← Chapters

ရန်စမိမှာ ကြောက်ခြင်း

Vol. 39 Ch. 539

ရန်စမိမှာ ကြောက်ခြင်း

Vol. 39 Ch. 539

ဟန်လိသည် မထူးခြားနားဟန်ဖြင့် လက်ဝေ့ရမ်းပြီး သူ့ဓားငယ်ဆယ့်နှစ်လက်ကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းစေသည်။ သည့်နောက်မှာ သူက သူ့အင်္ကျီလက်အိုးထဲသို့ ၎င်းကို ပျောက်ကွယ်သွားစေသည်။ ဟန်လိက သူ့လက်ကို ပြန်ချပြီး မထူးခြားနားဟန်ဖြင့် ပြောလာသည်။

“ကဲ...အခု စကားပြောကြရအောင်...”

အစောပိုင်းတုန်းက ထိပ်တိုက်တွေ့ပြီးနောက်မှာ ယွမ်ထျန်ရှောင်သည် တိုက်ခိုက်ချင်စိတ် ကင်းမဲ့သွားခဲ့လေပြီ။ ခဏကြာပြီးနောက်မှာ ယွမ်ထျန်ရှောင်သည် သွေးများ ပေကျံနေသည့်ကြားမှ ပြန်ထလာ၏။ သူသည် ဟန်လိကို အလန့်တကြားဖြင့် ကြည့်နေသည်။

ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ယွမ်ထျန်ရှောင်သည် ပြောလာ၏။

ကျုပ်က ခင်‌ဗျားကို မတားနိုင်မှတော့ ဝမ်စစ်ယွဲ့ကို စိတ်သဘောကျ ခေါ်သွားနိုင်ပါပြီ။ ဒါပေမဲ့ အရင်ဆုံး ကျုပ်အနေနဲ့ မကျေလည်စေတဲ့ ကိစ္စတစ်ခုကိုတော့ ပြောပြချင်သေးတယ်။ သူမကို စီနီယာတစ်ယောက်က သဘောကျနေပြီး ကျင့်ကြံခြင်းမိတ်ဖက်အဖြစ် သတ်မှတ်ဖို့ ပြင်ဆင်ထားတယ်။ ခင်ဗျားကသာ သူမကို ခေါ်သွားမယ်ဆို ကပ်ဘေးတစ်ခု ခင်ဗျားအပေါ် ကျရောက်လာမှာကို မစိုးရိမ်ဘူးလား..”

သည့်နောက်မှာ သူက အဆောင်များကို ထုတ်ပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ တင်သည်။ အစိမ်းရောင်လင်းလက်သွားပြိး သူ၏ဒဏ်ရာများသည် မြင်နိုင်သည့်နှုန်းဖြင့် ပြန်ကောင်းမွန်လာသည်။

“ကျင့်ကြံခြင်းမိတ်ဖက်လား...” ဟန်လိသည် ဝမ်စစ်ယွဲ့က မည်သည့်အတွက်ကြောင့် သည်ကနေ ထွက်ခွာချင်တာကို သဘောပေါက်သွားတော့သ်ည။ သို့သော် သူ့အမူအရာက ပို၍ အေးစက်လာ၏။ သူသည် ယွမ်ထျန်ရှောင်၏ စကားများထဲ၌ ခြိမ်းချောက်မှု ပါနေတာကို ခံစားမိသောကြောင့်ပင်။ ဟန်လိက အမူအရာပြောင်းလဲသွားခြင်း မရှိဘဲ ပြောလိုက်သည်။

“သူမကို တစ်ယောက်ယောက်က သဘောကျနေတာလား။ ပြဿနာ မရှိဘူး။ ကျုပ် သူမကို ခေါ်သွားမယ်။ ရောင်းရင်းက သူ့ရဲ့ ခြိမ်းချောက်မှုကို တတ်နိုင်သလောက် ဖာထေးထားရင်တော့ အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ ကျုပ် အလှည့်ရောက်လာခဲ့ရင် ပိုဆိုးတဲ့ သွေးထွက်သံယိုတွေ ဖြစ်လာလိမ့်မယ်...”

ထို့နောက်တွင် ဟန်လိသည် အခန်းထဲသို့ ဝေ့ကြည့်သည်။ သည်နေရာတွင် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူအများအပြား ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် သူသည် ပြဿနာနည်းသွားအောင် သူတို့ထဲမှ အများစုကို သတ်ပစ်မှာသာ ဖြစ်သည်။ သို့သော် အခုတွင်မူ သူ့၌ သူတို့အားလုံးကို သတ်ရန် ယုံကြည်ချက် မရှိနေပေ။ သို့ဖြစ်၍ သူသည် စကားဖြင့်သာ ခြိမ်းချောက် ဖိအားပေးခဲ့သည်။

သူ၏ အစောပိုင်းတုန်းက တိုက်ခိုက်မှုကသာ အခြားသူများကို ထိတ်လန့်သွားစေခဲ့ပြီး ဖြစ်၍ သူ၏ ခုလက်ရှိ လေသံအရ ဟန်လိကို စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ဟု အခြားသူများက ပို၍ သံသယဝင်လာကြသည်။ သည်မှာ ရှိနေသော ကျင့်ကြံသူများသည် စိတ်ပူပန်တကြီး ဖြစ်သွားပြီး အလျင်အမြန်ပင် ခေါင်းများ ငုံ့သွား၏။ မည်သူကမျှ ဟန်လိနှင့် အကြည့်ချင်း မဆုံဝံ့ကြပေ။

ယွမ်ထျန်ရှောင်လည်း ထိုသို့ ဖြစ်နိုင်ခြေကို တွေးမိသည်ပင်။ ထိုသူမှာ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်၌သာ ရှိနေဟန် ရသော်ငြား တစ်ချက်တည်းဖြင့် သူ့အသက်ကို နှုတ်ယူလုနီးနီး ဖြစ်ခဲ့သည် မဟုတ်လား။ ထို့အပြင် သူက အဆင့်ရှစ်သားရဲတစ်ကောင်၏ အသိုက်ကိုလည်း ရှာချင်နေသေးသည်။

ဝမ်စစ်ယွဲ့ကမူ ဟန်လိ၏ ရင်ခွင်ထဲ၌ ရှိနေဆဲပင်။ သူမက ရုတ်တရက် သူမ၏လှပသောမျက်လုံးများကို ပြူကျယ်ကာ သူမ၏ခန္ဓာကိုယ်ကို မတ်သည်။

သူမသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းမိတ်ဖက်ဖြစ်ရခြင်းထက် သေတာကမှ ပိုကောင်းဦးမည်ဟု တွေးထားခဲ့သည်။ သို့ဖြစ်၍ သူမက သူမ၏ အသက်ကို ရင်းကာ အစောပိုင်းတုန်းက စွန့်စားပြီး အတိုက်အခံ လုပ်ခဲ့တာပင်။ သို့သော် ကျင့်ကြံသူလီဆိုသူမှာ ကြောက်မက်ဖွယ်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိခဲ့ပေ။ သူသည် သည်မှာ ရှိနေသော ကျင့်ကြံသူအားလုံးကို တစ်ကိုယ်တည်း ဖိနှိပ်ထားနိုင်ပုံ ရ၏။ သူက တစ်ချက်တည်းဖြင့် ယွမ်ထျန်ရှောင်ကို ဒဏ်ရာပြင်းထန်စွာ ရသွားစေခဲ့သလို အမျိုးသမီးဖန်ကိုလည်း အကြောက်တရားနှင့် ပြည့်နှက်သွားစေခဲ့သည်။ ဤသည်မှာ ကျေနပ်ဖွယ်ပျော်ရွှင်ဖွယ် ကောင်းလှသည့် အံ့အားသင့်စရာတစ်ခုပင်။

ဟန်လိက အခြားသူများကို တစ်ချက်ကြည့်ပြီး အေးတိအေးစက် ပြုံးသည်။ ထို့နောက်တွင် သူက လက်မြှောက်ပြီး အသားမည်းမည်းကျင့်ကြံသူ၏ ကြေးပြားကို သူ့လက်ထဲသို့ ဆင့်ခေါ်ယူသည်။ သူက ၎င်းကို အားနာဟန်တစ်စက်မျှ မရှိလေဘဲ စတင်စူးစမ်းကြည့်သည်။

ထိုအသားမည်းမည်းကျင့်ကြံသူ၏ အမူအရာက မသိမသာ ပြောင်းလဲသွား၏။ သို့သော် သူ့နှုတ်က တစ်ဆက်ဆက် တုန်ခါသွားသော်လည်း သူက ဆိတ်ဆိတ်သာ ဆက်နေ၏။ သူသည် မကျေမချမ်းဖြစ်သည့် စကားတစ်ခွန်းမျှ ထုတ်မပြောဝံ့ပေ။ ဟန်လိသည် ယွမ်ထျန်ရှောင်ကို တစ်ချက်တည်းနှင့် သတ်နိုင်လုနီးနီး စွမ်းဆောင်နိုင်ခဲ့ရာ သူ့၌လည်း အနိုင်ရနိုင်ရန် အခွင့်အရေး လုံးဝ မရှိမှန်း သိထားသည်။ ဟန်လိက ကြေးပြားကို ပြန်ချပြီး မထူးခြားနားဟန်ဖြင့် ပိုင်ရှင်ဖြစ်သူထံ ပြောလိုက်သည်။

“ကျုပ် ဒါကို လိုချင်တယ်။ ဒီအတွက် စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက် ကျမလဲ...”

အသားမည်းမည်းနှင့် ကျင့်ကြံသူသည် အနည်းငယ် အံ့အားသင့်သွားပြီး အလိုအလျောက် တုန့်ပြန်မိသွားသည်။

“ခုနစ်ထောင်...အို...မဟုတ်ပါဘူး။ စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်ကျပါတယ်...”

ထို့နောက်မှာတော့ ဟန်လိသည် အဆင့်ငါးသားရဲအမြုတေတစ်ခုကို ထုတ်ယူပြီး ထိုသူ့ရှေ့သို့ ပစ်ပေးလိုက်သည်။

“ခင်ဗျားရဲ့ ကြေးသတ္တုပြားအတါက် ကျုပ် ဒီသားရဲအမြုတေ အသုံးပြုပြီး လဲလှယ်ချင်တယ်...”

ထို့နောက်တွင် ဟန်လိသည် တစ်ဖက်သို့ လှည့်ပြီး ပြောလိုက်သည်။

“ဒါ့အပြင် ကျုပ်က ဒီအမျိုးသမီးကို ဓားပြတိုက် ယူသွားတယ်လို့တော့ မပြောကြနဲ့။ ဒီစားပွဲပေါ်မှာ ရှိတဲ့ အမယ်ပစ္စည်းတွေဟာ သူမအတွက် ပေးချေမှုပဲ...”

ဟန်လိသည် ဝမ်စစ်ယွဲ့၏ ပုခုံးကို ပုတ်ပြီး သူမကို သွားခိုင်းသည်။ သည့်နောက်မှာ သူလည်း ထရပ်လာပြီး ထွက်ပေါက်ထံသို့ ဖြေးဖြေးမှန်မှန် လျှောက်လာ၏။

နောက်ဆုံးတွင်မူ ဝမ်စစ်ယွဲ့သည် ခဏအကြာ၌ မိန်းမောမိနေရာကနေ အသိပြန်ဝင်လာပြီး ဟန်လိ၏နောက်သို့ ကသောကမြောဟန်ပန်ဖြင့် အပြေးလိုက်လာတော့သည်။ အမျိုးသမီးဖန်၏ အမူအရာက တင်းမာသွား၏။ ရုတ်တရက် သူမက လှမ်းအော်သည်။

“စီနီယာလီ...ကျေးဇူးပြုပြီး ခဏလေး နေပါအုံး...”

ဟန်လိသည် သူ့ခြေလှမ်းကို ရပ်ပြီး နောက်သို့ လှည့်ကြည့်သည်။ သူ့မျက်နှာထက်တွင် တမျိုးဖြစ်ဟန် ပေါ်နေသည်။ ထိုအမျိုးသမီးသည် သူ့ကို အမှန်တကယ် လှမ်းခေါ်ဝံ့သည့်အပေါ် ဟန်လိသည် အတော်လေး စိတ်ဝင်စားမိသွား၏။ ဝမ်စစ်ယွဲ့ကမူ စိတ်ပူပန်သွားပြီး ဟန်လိနားသို့ အလိုလို တိုးကပ်လာ၏။

ဟန်လိက မျက်မှောင်ကြုတ်၍ မထူးခြားနားဟန်ဖြင့် မေးလိုက်သည်။

“ဘာကိစ္စ ရှိလို့လဲ...”

“စီနီယာက အတွင်းကြယ်ပင်လယ်ပြင်ဆီများ ပြန်ချင်မလားလို့ပါ။ ကျမတို့ ပြင်းပြတေးသံဂိုဏ်းဟာ မဝေးတော့တဲ့ အနာဂတ်မှာ လူတိုင်းကို အတွင်းကြယ်ပင်လယ်ပြင်တွေဆီ ပြန်နိုင်စေဖို့အတွက် နည်းလမ်းတစ်ခု ရှိလာတော့မှာ ဖြစ်ပါတယ်...”

အမျိုးသမီးဖန်သည် ချိုသာစွာ ပြုံး၍ ထိုသို့ ဆို၏။ သူမ၏လေသံတွင် လေးစားသည့်ဟန် သိသိသာသာ ပါဝင်လျက် ရှိသည်။ သူမသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ပြောနေသည့်အလား။ သူမက နည်းနည်းလေးမျှ မပေါ့ဆဝံ့ပေ။

ဟန်လိက မျက်မှောင်ကြုတ်ပြီး မေးသည်။

“နင်က ဘာကို ဆိုလိုချင်တာလဲ...”

ဟန်လိက စိတ်ရှည်လက်ရှည် ရှိနေသေးတာ မြင်ရသည့်အခါ သူမက လှည့်ပတ်ပြောမနေဝံ့တော့ဘဲ ခပ်မြန်မြန် ပြောလာ၏။

“ကျမတို့ ပြင်းပြတေးသံဂိုဏ်းဟာ ခုလက်ရှိမှာ အတွင်းကြယ်ပင်လယ်များဆီ ပြန်နိုင်ဖို့အတွက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်ဖို့ ပြင်ဆင်နေတာပါ။ ကျမတို့မှာက ခုလက်ရှိ အခရာကျတဲ့ ကုန်ကြမ်းအမယ်အချို့ လိုအပ်နေပါသေးတယ်။ အဲ့ဒါတွေ မရှိရင် အစီအရင်ကို အပြည့်အဝ မတည်ဆောက်နိုင်တဲ့အတွက် လူတိုင်းရဲ့ အကူအညီကို ရနိုင်ဖို့ မျှော်လင့်ပြီး ဒီအရောင်းအဝယ်စုဝေးပွဲကို လက်ခံကျင်းပ ဖြစ်ခဲ့တာပါ။ စီနီယာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် တည်‌ဆောက်ရမှာမှာ ပါဝင်ကူညီပေးမယ်ဆိုရင် ကျမတို့ ပြင်းပြတေးသံဂိုဏ်းက အတွင်းကြယ်ပင်လယ်ပြင်များဆီ ပြန်ဖို့ ရှင့်အတွက် အခမဲ့ ဆောင်ရွက်ပေးပါ့မယ်...”

အမျိုးသမီးဖန်၏ စကားများသည် အခြားအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများကိုပါ ဂနာမငြိမ် ဖြစ်သွားစေသည်။ အများစုသည် အံ့အားသင့်ဝမ်းသာဟန်များ ဖြစ်ပေါ်ကုန်ကြ၏။ ပြင်ပကြယ်ပင်လယ်များသည် သားရဲများ လွှမ်းမိုးသော နေရာ ဖြစ်လာခဲ့ပြီး မဟုတ်လား။ သူတို့သည် သည်မှာ ကြာကြာဆက်၍ နေနိုင်ကြတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ သူတို့က ပြန်နိုင်ဖို့ကို တွေးကြမှာ သဘာဝပင်။ သို့သော် မည်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မျှ ရှိမနေခဲ့ပေ။ သူတို့၏ အမြန်နှုန်းသက်သက်ဖြင့် ခရီးနှင်လျှင်လည်း နှစ်ပေါင်းခြောက်ရာကျော်လောက် အချိန်ကုန်ပေလိမ့်မည်။ လမ်း၌ ကြုံရမည့် အန္တရာယ်များကိုတော့ ထည့်ပြောနေရန်ပင် မလိုပေ။ ထွက်သွားနိုင်သည့် စွမ်းရည် မရှိသဖြင့် သူတို့သည် သည်ပြင်ပကြယ်ပင်လယ်များတွင်သာ နေရရုံ ဖြစ်နေ၏။

အဖြူရောင်ဝတ်စုံနှင့် အဘွားအို၏ အမူအရာက တင်းတင်းမာမာ ဖြစ်သွားပြီး သူမက အေးတိအေးစက် မေးသည်။

“တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ရှိပြီဆိုရင်တောင် ငါတို့မှာ ရွှေ့ပြောင်းခြင်းအဆောင်တွေ လိုအုံးမှာမလား…။ ပြင်းပြတွေးသံဂိုဏ်းက ဒီအ‌ဆောင်တွေကိုပါ သန့်စင်နိုင်တယ်လို့တော့ မပြောလေနဲ့…”

“စီနီယာ…ကျေးဇူးပြုပြီး စိတ်မပူပါနဲ့။ ကျမတို့ ပြင်းပြတေးသံဂိုဏ်းက ဒီအဆောင်တွေကို မသန့်စင်နိုင်ပါဘူး။ ဒါပေမဲ့လို့ ကျမတို့က သားရဲစီးကြောင်း မတိုင်ခင်တုန်းက ဒီအဆောင်တွေထဲက အချို့အဝက်ကို ရရှိထားခဲ့ပါတယ်။ ခုလက်ရှိမှာတော့ ကျမတို့မှာ လူတိုင်းကို ပြန်ပို့ပေးနိုင်တာထက် ပိုပြီး ရှိထားပါတယ်။ အစီအရင်အတွက် အရေးကြီးဆုံး လိုအပ်နေတဲ့ ကုန်ကြမ်းကတော့ အရိပ်ကျောက်တုံးပဲ။ ဒါက တကယ့်ကို ရှားလွန်းတယ်။ ပြီးခဲ့တဲ့နှစ်အချို့တုန်းက ကျမတို့ ဒီကျောက်တုံးကို ရှာဖွေခဲ့တုန်းက အဆင့်မြင့်သားရဲတွေ ကျက်စားတဲ့နားမှာ တွေ့ခဲ့ပါတယ်။ အဲ့သားရဲ အများစုဟာ အဆင့်ငါးနဲ့ အဆင့်ခြောက် ဖြစ်နေပေမဲ့ အရေအတွက်အားဖြင့် များပြားလွန်းတယ်။ ကျင့်ကြံသူ နည်းနည်းပါးပါးနဲ့ အဲ့နေရာကို သွားပြီး ကျောက်တုံးတွေကို ယူလို့ မရနိုင်ဘူး။ ဒါ့အပြင် အဲ့သားရဲတွေထဲက တစ်ကောင်ကောင် လွတ်သွားတာနဲ့ ပိုအဆင့်မြင့်တဲ့ သားရဲတွေဆီ သတင်းရောက်သွားပြီး ဘေးကပ်ဘေးတစ်ခု ဖြစ်သွားနိုင်သေးတယ်။ ဒါ့ကြောင့် ကျမတို့ဂိုဏ်းဟာ လူတိုင်းရဲ့ အင်အားကို လိုအပ်နေတာပါ…”

အမျိုးသမီးဖန်သည် ဖြောင့်မတ်သည့်ဟန်ပန်ဖြင့် ထိုသို့ ပြောလာသည်။

သူမ၏ စကားများကို ကြားရပြီးနောက်မှာ အခြားသူများသည် အလေးအနက်ဟန်ပန်များ ဖြစ်သွားကြသည်။ ထိုသားရဲအုပ်စုကို ရှင်းထုတ်နိုင်ဖို့ ကိစ္စမှာ လွယ်လွယ်သဘောတူ၍ ရသည့် အရာမျိုး ဟုတ်မနေပေ။ သူတို့သည် ဤအကြောင်းကို သေချာ စဉ်းစားမှ ဖြစ်ပေမည်။

အသားမည်းမည်းနှင့် ကျင့်ကြံသူသည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်ကာ စဉ်းစားပြီးမှ ဖြည်းဖြည်းချင်း မေးလိုက်သည်။

“အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေအစား စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ခင်ဗျားတို့က ဘာကြောင့်များ အကူအညီ မတောင်းရတာလဲ။ အဲ့လိုဆို အောင်မြင်နိုင်ခြေဟာ ပိုမြင့်မားသွားမှာပဲ…”

“ကျမက မကြိုးစားကြည့်ခဲ့ဘူးလို့ ရောင်းရင်းကျင့်ကြံသူက ထင်နေတာလား။ ဒါပေမဲ့လို့ သားရဲစီးကြောင်း ပြီးတဲ့နောက်မှာ လေးစားရတဲ့ အဲ့စီနီယာအများစုဟာ လုံးဝ ပျောက်သွားခဲ့ကြတယ်။ ကျမဟာ စီနီယာ ကြိုးကြာမြန်တစ်ယောက်နဲ့ပဲ အဆက်အသွယ် လုပ်နိုင်ခဲ့တယ်။ သူဟာ ကျမတို့နဲ့ ပူးပေါင်းပေးမယ်ဆို အဆင့်ခုနစ်သားရဲတွေကိုပါ ရင်ဆိုင်နိုင်လိမ့်မယ်။ သူဟာ စစ်ယွဲ့ကို သူ့ရဲ့ ကျင့်ကြံခြင်းမိတ်ဖက်အဖြစ် သဘောကျနေတဲ့သူလည်း ဟုတ်ပါတယ်…”

အမျိုးသမီးဖန်သည် ခါးသီးစွာ ပြုံး၍ ဟန်လိထံသို့ တစ်ချက်လှမ်းကြည့်သည်။ အခြားသူများသည် ထိုစကားကို ကြားသည့်အခါ သူတို့လည်း တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်၏။

ဟန်လိက ထိုစကားကို ကြားသည့်အခါ သူက မေးစေ့ကို ပွတ်ပြီး စဉ်းစားခန်းဝင်နေသည်။ ထို့နောက်တွင် သူက ပြောလိုက်၏။

“ကျုပ်က ဒီကိစ္စကို စိတ်မဝင်စားဘူး။ ခင်ဗျားတို့ဘာသာပဲ လုပ်ကြပါ…”

ထိုသို့ ပြောပြီး သူသည် သူတို့ကို လစ်လျူရှုကာ ထွက်လာတော့သည်။ ဝမ်စစ်ယွဲ့က နောက်မှ ကျန်မနေရဲပေ။ သူမက ဟန်လိနောက်သို့ အလျင်အမြန် လိုက်ပါလာသည်။ မည်သူကမျှ ဟန်လိကို မတားဝံကြချေ။ သူတို့သည် သူ ထွက်သွားချိန်၌ နောက်ကနေသာ ကြည့်နေကြသည်။

အမျိုးသမီးဖန်က သူမ၏ စိတ်ပျက်မှုကို မဖုံးကွယ်ထားပေ။ ယွမ်ထျန်ရှောင်ကမူ နောက်ဆုံး၌ စကားထပ်ပြောလာ၏။

“ရောင်းရင်းလီက ကျုပ်တို့ကို မကူညီပေးချင်မှတော့ ကျုပ်တို့က အခြား ဘယ်သူ့ကိုမျှလဲ အတင်းအကြပ် မပြောတော့ပါဘူး။ ကျုပ်တို့အနေနဲ့ တစ္ဆေကျောက်တုံး အနီးဝန်းကျင်က နတ်ဆိုးသားရဲတွေအကြောင်း တချို့တလေ မိတ်ဆက်ပေးပါ့မယ်။ ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပြီးတဲ့နောက် ခင်ဗျားတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချကြပါ။ ဒါကတော့…”

ယွမ်ထျန်ရှောင်သည် စတင်ပြောဆို၏။

“စီနီယာ…ရှင်က အတွင်းကြယ်ပင်လယ်ပြင်တွေဆီ တကယ်ပဲ မပြန်ချင်ဘူးလား…” ဝမ်စစ်ယွဲ့က ဟန်လိ၏နောက်ဘက်ကနေ ခပ်တိုးတိုး ဆိုသည်။ ခေါင်းလှည့်မကြည့်ဘဲ ဟန်လိက ပြန်ဖြေသည်။

“ဘာလို့လဲ။ မင်းကကော ပြန်ချင်လို့လား…”

“ကျမလည်း မပြန်ချင်ပါဘူး…ဒါက…” ဝမ်စစ်ယွဲ့၏ အသံသည် တိမ်သွားလေ၏။

ထိုစဉ် ဟန်လိသည် သူမကို ခေါ်ကာ ကျောက်နံရံကို ကျော်လာခဲ့လေပြီ။ သူ၏ ရည်ရွယ်ချက် ပြီးမြောက်ပြီ ဖြစ်၍ သူက သည်မှာ ဆက်နေရန် စိတ်မဝင်စားတော့ပေ။ ဟန်လိသည် ဝမ်စစ်ယွဲ့ကို သည်လျှို့ဝှက်မြို့မှ ခေါ်ထုတ်လာခဲ့သဖြင့် တံခါးစောင့်အဘိုးအိုကို များစွာ အံ့အားသင့်တုန်လှုပ်စေခဲ့ပေသည်။ ယင်းနောက်တွင်မူ သူသည် ထိုအမျိုးသမီးကို အလင်းဖြင့် ထွေးခြုံစေလျက် ကောင်းကင်ထက်သို့ ပျံသန်းခေါ်ဆောင်လာတော့သည်။

သူတို့သည် ပျံသန်းနေရင်း ဝမ်စစ်ယွဲ့က တိတ်ဆိတ်နေ၏။ သူမက သူတို့ ဦးတည်သည့်နေရာနှင့် ပတ်သက်ပြီး ဟန်လိကို မမေးပေ။ သူမက ဟန်လိအပေါ်တွင်သာ အရာအားလုံးကို အပ်နှံ့ထားသည့်အလား။

ဟန်လိကလည်း သူမကို ရှည်ရှည်ဝေးဝေး ရှင်းမပြနေပေ။ သူက တိတ်တဆိတ် ဆက်၍ ပျံသန်းလာနေသည်။

နှစ်ရက်ကြာပြီးနောက်မှာတော့ ဟန်လိသည် စိတ်ဝိညာဉ်ချီ ပါးလှပ်သော လူသူကင်းမဲ့သည့် ကျွန်းတစ်ခုကို ရှာတွေ့ပြီး ၎င်းအပေါ်သို့ ဆင်းသက်လေ၏။

All Chapters