အခန်း (၅၃၃)
Vol. 39 Ch. 533
မှော်လက်နက်ပစ္စည်းသန့်စင်ခြင်းနှင့် မန္တာန်အစီအရင်တို့ အကြောင်းပါသည့် ကျောက်စိမ်းပြားများကို ကြည့်ရှုပြီးနောက်မှာ မိန်းမပျိုသည် ဆေးဝါးဖော်စပ်နည်းများနှင့် သားရဲများအကြောင်း မိတ်ဆက်ဖော်ပြထားသော ကျောက်စိမ်းပြားများကို အလျင်အမြန် ကြည့်ရှုသည်။ သည့်နောက်မှာမူ သူမသည် စားပွဲပေါ်ရှိ နောက်ထပ်ကျောက်စိမ်းပြားတစ်ခုကို ယူကြည့်သည်။ သူမ၏ စိတ်ဝိညာဉ်အာရုံကို ၎င်းအထဲသို့ ထည့်သွင်းကြည့်ပြီးနောက်မှာမူ သူမကား မင်သက်သွားလေ၏။
၎င်းအထဲ၌ ရွှေအစစ်အမှန်ပညာရပ်ဟု ကျော်ကြားသော ကျင့်ကြံခြင်းပညာရပ်တစ်ခု ပါဝင်နေ၏။ သိချင်စိတ်ဖြင့် သူမက ၎င်းကျောက်စိမ်းပြားကို ဖတ်ရှုကြည့်ပြီးနောက်မှာမူ သူမ၏စိတ်အာရုံသည် ၎င်းအထဲ လုံးဝနစ်မြုပ်သွားလေသည်။ သူမသည် ကျောက်စိမ်းပြားကို တစ်နာရီနီးပါး ဖတ်ကြည့်ပြီး မိန်းမောတွေဝေစွာဖြင့် စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းသည်။ သူမ၏မျက်နှာထက်တွင်လည်း စိုးရိမ်ထိတ်လန့်နေဟန် အထင်းသား ပေါ်နေ၏။
ဤရွှေအစစ်အမှန်ပညာရပ်သည် ဂိုဏ်းတစ်ခု၏ အဖိုးတန် ထိပ်တန်းကျင့်ကြံခြင်းပညာရပ်တစ်ခုပင်။ ဤသို့သော ကျင့်ကြံခြင်းပညာရပ်၏ မန္တာန်မှာ ဘာအတားအဆီးမှ မရှိလေဘဲ သည်စားပွဲပေါ်မှာ မည်သည့်အတွက်ကြောင့်များ ရှိနေရသနည်း။ မိန်းမပျိုသည် ထိုကျင့်ကြံခြင်းပညာရပ်၏ တန်ဖိုးကို သိသော်လည်း သူမ အင်တင်တင်ဖြင့် ၎င်းကို မူလနေရာသို့ မထားချင်ထားချင် ပြန်ထားလိုက်သည်။ အခု သူမသည် စားပွဲပေါ်ရှိ ကျန်သည့်ကျောက်စိမ်းပြားများကို ကြည့်ရှုရန် ပို၍ စိတ်ဝင်စားလာခဲ့ပြီ။
နေ့တစ်ဝက်လောက်ကြာပြီးချိန်တွင် အနှီမိန်းမပျိုသည် စားပွဲပေါ်ရှိ ကျောက်စိမ်းပြားအားလုံးကို စူးစမ်းဖတ်ရှုကြည့်ပြီး ဖြစ်သည်။ ကျောက်စိမ်းအများစုတွင် မန္တာန်အစီအရင်များ သို့မဟုတ် ဆေးလုံးဖော်စပ်နည်းအကြောင်း သင်ကြားချက်များ ပါဝင်၏။ ကျင့်ကြံခြင်းပညာရပ် ပါဝင်သော ကျောက်စိမ်းပြားအရေအတွက်မှာမူ အနည်းငယ်မျှသာ ရှိသည်။ သို့ပေမည့် ထိုပညာရပ်တစ်ခုစီတိုင်းမှာလည်း ထိပ်တန်းအဆင့် ဖြစ်နေ၏။ သူမကို လိုချင်တပ်မက်စိတ် ပြင်းပြစွာ ဖြစ်မိသော ရစ်ခွေကျောက်စိမ်းပညာရပ်တစ်ခုလည်း ထိုအထဲ၌ ပါသည်။
မိုးပြာဝိညာဉ်ဂိုဏ်းသည် ပြန့်ကြဲကြယ်ပင်လယ်များ၌ ဂိုဏ်းသေးတစ်ခုသာ ဖြစ်၏။ ထိုဂိုဏ်း၌ မိုးပြာဝိညာဉ်ပညာရပ်ကိုသာ စံအဖြစ် ထားထားရသည်။ ၎င်းသည် ရစ်ခွေကျောက်စိမ်းပညာရပ်၏ စွမ်းပကားကို ယှဉ်နိုင်ရန် မဖြစ်နိုင်ချေ။
ကျောက်စိမ်းပြားများကို တစ်ချက်ကြည့်ပြီးနောက်မှာ သူမစိတ်သည် ဟိုရောက်ဒီရောက် တွေးနေမိသေးသည်။ ပြီးမှ သူမ မစူးစမ်းကြည့်ရသေးသော အခြားနေရာများ ရှိနေသေးတာကို စဉ်းစားမိသွားသည်။ သူမက ကျောက်အခန်းထဲမှ ပြန်ထွက်လာပြီး ခန်းမကျယ်ထဲသို့ ပြန်လျှောက်လာသည်။
ကျန်သည့် တံခါးအခုံးသုံးခု၌ နှစ်ခုတွင် ရုပ်သေးများ စောင့်ကြပ်နေ၏။ သူမ ဝင်နိုင်တာာ အခန်းတစ်ခုသာ ရှိသည်။ သို့ဖြစ်၍ မိန်းမပျိုသည် ရုပ်သေးတို့ မစောင့်ကြပ်နေသော အခန်းထဲသို့ ဝင်လာခဲ့သည်။
အထဲဝင်လာပြီးနောက်မှာ သူမသည် မင်သက်သွားပြီး နေရာတွင် မလှုပ်မယှက် အတော်ကြာသည့်အထိ ရပ်နေမိ၏။
အခန်း၏ အလယ်၌ မီတာသုံးဆယ်မျှ အကျယ်ရှိ မန္တာန်အစီအရင်တစ်ခု ရှိနေသော မီတာခြောက်ဆယ်လောက်အကျယ်အဝန်းရှိသည့် ခန်းမတစ်ခု ရှိနေသည်။ မန္တာန်အစီအရင်ထံမှ ခပ်မှိန်မှိန် အနီရောင်အလင်း အရံအတားကို ထုတ်လွှတ်လျက် ရှိသည်။ ထိုအလင်းသည် အတက်အကျ ဖြစ်နေလျက် မြင်ကွင်းတစ်မျိုးကို ဖြစ်စေသည်။
ထိုအလင်းအရံအတားအတွင်း၌ ဓားများ၊ လှံများနှင့် အခြားလက်နက်မျိုးစုံ ရှိနေကြသည်။ အချို့ဆို ကြည်လင်ထင်ရှားသော မြည်သံကို ထုတ်လွှတ်လျက်ရှိ၏။ လက်နက်တစ်ခုနောက်သို့ နောက်တစ်ခုက လိုက်နေခြင်းမျိုးလည်း ရှိနေသည်။ ၎င်းတို့သည် အသိစိတ်များ ပိုင်ဆိုင်ထားသည့်ပုံပင်။
အလင်းအရံအတား၏ အပြင်ဘက်တွင်မူ နံရံကို မှီထားသော သစ်သားစင်နှစ်ခု ရှိနေသည်။ ထိုစင်တစ်ခုစီပေါ်တွင်လည်း မှော်လက်နက်ပစ္စည်းမျိုးစုံ တင်ထားသည်။ ၎င်းတို့ကို အလင်းအရံအတားက ကာဆီးထားခြင်း မရှိသော်လည်း ၎င်းတို့တစ်ခုစီက တောက်ပသော အလင်းဖြင့် လက်ဖြာနေလျက် စိတ်ဝိညာဉ်ချီများလည်း အားကောင်းစွာ ပါဝင်နေသည်။
မိန်းမပျိုသည် ၎င်းမှော်ပစ္စည်းတိုင်းကို အရင်က မမြင်ဘူးခဲ့သော်လည်း သူမသည် အလင်းအရံအတားအတွင်း၌ ပါဝင်နေသော အရာအားလုံးမှာ အသိစိတ်ပိုင်ဆိုင်သော ဒဏ္ဍာရီထဲမှ ဖြစ်မှန်းတော့ ပြောနိုင်သည်။
မိန်းမပျိုသည် ဤကဲ့သို့သော မှော်ရတနာများစွာကို ကြည့်နိုင်ရန် စိတ်ကူးတောင့်တခဲ့ဖူးသည်။ သို့သော် အခု သူမရှေ့တွင် ရှိနေသော ရတနာများကမူ ကံဆိုးစွာဖြင့် များပြားလွန်းနေသည်။ သူမ၏မျက်လုံးထဲ၌ အံ့ဩဘနန်းဖြစ်ခြင်းတို့ ပြည့်နှက်နေလျက် ရှိပြီး သူမ မြင်နေရသည့်အရာအပေါ် မယုံကြည်နိုင်ပါ ဖြစ်နေသည်။
အချိန်အတော်ကြာပြီးမှ သူမသည် အသိပြန်ဝင်လာ၏။ အလင်းအရံအတားကို တမျိုးတမည် ဖြစ်နေသည့်ဟန်ပန်ဖြင့် အချိန်အတော်ကြာ ကြည့်နေပြီးနောက်မှာ သူမက သစ်သားစင်ထံ ချီတုံချတုံဖြင့် လျှောက်လာသည်။ သူမက မဟူရာပေတံတစ်ချောင်းကို ကောက်ယူပြီး စူးစမ်းကြည့်သည်။ ၎င်းမှာ ထိပ်တန်းမှော်ပစ္စည်းတစ်ခု အမှန်တကယ် ဖြစ်နေတာ တွေ့ရ၏။
သို့သော် သည့်မတိုင်ခင် အံ့အားသင့်စရာများစွာ တွေ့ကြုံခဲ့ရပြီး ဖြစ်၍ သူမသည် တုန်လှုပ်မှုတော့ မဖြစ်လေတော့ပေ။ ထို့နောက် သူမက စင်ပေါ်ရှိ မှော်ပစ္စည်းတိုင်းကို စတင် ကြည့်ရှုသည်။ ထိုမှော်ပစ္စည်းတိုင်းသည် အဆင့်မြင့် သို့မဟုတ် ထိပ်တန်းအဆင့်၌ ရှိနေကြသည်။
သူမသည် အတိတ်တုန်းကသာ ထိုကဲ့သို့သော မှော်ပစ္စည်းများထဲမှ တစ်ခုတစ်လေကို ရနိုင်ခဲ့လျှင်ပင် အင်မတန် စိတ်လှုပ်တရှား ဖြစ်မိမည်သာ။ အခုတွင်မူ ၎င်းတို့ကို တစ်ချက် ထပ်ကြည့်ပြီး မိန်းမပျိုသည် လက်ဗလာနှင့် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ အကြောင်းကား သူမသည် ခုချိန်၌ ကျင့်ကြံခြင်းမိတ်ဖက်တစ်ယောက် ဖြစ်နေတာကို ပြန်စဉ်းစားမိသွားသောကြောင့်ပင်။
နှစ်ရက်လောက် ကြာပြီးနောက်မှာ ကျောက်စိမ်းပြားများ ထားထားသည့် ကျောက်အခန်းထဲ၌ မိန်းမပျိုသည် ခပ်ဝိုင်းဝိုင်း အနက်ရောင်ကျောက်တုံးတစ်ခုပေါ်မှာ ထိုင်နေလျက် ရှိသည်။ သူမသည် ကျောက်စိမ်းပြားတစ်ခုကို လက်ထဲ၌ ကိုင်ထားလျက် ၎င်းအတွင်းမှ အကြောင်းအရာများအပေါ် အာရုံဝင်စားလျက် ရှိသည်။
“ရစ်ခွေကျောက်စိမ်းပညာရပ်ဟာ အမျိုးသမီးကျင့်ကြံသူတစ်ယောက်အတွက်တော့ အတော်လေး သင့်တော်လှတယ်…”
အမျိုးသားတစ်ယောက်၏ ညင်သာသော အသံတစ်သံသည် ရုတ်တရက် ထိုအခန်းဝမှ ထွက်ပေါ်လာသည်။ မိန်းမပျိုသည် စိတ်ထဲ တုန်လှုပ်သွားပြီး ကျောက်စိမ်းပြားထဲမှ သူမ၏ စိတ်ဝိညာဉ်အာရုံကို အလျင်အမြန် ပြန်ရုတ်သိမ်းသည်။ ထို့နောက်တွင်မူ သူမက အခန်းဝထံ ကဗြာကယာ လှမ်းကြည့်သည်။
သူမက တံခါးဝမှာ ရပ်နေသော အပြာရောင်ဝတ်စုံ ဝတ်ထားပြီး သာမန်ရုပ်ရည်နှင့် လူငယ်တစ်ယောက်ကို လှမ်းမြင်ရသည်။ သူက သူမကို ပြုံး၍ ကြည့်နေသည်။
ကုန်စွန်းရှင်းသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။
“ရှင်…ရှင်က စီနီယာလား…”
ထိုအသံကို သူမအနေဖြင့် ကြားဖူးပြီး ဖြစ်သော်ငြား သည်နုပျိုဟန်ပေါ်နေသော လူငယ်မှာ အမှန်တကယ် ငယ်ရွယ်လွန်းနေသည်။ ဤသည်မှာ သူမ စိတ်ကူးထဲ ရှိနေသည်နှင့် လုံးဝ ကွဲပြားနေသည်။ အံ့ဩတုန်လှုပ်စရာများစွာ တွေ့ကြုံပြီးသည့်အခါ သူမသည် အနှီစီနီယာကို လေးနက်ဆန်းကြယ်သော စွမ်းရည်များနှင့် အဘိုးအိုတစ်ယောက်သာ ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
“ဘာလဲ…ကျုပ်က မင်း မျှော်လင့်ထားတဲ့ ပုံစံ မဟုတ်လို့လား…”
ထိုလူငယ်သည် ခုမှ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာခဲ့သော ဟန်လိပင်။ သူက အခန်းထဲသို့ ပြုံး၍ ဝင်လာသည်။
“စီနီယာ…ဒီကျင့်ကြံခြင်းပညာရပ်တွေက…ကျမ…”
သူမသည် ဟန်လိသည် ထိုကျွမ်းကျင်သူ၏ အသံပိုင်ရှင် ဖြစ်မှန်း သိရသည့်အခါတွင်မူ မည်သည့်အတွက်ကြောင့်မှန်း မသိရဘဲ သူမသည် စိတ်အေးသွားမိသည်။ သို့ရာတွင် သူမက ရှင်းပြရန် ကြိုးစားသည့်အခါ စကားထစ်မိနေတုန်းပင်။ ဟန်လိက မထူးခြားနားစွာဖြင့် ပြောလိုက်၏။
“ကိစ္စမရှိပါဘူး။ ကျုပ်က မင်းကို ဝင်ဖို့ မကန့်သတ်ထားမှတော့ မင်းအနေနဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ရွေးချယ်ခွင့် ရှိပါတယ်…”
“ကျေးဇူးအများကြီး တင်ပါတယ်…စီနီယာ…” သူမသည် ပျော်ရွှင်သွားဟန်ကို ဖုံးကွယ်မထားပေ။ မိန်းမပျို၏ စိတ်လှုပ်တရှား ဖြစ်နေဟန်ကို မြင်သည့်အခါ ဟန်လိလည်း စိတ်ထဲ၌ ခံစားချက်တစ်မျိုး သူ့အလိုလို ဖြစ်ပေါ်မိသည်။
သူက ပြုံး၍ လျှောက်လာပြီး စကားဆိုသည်။
“ကျုပ်က အပြင်လောကကို သွားတော့မှဆိုတော့ မိန်းမပျိုကုန်စွန်းကများ ဒီပင်လယ်ပြင်မှာ ကုန်သွယ်လို့ ရနိုင်တဲ့ နေရာတစ်ခုခုကိုများ သိထားတာမျိုး ရှိလား…”
မိန်းမပျို၏ အပြုံးသည် ပျောက်ကွယ်သွား၏။ သူမသည် တစ်စုံတစ်ခုကို တွေးမိသွားပုံ ရသည်။ သူမက ဟန်လိကို ခပ်မြန်မြန် ခိုးကြောင်ခိုးဝှက် လှမ်းကြည့်ပြီးနောက် ခေါင်းငုံ့သွားပြီး ခပ်တိုးတိုး ပြောလာသည်။
“လူတစ်ယောက်က ကုန်သွယ်ချင်တယ်ဆို တောင်ဘက်အရပ်ဆီ လဝက်လောက် သွားမယ်ဆို ဈေးမြို့ရှိတဲ့ ကျွန်းတစ်ခု ရှိပါတယ်။ ဒီဝန်းကျင်အနီးအနားက ကျင့်ကြံသူတွေဟာ အဲ့မှာ ကုန်သွယ်တာမျိုး လာလုပ်ကြပါတယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေ ပူးပေါင်းပြီး အဲ့နေရာကို အေးချမ်းအောင် လုပ်ဆောင်ထားတယ်လို့တော့ ကျမ ကြားဖူးပါတယ်။ စီနီယာအနေနဲ့ မြေပုံတစ်ခုများ လိုနိုင်လောက်လား…”
ဟန်လိသည် မထူးခြားနားစွာဖြင့် ပြော၏။
“ကျုပ် အဲ့ကို ခရီးတစ်ထောက်တော့ သွားရမယ်။ မြေပုံ ရှိထားတော့ ကောင်းတာပေါ့…”
မိန်းမပျိုသည် သူမ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို အလျင်အမြန် ထုတ်ယူပြီး ဟန်လိထံသို့ လှမ်းပေးသည်။ သူမ၏မျက်နှာမှာ နီမြန်းနေလျက်။ ဟန်လိက ပြုံး၍ ကျောက်စိမ်းပြားကို လက်ခံယူသည်။ တချိန်တည်းမှာ သူသည် မိန်းမပျို၏ နူးညံ့ကာ ရှက်သွေးဖြန်းနေသော မျက်နှာလေးကို မြင်သ်ည့အခါ သူ့မျက်လုံးထဲ၌ ထူးခြားသည့်ဟန်ပန်တစ်ခု ဖြတ်ပြေးသွားလေသည်။ ရုတ်တရက် သူက သူမ၏ ညင်သာပျော့ပျောင်းသော ဆံနွယ်စကို လှမ်းထိသည်။
ကုန်စွန်းရှင်း၏ စိတ်ထဲ အနည်းငယ် ကြောက်လန့်မှုကြောင့် တုန်လှုပ်နေ၏။ သို့သော် သူမက နောက်မဆုတ်သွားပေ။ သူမသည် ခေါင်းကိုသာ တစ်ဖက်သို့ အလိုလို လှည့်ထားမိလိုက်သည်။
ထိုအခိုက်တွင် ဟန်လိ၏ ညင်သာသော အသံတစ်သံက သူမ၏ နားထဲ ဝင်လာ၏။
“မကြောက်ပါနဲ့…ဒီည ကျုပ် အိပ်ခန်းထဲ လာခဲ့။ မမေ့ပါနဲ့…”
ထိုသို့ ပြောပြီးနောက်မှာ သူက အခန်းထဲကနေ ချက်ခြင်းပြန်ထွက်လာတော့သည်။
ထိုစကားများကို ကြာားသည့်အခါ ကုန်စွန်းအာအမည်ရ မိန်းမပျို၏ စိတ်နှလုံးမှာ ခုန်ပေါက်မိသွားပြီး သူမ၏ ဟန်ပန်မှာလည်း လုံးဝ ရှက်ရွှံ့နေဟန် အထင်းသား ပေါ်လွင်လျက်ပင်။ ည ရောက်လာခဲ့ပြီ။ သူမက ဟန်လိ၏ အိပ်ခန်းအပြင်ဘက်မှာ စိတ်ခံစားမှု ရှုပ်ထွေးစွာ ရပ်နေသည်။ သူမက နှုတ်ခမ်းကို တင်းတင်းကိုက်ထားလျက် အခန်းထဲ ဝင်လာခဲ့သည်။ သို့သော် သူမ တွေ့မြင်ရသည့်အရာကြောင့် လုံးဝ မင်သက်ကြောင်ရီသွား၏။
သည်အခန်းထဲ၌ မည်သူမျှ ရှိမနေပေ။ ကျောက်စားပွဲပေါ်၌ ဖြန့်ထားသော စာလိပ်တစ်ခုသာ ရှိနေသည်။ တွေဝေလျက် ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ ကုန်စွန်းရှင်းသည် စဉ်းစားမရဟန်ဖြင့် လျှောက်လာပြီး ခေါင်းငုံ့ကာ ဖတ်ကြည့်သည်။
“မင်းရဲ့ မိဘအပေါ် သိတတ်မှုဟာ အတော်လေး ချီးကျူးဖို့ ကောင်းတယ်။ ဒီလှိုဏ်ဂူထဲမှာ ကျန်ခဲ့တဲ့ ရတနာအားလုံးဟာ မင်း အပိုင်ပဲ။ အခြားသူတွေကိုတော့ ဒီဟာတွေ မထုတ်ဖော်၊မပြသနဲ့။ မဟုတ်ရင် မင်းအပေါ် ဘေးဒုက္ခ ကျရောက်လာလိမ့်မယ်။ မင်း ကိုယ့်ဘာသာ အကောင်းဆုံး လုပ်ဆောင်ပါလေ…”
ထိုစာသားတို့ကလွဲ၍ အခြား ဘာမျှ ရှိမနေပေ။ မိန်းမပျိုသည် လုံးဝ ဆွံ့အနေမိသည်။ သူမသည် ဖော်ပြမစွမ်းသာသော စိတ်ခံစားချက်တစ်ခုနှင့်အတူ စိတ်ထဲ ဗလာကျင်းလျက် ဖြစ်နေသည်။
ထိုအချိန်တွင် ဟန်လိကမူ ကျွန်းငယ်နှင့် ကီလိုမီတာငါးရာအကွာတွင် မိုးပြာအလင်းတန်းအဖြစ် ပျံသန်းနေခဲ့လေပြီ။
ဟန်လိက ပြုံးနေ၏။ သူက စိတ်ထဲ၌လည်း တွေးနေမိသည်။
“ဒီကောင်မလေးတော့ လုံးဝ အကြောင်သား ဖြစ်သွားတော့မှာပဲ။ ဒီလို မထင်မှတ်တဲ့ အတွေ့အကြုံမျိုး ကြုံရတဲ့သူတိုင်းဟာ အနည်းဆုံးတော့ နေ့တစ်ဝက်လောက်တော့ အံ့အားတသင့် ဖြစ်နေလောက်မှာ…”
သူသည် ဤပင်လယ်မြူထဲမှ ထွက်လာခဲ့သည့်အချိန်တည်းက ရစ်ခွေကျောက်စိမ်းပညာရပ်နှင့် အခြား သူ့အတွက် မလိုအပ်သော မှော်ပစ္စည်းများ၊ ဆေးလုံးအချို့နှင့် ထိုမိန်းကလေးအတွက် သင့်တော်လှသော မှော်ရတနာများစွာကို ချန်ထားပေးခဲ့ပြီး ဖြစ်သည်။ ၎င်းတို့မှာ သူမ၏ အနာဂတ်ကို ပိုမြင့်မားစေပြီး ကျင့်ကြံခြငင်းလမ်းကြောင်းကို ပိုတာသွားစွာ လျှောက်လှမ်းစေနိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော ရှားပါးလှသည့် ရက်ရောက်မှု ပြုခဲ့ခြင်းမှာ ဟန်လိသည် မိန်းမနှင့်ယောက်ျားကြား တွယ်ငြိမြတ်နိုးမှုမျိုး ခံစားချက်ကြောင့် မဟုတ်ခဲ့ပေ။ မိန်းမပျို၏ သူမအဖေအတွက် စတေးဝံ့ခြင်းကား ဟန်လိကို နက်နက်နဲနဲ စိတ်ထဲ လှုပ်ခတ်စေခဲ့သောကြောင့်သာ။
ကျင့်ကြံခြင်းလမ်းအပေါ် ခြေလှမ်းခြင်းနှင့် ပတ်သက်ပြီး နောင်တတစ်ခုခု ရှိခဲ့သည် ဆိုလျှင် ဤသည်မှာ သူ အရွယ်ရောက်ပြီးနောက် သူ့မိဘများအပေါ် သူ၏ တာဝန်ဝတ္တရား မကျေပွန်ခဲ့တာသာ ဖြစ်ပါလိမ့်မည်။ သူသည် သူ့မိသားစုအတွက် ခုနစ်ထွေဆန်းကြယ်ဂိုဏ်းနှင့် သဘောတူညီချက်များ လျှို့ဝှက်ပြုလုပ်ပေးခဲ့သော်လည်း ၎င်းသည် သူ၏ စိတ်နှလုံးထဲရှိ ခံစားချက်ကို မဖာထေးပေးနိုင်ခဲ့ပါ။ သည့်အပြင် ထိုမိန်းမပျို၏ အသွင်ပုံစံက လက်ထပ်သွားခဲ့ပြီး သူ့ညီမလေးကို နောက်ဆုံးမြင်ခဲ့ရသည့် မြင်ကွင်းကိုလည်း ပြန်အမှတ်ရစေခဲ့သည်။
သို့ဖြစ်၍ ဟန်လိသည် သူမကို ကျင့်ကြံခြင်းမိတ်ဖက်အဖြစ် လုပ်နိုင်မလားဟု ဟန်ဆောင်မေးခဲ့ပြီး အကျိုးအမြတ်များ ပေးခဲ့တာပင်။ တကယ်တော့ ထိုမိန်းကလေးအတွက် ချန်ထားပေးခဲ့သော မှော်ပစ္စည်းများ၊ ရတနာများမှာ သူ့အတွက် နည်းနည်းလေးမျှ တန်ဖိုးမရှိတော့ချေ။
သူ့အတွက် ၎င်းတို့က အသုံးမဝင်တော့သည် ဖြစ်၍ သည်မိန်းကလေးကို ပေးခဲ့ခြင်းကသာ ပိုကောင်းနိုင်မည် မဟုတ်လား။ သူမကို ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် ပိုဝေးဝေး လှမ်းနိုင်ရန်အတွက် ကူညီပေးခဲ့တာက ပိုကောင်းလိမ့်မည်သာ။ သူမ၏ စိတ်ဝိညာဉ်ရင်းမြစ်ြများသည် သူ ကဲ့သို့ပင် ညံ့ဖျင်းနေ၏။ မြူကျွန်းငယ်ပေါ်ရှိ လှိုဏ်ဂူနေအိမ်ကိုလည်း ဟန်လိသည် သူ ထွက်ခွာသည့်အခါ၌ စွန့်ပစ်ခဲ့ရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။