← Chapters

အရောင်းအဝယ်

Vol. 39 Ch. 535

အရောင်းအဝယ်

Vol. 39 Ch. 535

ဟောင်မင်လီသည် ဟန်လိ၏ စကားကို ကြားသည့်အခါ သူကလည်း ပြုံး၍ သဘောတူသည်။ ထို့နောက်တွင် သူသည် သူ၏ မှော်ရတနာကို အသုံးပြု၍ အရှေ့အရပ်သို့ ပျံသန်းလာသည်။ ဟန်လိသည် သူ့နောက်မှ တည်ငြိမ်သောဟန်ပန်ဖြင့် လိုက်ပါလာသည်။ ဟောင်မင်လီက ပျံသန်းလာနေရင်း ခေါင်းလှည့်ကာ ဟန်လိ၏ မျက်နှာကို ခိုးကြောင်ခိုးဝှက်ကြည့်ပြီး သတိထား၍ မေးလိုက်သည်။

“စီနီယာ့ကို မမြင်ဘူးသလိုပဲ။ ကြည့်ရတာ စီနီယာက တံခါးပိတ်ကျင့်ကြံနေတာ အတော်ကြာခဲ့ပြီ ထင်တယ်။ ဂျူနီယာဟာ စီနီယာရဲ့ နာမည်ကိုတော့ အရင်က ကြားဖူးချင် ကြားဖူးမှာပါ...”

ဟန်လိသည် ပုံမှန်အတိုင်းသာ ပြောလိုက်၏။

“ကျုပ်မျိုးရိုးနာမည်က လီ။ ကျုပ်က တံခါးပိတ်ကျင့်ကြံနေတာ ကြာပြီ။ မကြာသေးခင်ကမှ ထွက်လာခဲ့တာ။ ရောင်းရင်းဟောင်က ကျုပ်နာမည်ကို အရင်က မကြားဖူးတာ အံ့အားသင့်စရာတော့ မရှိပါဘူး...”

ဟန်လိသည် သူ၏အမည်အမှန်ကို မပြောပေ။

အဘိုးအိုငယ်သည် ဟန်လိနှင့် ပတ်သက်ပြီး မည်သည့်ထူးခြားမှုကိုမျှ သတိမပြုမိပေ။ သူ့စိတ်ထဲတွင်မူ သံသယအချို့ ရှိနေ‌သော်ငြား သူက ဂုဏ်ပြုစကားတို့ကိုသာ ပြော၏။ ဟောင်မင်လီသည် လူကင်းပါးလှသူပင်။ ဟန်လိအကြောင်း ဆက်၍ မစပ်စုတော့ပေ။ ထိုအစား သူက ဟန်လိကို ကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများကြားက လတ်တလော ဖြစ်ပွားခဲ့သော ပဍိပက္ခအခြေအနေများကိုသာ ပြောပြတော့သည်။

သို့ပေမည့် သူ၏လေသံအရ ထိုအဘိုးအိုငယ်သည် ပြင်ပကြယ်ပင်လယ်များ၌ လူသားတို့၏ အနာဂတ်အပေါ် မျှော်လင့်ချက် များများစားစား မရှိနေသည့်ပုံ ပေါ်လွင်နေသည်။ ဟန်လိသည် တစ်ဖက်သာ နားထောင်နေခဲ့သော်လည်း ခုလက်ရှိ ပြင်ပကြယ်ပင်လယ်များ၏ အခြေအနေများနှင့် ပတ်သက်၍ များစွာ ပိုနားလည်လာခဲ့သည်။

နောက်လဝက်လောက် အကြာတွင် ဟန်လိနှင့် ထိုအဘိုးအိုငယ်ဟောင်တို့သည် အကွာအဝေးတစ်ခု၌ အေးအေးချမ်းချမ်း ရှိနေသော ကျွန်းငယ်တစ်ခုကို လှမ်းမြင်ကြရပြီ ဖြစ်သည်။ ထိုကျွန်းသည် ကီလိုမီတာငါးဆယ်လောက်သာ အကျယ်အဝန်း ရှိသလို စိတ်ဝိညာဉ်ချီလည်း သိပ်သိပ်သည်းသည်း ရှိမနေပေ။ အပင်ငယ်အချို့ ပေါက်နေသည်ကလွဲ၍ ကျွန်းပေါ်၌ မီးခိုးရောင်ကျောက်တုံးများနှင့်သာ ဖွဲ့စည်းထားလေသည်။

၎င်းမှာ လျှို့ဝှက်မြို့၏ တည်နေရာ ဖြစ်၏။ သို့သော် မည်သို့ပင်ဖြစ်စေ နေ့ဝက်လောက် ထပ်၍ ပျံသန်းလာပြီးချိန်တွင် ဟန်လိနှင့် အဘိုးအိုတို့သည် သူတို့၏ ပျံသန်းမှုကို ကိုယ်ယောင်ဖျောက်ပြီး ကျွန်းထံ ချဉ်းကပ်လာသည်။ ထိုသို့ ရုပ်ဖျက်ရခြင်းမှာ သည်လျှို့ဝှက်မြို့အတွင်းသို့ ဝင်ရောက်ရာ၌ လိုအပ်ချက်တစ်ခု ဖြစ်၏။

ဟောင်မင်လီသည် ဟန်လိကို ရုပ်ဖျက်ပေးရန် ပြောခဲ့သည့်အခါ၌ ဟန်လိက အလွယ်တကူပင် လက်ခံခဲ့ပေသည်။ သည့်အတွက် ဟောင်မင်လီမှာ စိတ်သက်သာရာ ရခဲ့၏။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများသည် သူ့အတွေ့အကြုံအရဆို ပြောရဆိုရတာ လွယ်ကူ မနေခဲ့တာမျိုး ရှိခဲ့သည် မဟုတ်လား။ ဟောင်မင်လီသည် ကျွန်းငယ်ကို တစ်ပတ်ပတ်၍ ပျံသန်းပြီးမှ ကျောက်တန်းများပေါ်သို့ ခြေချသည်။

ဟန်လိသည် ဤသည်ကို မြင်သည့်အခါ၌ သူ့မျက်လုံးထဲတွင် ထူးခြားသောဟန်ပန်တစ်ခု ဖြတ်ပြေးသွားသည်။ သူသာ မမှားလျှင် သည်မှာ မည်သည့်အတားအဆီးမျှ ရှိမနေချေ။ ဖြစ်နိုင်သည်မှာ။

ဟန်လိသည် ထပ်စဉ်းစားကြည့်နေစဉ် ဟောင်မင်လီက သူ့ဘေးရှိ ကျောက်တုံးကြီးတစ်ခုထံ လျှောက်သွားပြီး ၎င်းကျောက်တုံးအပေါ် သုံးကြိမ်သုံးခါ ခေါက်သည်။ ခဏအကြာတွင် ထိုကျောက်တုံးကြီးသည် သုံးမီတာမျှ ကျယ်သော အပေါက်တစ်ခုအဖြစ် ရုတ်တရက် ပွင့်ဟသွားသည်။

ဟောင်မင်လီက ထိုထဲသို့ ချက်ခြင်း ခြေလှမ်းဝင်ပြီး စကားအချို့ ခပ်တိုးတိုး ပြောသည်။ ထို့နောက်တွင် သူက ဟန်လိဘက်သို့ ပြန်လှည့်ပြီး လှမ်းအော်ပြော၏။

“စီနီယာလီ...ဒီနေရာ အမှန်ပါပဲ။ ကျနော်တို့ ဝင်ကြမယ်...”

ဟန်လိသည် မထူးခြားနားစွာ အောက်ဘက်သို့ ငုံ့ကြည့်ပြီး ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ ထိုတွင်းပေါက် အောက်ဘက်၌ လှေကားထစ်များ ရှိနေသည်။ လှေကားထစ်များ၏ ဘေးတစ်ဖက်တွင် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ဖြစ်သူ ဆံပင်ဖြူနှင့်အဘိုးအိုတစ်ယောက် ရပ်နေသည်။

ဟန်လိ ဝင်ရောက်လာတာ မြင်သည့်အခါ ထိုအဘိုးအိုက သူ့ကို ပြုံးပြပြီး မော်ကြွားသည်လည်း မဟုတ် နှိမ့်ချသည်လည်း မဟုတ်သည့် ဟန်ပန်ဖြင့် ပြောလာသည်။

“ကျနော်တို့ မြို့ကနေ စီနီယာ့ကို ကြိုဆိုပါတယ်။ စီနီယာ လိုအပ်တဲ့အရာတွေကို တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်...”

“ကျုပ်လည်း အဲ့လိုပဲ မျှော်လင့်ပါတယ်...” ဟန်လိသည် လှေကားထစ်များအတိုင်း ဆင်းလာပြီး တည်ငြိမ်စွာ ပြန်တုန့်ပြန်သည်။

ဟန်လိသည် နတ်ဆိုးသားရဲများ စိတ်ဝိညာဉ်ချီကို ထောက်လှမ်းမိမှာကို ကာကွယ်သည့်အနေဖြင့် မန္တာန်အစီအရင်များ မတည်ဆောက်ထားမှန်း သဘောပေါက်သည်။

လှေကားထစ်များအတိုင်း အောက်ဘက်သို့ အချိန်ခဏ လျှောက်လာပြီးနောက်မှာတော့ ဟန်လိ၏ မျက်လုံးသည် အရောင်တောက်သွား၏။

သူ၏ရှေ့ရှိ မြေအောက်လောကမှာ ကျယ်ပြန့်ကြီးမားလှ၏။ မျက်နှာချက်သည် မီတာနှစ်ဆယ်လောက်ထိ အမြင့်ရှိပြီး မီးခိုးရောင်ကျောက်တိုင်များဖြင့် ထောက်ပိုးထားသည်။ သည်မြေအောက်နေရာ၏ အလယ်၌ လေးထောင့်အဆောက်အဦငယ် အများအပြားလည်း ရှိနေသည်။ တစ်ခုစီ၌ ၎င်းတို့၏ ကိုယ်ပိုင်သင်္ကေတများ ရှိနေသည်။ သည်ကျောက်အခန်းများ၌ ရောင်းဝယ်နေကြသော ကျင့်ကြံသူတစ်ရာကျော်လောက် ရှိ၏။

ဟန်လိ၏ ဘေးဘက်ရှိ ဟောင်မင်လီသည် ကျောက်တိုင်လုံးဘေးရှိ လှေကားများထံ လက်ညှိုးထိုးပြပြီး ပြောလာသည်။

“စီနီယာလီ...ဒီအထပ်မှာက သာမန်ပစ္စည်းတွေကိုပဲ အရောင်းအဝယ် ပြုကြတာပါ။ စီနီယာအနေနဲ့ ရှားပါးအမယ်တွေကို လိုချင်တယ်ဆိုရင်တော့ နောက်ထပ် အထပ်ဆီ ဆင်းကြည့်တာက အကောင်းဆုံး ဖြစ်မှာပါ...”

ဟန်လိသည် ကျောက်လှေကားထစ်များကို တစ်ချက် လှမ်းကြည့်သည်။ သူက မလှုပ်သေးပေ။ သူက အလေးအနက်လေသံဖြင့် မေးလိုက်၏။

“အဆင့်မြင့် နတ်ဆိုးသားရဲတစ်ကောင်ရဲ့ အသိုက် တည်နေရာကို သိချင်ရင် ကျုပ် ဘယ်နေရာမှာ ရှာကြည့်လို့ ရနိုင်မလဲ...”

ဟောင်မင်လီသည် ထိုစကားကို ကြားသည့်အခါ သိသိသာသာ မင်သက်ကြောင်ရီသွားသည်။ သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန် မသိမသာ ဖြတ်ပြေးသွားပြီးမှ သူက ပြန်ဖြေလာသည်။

“ဒါကတော့ စီနီယာ သိချင်တဲ့ နတ်ဆိုးသားရဲ အဆင့်အပေါ် မူတည်ပါလိမ့်မယ်။ အဆင့်ငါး ဒါမှမဟုတ် အဆင့်ခြောက် နတ်ဆိုးသားရဲတွေဆိုရင်တော့ စီနီယာဟာ လေတိုးသံအဆောက်အဦမှာ စုံစမ်းကြည့်နိုင်ပါတယ်။ ဒါပေမဲ့လည်း သူတို့မှာ အဲ့ထက်ပိုအဆင့်မြင့်တဲ့ နတ်ဆိုးသားရဲတွေရဲ့ သတင်းအချက်အလက်ကိုတော့ မပိုင်ဆိုင်ထားပါဘူး။ အဲ့တာကြောင့် စီနီယာဟာ အခြားအမြုတေဖွဲ့စည်းခြင်း ကျွမ်းကျင်သူတွေကိုပဲ မေးကြည့်လို့ ရနိုင်လောက်ပါမယ်။ တကယ်တော့ အဲ့လို အဆင့်မြင့် နတ်ဆိုးသားရဲတွေရဲ့ နေရာဟာ အလွယ်တကူ မသိနိုင်ကြဘူးလေ။ စီနီယာဟာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေ စုဝေးနေတဲ့ အထူးရောင်းဝယ်မှုမှာ ပါဝင်နိုင်ပါတယ်။ အဲ့မှာ မေးမြန်းကြည့်လို့ ရနိုင်လောက်ပါတယ်...”

“စုစုဝေးဝေး အရောင်းအဝယ်...” ဟန်လိ၏ အမူအရာ၌ စိတ်လှုပ်ရှားဟန် မသိမသာ ဖြစ်ပေါ်သွားသည်။

ဟောင်မင်လီသည် သတိထား၍ ရှင်းပြလာသည်။

“အမှန်ပါပဲ။ ပုံမှန်ဆို အခြားအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတွေမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် လိုအပ်တဲ့ ရတနာတွေနဲ့ သတ္တုအမယ်ပစ္စည်းတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် ဒီဈေးမြို့ ဖွင့်လှစ်တဲ့ အခါတိုင်း မြို့အရှင်ဟာ စီနီယာတို့ကို သီးသန့် ရောင်းဝယ်နိုင်တဲ့ နေရာငယ်တစ်ခု ဖန်တီးပေးပါတယ်။ အဲ့မှာ သူတို့ဟာ စိတ်ကြိုက် အရောင်းအဝယ် လုပ်နိုင်ပါတယ်။ မြို့အရှင်ဟာလည်း ဒီစုဝေးပွဲမှာ ရှားပါးသတ္တုအမယ်တွေကို ထုတ်ပြတတ်ပါတယ်...”

ခပ်ယောင်ယောင်ပြုံး၍ ဟန်လိက ဖြည်းဖြည်းချင်း မေးလိုက်သည်။

“ဒီစုဝေးပွဲက ဒီနေရာမှာ ဘယ်အချိန် လုပ်မှာလဲ...”

အဘိုးအိုငယ်သည် ပြန်တုန့်ပြန်သည်။

“စီနီယာလီ နောက်ထပ် ရက်နည်းနည်းတော့ စောင့်ရပါလိမ့်မယ်။ ဒီဈေးမြို့ ဖွင့်လှစ်တဲ့အခါကျရင် စီနီယာကို ပါဝင်ဖို့ ဖိတ်ကြားချက်တစ်ခု ရလိမ့်မယ်လို့တော့ ကျနော် ထင်ပါတယ်...”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် မျက်လုံးမှေးစင်းသွားပြီး သူက အလေးအနက် စဉ်းစားနေသည်။ ခဏအကြာတွင် သူက ဟောင်မင်လီကို တစ်ချက်ကြည့်ပြီး အားနာခြင်းမရှိ ပြောလာသည်။

“ရောင်းရင်းဟောင်...ကျုပ် တစ်ကိုယ်တည်း နားချင်တယ်။ ဒါ့ကြောင့် ဒီမှာပဲ ခင်ဗျားနဲ့ကျုပ် လမ်းခွဲကြမယ်။ ကျုပ် ခင်ဗျားရဲ့ အကူအညီ ထပ်မလိုတော့ပါဘူး...”

ဟန်လိသည် သစ်ရွက်တစ်ထောင်နှင်းရည်ကို ရှာဖွေနေချိန်၌ အခြားတစ်စုံတစ်ယောက်က သူ၏နောက်သို့ လိုက်လံနေတာမျိုး မလိုချင်ပေ။

အဘိုးအိုငယ်သည် ဟန်လိ၏ စကားကြောင့် ထူးထူးခြားခြား အံ့အားသင့်တာမျိုး ဖြစ်မသွားပေ။ သူက တောက်ပစွာ ပြုံး၍ ပြော၏။

“စီနီယာရဲ့ သဘောပါပဲဗျ။ ဂျူနီယာလည်း ပစ္စည်းအချို့ သွားဝယ်ချင်ပါတယ်။ ဒါ့ကြောင့် ကျနော်လည်း စီနီယာကို နှုတ်ဆက်စကား ဆိုတော့မလို့ပါပဲ။ စီနီယာ နောက်ထပ် အကူအညီလိုရင်လည်း ကျေးဇူးပြုပြီး အားမနာတမ်း ကျနော့်ကို လာရှာနိုင်ပါတယ်...”

ဟောင်မင်လီသည် ဟန်လိကို တလေးတစား နှုတ်ဆက်ဂါဝရပြုသည်။ ထို့နောက်မှာ သူက အနီးအနားရှိ ပစ္စည်းဆိုင်တစ်ခုထံ ဦးတည်သွားလေသည်။ ကြည့်ရတာ သူသည် အစောပိုင်းတုန်းက ရခဲ့သော နတ်ဆိုးသားရဲ အစိတ်အပိုင်းများကို ရောင်းချချင်နေပုံ ရသည်။

ဟန်လိသည် လိမ္မာပါးနပ်သော ထိုအဘိုးအို၏ အလိုက်သိမှုကြောင့် အတော်လေး ကျေနပ်သွားသည်။

သူက အနီးဝန်းကျင်ရှိ ဆိုင်ခန်းများကို ဝေ့ဝိုက်ကြည့်ရှုပြီး သူ့မျက်နှာချင်းဆိုင်ရှိ ဆိုင်ခန်းတစ်ခုထံ လက်နောက်ပစ်လျက် လျှောက်လာသည်။ သူ ပထမဆုံး ဝင်လာသော ဆိုင်သည် ဆေးအမယ်ကုန်ကြမ်းများစွာကို ရောင်းချသော ဆိုင်ပင်။

တိတ်ဆိတ်သော အခန်းတစ်ခုတွင်း၌ ဟန်လိသည် မျက်လုံးမှိတ်၍ နားနေသည်။ သူသည် သုန်မှုန်စွာ ခံစားမိနေ၏။ သည်ဈေးမြို့သို့ ရောက်လာသော သူ၏ ပထမဆုံးနေ့တွင် သူသည် ဈေးမြို့၏ အထပ်များစွာသို့ သွားပြီး နတ်ဆိုးသက်တံမြက်ကို ရှာကြည့်ခဲ့သေးသည်။ သို့သော် အဆင်မပြေခဲ့ပေ။ ထို့အပြင် လေတိုးသံအဆောက်အဦတွင်လည်း အဆင့်ခုနစ် သို့မဟုတ် ထို့ထက်ပိုမြင့်သော သားရဲများ၏ အချက်အလက်များ ရှိမနေချေ။ သူသည် အခြားအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများထံမှ သတင်းစုံစမ်းနိုင်ရန် သူတို့စုဝေးသည့်အချိန်ထိ စောင့်ရဖို့ တစ်ခုသာ ရှိတော့သည်။

လာမည့်နှစ်ရက်တွင် ဟန်လိသည် အပြင်သို့ ထွက်ချင်စိတ် မရှိပေ။ သူက အခန်းထဲ၌သာ တိတ်တဆိတ် ကျင့်ကြံနေခဲ့ပြီး သူ့ခုလက်ရှိ အဆင့်တစ်ဆို့မှုကို ချိုးဖျက်နိုင်၊မနိုင် စောင့်ကြည့်နေခဲ့သည်။ အဆုံးသပ်တွင်မူ သူသည် မအောင်မြင်ခဲ့ပေ။

သူ့အခန်းတံခါးထံမှ ခေါက်သံ ထွက်ပေါ်လာသည်။ ဟန်လိသည် ထိုသို့ မျှော်လင့်ထားပြီး ဖြစ်သော်လည်း သူက မထူးခြားနားစွာဖြင့် မေးလိုက်တုန်းပင်။ “ဘာကိစ္စလဲ...”

အမျိုးသမီးတစ်ယောက်၏ သာယာကြည်လင်လှသည့် တလေးတစား ပြောလိုက်သံကို ကြားရသည်။

“စီနီယာလီ...ဂျူနီယာက အရောင်းအဝယ်စုဝေးပွဲအတွက် လာဖိတ်ကြားတာပါ။ စီနီယာ ပါဝင်ဖို့များ စိတ်ဝင်စားပါသလား...”

ဟန်လိသည် ဖြည်းဖြည်းချင်း တုန့်ပြန်သည်။ “ဒါ့ပေါ့...ကျုပ် စိတ်ဝင်စားတယ်...”

ထို့နောက်တွင် သူသည် တံခါးဖွင့်ကာ အခန်းထဲမှ ထွက်လာသည်။

အခန်းအပြင်ဘက်တွင် ဝတ်စုံဖြူအမျိုးသမီးတစ်ယောက်သည် ခေါင်းငုံ့လျက် တလေးတစား စောင့်နေသည်။ သူမက ဟန်လိ ထွက်လာတာ မြင်သည့်အခါ ချက်ခြင်း ခေါင်းမော့လျက် စွဲဆောင်မှု ရှိလှသော မျက်နှာလေးကို ပေါ်လွင်စေသည်။ ဟန်လိသည် သူမ၏ အလှကို မြင်သည့်အခါ၌ သူ့စိတ်ထဲ လှုပ်ခတ်မိသွားသည်။ ထိုအမျိုးသမီး၏ မျက်နှာကို ငေးစိုက်ကြည့်နေပြီးနောက်မှာ သူ့မျက်လုံးအတွင်း၌ အံ့အားတသင့်ဖြစ်ဟန် လှစ်ခနဲ ဖြစ်ပေါ်သွားသည်။

“ဘယ်လိုလုပ် သူမ ဖြစ်နေရတာလဲ။ သူမက ဒီမှာ ဘာလာလုပ်နေတာလဲ...”

ဟန်လိသည် အံ့အားတသင့် တွေးမိသည်။

အမျိုးသမီးသည် ဟန်လိက သူမကို စိုက်ကြည့်နေတာ မြင်သည့်အခါ သူမက ရှက်သွေးဖြန်းသွား၏။ ထို့နောက် သူမက ခေါင်းငုံ့ကာ မသက်မသာဖြစ်ဟန်ဖြင့် မေးသည်။

“စီနီယာ...တစ်ခုခုများ မှားနေလို့လား...”

ဟန်လိသည် အလျင်အမြန်ပင် သူ့ကိုယ်နေဟန်ထားကို ပြန်တည်ကြည်စေပြီး တည်ငြိမ်စွာ ပြောသည်။

“ဘာမှ မဖြစ်ပါဘူး...လမ်းပြပါ...”

ဝတ်စုံဖြူနှင့်မိန်းမပျိုသည် တစ်ခုခု မူမမှန်သလို ခံစားမိသည်။ သို့သော် သူမက တလေးတစား သဘောတူပြီး တည်တည်ငြိမ်ငြိမ်ခြေလှမ်း၍ ရှေ့ကနေ သွားသည်။ ထိုအမျိုးသမီး၏ အသွင်အရိပ်ကို ကြည့်နေရင်း ဟန်လိသည် အလိုလို မျက်မှောင်ကြုတ်မိသည်။ သူ့မျက်နှာထက်တွင်လည်း စိတ်ရှုပ်ထွေးဟန် အထင်းသား ပေါ်လွင်လျက် ရှိ၏။

ဒုတိယထပ်ထိ ရောက်လာပြီးနောက်မှာ သူမသည် ဟန်လိကို ကျောက်သားနံရံတစ်ခုနား ခေါ်လာသည်။ သူမ၏လက်ဖြင့် ထိုနံရံကို ညင်ညင်သာသာသ ဖိကြည့်ပြီး အဖြူရောင်အလင်းလှိုင်းများ ဂယက်ထသွားသည်။ အဆောင်သင်္ကေတများနှင့် ဖုံးလွှမ်းထားသော ကျောက်တံခါးတစ်ချပ် ပေါ်လာ၏။

All Chapters