပင်ချက်ချင်းရောက်ရှိသွားတော့၏။
လေးသည်တော်သည် သူ၏ခန္ဓာကိုယ်အား တိမ်းစောင်းကာ ဤတိုက်ခိုက်မှုကိုရှောင်နိုင်ရန်အတွက် ကြိုးစားလိုက်၏။
သွေးများစီးကျလာ၏။
ထိုအနီရောင်မြှားသည် လေးသည်တော်၏ ဘယ်ဘက်ပခုံးအား ထိုးဖောက်ကာ ကောင်းကင်ထဲတွင်ပျောက်ကွယ်သွားတော့၏။
ထိုကဲ့သို့ဖြစ်ပြီးမှ လေခွင်းသည့်အသံထွက်ပေါ်လာတော့၏။ ဤအသံသည် အလွန်ကျယ်လောင်လှသဖြင့် မီးတောင်ပေါက်ကွဲသကဲ့သို့ပင်။ မြှားဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် စစ်သည်များ၏နားမှ သွေးများပင် စီးကျလာတော့၏။
ဂျက်အင်ပါယာဘက်မှ စစ်သည်များ၏အော်ဟစ်အားပေးသံများထွက်ပေါ်လာသည်။
“ဒီနတ်ဆိုးက နောက်ဆုံးတော့ ဒဏ်ရာရသွားပြီပဲ...”
“သူက ဒဏ်ရာတော့ ရနိုင်သေးတာပဲ...”
လေးသည်တော်၏ ပခုံးမှ သွေးများစီးကျလာပြီး မီးခိုးအနည်းငယ်ပင် ထွက်နေ၏။ ဒဏ်ရာသည် အလွန်နက်ရှိုင်းလှသည့်အတွက် အဖြူရောင်အရိုးများကိုပင် မြင်နေရ၏။
“သူဒဏ်ရာရသွားပြီ ချီတပ်တိုက်ခိုက်တော့...”
“ဟားဟား ခေါင်းဖြတ်လိုက်ကွာ...အဲ့တာက ကြီးမားတဲ့ ဆုလာဘ်တစ်ခုပဲဖြစ်မယ်...”
“သူသေတော့မယ့် သတ်ကြကွာ...”
လေးသည်တော်ပတ်လည်တွင်ရှိနေသည့် စစ်သည်များသည် သွေးရူသွေးတန်းဖြစ်လာကြတော့၏။ သူတို့သည် ပြန်လည်ရဲရင့်လာကြပြီး ထိုလေးသည်တော်ထံသို့ ပြေး၀င်သွားတော့၏။ “ပုရွတ်စိတ်အင်အားသာ လုံလုံလောက်လောက်ရှိမယ်ဆိုရင် နဂါးတစ်ကောင်တောင် သေမှာပဲ။” ဤစကားပုံသည် စစ်သည်များ၏ခေါင်းထဲတွင်ပြန်လည်ကြားယောင်လိုက်တော့၏။ သူတို့၏စိတ်ထဲတွင် ဤလူအား သတ်ဖြတ်နိုင်လိုက်ပါကရရှိမည့် ဆုကြေးများသည်တစ်သက်စားမကုန်တော့မည်ကိုသာတွေးမိနေကြ၏။
ခေါင်းဆောင်တစ်ချို့ပင် စိတ်မထိန်းနိုင်တော့ပဲ သူတို့၏အတွင်းအားစွမ်းအင်မျာကို ထုတ်လွှတ်ကာ တိုက်ခိုက်ရန်ပြင်လိုက်ကြသည်။
ရစ်ဘရီသည် ဒေါသဖြစ်ကာ စိုးရိမ်လာပြီး သက်ပြင်းချရုံမှ လွဲကာ မတတ်နိုင်တော့ပေ။ သူသည် ရန်သူအား လျှော့တွက်ခဲ့မိသည့်အတွက် အဖမ်းခံခဲ့ရကာ သူ့အတွက်ကြောင့် ဇီးနစ်အင်ပါယာမှ စစ်သည်တစ်ယောက်လဲအန္တရာယ်တောထဲရောက်နေခဲ့သည့်အတွက်ပင်။
သို့သော် နောက်ဖြစ်ပျက်သွားသည့်အရာကြောင့် သူ၏စိတ်ထဲသို့မျှော်လင့်ချက်များပြန်လည်ကာ ၀င်ရောက်လာခဲ့၏။
“ဟားဟား ငါစိတ်ပျက်သွားပြီ။ ဂျက်အင်ပါယာကစစ်သည်တွေရဲ့ ဂုဏ်သရေက ချောင်းမြောင်းတိုက်ခိုက်မှုတွေ လူအင်အားသာတာတွေနဲ့ပဲတည်ဆောက်ထားတာလား...”
ရယ်မောသံတစ်ခုထွက်ပေါ်လာသည်။ မြင်နိုင်ခြင်းရှိသည့်စွမ်းအင်အရှိန်၀ါတစ်ခုသည် ဤလေးသည်တော်၏ ခန္ဓာကိုယ်တစ်၀ိုက်မှပေါက်ကွဲလာတော့၏။ သူနှင့် မီတာ၂၀ခန့်နီးကပ်နေသည့်စစ်သည်များသည် ရှောင်ရှားနိုင်ခြင်းမရှိသည့်အတွက် သွေးမြူများဖြစ်သို့ပြောင်းလဲသွားတော့၏။ အတွင်းအားစွမ်းအင်မီးတောက်များလွှမ်းခြုံထားသည့် ဂျက်အင်ပါယာမှ ခေါင်းဆောင်တစ်ချို့ပင် ဤလူ၏ လက်သီးချက်များကြောင့် သေဆုံးသွား၏။