← Chapters

နတ်ဆိုးသားရဲတွေ လက်ထဲမှ ကယ်တင်ပေးခြင်း

Vol. 39 Ch. 534

နတ်ဆိုးသားရဲတွေ လက်ထဲမှ ကယ်တင်ပေးခြင်း

Vol. 39 Ch. 534

ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်သို့ ရောက်ရှိပြီးနောက်မှာ သူသည် နောက်ထပ် နှစ်နှစ်ဆယ်ထိ ဆက်ပြီး တံခါးပိတ်နေခဲ့သည်။ ထိုအချိန်အတွင်း သူသည် သူ၏ ဆေးလုံးအားလုံးကို အကုန် အသုံးမပြုခဲ့ရပေ။ သူသည် ၎င်းတို့ထဲမှ အချို့ကို သူ့သိုလှောင်အိတ်ထဲတွင်ထည့်၍ သယ်လာခဲ့သည်။ ဆေးလုံးများ မကုန်သေးဘဲ တံခါးပိတ်ကျင့်ကြံခြင်းကနေ စောစောစီးစီး ထွက်လာခြင်းသည် စိတ်မရှည်သည်းမခံနိုင်၍ မဟုတ်ပေ။ သူသည် အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ နီးကပ်လာပြီး အဆင့်တစ်ဆို့မှု ကြုံခဲ့ရသောကြောင့်ပင်။

သူသည် ၎င်းအဆင့်တစ်ဆို့မှုကို မချိုးဖျက်နိုင်ခင်ထိ သူ၏ ကျင့်ကြံခြင်းသည် ဆေးလုံးများ ထပ်သုံးစွဲလျှင်ပင် နည်းနည်းလေးမျှ တိုးတက်လာနိုင်တော့မည် မဟုတ်ပေ။

ထိုသို့သော အဆင့်တစ်ဆို့မှုကို ချိုးဖျက်နိုင်သည့် နည်းလမ်းများ အတိအကျ မရှိချေ။ အရင်တုန်းက ကျင့်ကြံသူများသည် ထိုအဆင့်တစ်ဆို့မှုကို ချိုးဖျက်နိုင်ရန် ကျင့်ကြံရုံဖြင့် ဖြစ်စေ၊ လောကအနှံ့ ခရီးဆန့်၍ ဖြစ်စေ၊ သို့တည်းမဟုတ် အသေအရှင် တိုက်ပွဲဆင်နွှဲ၍ဖြစ်စေ ချိုးဖျက်နိုင်လေ့ ရှိခဲ့သည်။ မည်သည့်အခြေအနေဖြင့် ချိုးဖျက်နိုင်မည်ကိုမူ မျှော်လင့်ထား၍ မရပေ။

သို့ဖြစ်၍ ဟန်လိသည် တံခါးပိတ်ကျင့်ကြံနေပြီး အချိန်ဖြုန်းချင်စိတ် မရှိတော့ပေ။ သူက ဒဏ္ဍာရီလာ နတ်ဆိုးပဲ့တင်မြက်ကို ရှာရန် ကြိုပြင်ဆင်၏။ သူသည် ထိုခရီးစဉ်အတွင်း အဆင့်ချိုးဖျက်နိုင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်သွားနိုင်သည် မဟုတ်လား။

ထိုခရီးစဉ်သည် အချိန်မည်မျှ ကြာမှန်း မသိနိုင်သည် ဖြစ်သောကြောင့် ဟန်လိသည် ရွက်လွှာကိုးခုဝိညာဉ်ဂျင်ဆင်းကို လှိုဏ်ဂူထဲ၌ မချန်ထားခဲ့ဝံ့ပေ။

ထိုဂျင်ဆင်းကို ရှင်သန်အောင် ထိန်းသိမ်းထားနိုင်ရန် မြေဓာတ်ချီ လိုအပ်၏။ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်သို့ မဝင်ရောက်ခင်က သည့်အတွက် ဟန်လိသည် အခက်အခဲ ဖြစ်ခဲ့သော်လည်း အခုကမူ ပြဿနာ မဟုတ်တော့ပေ။

ခုလက်ရှိတွင် သူသည် မိန်းမပျို ညွှန်သော ဈေးမြို့သို့ ဦးတည်ပျံသန်းလျက် ရှိသည်။ ထိုနေရာတွင် ကျင့်ကြံသူများလည်း ရှိနေမှာ ဖြစ်၍ ဟန်လိသည် အဆင့်ရှစ်နတ်ဆိုးသားရဲများ၏ သတင်းကိုလည်း စုံစမ်းကြည့်နိုင်လောက်မည်။ သူသည် နတ်ဆိုးပဲ့တင်မြက်ကို ရနိုင်ရန် နည်းလမ်းတစ်ခုကို စဉ်းစားကြည့်ရတော့မည့် အချိန် ကျလာခဲ့ပေပြီ။

သူသည် အလွန်မြန်ဆန်သောနှုန်းဖြင့် ပျံသန်းလာနေသည်။ မိန်းမပျိုက ဈေးမြို့သို့ ရောက်ရန် လဝက်လောက် ကြာမည်ဟု ပြောခဲ့သော်လည်း ဟန်လိအတွက်မူ အမြန်ဆုံးသွားလျှင် ရက်အချို့သာ ကြာနိုင်သည်။

အလျင်စလို ပျံသန်းလာခဲ့တာ နှစ်ရက် ကြာပြီးနောက်မှာ သူသည် အကွာအဝေးတစ်ခု၌ အနီရောင်အလင်းတန်းတစ်ခုကို ရုတ်တရက် ထောက်လှမ်းမိသည်။ ၎င်းနောက်သို့ မီးခိုးရောင်ချီလုံးများက လိုက်လံလို့နေသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် အလိုလို မျက်ခုံးပင့်မိသွားသည်။ နည်းနည်းပါးပါး စဉ်းစားကြည့်ပြီး သူက မန္တာန်တစ်ခုကို တိုးတိုးဖွဖွ ရေရွတ်၏။ ခဏအကြာ သူ့ခန္ဓာကိုယ်အတွင်းမှ အက်သံများ ဆက်တိုက်မြည်လာသည်။

သူ့မျက်နှာကိုလည်း မိုးပြာအလင်းက ခြုံလွှမ်း၏။ တအောင့်အကြာတွင် ဟန်လိ၏အရပ်သည် လက်မအနည်းငယ် ပိုရှည်လာသည်။ မိုးပြာအလင်း ပျောက်ကွယ်သွားချိန် သူ့မူလမျက်နှာအစား ဝါကျင့်ကျင့်မျက်နှာအသွင်တစ်ခု ပေါ်လာသည်။

၎င်းမှာ ဟန်လိ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ကျင့်ကြံခဲ့သော လေးနက်ယင်ပညာရပ်များထဲမှ လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။ ထိုပညာရပ်သည် ရုပ်အသွင်ပြောင်းလဲခြင်း ပညာရပ်တစ်ခု ဖြစ်၏။ ထိုပညာရပ်သည် လူတစ်ယောက်ကို ပိုပုသွား၊ ပိုရှည်သွားစေနိုင်ရုံသာမက၊ ပိန်ခြင်းဝခြင်းကိုလည်း ထိန်းချုပ်နိုင်သေးသည်။ ၎င်းသည် ထိပ်တန်းရုပ်ဖျက်ပညာရပ်တစ်ခုပင်။ ဟန်လိသည် ထိုပညာရပ်သည် ဒဏ္ဍာရီထဲမှ ရုပ်ဖျက်ပညာရပ်များနှင့်ပင် ယှဉ်၍ရသည်ဟု မှတ်ယူထား၏။ အဆင့်ပိုမြင့်သော ကျင့်ကြံသူများသည်ပင် သူ၏ ရုပ်ဖျက်မှုကို အလွယ်တကူ မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ထိုပညာရပ်နှင့် ပတ်သက်ပြီး အားနည်းချက်တစ်ခုသာ ရှိ၏။ ၎င်းမှာ လူတစ်ယောက်သည် အနှီပညာရပ်ကို အသုံးပြုထားချိန်၌ သူ့ခွန်အား၏ ခုနစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်ခြင်းပင်။ တိုက်လားခိုက်လား ဖြစ်စဉ် ထိုအကန့်အသတ်ထက် ကျော်လွန်သည့် ခွန်အားကို အသုံးပြုခဲ့လျှင် ရုပ်ဖျက်မှုသည် ပျက်စီးကာ ထိုသူ၏ အစစ်အမှန်ရုပ်သွင် ပေါ်လာမည် ဖြစ်သည်။

သို့ရာတွင် ဟန်လိသည် ထိုအားနည်းချက်ကို နည်းနည်းလေးမျှ အရေးမစိုက်ပေ။ သူသည် ရုပ်ဖျက်ထားသည် ဆိုတည်းက သူ၏ အစစ်အမှန်ခွန်အားအားလုံးကို မပြသချင်၍ မဟုတ်လား။

ဟန်လိက သူ၏ ရုပ်သွင်ကို ပြောင်းလဲပြီးရုံရှိသေး အနီရောင်အလင်းတန်းက သူ့တည်နေရာကို ထောက်လှမ်းတွေ့ရှိသွားပြီး သူရှိနေသော အရပ်ထံ အသည်းအသန် ပြေးဝင်လာသည်။ မီးခိုးရောင်အလုံးတို့က အနီရောင်အလင်းနောက်မှ လိုက်လာနေ၏။ ၎င်းမီးခိုးရောင်အလုံးတို့သည် အဆင့်သုံးနှင့်အဆင့်လေး နတ်ဆိုးသားရဲများ ဖြစ်တာ သိသာသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ရပ်၏။ သူ သက်ပြင်းရှည်ချမိသည်။ ပြဿနာက သူ့ထံ စိုက်စိုက်မြိုက်မြိုက် ဝင်ရောက်လာ၍ သက်ပြင်းချမိတာတော့ မဟုတ်ပေ။ သူ့ထံ ဝင်လာသော ထိုသူသည် နတ်ဆိုးသားရဲများကို သူ့အနေဖြင့် ရင်ဆိုင်နိုင်၊ မရင်ဆိုင်နိုင်တာကို ထည့်မတွက်ထားပုံ ရသောကြောင့်သာ ဖြစ်၏။ ကြည့်ရတာ ထိုသူသည် ဟန်လိကို သူ့ပြဿနာထဲ ဆွဲထည့်ချင်ပုံ ရ၏။ ထိုသို့သော အပြုအမူကို မဆိုင်းမတွ လုပ်ဆောင်လာတာ ဖြစ်၍ ထိုသူ၏ စိတ်သဘာဝကို သိနိုင်သည်။ ခုလေးမှ ကုန်စွန်းအာ၏ မိသားစုအပေါ် တာဝန်သိစိတ်ကြောင့် စိတ်ထဲ ထိခိုက်ခံစားမိနေသော ဟန်လိသည် လူသားသဘာဝကို တစ်ဖန်ပြန်မေးခွန်းထုတ်မိတော့သည်။

“တာအိုရောင်းရင်း...ကျေးဇူးပြုပြီး ကျုပ်ကို ကယ်တင်ပေးပါ။ ကျုပ်က ဟောင်မင်လီက သင့်အပေါ် ကျိန်းသေပေါက် ကျေးဇူးတရား ပြန်သိတတ်မှာပါ...”

တုန်တုန်ရင်ရင် ဖြစ်နေသော အဘိုးအိုတစ်ယောက်သည် ဟန်လိထံ အလန့်တကြားဖြင့် ပျံသန်းလာနေသည်။

ထိုအဘိုးအိုသည် လူပါးတစ်ယောက် ဖြစ်ရမည်။ သူသည် ဟန်လိ၏ အစစ်အမှန်ကျင့်ကြံခြင်းကို မသိသော်ငြား ဟန်လိ၏ တည်ငြိမ်လှသော ဟန်ပန်ကို မြင်သည့်နောက်မှာ သူ့အသက်ကို ကယ်တင်ပေးနိုင်ကြောင်းကိုတော့ သိလိုက်သည်။ ဟန်လိသည် သူ့ထံ ပျံသန်းဝင်လာသော အဘိုးအိုကို မထူးခြားနားဟန်ဖြင့် တည်ငြိမ်စွာ စောင့်ကြည့်နေသည်။

သည့်နောက်မှာ ဟန်လိသည် သူ့လက်ကို ပျင်းရိပျင်းတွဲ ပင့်မြှောက်လျက် မိုးပြာအလင်းတန်းငါးခုကို စေလွှတ်သည်။ ၎င်းတို့သည် အဘိုးအိုနောက်သို့ လိုက်လာသော သားရဲငါးကောင်ထံ တန်းမတ်စွာ ဝင်ရောက်သွားသည်။ ထိုသည်ကို မြင်သည့်အခါ အဘိုးအိုသည် စိတ်သက်သာရာရကာ ပျော်ရွှင်စွာ သက်ပြင်းချနိုင်တော့သည်။ သူလည်း နတ်ဆိုးသားရဲငါးကောင်ကို တိုက်ခိုက်နိုင်ရန် မှော်လက်နက်အဝိုင်းငါးခုကို စေလွှတ်သည်။

ဟန်လိသည် ထိုအဘိုးအိုထံ တစ်ချက်သာ လှမ်းကြည့်သည်။ အဘိုးအိုသည် အခြေခံတည်ဆောက်ခြင်းအထွတ်အထိပ်အဆင့်၊ အတုအယောင် အမြုတေအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။ သူသည် အဆင့်လေးနတ်ဆိုးသားရဲများ စုပေါင်းတိုက်ခိုက်လာမှုမှ ထွက်ပြေးလာနိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ပေ။

ဟန်လိသည် နတ်ဆိုးသားရဲများထံ ပြန်၍ လှမ်းကြည့်ပြီး ဓားအလင်းတို့ကို ၎င်းတို့အား လွှမ်းခြုံစေပြီး သူ၏ လွှမ်းမိုးနိုင်လှသည့် ခွန်အားကို ထုတ်ဖော်ပြသသည်။ ထိုသည်ကို မြင်သည့်အခါ အဘိုးအိုသည် စိတ်အားတက်ကြွလာပြီး သူ့မီးဓာတ်မှော်လက်နက်ကို ထိန်းချုပ်လျက် နတ်ဆိုးသားရဲများကို တန်ပြန်ထိုးနှက်သည်။

ခဏအကြာတွင် ဟန်လိသည် သည်တိုက်ပွဲမှာ အဆုံးသပ်သင့်ပြီဟု ခံစားမိသည်။ သူက မိုးပြာအနှစ်သာရဓားအလင်းတန်းတို့ကို အသုံးပြု၍ နတ်ဆိုးသားရဲတို့ကို ရှင်းထုတ်ပစ်လိုက်တော့သည်။

နတ်ဆိုးသားရဲများ ခဏအတွင်း သေဆုံးသွားတာ မြင်သည့်အခါ အဘိုးအိုသည် ဟန်လိမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်မှန်း သဘောပေါက်သွားသည်။ ထိုအခါ သူသည် ဟန်လိကို တလေးတစား နှုတ်ဆက်ပြီး ပြောလာသည်။

“စီနီယာရဲ့ ကယ်တင်ပေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ စီနီယာဟာ တောက်နက်မြို့ကို သွားချင်တာများလား...”

ဟန်လိက တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။ “အမှန်ပဲ။ ကျုပ် အဲ့မြို့ကို သွားပြီး ပစ္စည်းတချို့ ဝယ်ချင်လို့...”

ဟောင်မင်လီက မျက်လုံးကစားသွား၏။ သူက ခါးသီးစွာ ပြုံး၍ ဆက်ပြောလာသည်။

“စီနီယာ သွားဖို့ မလိုတော့ပါဘူး။ သွားလည်း အချည်းနှီးသာ ဖြစ်ပါလိမ့်မယ်...”

ဟန်လိ၏ အမူအရာသည် တင်းမာသွားပြီး သူက အံ့အားသင့်ဟန်ဖြင့် မေးသည်။

“ဘာဖြစ်လို့လဲ...”

အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်နှင့် မျက်နှာချင်းဆိုင် နေရတာဖြစ်၍ အဘိုးအိုသည် ဂရုတစိုက် ရှင်းပြလာသည်။

“လွန်ခဲ့တဲ့ ရက်အချို့က တောင်နက်မြို့မှာ အဆင့်နိမ့်သွားရဲတွေ မထင်မှတ်ဘဲ ရောက်လာခဲ့တယ်။ အဲ့သားရဲအများစုကတော့ အသတ်ခံခဲ့ရတယ်။ ဒါပေမဲ့လို့ အဆင့်လေးနဲ့ အဆင့်ငါးသားရဲအုပ်တွေက နောက်နေ့မှာ ရောက်လာခဲ့ပြီး မြို့ရဲ့ ကျင့်ကြံသူ အများအပြားဟာ ထိခိုက်သေဆုံးကုန်ကြတယ်။ ကျုပ်တို့လည်း နတ်ဆိုးသားရဲတွေ ဝန်းရံထားတဲ့ကြားကနေ မနည်းပဲ ထွက်ပြေးလာခဲ့ရပါတယ်။ ကျနော်က အဲ့လို လွတ်မြောက်လာခဲ့တဲ့သူတွေထဲက တစ်ယောက်ပါ။ ဒါပေမဲ့လို့ လမ်းမှာတင် နောက်ထပ် သားရဲတစ်အုပ်နဲ့ ထပ်တွေ့ရလိမ့်မယ်လို့ ကျနော် မထင်ထားမိခဲ့ပါဘူး...”

“မင်း ပြောပုံအရဆို ဒီကို သွားတာဟာ အချည်းနှီး ဖြစ်သွားမှာပေါ့ ဟုတ်လား...”

ဟန်လိသည် မျက်မှောင်ကြုတ်နေသည်။

ဟောင်မင်လီ၏ မျက်လုံးထဲ၌ ခပ်သဲ့သဲ့ အရောင်လင်းလက်သွားပြီး သူက အံတင်းတင်းကြိတ်သည်။ ထို့နောက်တွင် သူက လျှို့လျှို့ဝှက်ဝှက် ပြောလာသည်။

“ကောင်းပါပြီလေ...စီနီယာဟာ အမှန်တကယ် အရောင်းအဝယ် လုပ်ချင်မှတော့ ဒီအဘိုးအိုက နောက်ထပ်နေရာတစ်ခုကို သိထားပါတယ်။ အဲ့မှာက တန်ဖိုးရှိတဲ့ ပစ္စည်းအမယ်တွေချည်ပဲ။ အဲ့မြို့ထဲကို ဝင်ဖို့ ညွှန်းပေးတဲ့ အထောက်အထားတစ်ခု လိုသလို၊ ဝင်ရောက်မဲ့သူကလည်း အမြုတေဖွဲ့စည်းခြင်း ဒါမှမဟုတ် အဲ့ထက် ပိုမြင့်မားတဲ့အဆင့် ရှိမှ ရပါမယ်။ ဒီအဘိုးအိုဟာ စီနီယာကို ထောက်ခံပေးနိုင်တဲ့ အရည်အချင်းတော့ ရှိပါတယ်။ စီနီယာ သွားချင်တယ်ဆို ဒီဂျူနီယာရဲ့ အသက်ကို ကယ်တင်ပေးတဲ့အပေါ် ပြန်ပေးစပ်တဲ့အနေနဲ့ ကျနော်က လိုက်ပို့ပေးပါမယ်...”

ဟန်လိသည် ခဏ စဉ်းစားသွားသည်။ ထို့နောက် သူက တည်ကြည်လေးနက်စွာ မေးသည်။

“မင်းက လျှို့ဝှက်မြို့တစ်မြို့အကြောင်း ပြောနေတာလား...”

အဘိုးအိုသည် ရှက်သွားဟန်ဖြင့် အလျင်အမြန် ရှင်းပြလာ၏။

“စီနီယာကတော့ ကျုပ်ကို ကြောင်တောင်တောင်နိုင်တယ်လို့ ထင်မှာပဲ။ ဒီဈေးမြို့ဟာ လျှို့ဝှက်တယ်လို့တော့ သတ်မှတ်လို့ မရပါဘူး။ သူတို့ဟာ ပဍိပက္ခတွေ ဖြစ်မှာကိုပဲ စိုးကြတာ။ နတ်ဆိုးသားရဲတွေ ရှာတွေ့သွားတာနဲ့ ဒီမြို့ဟာ အဆုံးသပ်ပြီလေ...”

“အော်...ဒီလိုကိုး...” ဟန်လိသည် ထိုစကားကို ကြားသည့်အခါ မပြုံးမိဘဲ မနေနိုင် ဖြစ်သွားသည်။ ထို့နောက် သူက မေးလိုက်သည်။

“ဒီနေရာက ဘယ်လောက်ဝေးလဲ...”

ဟောင်မင်လီသည် ထိုဈေးမြို့အကြောင်း အတော်လေး သိထားသည့်ပုံပင်။ သူက ချက်ခြင်း ပြန်ဖြေသည်။

“ကျနော်တို့ မြန်မြန်သွားမယ်ဆို လဝက်လောက်အတွင်း ရောက်နိုင်ပါတယ်...”

ခဏစဉ်းစားပြီးနောက်မှာ ဟန်လိက ပြန်တုန့်ပြန်သည်။ “ကောင်းပြီ...ကျုပ် မင်းနဲ့အတူ သွားမယ်...”

“ကောင်းပါပြီ...” ဟောင်မင်လီသည် စိတ်လှုပ်တရှား ဖြစ်သွားပြီး ခဏ တုန့်ဆိုင်းသွားပြန်သည်။ သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား။

“ဟီး...စီနီယာ...ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါအုံး...”

သူက တောင်းပန်စကား အလျင်အမြန် ပြောပြီး သားရဲအလောင်းများ မြောနေသော ပင်လယ်ပြင်ထံ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ပြုံးမိလေ၏။

ခဏအကြာတွင် အဘိုးအိုသည် နတ်ဆိုးသားရဲများ၏ အစိတ်အပိုင်းများကို သိုလှောင်အိတ်ထဲ ထည့်ပြီးလေပြီ။ သည့်နောက် သူသည် ဟန်လိထံ တက်တက်ကြွကြွဖြင့် ပြန်၍ ပျံသန်းလာသည်။

“ကျနော် ကိုယ့်ကိုယ်ကိုယ်တော့ ရှက်မိပါတယ်။ ဒီနတ်ဆိုးသားရဲတွေက စီနီယာအတွက် ဘာမှ မဟုတ်ပေမဲ့ ကျ‌နော်အတွက်တော့ အဖိုးတန်လှပါတယ်...”

ထိုအဘိုးအိုသည် အရှက်ရဟန်ဖြင့် ထိုသို့ ပြောသည်။ တကယ်တော့ ၎င်းသားရဲများကို သတ်ခဲ့သူက ဟန်လိ မဟုတ်လား။

“ကိစ္စမရှိဘူး။ ဒါတွေက ကျုပ်အတွက် အဖိုးမတန်ဘူး။ ကဲ...မြန်မြန်သွားကြရအောင်...”

ဟန်လိသည် ခေါင်းရမ်းကာ လောလိုက်သည်။

All Chapters