သတင်း
Vol. 39 Ch. 537
အခြားကျင့်ကြံသူတိုင်းက သူတို့၏ ပစ္စည်းအမယ်များကို ထုတ်ပြလာခဲ့သည်။ ၎င်းတို့တစ်ခုစီမှာ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများအတွက် အဖိုးတန်နေသည်။ သည်လျှို့ဝှက်ဈေးမြို့၌ အခုကဲ့သို့ ထူးခြားသည့်စုဝေးပွဲတစ်ခု ရှိနေတာ အံ့အားသင့်စရာ မရှိတော့ပေ။ ဟန်လိသည် ထုတ်ပြလာသည့် ပစ္စည်းအမယ်များစွာကို မထူးခြားနားဟန်ဖြင့် တစ်ချက်သာ ဖြစ်သည်။
၎င်းပစ္စည်းအမယ်များက သူ့အတွက်တော့ စိတ်ဝင်စားဖွယ် မဖြစ်နေသော်လည်း အခြားကျင့်ကြံသူများကမူ သူနှင့်အတူပေ။ ဟန်လိ၏ အလှည့်သို့ ရောက်လာသည့်အခါတွင် သူသည် အဆင့်ခြောက်သားရဲနှင့် အဆင့်ခုနစ်သားရဲတို့၏ အစိတ်အပိုင်းအချို့ကို ထုတ်သည်။ တကယ်တော့ ဤလောက်ကပင် အတော်လေး အံ့အားသင့်ဖွယ် ကောင်းနေလေပြီ။
နောက်ဆုံးတစ်ယောက်သာ ကျန်တော့သည်။ ထိုသို့ ထုတ်ပြရန် ကျန်နေသေးသော ကျင့်ကြံသူမှာ အသားမည်းမည်းနှင့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သူသည် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် ကျင့်ကြံသူသုံးယောက်ထဲမှ တစ်ယောက်အပါအဝင်လည်း ဟုတ်သည်။ အခြားသူများက သူ့ကို ကြည့်နေသော အကြည့်၌ လေးစားသမှု အရိပ်အယောင် ပါဝင်နေသည်။
ထိုစဉ် သူက သူ၏သိုလှောင်အိတ်ထဲမှ ပစ္စည်းအမယ်နှစ်ခုကို ဖြည်းဖြည်းချင်း ထုတ်၍ စားပွဲပေါ်သို့ တင်သည်။ ၎င်းတို့မှာ လက်ဝါးအရွယ်ခန့် နက်မှောင်နေသော ကြေးပြားတစ်ခုနှင့် ပေဝက်မျှ အရှည်ရှိ မီးခိုးရောင်အရိုးပိုင်းတစ်ခုတို့ပင်။ ထိုအရိုးပိုင်းသည် သားရဲတစ်ကောင်ကောင်၏ ကျောရိုး ဖြစ်ပုံရ၏။
သည်မှာ ရှိနေသော ကျင့်ကြံသူအများစုသည် ၎င်းပစ္စည်းတို့ကို စိုက်ကြည့်နေကြပြီး ထူးခြားတာကို ရှာတွေ့နိုင်စွမ်း မရှိ ဖြစ်နေသည်။ သူတို့က ထိုသူ ရှင်းပြလာမည်ကို စောင့်နေကြသည်။ သို့သော် သူက ထိုပစ္စည်းနှစ်ခုကို ထုတ်ပြလာပြီးနောက်မှာ အံ့ဩတုန်လှုပ်ဖွယ်ရာ စကားကို ဆိုလာသည်။
“ဒီပစ္စည်းနှစ်ခုဟာ သိတဲ့သူတွေအတွက်ပဲ။ ဒါတွေကို မသိဘူးဆိုရင် ဘာမှ ဝင်ပြောစရာ မလိုတော့ဘူး...”
ထို့နောက်တွင် သူက အရေးမစိုက်ဟန်ဖြင့် သူ့ထိုင်ခုံပေါ်မှာ ပြန်မှီထိုင်ပြီး သူ့မျက်လုံးကို မှေးစင်းထား၏။ သူသည် သူ့ဘေးတွင် ရှိနေသော မိန်းမလှအပေါ်၌လည်း စိတ်ဝင်စားဟန် ရှိမနေပေ။ သည့်အတွက် သူမမှာ အနည်းငယ် အရှက်ရမိ၏။ အခြားသူများသည် သူ့စကားကို ကြားသည့်အခါ တစ်ယောက်နှင့်တစ်ယောက် ကြောင်ရီစွာ ကြည့်မိကုန်သည်။
ထိုပစ္စည်းတို့ကို မြင်သည့်အခါ၌ ဟန်လိနှင့် ယွမ်ထျန်မင်တို့နှစ်ယောက်ကသာ အမူအရာ မသိမသာ ပြောင်းလဲသွား၏။ ဟန်လိ၏မျက်နှာထက်တွင် ထူးခြားသောဟန်ပန်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ထိုပစ္စည်းနှစ်ခုအကြောင်း မသိသော်လည်း သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းတို့ကို ဖြတ်သန်းကြည့်ရှုပြီးနောက်မှာမူ ၎င်းတို့အား မည်သည့်အရာမှန်း ပြောနိုင်သည်။
အရိုးပိုင်းသည် သာမန်နတ်ဆိုးသားရဲတစ်ကောင်၏ အရိုး မဟုတ်သော်ငြား ဟန်လိ၏ အာရုံကို မဖမ်းစားနိုင်ပေ။ သို့သော် သူက ကြေးပြားကိုမူ စိတ်ဝင်စားမိသည်။ ၎င်းကြေးပြားပေါ်၌လည်း ရှေးဟောင်းအက္ခရာတို့ကို ရေးထွင်းထားသေးသည်။ ထိုရှေးဟောင်း အက္ခရာများသည် သူ ပိုင်ဆိုင်ထားသည့် အမည်မဲ့ချီကွယ်ဝှက်ခြင်းပညာရပ် စာအုပ်အတွင်း၌ ပါဝင်သော အက္ခရာများနှင့် လုံးဝ နီးပါးတူညီမှု ရှိနေသည်။ ခုချိန်ထိပင် ဟန်လိသည် ထိုစာအုပ်အတွင်းရှိ အကြောင်းအရာများကို ပြည့်ပြည့်ဝဝ နားလည်နိုင်စွမ်း မရှိသေးပေ။
ဟန်လိသည် စိတ်ထဲကနေ တီးတိုးရေရွတ်နေစဉ် ယွမ်ထျန်ရှောင်းက ပြုံး၍ ရယ်မောကာ ပြောလာသည်။
အရိုးများအပေါ် သူက ဝေ့ဝိုက်ကြည့်ရှုပြီးနောက်မှာ ယွမ်ထျန်ရှောင်က ဟာသနှော၍ ပြောလာသည်။
“ဟားဟား...အစ်ကိုစွန်းက အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်ရဲ့ အရိုးပိုင်းကိုပါ ထုတ်ပြလာခဲ့တော့ အတော်လေးကို စိတ်သဘောထားကောင်းနေသကို။ ကျုပ် တကယ်ပဲ အထင်ကြီး မိပါတယ်...”
သူ့စကားတို့က သည်မှာ ရှိနေသော လူတိုင်းကို မင်သက်သွားစေပြီး ဆူညံ့သွားစေ၏။ ထိုပစ္စည်းမှာ အခု ပြသထားသည့်အထဲပ အဖိုးတန်ဆုံးဟု သတ်မှတ်နိုင်သည်။ အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်၏ အရိုးပိုင်းသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများအတွက် မြင်ရခဲလှသော အံ့ဖွယ်ရတနာတစ်ခုပင်။ ဟန်လိသည် သည်စကားကို ကြားသည့်အခါ သူ့စိတ်ထဲ ဂနာမငြိမ် ဖြစ်သွားသည်။ ထိုသူသည် အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်၏ သတင်းအချက်အလက်ကိုများ သိနိုင်လောက်လား။
ကျင့်ကြံသူစွန်းသည် ယွမ်ထျန်ရှောင်က သည်အရိုး၏ ဇစ်မြစ်ကို ပြောနိုင်စွမ်း ရှိတာ ကြားသည့်အခါ၌ ရယ်မော၏။ သူက ယွမ်ထျန်ရှောင်ကို လေးလေးနက်နက်တစ်ချက် လှမ်းကြည့်ပြီး စကားထပ် မဆိုတော့ပေ။
ဤအခိုက်တွင် သည်အရောင်းအဝယ်စုဝေးပွဲသည် ပို၍ အသက်ဝင်လာတော့သည်။ လူတိုင်းသည် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားကြချေ။ အမျိုးသမီးကျင့်ကြံသူ အဖော်များကလည်း စားပွဲပေါ်ရှိ ပစ္စည်းအမယ်များကို လိုချင်တပ်မက်စွာ ကြည့်နေကြ၏။
ဝမ်စစ်ယွဲ့လည်း ထိုမိန်းမလှကျင့်ကြံသူများထဲ၌ ပါဝင်သည်သာ။
ထိုစဉ် ခပ်ဝဝအဘိုးအိုက သူ၏ ပစ္စည်းအမယ်များကို ရယူနိုင်သည့် အခြေအနေများကို စပြောသည်။
“ကောင်းကင်စိတ်ဝိညာဉ်ပုတီးစေ့တွေကိုတော့ နှစ်ငါးရာနဲ့ အထက် သက်တမ်းရှိတဲ့ ဆေးပင်နဲ့ လဲနိုင်တယ်။ နတ်ဆိုးအမြုတေကိုတော့ အဆင့်ခုနစ်သားရဲရဲ့ အရွတ်နဲ့ လဲလှယ်နိုင်တယ်။ တကယ်တော့ ကျုပ်က ဒီပစ္စည်းတွေအတွက် လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးပမာဏကို လိုချင်ပါတယ်။ ပြီးတော့....”
ထိုအဘိုးအိုသည် အခြားသူများ၏ ပစ္စည်းအမယ်များကိုပါ မြင်ရပြီးနောက်မှာ သူ၏ မောက်မာမှု ပမာဏမှာ သိသိသာသာ လျော့ကျသွားခဲ့လေပြီ။ သူက ထိုသို့ သားရဲအရွတ်ဟု ပြောချိန်၌ ဟန်လိဘက်ခြမ်းသို့ လှမ်းကြည့်လာသည်။
ကံဆိုးသည်မှာ ဟန်လိသည် အဆင့်ခြောက်သားရဲအမြုတေကို စိတ်မဝင်စားပေ။ သူက အေးဆေးဆေးဆေးသာ ဆက်ထိုင်နေလျက် ရှိသည်။
“ကျုပ် ဒီအဆင့်ခြောက်နတ်ဆိုးသားရဲ အမြုတေကို လိုချင်တယ်။ ဒါပေမဲ့ ကျုပ်မှာ စိတ်ဝိညာဉ်အရွတ်တော့ ရှိမနေဘူး။ ဒီအမြုတေအတွက် ခင်ဗျားက စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက် လိုချင်လဲ…”
ဆံပင်ဖြူနှင့်အဘိုးအိုတစ်ယောက်သည် စိတ်ဝင်စားဟန်ဖြင့် ပြောလာသည်။
“ရောင်းရင်းလည်း သိတဲ့အတိုင်းပဲ။ နတ်ဆိုးသားရဲတွေဟာ ခုချိန်မှာ အရင်ကထက် ရဖို့ ပိုခက်ခဲသွားပြီလေ။ ဒါ့ကြောင့် တန်ကြေးကတော့ ပိုမြင့်သွားပြီ။ ကျုပ် ဒီဟာအတွက် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းခွဲလိုချင်တယ်…”
ခပ်ဝဝအဘိုးအိုသည် ၎င်းအမြုတေကို မရောင်းချင်သည့်ပုံ ပေါ်နေပြီး သူက သိသိသာသာ မြင့်မားသော ဈေးကို ခေါ်သည်။
ဆံဖြူအဘိုးအိုသည် ထိုစကားကို ကြားသည့်အခါ ခါးသီးစွာ ပြုံး၍ အခြားဘာမျှ ထပ်မပြောတော့ပေ။ ထိုတန်ကြေးက သူ့ကို နောက်ဆုတ်သွားစေ၏။
“ကျမ…ဒီအမြုတေကို လိုချင်တယ်…”
ဆံဖြူအဘွားအိုတစ်ယောက်က အမူအရာကင်းမဲ့စွာဖြင့် ထိုသို့ပြောလာ၏။ သူမက ထိုသို့ ပြောပြီးသည်နှင့် သိုလှောင်အိတ်တစ်ခုကို ခပ်ဝဝအဘိုးအိုထံ လှမ်းပစ်ပေးသည်။
ခပ်ဝဝအဘိုးအိုက သိုလှောင်အိတ်ကို လက်ခံယူပြီး စမ်းစစ်ကြည့်ပြီးသည်နှင့် ကျေနပ်ဟန် ဖြစ်ပေါ်သွားသည်။
“အမျိုးသမီးချင်းဟာ တကယ်ပဲ ရဲတင်းလှပါတယ်။ ကျုပ်တို့လို ဆင်းရဲလှတဲ့ ကျင့်ကြံသူတွေက မယှဉ်သာပါဘူး…”
အဘိုးအိုသည် သူမ မည်သူမည်ဝါမှန်း သိပုံရပြီး သားရဲအမြုတေကို ရယ်ကာမောကာဖြင့် သူမထံသို့ လှမ်းပစ်ပေးလိုက်သည်။
ဆံဖြူအဘိုးအိုက အေးစက်စက် နှာခေါင်းရှုံ့ပြီး အမြုတေကို ဖမ်းယူသည်။ သူက ၎င်းကို စစ်ဆေးကြည့်ပြီးသည်နှင့် သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်ပြီး အပိုစကား ဘာမျှ ထပ်မပြောတော့ပေ။
အခြားကျင့်ကြံသူများကလည်း ခပ်ဝဝအဘိုးအို၏ ပစ္စည်းအမယ်များနှင့် ပတ်သက်ပြီး မေးကြမြန်းကြသည်။ အများစုမှာ အရောင်းအဝယ် တည့်သွားကြသည်။ ထို့နောက်တွင်မူ သူက လက်ကျန်ပစ္စည်းအမယ်များကို ပြန်သိမ်းဆည်းသည်။ ထို့နောက်မှာမူ လူထူးခြား၏ ရစ်ခွေနက်ပိုးကောင်ဥ အတွက် အပြိုင်လေလံဆွဲကြသည်။
အဆုံးသပ်၌ ထိုဥကို မထင်မရှားရုပ်သွင်နှင့် အနီရောင်ဝတ်စုံဝတ်ထားသည့် ကျင့်ကြံသူတစ်ယောက်က အဖိုးတန်ဆေးပုလင်းအချို့နှင့် လဲလှယ်သွားသည်။ ကျန်သည့် ခြောက်ယောက် ပြီးသည့်နောက်မှာမူ နောက်ဆုံး၌ ဟန်လိ၏ အလှည့် ကျရောက်လာသည်။
ဟန်လိသည် ညင်သာစွာ ပြုံး၏။ ထရပ်ခြင်းပင် မရှိဘဲ သူက ခုံကို မှီပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ကျုပ်က တခြား ပစ္စည်းတွေ မလိုချင်ဘူး။ ကျုပ်က ဒီဟာတွေကို သတင်းတစ်ခုနဲ့ လဲလှယ်ချင်တယ်။ ခင်ဗျားတို့မှာ ကျုပ်ကျေနပ်တဲ့ သတင်းရှိမယ်ဆို ဒီအမယ်အားလုံးဟာ ခင်ဗျားတို့ အပိုင်ပဲ…”
“သတင်း…”
ဟန်လိ၏ စကားကြောင့် အံ့အားသင့်သွားကြသည်။ သူတို့က ဟန်လိကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လာပြီး သူ ဆက်ပြောလာမည့် စကားကို တည်တည်ငြိမ်ငြိမ် စောင့်နေကြသည်။ ယွမ်ထျန်ရှောင်၏ မျက်နှာထက်၌လည်း သိချင်စိတ် ဖြတ်ပြေးသွား၏။
ဟန်လိက အေးဆေး မေးသည်။
“ရောင်းရင်းတို့က အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်ရဲ့ အသိုက်တည်နေရာကို သိကြလား…။ အဲ့သတင်းနဲ့ ကျုုပ်က ဒီအမယ်အားလုံးကို လဲလှယ်ချင်ပါတယ်…”
“အဆင့်ရှစ်နတ်ဆိုးသားရဲ ဟုတ်လား…” လူတိုင်းသည် ကြီးစွာ တုန်လှုပ်အံ့အားသင့်သွားကြသည်။
“ရောင်းရင်းက နောက်နေတာများလား။ ခင်ဗျားက အဆင့်ရှစ်နတ်ဆိုးသားရဲ တစ်ကောင်နဲ့ တိုက်ခိုက်ဖို့ စိတ်ကူးထားတာများလား….”
ဟန်လိသည် စားပွဲကို လက်ဖြင့် ခေါက်နေလျက် အလျင်မလိုဘဲ ပြောလာသည်။
“မဟုတ်ပါဘူး။ ကျုပ်က အခြားအရာတစ်ခုခုအတွက် ဒီသတင်းကို လိုချင်တာ။ ဒါပေမဲ့ အသေးစိတ် ပြောပြဖို့အတွက်တော့ ကျုပ် စိတ်မဝင်စားဘူး…”
တစ်ချိန်တည်းမှာ သူသည် အခြားကျင့်ကြံသူအားလုံးကို အားနည်းဟန် မရှိလေဘဲ ဝေ့ကြည့်သည်။ သူတို့သည် တုန်လှုပ်နေဟန်၊ အံ့အားသင့်နေဟန်သာ ဖြစ်ပေါ်နေ၏။ ထိုသည်က ဟန်လိကို များစွာ စိတ်ပျက်သွားစေသည်။ နောက်ဆုံးတွင်မူ ဟန်လိ၏ အကြည့်သည် အသားမည်းမည်းနှင့် ကျင့်ကြံသူစွန်းဆိုသူထံ ကျရောက်သွားသည်။
ကျင့်ကြံသူစွန်းသည် ဟန်လိက သူ့ကို ကြည့်နေတာ မြင်သည့်အခါ သူက မင်သက်သွား၏။ သို့သော် ခဏအကြာတွင် သူက သဘောပေါက်သွားသည်။ သူက ပြုံး၍ မေးသည်။
“ရောင်းရင်းက ကျုပ်မှာ အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်ရဲ့ သတင်းအချက်အလက် ရှိလောက်မယ်လို့ ထင်နေတာလား။ ကံဆိုးစွာနဲ့ ရောင်းရင်းအထင် မှားသွားပါပြီ…”
သူက ခေါင်းခါသည်။ ဟန်လိသည် သူ၏ စိတ်ပျက်လက်ပျက်ဖြစ်သွားတာကို ဖုံးကွယ်မထားပေ။ သူက သက်ပြင်းလေးလေးလံလံ ချမိသည်။
သို့သော် ထိုစဉ် ဟန်လိသည် ချိုသာသောအသံတစ်သံကို ကြားရလေ၏။
“ကျမ အဆင့်ရှစ်နတ်ဆိုးသားရဲ တစ်ကောင်ရဲ့ တည်နေရာကို သိပါတယ်။ ဒါပေမဲ့ ကျမက ဒီအမယ်တွေကို မလိုချင်ပါဘူး။ ကျမမှာ ရောင်းရင်းလီကို တောင်းဆိုစရာ အခြားအခြေအနေတစ်ခု ရှိပါတယ်…”
ထိုစကားကြောင့် ဟန်လိသည် ကြီးစွာ မင်သက်သွားသည်။ ဟန်လိက မေးလိုက်မိ၏။
“မင်းမှာ အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်ရဲ့ သတင်းအချက်အလက် ရှိထားတယ် ဟုတ်လား…”
ထို ပြောလာသော အမျိုးသမီးမှာ သူ့ကို မှီ၍ ထိုင်နေသာ ဝမ်စစ်ယွဲ့ပင်။
ဝမ်စစ်ယွဲ့က ဟန်လိကို တည်ငြိမ်စွာ ကြည့်၍ ပြောလာသည်။
“အမှန်ပါပဲ။ ကျမက အဆင့်ရှစ်နတ်ဆိုးသားရဲ တစ်ကောင်ရဲ့ အသိုက်တည်နေရာကို ခန့်မှန်းခြေလောက် သိထားပါတယ်…”
အမျိုးသမီးဖန်လည်း အံ့အားသင့်နေမိသည်။ သို့သော် ခဏအကြာတွင် သူက အေးစက်စက်ဟန်ပန်ဖြင့် ဝမ်စစ်ယွဲ့ကို လှမ်းဆူဟောက်သည်။
“စစ်ယွဲ့….နင် အဓိပ္ပာယ် မရှိတာတွေ ဝင်မပြောနဲ့။ နင့်မှာ ဘယ်လိုလုပ် အဆင့်ရှစ်သားရဲတစ်ကောင်ရဲ့ သတင်းအချက်အလက် ရှိနေရမှာလဲ။ နင် မစဉ်းစားဘဲ မပြောနဲ့…”
ဟန်လိသည် သံသယ ရှိနေစဉ် ထိုအမျိုးသမီးဝမ်က သူ့အနား ပိုတိုးကပ်လာသည်ဟု ခံစားမိရသည်။ သူမက အခိုင်အမာ ပြောလာသည်။
“သိုင်းဒေါ်လေးဖန်…။ စစ်ယွဲက အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်ရဲ့ တည်နေရာကို တကယ်ပဲ သိရှိထားပါတယ်။ ကျမက စီနီယာလီကို လှည့်ဖြားဖို့ စိတ်ကူး မရှိပါဘူး။ ကျေးဇူးပြုပြီး…စိတ်ချပေးပါ…”