အခန်း (၄၈၀)
Vol. 31 Ch. 480
ဤဖြူဖက်ဖြူယော်နှင့်ပိန်ပိန်ပါးပါး သတင်းပို့စစ်သည် အော်ဟစ်ပြီးလိုက်သည့်အချိန်တွင် မြို့တော်၀န်၏အစောင့်နှစ်ယောက်တို့သည် နှာခေါင်းရှုံ့ကာ သူတို့၏ဓားျားကို ဆွဲထုတ်လိုက်ကြ၏။ သူတို့သည် ဖှေးအားမတိုက်ခိုက်ရဲသော်လည်း ဤအဆင့်နိမ့်စစ်သည်များကိုမူ ထင်သလိုလုပ်နိုင်ကြ၏။ သူတို့ဖှေးအားကျော်လွန်သွားသည့်အချိန်တွင် သူတို့ထဲမှတစ်ယောက်သည် မျက်စပစ်ပြကာ ဖှေးကိုပင် ရန်စလိုက်သေးသည်။
“ဖျောင်း ဖျောင်း...”
ထိုနေရာတွင် တိတ်ဆိတ်စွာရပ်နေသည့် ဖှေးသည် ရုတ်တရက်ရိုက်ချလိုက်၏။
လွန်ခဲ့သည့်တစ်စက္ကန့်ခန့်က နှာခေါင်းရှုံ့နေခဲ့သည့် ကိုယ်ရံတော်စစ်သည်နှစ်ယောက်မှာ အချိန်မှီမတုန့်ပြန်နိုင်လိုက်ကြပဲ သဲအိတ်နှစ်လုံးကဲ့သို့ပင် အနောက်သို့လွှင့်ထွက်သွားတော့၏။
ဖှေးဒေါသဖြစ်နေသောကြောင့် သူ၏ခွန်အားကို ထိန်းချုပ်ထားခြင်းမရှိပေ။ ကိုယ်ရံတော်နှစ်ယောက်၏ ငွေရောင်ဦးထုပ်ပေါ်တွင် နက်ရှိုင်းသည့်လက်သီးရာကြီးတစ်ခုပေါ်လာပြီး ဦးထုပ်နှစ်လုံးသည် ပုံပျက်သွားတော့သည်။ အထဲတွင်ရှိနေသည့် ဦးခေါင်းနှစ်လုံးလဲကွဲအက်သွားပြီး သွေးများဦးနှောက်အပိုင်းစများ ပေါက်ကွဲထွက်လာတော့၏။
“ဖုန်း ဖုန်း...”
သူတို့၏အလောင်းများသည် နံရံများနှင့်၀င်တိုက်ကာ အသားစများအဖြစ်သို့ပြောင်းလဲသွားတော့၏။
ဤရုတ်တရက်ဖြစ်ပေါ်လာသည့် ကြမ်းတမ်းသည့်မြင်ကွင်းသည် ခံတပ်နံရံပေါ်တွင်ရှိသည့်လူတိုင်းကို ထိတ်လန့်အံ့သြသွားစေသည်။
အခိုက်တန့်တစ်ခုကြာခန့် လူတိုင်းတိတ်ဆိတ်နေကြပြီး တံတွေးမျိုချသည့် အသံကိုသာ ကြားနေရ၏။
“ဂျုန်း ဂျုန်း ဂျုန်း...”
ဤအခိုက်တန့်တွင် ဂိတ်တံခါးပွင့်လာသည့်အသံမှာ အလွန်ကျယ်လောင်နေ၏။
“မင်း မင်းအဲ့လို လုပ်လို့မရဘူး...သေစမ်းကွာ...” ထိုသတင်းပို့စစ်သည်သည် အလွန်ထိတ်လန့်ကာ ဒေါသဖြစ်သွား၏။ သူသည် နောက်ဆုံးတွင်သတိပြန်၀င်လာပြီး ဖှေးအား လက်ညိုးထိုးကာ အော်ဟစ်လိုက်သည်။ “မင်းက ဘယ်သူလဲ မင်းကအဖွဲ့၀င်တိုင်းပြည်က ဘုရင်တစ်ပါးပဲ မင်းကများ...”
“ဖုန်း...” ထိုသတင်းပို့စစ်သည်၏ စကားမဆုံးသေးခင်မှာပင် သူ၏ဦးခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ပေါက်ကွဲသွားတော့၏။ သူ၏ ဦးခေါင်းမဲ့သည့် ခန္ဓာကိုယ်သည် အနည်းငယ်တွန့်ခါကာ မြေပေါ်သို့ လဲကျသွားတော့၏။ သွေးများသည် သူ၏လည်ပင်းမှ ရေပန်းများကဲ့သို့စီးကျလာတော့သည်။
“အား လူသတ်ကောင်..မင်းက မြို့တော်၀န်ရဲ့ သတင်းပို့စစ်သည်ကို သတ်လိုက်တာပဲ...”
အသတ်မခံရသေးသည့် မြို့တော်၀န်၏ ကိုယ်ရံတော်စစ်သည်များမှာ ကြောက်လန့်သွားကြ၏။ သူတို့သည် ဖှေးအား ခြိမ်းခြောက်လိုသော်လည်း ပါးစပ်ပိတ်ရန်ဆုံးဖြတ်လိုက်ပြီး ရုပ်ပျက်နေသည့် အလောင်းများနှင့် ဖှေး၏မျက်နှာပေါ်မှ ဂရုမစိုက်သည့်အမူယာတို့ကို မြင်ရအပြီးတွင် ထွက်ပြေးသွားကြတော့သည်။ သူတို့သည် နတ်ဆိုးတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင် အနောက်ကိုပင်တစ်ချက်ပြန်လှည့်မကြည့်ရဲကြတော့ပေ။ မကြာမှီတွင် သူတို့သည် မြင့်မားလှသည့် ခံတပ်နံရံပေါ်မှ ပျောက်ကွယ်သွားတော့၏။
ဖှေးသူတို့အား နှာခေါင်းသာရှုံ့လိုက်ပြီး တားဆီးခြင်းမရှိပေ။ သူတို့ထွက်သွားပြီးသည့်နောက်တွင် ဖှေးသည် သူတို့ပြေးသွားသည့်နေရာသို့ ကြည့်ကာ တစ်စုံတစ်ခုကိုတွေးလိုက်သည်။
မြို့တော်ဂိတ်တံခါးမှာပွင့်သွားပြီဖြစ်သည်။
သေချာစွာလေ့ကျင့်ထားသည့် မြင်းစစ်သည်၆၀၀၀သည် မြို့တော်အတွင်းသို့ ညီညီညာညာ၀င်ရောက်လာကြ၏။ စစ်သည်များသည် သူတို့စီးနင်းနေသည့် မြင်းများ၊ သားရဲများကိုလည်း ကောင်းမွန်စွာထိန်းချုပ်နိုင်သည့်အတွက် ၅မိနစ်အတွင်းမှာပင် မြို့တော်ထဲသို့၀င်ရောက်ပြီးဖြစ်၏။ ထို့နောက်တွင် ဂီယာစက်သွားသံများထက်မံထွက်ပေါ်လာပြီး ဂိတ်တံခါးသည် ပြန်လည်ကာပိတ်သွားတော့၏။
မြင်းစစ်သည်များ မြို့ထဲသို့ရောက်လျှင် ရောက်ခြင်းပင် အလံနှစ်စုံမြို့တော်မှ မြို့ခံများ၏ ကြိုဆိုခြင်းကို ခံရ၏။
မြို့ခံများသည် ခုခံတိုက်ပွဲတွင် ပါ၀င်ကြခြင်းမရှိသည့်အတွက် အခြေအနေသည် မည်မျှအန္တရာယ်များနေခဲ့ကြောင်းကို မသိရှိကြပေ။ သို့သော် သူတို့၏မျက်လုံးထဲတွင် စစ်ကူများရောက်ရှိလာခြင်းသည် ကောင်းမွန်သည့်အရာတစ်ခုပင်။ စစ်ကူများ၏ စစ်သည်အင်အားမှာ အနည်းငယ်နည်းနေသေးသော်လည်း သူတို့သည် အလံနှစ်စုံမြို့တော်၏ တပ်ဖွဲ့များကို ကျူးကျော်လာသူများအား ယာယီအားဖြင့်တိုက်ထုတ်နိုင်အောင်ကူညီပေးခဲ့သည့်အတွက် အားပေးနေကြခြင်းပင်။
မြေကမ္ဘာ၏အကာကွယ် မှော်စွမ်းအင်အကာရံကြောင့် မြို့တော်အတွင်းတွင်ရှိသည့်အဆောက်ဦးအများစုမှာ ထိခိုက်မှုသိပ်မရှိခဲ့ပေ။ လမ်းဘေးတွင် သုံးထပ်တိုက်များစွာလည်းရှိနေပြီး ကလေးများသည် ပြတင်းပေါက်များမှ သူတို့အား ကယ်တင်ခဲ့သည့် သူရဲကောင်းများကိုခေါင်းပြူထွက်ကာ ကြည့်ရှုနေကြ၏။ ပို၍ သတ္တိရှိသည့် ကောင်မလေးများသည် လမ်းပေါ်သို့ ထွက်ကာ မြင်းစစ်သည်များကို အော်ဟစ်အားပေးနေကြ၏။
အနီရောင်၀တ်ရုံများ၊ အမဲရောင်စစ်မြင်းများ၊ ရန်သူ၏သွေးများစွန်းထင်းနေသည့် ချွန်ထက်သည့်ဓားများနှင့် ဦးခေါင်းများနောက်ကွယ်မှ ခန့်ညားသည့်မျက်နှာများ....
မြင်းစစ်သည်များ၏အသွင်ပြင်သည် အာရုံစိုက်မှုများစွာကို ရရှိနေလျှက်ရှိ၏။ အရွယ်ရောက်ပြီးသော မိန်းကလေးများဆိုလျှင် သူတို့၏ ကယ်တင်ရှင်မင်းသားများကို အပိုင်ဖမ်းရန်မစောင့်နိုင်ကြတော့ပေ။
ရှေ့ပြေးတပ်ဖွဲ့တွင်ရှိနေသည့် မြင်းစစ်သည်များသည် ဤကဲ့သို့နွေးထွေးစွာကြိုဆိုမှုကို နှစ်သက်နေကြသည်။
မြင်းစစ်သည် ၆၀၀၀အား ဖရန့်-ရစ်ဘရီ၏ ရဲဘော်တစ်ယောက်မှ ဦးဆောင်ကာ ဂိတ်တံခါးနှင့်သိပ်မ၀ေးသည့်နေရာတွင်ရှိသည့် စခန်းချနေရာသို့ခေါ်သွား၏။ စစ်မြင်းများအား အစာကျွေးကာ၊အနားပေးရဦးမည်ဖြစ်သည်။ မြင်းစစ်သည်များသည်လည်း ရွက်ဖျင်တဲများထိုးကာ နေ့လည်စာ ချက်ပြုတ်ရဦးမည်ဖြစ်သည်။ ခရီးရှည်ထွက်လာခြင်းနှင့် ကြမ်းတမ်းသည့်တိုက်ပွဲတစ်ခုပြီးသည့်အချိန်တွင် မြင်းစစ်သည်များနှင့် စစ်မြင်းများသည် ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။
၀ံပုလွေစွယ်ရှေ့ပြေးတပ်ဖွဲ့မှခေါင်းဆောင်များနှင့် အလံနှစ်စုံမြို့မှ စစ်ရေးခေါင်းဆောင်များသည် ပထမဆုံးအကြိမ်အနေဖြင့် တွေ့ဆုံမိတ်ဆက်လိုက်ကြသည်။
ကျူးကျော်လာသူများသည် ဆုတ်ခွာသွားခြင်းမရှိသေးပေ။ နောက်တစ်ကြိမ်အချိန်မရွေးထက်မံ၍ သိမ်းပိုက်လာနိုင်၏။ အဖွဲ့နှစ်ဖွဲ့ခေါင်းဆောင်များသည် အစည်း၀ေးတစ်ခုကို အမြန်ကျင်းပကာ တစ်ယောက်နှင့်တစ်ယောက်လျှင်မြန်စွာပင် ရင်းနှီးလာကြ၏။ ဤကဲ့သို့မှ သူတို့သည်တိုက်ပွဲတွင် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်လာနိုင်မည်ဖြစ်သည်။
ဖှေး ထိုအစည်း၀ေးပွဲတွင် ပါ၀င်ခဲ့ခြင်းမရှိပေ။
ဘုရင်ပထဆုံးပြုလုပ်ခဲ့သည်မှာ ဟိုလာဒရစ်ကုဗတုံးကို အသုံးပြု၍ အလယ်လတ်အဆင့် မှော်တလင်းကျောက်တုံး၂၀ကို ထုတ်လုပ်လိုက်သည်။ ထို့နောက်တွင် မြေကမ္ဘာ၏အကာကွယ် မှော်အစီရင်ထဲသို့ထည့်လိုက်ပြီး အာကာရာနှင့် ကိန်းတို့ထံမှ သင်ကြားထားခဲ့သည့် ဗဟုသုတများကို အသုံးပြု၍ ရန်သူများကြောင့် ပျက်ဆီးသွားခဲ့သည့်မှော်အစီရင်မှ နေရာတစ်ချို့ကို ပြုပြင်လိုက်သည်။ ခုခံရာတွင် မှော်စွမ်းအင်အကာရံမှာ အရေးကြီးသည့်အရာတစ်ခုဖြစ်သောကြောင့် ဖှေးထိုအရာကို ပထမဆုံးပြုပြင်ရမည်ဖြစ်သည်။
ထိုကဲ့သို့ပြုပြင်ပြီးသည့်နောက်တွင် အချိန်တစ်နာရီခန့်ကုန်ဆုံးသွား၏။
“အေး အဆင့်မြင့်မှော်တလင်းကျောက်အလုံး၂၀...ဒါက ချမ်းဘော့ဒ်ဘဏ္ဏာတိုက်ထဲက ရတနာတွေပဲ။ ငါဒါတွေကို အလုံနှစ်စုံမြို့ရဲ့မှော်စွမ်းအင်အကာရံကို ပြုပြင်ဖို့သုံးလိုက်တယ်။ အဲ့တာကို သေချာမှတ်ထားလိုက်။ နောက်ပြီးကျရင် ဇီးနစ်စစ်ဌာနချုပ်ကို စာတင်ပြီးပြန်တောင်းရမယ်။ အော်အေး သူတို့ကို တန်ဖိုးတူတဲ့ရွှေဒင်္ဂါးတွေကို ပြန်ပေးလဲရတယ်လို့ပြောလိုက်ကွာ။ ချမ်းဘော့ဒ်က အင်ပါယာအပေါ်သစ္စာရှိကြောင်းကို ပြတဲ့အနေနဲ့ မူလတန်ဖိုးရဲ့ ၂၀ရာခိုင်နှုန်းလျှော့ပေးမယ်လို့ပြောလိုက်။ နောက်ပြီးတော့ ငါတို့ လျှောက်ပြေနေတယ်မထင်အောင် အလံနှစ်စုံမြို့က လူတစ်ချို့ကိုလည်း သက်သေခံခိုင်းလိုက်ကွာ...”
ဖှေးလက်ခုပ်တီးလိုက်ပြီး သူ၏ဘေးတွင်ရှိနေသည့်ခေါင်းဆောင်ပီတာကို ပြောလိုက်သည်။
ပီတာသည်လည်း ခေါင်းငြိမ့်လိုက်ကာ စာရွက်တစ်ရွက်နှင့် မင်တံတစ်ချောင်းကိုပါထုတ်ယူလိုက်ပြီး ဖှေးပြောသည့်စာရင်းကို ချရေးလိုက်သည်။ အရာအားလုံးသည် ပုံမှန်ဖြစ်နေသကဲ့သို့ပင်။
အလံနှစ်စုံမြို့တော်တပ်ဖွဲ့မှ အရပ်ရှည်ရှည်နှင့်ခေါင်းဆောင်တစ်ယောက်သည် ဤသည်ကိုကြားလိုက်ရသည့်အတွက် ကြောင်သွား၏။ သူသည် ဖှေးအတွက် လမ်းပြတစ်ယောက်အနေဖြင့် လိုက်ပါနေခဲ့ခြင်းပင်။ ဤသည်မှာ သူ၏ဘ၀တွင် တစ်စုံတစ်ယောက်မှ အင်ပါယာထံသို့ ကုန်ကျစရိတ်ပြန်လည်တောင်းခံသည်ကို ကြားဖူးခြင်းပင်။ တပ်ကူအဖွဲ့၏လက်ထောက်ခေါင်းဆောင်ကပင် အရာအားလုံးပုံမှန်ဖြစ်နေသကဲ့သို့ ပြုမူနေသည့်အတွက် အလွန်ထူးဆန်း၏။
“သူက တကယ်ပဲ အဖွဲ့၀င်နိုင်ငံငယ်လေးတစ်ခုရဲ့ဘုရင်တစ်ပါးရောဟုတ်ရဲ့လား။ သူက ဇီးနစ်စစ်ရေးဌာနချုပ်ကအရာရှိတွေ တစ်မျိုးမြင်သွားမှာကိုတောင်ဂရုစိုက်တဲ့ပုံမပေါ်ဘူး။” အရပ်ရှည်ရှည်နှင့်ခေါင်းဆောင်သည် တွေးကာ ပြုံးလိုက်မိသည်။
ဤဘုရင်သည် တပ်ကူတပ်ဖွဲ့ထဲတွင် မည်သည့်ရာထူးရှိသည်ကို မသိရှိသော်လည်း သာမန်လူတစ်ယောက်မဟုတ်သည်ကိုမူရိပ်မိ၏။
ထို့နောက်တွင် ဖှေးဤအရပ်ရှည်ရှည်ခေါင်းဆောင်နှင့် စကားစမြည်ပြောလိုက်၏။ သူတို့၏စကားသည် ယနေ့တိုက်ပွဲအကြောင်းသို့ရောက်ရှိသွားသည့်အချိန်တွင် ထိုအရပ်ရှည်ရှည်နှင့်ခေါင်းဆောင်မှ မြို့တော်၀န်ဆိုရိုယော့်ခ်နှင့် မြို့အတွင်းတွင်ရှိသည့် ဆွေကြီးမျိုးကြီးတစ်ချို့သည် သူတို့၏ကိုယ်ရံတော်တပ်ဖွဲ့များကို ပြန်လည်ရုတ်သိမ်းကာ မြို့တော်အား စွန့်ခွာရန်ပြင်နေကြသည်ကို ပြောပြလိုက်၏။
ဤအရာကို ကြားသည့်အချိန်တွင် ပီတာ၏မျက်နှာအမူယာသည် ချက်ချင်းပင်ပြောင်းလဲသွား၏။
ဘုရင်နှင့်အတူရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်သောကြောင့် ပီတာသည် ဖှေး၏စိတ်နေစိတ်ထားကို ကောင်းစွာသိရှိသည်။ ဘုရင်သည် ရိုးရိုးရှင်းရှင်းနေတတ်ကာ အကျင့်ပျက်ခြစားနေကြသည့် ဆွေကြီးမျိုးကြီးများ၊ အရာရှိများကို မုန်းတီးသည်ကိုပင်။
သို့သော် ပီတာအား အံ့သြစေသည်မှာဘုရင်သည် ဒေါသထွက်သွားခြင်းမရှိပေ။ ဖှေးသည် ဤခေါင်းဆောင်နှင့် ရယ်မောကာ ဆက်လက်ဆွေးနွေးနေ၏။
ခနကြာသည့်အချိန်တွင် ဖှေးနှင့် ပီတာတို့သည် အလံနှစ်စုံမြို့၏လက်ရှိအခြေအနေကို ကောင်းစွာသဘောပေါက်လာကြသည်။
ဇီးနစ်တိုင်းပြည်၏ တည်ဆောက်ပုံအရ အုပ်ချုပ်ရေးအာဏာကို နှစ်ပိုင်းခွဲထား၏။ အလံနှစ်စုံမြို့တော်ကို ဥပမာထားပါက မြို့တော်၀န်သည် မြို့၀င်စီမံအုပ်ချုပ်ရေးတို့ကို တာ၀န်ရှိပြီး စစ်ရေးခေါင်းဆောင်သည် မြို့တော်ကာကွယ်ရေးနှင့် မြို့တွင်းကင်းလှည့်ခြင်းတို့အတွက် တာ၀န်ရှိ၏။ မြို့တော်၀န်နှင့်စစ်ရေးခေါင်းဆောင်တို့သည်တစ်ယောက်အလုပ်အပေါ်တစ်ယောက်၀င်ရောက်စွက်ဖက်ခွ့င်မရှိပေ။
သို့သော် ဤတည်ဆောက်ပုံထဲတွင် အရာအားလုံးကို ရှုပ်ထွေးသွားစေသည့် ဥပဒေတစ်ခုရှိနေ၏။ စစ်ပွဲအတွင်းတွင် မြို့တော်အား ထိန်းချုပ်ခြင်းနှင့် စစ်သည်တပ်ဖွဲ့ကို ထိန်းချုပ်ခြင်းတို့သည် ဆွေကြီးမျိုးကြီး အဆင့်အမြင့်ဆုံးရှိသူ၏လက်ထဲသို့ရောက်ရှိရမည်ဆိုသည့် ဥပဒေပင်။ မြို့တော်၀န်မဆိုစေ၊ စစ်ရေးခေါင်းဆောင်မဆိုစေကာမူ သူတို့အားလုံးသည် ဆွေကြီးမျိုးကြီးအဆင့်အမြင့်ဆုံးရှိသည့်လူ၏ စကားကိုနားထောင်ရမည်ဖြစ်သည်။ ထိုကဲ့သို့မှ မြို့တော်အတွင်းတွင်ရှိနေသည့် အင်အားစုများအားလုံးကိုစုပေါင်းသွားစေမည်ဖြစ်ပြီး အရေးပေါ်အခြေအနေတွင် အုပ်ချုပ်ရေးပို၍ ထိရောက်လာစေရန်ဖြစ်သည်။
ဤဥပဒေသည် ပြသနာမရှိပေ။ ပရမ်းပတာအခြေအနေတွင် ထိန်းချုပ်နိုင်စေရန်ဖြစ်သည်။
သို့သော် အလံနှစ်စုံမြို့တော်အတွက်မူ ပြသနာများရှိလာစေ၏။ မြို့တော်၀န် ဆိုရိုယော့ခ်သည်အဆင့်၂ မျိုးရိုးအမွေဆက်ခံသည့် ဆွေကြီးမျိုးကြီးတစ်ယောက်ပင်။ ထို့ကြောင့် စစ်ပွဲဖြစ်ပွားသည့်အချိန်တွင် သူသည် ထိုအခွင့်အာဏာကိုရရှိသွား၏။ ဆိုရိုယောက်ခ်သည် အသုံးမကျကာ ကြောက်တတ်သည့်လူတစ်ယောက်ပင်။ တစ်ခြားမျိုးရိုးအမွေဆက်ခံကာ ဆွေကြီးမျိုးဖြစ်လာသည့်လူများအတိုင်းပင် အကျင့်ပျက်ခြစားနေ၏။
ဤကဲ့သို့သောအချိန်တွင် ဇီးနစ်အင်ပါယာ၏ မျိုးရိုးရာထူးဆက်ခံသည့်အစဥ်လာသည် သူ၏အကျည်းထန်သည့် မျက်နှာကို ပြသလိုက်သည်။
ဂျက်အင်ပါယာသည် သူ၏အလံနှစ်စုံမြို့တော်ကို တိုက်ခိုက်တော့မည်ကို ဆိုရိုယော့ခ်သိရှိလိုက်သည့်အချိန်တွင် သေမတတ်ပင်ကြောက်လန့်သွားခဲ့၏။ သူသည် သူ၏စံအိမ်ထဲတွင်သာ ပုန်းနေပြီး ကျူးကျော်သူများရောက်ရှိမလာရန်ကိုသာ မျှော်လင့်နေ၏။ သူသည် ကြောက်လန့်နေသော်လည်း မြို့တော်ကို စွန့်ခွာလိုခြင်းမရှိပေ။ နှစ်ပေါင်းမျာစွာ စုဆောင်းထားခဲ့သည့် ကြွယ်၀မှုများ၊ ပိုင်ဆိုင်မှုများကို သူမစွန့်လွှတ်နိုင်ခဲ့ပေ။
ဂျက်အင်ပါယာ၏ ပထမဆုံးကင်းထောက်ကို တွေ့လိုက်ရသည့်အချိန်တွင် ဤအကျင့်ပျက်ခြစားနေသည့် ဆွေကြီးမျိုးကြီးသည် သူ၏တစ်ကိုယ်ကောင်းဆန်မှုကို ပြသလိုက်၏။
ဆိုရိုယော့ခ်သည် စစ်သည်များကို ရန်သူတပ်ဖွဲ့များရောက်မလာစဥ်ကတည်းက ဂိတ်တံခါးကို ပိတ်ထားရန်အမိန့်ပေးလိုက်သည်။
ထို့ကြောင့် အလံနှစ်စုံမြို့အနီးတွင်နေထိုင်ကြသည့် ဇီးနစ်ပြည်သူများသည် မြို့တော်အတွင်းသို့ခိုလုံချိန်မရခဲ့သည့်အတွက် ဂျက်အင်ပါယာမှစစ်သည်များ၏ ဓားသွားများအောက်တွင် သေဆုံးသွားခဲ့ရခြင်းပင်။ ဤအမိန့်ကြောင့် အလံနှစ်စုံမြို့ပတ်လည်မှ ပိုက်နက်များကို ဂျက်အင်ပါယာစစ်သည် များထိန်းချုပ်သွားနိုင်ခဲ့ခြင်းပင်။