အခန်း (၄၈၂)
Vol. 31 Ch. 482
“တစ်ယောက်ယောက်ကို မြို့တော်၀န်ရဲ့စံအိမ်ကို လွှတ်လိုက်။ အဲ့လူကို ကိုယ်တိုင်လာပြီးတော့ မြို့တွင်းအုပ်ချုပ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ စီမံအုပ်ချုပ်ခွင့်တိုကင်ကို လာပေးဖို့ပြောလိုက်။ နောက်ပြီးတော့ ဆွေကြီးမျိုးကြီးတွေအကုန်လုံးကိုလည်း သူတို့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့ထဲက စစ်သည်၅၀၀ကို ပေးရမယ်လို့ပြောလိုက်ကွာ။ သူတို့တွေကလဲ စစ်ပွဲအတွက်လိုအပ်တဲ့စစ်သည်အင်အားနဲ့ ငွေအင်အားတွေကို ထောက်ပံ့ပေးဖို့လိုအပ်တယ်။ အဲ့စစ်သည်တွေကို တပ်ဖွဲ့ထဲထည့်ပြီးတော့ ခုခံကာကွယ်မှုမှာ ပါ၀င်ရမယ်။” ဖှေး မြို့တော်ထဲတွင် စစ်သည်အင်အားလိုအပ်နေသေးသည်ဟု ယူဆမိသောကြောင့် အမိန့်တစ်ချို့ပေးလိုက်သည်။
“ဟင်...ဆွေကြီးမျိုးကြီးတွေက သဘောမတူရင်ရော...” ရှိဗ်ချန်ကိုသည်အနည်းငယ်တွန့်ဆုတ်သွားသည်။ ကိုယ်ပိုင်စစ်သည်များသည်လည်း ဆွေကြီးမျိုးကြီးများပိုင်ဆိုင်သည့်အရာတစ်ခုဖြစ်သောကြောင့်ပင်။ ဖှေး၏အမိန့်သည် သူတို့၏ရပိုင်ခွင့်အားသိမ်းယူနေသကဲ့သို့ပင်။
“သဘောမတူရင်တော့ သေရလိမ့်မယ်...” ဖှေးရယ်မောလိုက်သည်။
ရှိဗ်ချန်ကို ကြောက်မက်ဖွယ်အနံ့သက်များကို လေထုထဲတွင်ရရှိလိုက်သည်။
ဤဘုရင်သည် ဆွေကြီးမျိုးကြီးများ ပုန်ကန်ထကြွသည်ကိုမြင်တွေ့လိုနေသည့်အတိုင်းပင်။ ထိုကဲ့သို့ဆိုပါက တပ်ဖွဲ့ခေါင်းဆောင်အား အကျင့်ပျက်ခြစားနေသည့် ဆွေကြီးမျိုးကြီးများကို သတ်ဖြတ်နိုင်သည့်အကြောင်းပြချက်တစ်ခုရရှိသွားစေမည်ဖြစ်သည်။ မြို့တော်၀န်၏ သတင်းပို့စစ်သည်သေဆုံးသွားပုံကို ပြန်လည်ကာ စဥ်းစားလိုက်မိသည့်အချိန်တွင် ရှိဗ်ချန်ကိုသည် တပ်ဖွဲ့ခေါင်းဆောင်၏ စိတ်နေစိတ်ထားကို အနည်းငယ်ပိုမို၍နားလည်လာ၏။ သူသည် အကျင့်ပျက်ခြစားနေကြသည့် ဆွေကြီးမျိုးကြီးများအတွက် အနည်းငယ်ပင် စိတ်မကောင်းဖြစ်လိုက်မိသည်။
“သူတို့ရဲအကျင့်ပျက်ခြစားမှုတွေ၊ မြို့သူမြို့သားတွေအပေါ်ဂရုမစိုက်တာတွေက တပ်ဖွဲ့ခေါင်းဆောင်ကိုအတော်စိတ်ဆိုးသွားစေတယ်ထင်တယ်...” သူတွေးလိုက်မိသည်။
“နောက်ပြီးတော့ ငါတို့ မြို့သူမြို့သားတွေစီကလည်းအကူညီယူရမယ်။ သူတို့ကို လောလောဆယ်စစ်ထဲထည့်ဖို့မလိုသေးပေမယ့် ငယ်ရွယ်ကြံ့ခိုင်တဲ့ မြို့သူမြို့သားတွေကို ရွေးချယ်ပြီးတော့ ကြိုတင်လေ့ကျင့်ပေးထားလိုက်ကြ။ အခြေအနေတွေ တော်တော်ဆိုးလာခဲ့ရင် သူတို့ကိုပါ ခံတပ်နံရံပေါ်ခေါ်ပြီးတော့ တိုက်ခိုက်ခိုင်းရမယ်...”
ဖှေးထိုကဲ့သို့ပြောနေရင်းဖြင့် အရင်ကမ္ဘာမှ စကားပုံတစ်ခုကို သတိရလိုက်မိသည်။ “တိုင်းပြည်တစ်ခုလုံးကို စစ်သည်များအဖြစ်ပြောင်းလဲပစ်။”ဟူသည်ကိုပင်။
ဂျက်အင်ပါယာသည် ဇီးနစ်အားတိုက်ခိုက်ရန်အတွက် အင်အားများစွာအသုံးပြုနေခဲ့သည်။ သူတို့၏ ရှေ့ပြေးတပ်ဖွဲ့မှာပင် စစ်သည်အင်အား ခြောက်သောင်းခန့်ပါရှိနေပြီး ဂျက်အင်ပါယာမှ တပ်ဖွဲ့များအစုံအလင်ရောက်ရှိလာပါက စစ်သည်အင်အားမှာ မစဥ်းစားနိုင်လောက်အောင်ပင်ဖြစ်နေမည်ဖြစ်သည်။
ဇီးနစ်အင်ပါယာတွင် မဟာမိတ်အဖြစ်စိန့်ဂျာမိန်းအင်ပါယာရှိနေသော်လည်း စပါတပ်၊ အိုက်ဟိုဗင်နှင့် ဂျက်အင်ပါယာကြီးသုံးခုကို ရင်ဆိုင်နိုင်သည့်စစ်သည်အင်အားလုံလုံလောက်လောက်မရှိသေးပေ။ ကြည်ရသည့်ပုံအရ ဇီးနစ်စစ်ဌာနချုပ်သည့် ဂျက်အင်ပါယာစစ်မြေပြင်သို့ စစ်သည်အင်အား ငါးသောင်းခန့်သာရှိသည့် ၀ံပုလွေစွယ်တပ်ဖွဲ့ကိုသာ စေလွှတ်ရန်စီစဥ်ထားသည့်ပုံရှိပြီဲးနောက်ထပ်တပ်ကူများရှိတော့မည်မဟုတ်ပေ။ ရလဒ်အနေဖြင့် ဂျက်အင်ပါယာမှ ကျူးကျော်လာသူများကို ကာကွယ်ရန်အတွက် မြို့အတွင်းမှ မြို့သူမြို့သားများ၏အကူညီလဲလိုအပ်ဦးမည်ဖြစ်သည်။
ခနတာစဥ်းစားပြီးနောက်တွင် ဖှေးသည် သူ၏ဗျူဟာမှူးဖြစ်သည့်အဖိုးကြီးအာရန်း၏ အကြံပြုချက်ကို လိုက်နာရန်ဆုံးဖြတ်လိုက်သည်။ သူသည် လက်ရှိအခြေအနေကို တည်ငြိမ်အောင်အရင်ထိန်းချုပ်ရမည်ဖြစ်သည်။ မြို့သူမြို့သားအရေတွက်သည် ဆွေကြီးမျိုးကြီးအရေတွက်ထက်ပို၍များပြားသည်။ သူသည် ဆွေကြီးမျိုးကြီးများကို ဖျက်ဆီးကာ သူတို့၏ပိုင်ဆိုင်မှုများကို မြို့သူမြို့သားများအားခွဲ၀ေပေးရမည်ဖြစ်သည်။ တကယ်တန်းတွင် ဆွေကြီးမျိုးကြီးများကို ဖျက်ဆီး၍ များသောအားဖြင့် ဆင်းရဲကြသည့် မြို့နေလူထုကိုသာ အခွင့်ရေးများပေးအပ်လိုက်ခြင်းသည်ကသာလျှင် လက်ရှိအခြေအနေအတွက် မျှော်လင့်ချက်အရိပ်ယောင်များပြန်လည်ကာ ပေါ်ထွက်လာစေမည်ဖြစ်သည်။
ရှိဗ်ချန်ကိုသည် အမိန့်ကိုနားထောင်၍ သူ၏လူများကို တပြန်ညွန်ကြားလိုက်သည်။
“အမ်..အန်ဒရူး မင်းပြောစရာရှိသေးလို့လား...” ဖှေးမေးလိုက်သည်။ အရာအားလုံးပြီးသွားသည့်အချိန်မှာပင် ရှိဗ်ချန်ကိုသည် မပြန်သေးသောကြောင့်ပင်။ သူသည် တစ်စုံတစ်ခုနှင့်ပတ်သက်၍ တွန့်ဆုတ်နေပုံရ၏။
“ဆာ...ဆရာ့ရဲ့ဒဏ်ရာတွေကရော...”
ဖှေးအနည်းငယ်အံ့သြသွားသည်။ သို့သော် မကြာမှီမှာပင် သူရှိဗ်ချန်ကို ဆိုလိုသည်ကို နားလည်သွားတော့၏။
သူသည် ရန်သူ၏ဖွဲ့စည်းပုံအတွင်းတွင်ရောက်ရှိနေခဲ့စဥ်က ဂျက်အင်ပါယာတပ်ဖွဲ့ခေါင်းဆောင်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သူ၏ဘယ်လက်မောင်းအတွင်းသို့မြှားတစ်ချောင်းစိုက်၀င်သွားခဲ့သည်။ ဖှေးသည် ရန်သူတပ်ဖွဲ့ခေါင်းဆောင်မာနထောင်လွှားနေသည့်မင်းသားကို အနိုင်ယူနိုင်သည့် တစ်ယောက်တည်းသော လူပင်။ အကယ်၍ သူသာဒဏ်ရာရနေပါက ဗျူဟာများအစီစဥ်များကို ပြောင်းလဲရန်လိုအပ်မည့်အတွက်ပင်။
“ဟားဟား မစိုးရိမ်ပါနဲ့။ ငါသက်သာနေပါပြီ..” ဖှေးသူ လက်မောင်းများကို လှုပ်ရှားပြရင်းဖြင့် ပြန်ဖြေလိုက်သည်။
သူထိုကဲ့သို့ပြောရင်းဖြင့် ရန်သူများထံမှ လုယူခဲ့သည့် လေးကို ပြန်လည်ကာ သတိရသွား၏။ ဂျက်အင်ပါယာမင်းသားမှ ထိုလေးအား တော်၀င်မိသားစုပိုင်ဆိုင်သည့် ရတနာများထဲမှ တစ်ခုဟုပြောခဲ့သည်ကို ပြန်လည်ကာအမှတ်ရသွားသည်။
သူသည် ထို့ပျံသန်းနေသည့်သိမ်းငှက်တစ်ကောင်နှင့်တူသည့် လေးကို ထားသိုရာအကန့်ထဲမှ ထုတ်ကြည့်လိုက်သည်။
ဤသည်မှာ ကောင်းမွန်သည့်လေးတစ်လက်ပင်။
လေးကြိုးကပင် ဆွဲဆောင်မှုရှိနေ၏။ မှော်စွမ်းအင်အရှိန်၀ါတစ်ခုသည် ထိုလေးကြိုးပေါ်တွင် တောက်ပနေသည်။ ဖှေးသူ၏လက်ချောင်းကို လေးကြိုးပေါ်သို့တင်ကြည့်လိုက်သည့်အချိန်တွင် မာကြောသလို ခံစားလိုက်ရသည်။ သူသည် ခွန်အား ၅၀ရာခိုင်နှုန်းခန့်သုံးမှသာ လေးကြိုးကို ဆွဲတင်နိုင်၏။ ထို့နောက်တွင် လေးကြိုးပေါ်တွင် စုပ်အားတစ်ခုပေါ်လာပြီး ဖှေး၏လက်မောင်းအတွင်းမှ စွမ်းအင်တစ်ချို့ကို စုပ်ယူသွားသည်။ ထိုကဲ့သို့စုပ်ယူပြီးသည့်နောက်တွင် ကြည်လင်သောအရောင်ရှိသည့်မြှားတစ်ချောင်းသည် လေးပေါ်တွင် ပေါ်လာတော့သည်။
ဖှေး မင်းသားဖာရင်တန်ပစ်လွှတ်ခဲ့သည့်မြှားမှာအနီရောင်မီးစွမ်းအင်ဖြစ်သည်ကို ပြန်လည်ကာ သတိရလိုက်သည်။ သို့သော် ယခုအချိန်တွင် မြှား၏ အရောင်နှင့်ခံစားချက်တို့မှာ မတူညီပဲကွဲပြားခြားနားနေ၏။ ဤလေးသည် အသုံးပြုသူ၏စွမ်းအားအပေါ်မူတည်၍ မတူညီသည့် မြှားများကို ဖန်တီးနေသည့်ပုံပင်။
“၀ှစ်...”
ဖှေးလေးကြိုးကို လွှတ်ကာ မြှားကို ပစ်လွှတ်လိုက်သည်။ ထိုမြှားသည် ကောင်းကင်ပေါ်သို့ချက်ခြင်းပင်ပျောက်ကွယ်သွားတော့၏။
“အတော်ကောင်းတဲ့လေးတစ်လက်ပဲ။ ဒီမြှားက အတော်လေးကို မြန်တယ်။ ငါဒီမြှားကို မရှောင်နိုင်ခဲ့တာမဆန်းပါဘူး။ မြှားအစွမ်းက သိပ်ပြီးတော့ မပေါက်ကွဲစေတတ်ဘူးဆိုပေမယ့်။ သေချာချောင်းမြောင်းပစ်ခတ်မယ်ဆိုရင် လအဆင့်စစ်သည်တစ်ယောက်ကိုတောင် သေစေနိုင်တယ်...”
ဖှေးအနည်းငယ် အံ့သြသွားသည်။
သူရန်သူများထံမှ အပျော်သဘောအနေဖြင့် လုယူလာခဲ့သည့်အရာတစ်ခုသည် ဤမျှကောင်းမွန်နေလိမ့်မည်ဟု ထင်မထားခဲ့သည့်အတွက်ပင်။ ဤလေးသည် သူဒိုင်ယာဘလိုကမ္ဘာထဲမှ ရရှိခဲ့ဖူးသည့်လေးများထက်ပင် ပို၍ကောင်းမွန်နေ၏။