ကျောက်စိမ်းမီးအရက်
Vol. 39 Ch. 543
“တာအိုရောင်းရင်း…ကျေးဇူးပြုပြီး ထိုင်ပါ…” နတ်ဆိုးသားရဲကျင့်ကြံသူက ခုံတစ်လုံး လှမ်းယူပြီး ဟန်လိကို ထိုင်ခိုင်းသည်။
ဟန်လိည်း သူ၏မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်ပြီး နှုတ်ဆိတ်လျက်သာ ရှိနေသည်။ သားရဲကျင့်ကြံသူက မျက်လုံး မှေးစင်းလျက် ပျော့ပျော့ပြောင်းပြောင်း ပြောလာသည်။
“ကျုပ်ကိုယ်ကျုပ်လည်း ရှက်မိပါတယ်။ ကျုပ်က ခုထိ ရောင်းရင်းရဲ့ အမည်ကို မမေးရသေးဘူးပဲ။ ကျုပ်နာမည်ကတော့ ဖန်ရှီပါ…”
ဟန်လိက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ကျုပ်နာမည်ကတော့ လီပါ…”
“ဟားဟား…ဒီတော့ ခင်ဗျားက ရောင်းရင်းလီပေါ့။ ခင်ဗျားအနေနဲ့ အတော်လေးတော့ စိတ်ရှုပ်ထွေးနေမှာပဲ။ အမှန်တော့ ကျုပ်ရှေ့မှာ အခြားကျင့်ကြံသူတွေသာ ပေါ်လာခဲ့ရင် ကျုပ်က ဒီဒေသခံပင်လယ်ပြင်ရဲ့ မျိုးနွယ်စုမဟုတ်ပေမဲ့လည်း သူတို့ကို သတ်ပစ်မှာ ကျိန်းသေတယ်။ အမှန်တကယ်တော့ လူသားတွေနဲ့ သားရဲတွေကြား အတူတကွ ငြိမ်းချမ်းမှုဟာ မဖြစ်နိုင်ဖို့ သေချာတယ်လေ…”
ဟန်လိ၏စိတ်ထဲ၌ တုန်ရင်သွားမိသည်။ သူက အားတင်းပြုံးပြီး မေးလိုက်သည်။
“အဲ့လိုဆိုမှတော့ စီနီယာဖန်က ဂျူနီယာနဲ့ ပတ်သက်ပြီး မတူကွဲပြားမှုတစ်ခုခုကိုများ မြင်ခဲ့လို့လား…”
ဖန်ရှီ၏ မျက်လုံးထဲ၌ အစိမ်းရောင် တဖြတ်ဖြတ် တောက်ပသွားသည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းဟာ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်ပဲ ရှိသေးတာတောင်မှ မင်းရဲ့ ချီထိန်းချုပ်ခြင်းပညာရပ်အပေါ် မှီခိုပြီး ဒီပင်လယ်ပြင် အနက်ပိုင်းထဲထိ ဝင်လာရဲသေးတယ်မလား…”
“ချီထိန်းချုပ်ခြင်းပညာရပ်…” ဟန်လိသည် ခဏ စွံ့အမိသွားပြီး ရုတ်တရက် သူသည် အမည်မဲ့စာအုပ်ထဲရှိ အမည်မဲ့မန္တာန်အကြောင်းကို ပြန်စဉ်းစားမိသွားသည်။
ဖန်ရှီသည် တမျိုးဖြစ်ဟန် အမူအရာ ဖြစ်ပေါ်သွားပြီး ပြောလာသည်။
“အမှန်ပဲ။ ကျုပ်က မင်းရဲ့ ချီထိန်းချုပ်ခြင်းပညာရပ်ကို သိတယ်။ ဒါကို ကျုပ်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဆီမှာ မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့လို့ ထူးခြားတာက ဒီပညာရပ်ဟာ လျှို့ဝှက်ပြီးတော့ပဲ လက်ဆင့်ကမ်းပေးကြတာ။ မင်းလိုမျိုး လူသားကျင့်ကြံသူတစ်ယောက်က ဒါကို ဘယ်လိုလုပ်ပြီး အသုံးပြုနိုင်စွမ်း ရှိနေရတာလဲ…”
ဟန်လိသည် အမည်မဲ့စာအုပ်အကြောင်းကို အလွယ်တကူ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။ သူက အချိန်ခဏကြာသည့်အထိ နှုတ်ဆိတ်နေလျက် မည်သို့ တုန့်ပြန်ရမလဲ မသိဘဲ ရှိနေသည်။ ဖန်ရှီသည် ဟန်လိ၏ အသွင်ပုံစံကို မြင်သည့်အခါ သူက ထိုင်ခုံပေါ်မှီပြီး ပြုံးနေသည်။ ထို့နောက်မှာ သူက သာမန်ကာလျှံကာ ပြောလိုက်၏။
“ရောင်းရင်းအနေနဲ့ စိုးရိမ်နေဖို့ မလိုပါဘူး။ ကျုပ်ရဲ့ မိတ်ဆွေဟောင်းက သေသွားခဲ့တာ ကြာပါပြီ။ ပြီးတော့ ကျုပ်ကလည်း ရှင်းပြချက် တောင်းနေတာ မဟုတ်ဘူး။ လူသားတစ်ယောက်က နတ်ဆိုးသားရဲမျိုးနွယ်စုလျှို့ဝှက်ပညာရပ်တစ်ခုကို ဘယ်လိုများ အသုံးပြုနိုင်လဲအပေါ် ကျုပ်က သိချင်စိတ် ဖြစ်မိရုံလောက်ပဲ။ ကျုပ် ခင်ဗျားကို မတိုက်ခိုက်ခဲ့တဲ့ အဓိကအကြောင်းရင်းဟာ ခင်ဗျားဟာ စစ်မှန်တဲ့ သစ်သားဓာတ်ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံထားတာကြောင့်ပဲ။ မဟုတ်ရင် ခင်ဗျား သေနေလောက်ပြီ…”
ဟန်လိသည် အံ့အားတသင့် ဖြစ်သွားသည်။ ထိုသူက သူ့ကို မတိုက်ခိုက်ရသည့် အကြောင်းရင်းကို ပြောလာတာ ကြားသည့်အခါ၌ သူ့အနေဖြင့် အမှန်တကယ် တုန်လှုပ်ရသည်ပင်။ ဖန်ရှီက ဟန်လိ၏ တုန်လှုပ်အံ့အားသင့်သွားသော အမူဟန်ပန်ကို မြင်သည့်အခါ ဘာမျှ မပြောတော့ပေ။ ထိုအစား သူ့လက်ကိုသာ ဝေ့ရမ်းပြီး အဖြူရောင်အလင်း တောက်ပစေခြင်းနှင့်အတူ ရိုးရှင်းလှသော ရွှေရောင်ကရားတစ်ခုကို ဆင့်ခေါ်၏။
ထို့နောက်တွင် သူက ကျောက်စိမ်းအရက်ခွက်တစ်ခုကို ထုတ်ယူပြီး အစိမ်းရင့်ရောင်အရည်ကို ၎င်းအထဲသို့ သွန်းလောင်းချသည်။ မျက်စိတစ်မှိတ်အတွင်း အရက်နံ့သည် ခန်းမအတွင်း လှိုင်ထသွား၏။
လူသားအသွင်ပြောင်းထားသော ထိုသားရဲကျင့်ကြံသူ ဖန်ရှီက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ၏မျက်နှာထက်၌လည်း စွဲလမ်းတပ်မက်မှုမျိုး ဖြစ်ပေါ်၏။ သူက သူ့လက်ချောင်းဖြင့် ထိုခွက်ကို တောက်ထုတ်လိုက်သည်။ ၎င်းခွက်က ဟန်လိဘက်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွား၏။ ဖန်ရှီက ဟန်လိကို စိုက်ကြည့်လျက် အလေးအနက် ပြောလာသည်။
“ရောင်းရင်းလီ။ ကျုပ်ရဲ့ ကျောက်စိမ်းမီးအရက် အရသာကို မြည်းကြည့်လိုက်ပါအုံး။ ဒါကို ကျုပ်ကိုယ်တိုင် ဖော်စပ်ထားတာ။ ဒါဟာ ကျင့်ကြံခြင်းအတွက်လည်း အကျိုးရနိုင်တယ်။ ဒီအရက်ကို သောက်ပြီးရင် ရောင်းရင်းရဲ့ အဆင့်တစ်ဆို့မှုကိုပါ ချိုးဖျက်နိုင်တဲ့ အခွင့်အရေးတစ်ခုလည်း ရချင် ရသွားနိုင်တယ်…”
ထိုစကားကို ကြားသည့်အခါ၌ ဟန်လိသည် အံ့ဩသွားမိ၏။ သူက ခွက်ထဲရှိ အစိမ်းရောင်အရည်ကို စိုက်ကြည့်နေမိသည်။ ဤသားရဲကျင့်ကြံသူက သူ၏ အဆင့်တစ်ဆို့မှုကိုပါ ပြောနိုင်စွမ်း ရှိနေလေ၏။ ထိုသူ၏ စွမ်းရည်များမှာ အမှန်တကယ် အထင်ကြီးဖွယ်ပင်။ သို့ပေမည့် ဟန်လိသည် ထိုအရက်က သူ၏ အဆင့်တစ်ဆို့မှုကို ချိုးဖျက်ပေးနိုင်လိမ့်မည် ဆိုတာကိုတော့ မယုံချေ။
သူသည် ကျင့်ကြံခြင်းတိုးတက်စေရန်အတွက် ဆေးဝါးမြောက်များစွာကို သုံးစွဲခဲ့ပြီး ဖြစ်၏။ ဆေးစွမ်းအားနှင့်သာ အဆင့်ချိုးဖျက်နိုင်သည် ဆိုလျှင် သူသည် မိုးပြာဓားပညာရပ်၏ အဆင့်ကိုးကို ရောက်နှင့်နေပြီး ဖြစ်ပေလိမ့်မည်။ ထို့အပြင် တစ်ဖက်သူ၌ မည်သည့်အကြံ ရှိနေသည်ကို သူ မသိရသည် ဖြစ်၍ ဟန်လိသည် ၎င်းအရက်ကို လက်လွတ်စပယ် မသောက်ဝံ့ပေ။ ဟန်လိ၏စိတ်ထဲ၌ ထိုသို့ အတွေးများနေစဉ် သူ့မျက်နှာထက်တွင် အင်တင်တင်ဖြစ်ဟန် ပေါ်လာသည်။
သားရဲကျင့်ကြံသူ၏မျက်လုံးထဲ၌ အေးစက်လင်းလက်သွား၏။ ဟန်လိက တွန့်ဆုတ်နေတာ မြင်သည့်အခါ သူက မျက်နှာပျက်လာပြီး အေးစက်စက် ပြောလိုက်သည်။
“ဘာလဲ။ ကျုပ်က ဒီအရက်ထဲမှာ တစ်ခုခု လုပ်ထားမှာကို မင်းက ကြောက်နေတာလား။ ကျုပ်သာ မင်းအသက်ကို နှုတ်ယူချင်တယ်ဆို လက်ဖျောက်တစ်ချက်တီးစာလောက်ပဲ လိုတယ်ဆိုတာကို မမေ့ပါနဲ့…”
ဟန်လိ၏မျက်နှာသည် ဖြူရော်သွား၏။ သူ့အကြည့်က အရက်ခွက်ပေါ်သို့ ကျရောက်နေသည်။ ထို့နောက်မှာမူ သူက အရဲစွန့်ကာ ပြောလိုက်သည်။
“စီနီယာ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့လို့ ဂျူနီယာဟာ အရင်ဆုံး စစ်ဆေးကြည့်ချင်ပါသေးတယ်…”
သားရဲကျင့်ကြံသူက ဟန်လိကို ထိုအရက်အား သောက်စေချင်မှန်း သိသာသည်။ သို့ဖြစ်၍ ဟန်လိ၏ သံသယက ပိုများလာတာပင်။ ဖန်ရှီသည် အံ့အားသင့်မိသွားပြီး ခဏအကြာ သူ့မျက်နှာထက်၌ ရေခဲတစ်မျှ အေးစက်ဟန် ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ ချောက်ချားဖွယ်အော်ရာတစ်ခု ထုတ်လွှတ်လာသည်။
ဟန်လိသည် စိတ်နှလုံး ပြိုလဲသွားသည့်နှယ် ခံစားမိရ၏။ သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်အနှစ်သာရကို ကောင်းကင်ရေခဲပုလဲအား ခြုံလွှမ်းစေသည်။ သူက သတိထားပြီး သားရဲကျင့်ကြံသူကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ တအောင့်ကြာမှ ဖန်ရှီက မျက်မှောင်ကြုတ်သွားပြီး သူ့အသွင်ဟန်ပန်က စိတ်လျှော့သွားဟန် ဖြစ်ပေါ်သည်။
သူက ခဏစဉ်းစားပြီးနောက်မှာ ပြောလာသည်။
“ရောင်းရင်းကို အသေးစိတ် မပြောပြမိတဲ့အတွက် ခင်ဗျားက ကျုပ်ရဲ့ စေတနာကို နားလည်မှု လွဲသွားတာကို…”
“ဒီကျောက်စိမ်းအရက်ဟာ သန့်စင်ဖော်စပ်ဖို့ ခက်ခဲရုံသာမကဘူး။ ကစော်ဖောက်ဖို့လည်း နှစ်ရာချီ အချိန်ယူရတယ်။ ဒါ့အပြင် ဒါကို ဖော်စပ်ဖို့အတွက် ဆင့်ကဲအသွင်ပြောင်းအဆင့် သားရဲအမြုတေကိုလည်း ၎င်းရဲ့ ပဓာနအမယ်အဖြစ် လိုအပ်သေးတယ်။ ဒါတင်မကသေးဘူး။ လေချိုးဖျက်ခြင်းသားရဲတွေကသာ ဒီအရက်ကို ဖော်စပ်နိုင်တာ ဖြစ်တယ်။ အခြားနတ်ဆိုးသားရဲတွေမှာ ဖော်စပ်နည်း ရှိတယ်ဆိုရင်တောင် သူတို့ဟာ မွေးရာပါ စွမ်းရည်ကင်းမဲ့မှုကြောင့် ဒီအရက်ကို သန့်စင်နိုင်မှာ မဟုတ်ဘူး။ ကျုပ်အတွက်ကတော့ ဒီအရက်ဟာ ကောင်းကောင်းကြီး ခံတွင်းတွေ့စေတဲ့အရာ ဖြစ်တယ်။ ဒါပေမဲ့ မင်းလို အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်အတွက်တော့ ဒါကို ပထမဆုံးအကြိမ် သောက်မယ်ဆို မင်းရဲ့ အစစ်အမှန်အနှစ်သာရကို လှုံ့ဆော်ပေးပြီး ခုလက်ရှိ အဆင့်တစ်ဆို့မှုကို ချိုးဖျက်နိုင်ခြေ ရှိစေလိမ့်မယ်။ တကယ်တော့ ကျုပ် ဒီလောက်အဖိုးတန်တဲ့အရက် ရောင်းရင်းကို ပေးသောက်ခိုင်းတာဟာ ကျုပ်ရဲ့ အကျိုးအတွက်လည်း ဟုတ်တယ်။ အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် ကျုပ်က မင်းရဲ့ သစ်သားဓာတ်ကျင့်ကြံခြင်းပညာရပ် အကူအညီ လိုအပ်နေတယ်။ ဒါပေမဲ့လို့ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်ဟာ နိမ့်လွန်းနေပြန်တယ်။ အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ဆိုရင်တောင် အပြည့်အဝ မလုံလောက်သေးဘူး။ ဒါပေမဲ့ ကျုပ် မြင်ရသလောက် မင်းရဲ့ ကျင့်ကြံခြင်းပညာရပ်တွေဟာ တမူထူးနေတယ်။ မင်းက အဆင့်တူ ကျင့်ကြံသူတွေထက် များစွာ ပိုနက်ရှိုင်းတဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဒါ့ကြောင့်လည်း မင်းအနေနဲ့ ကျုပ်ကို ကူညီမှု ပေးနိုင်လိမ့်မယ်။ အခု ဒီအရက်ကို သောက်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကိုလည်း ထင်ထင်ရှားရှား သိပြီးပြီဆိုတော့ ရောင်းရင်းအနေနဲ့ သောက်သင့်ပြီလို့ ကျုပ် ထင်တယ်…”
ဖန်ရှိသည် သူသာ သေချာ မရှင်းပြလျှင် ဟန်လိက သူ့အမိန့်များကို နာခံလိမ့်မည်မဟုတ်မှန်း သိနေသည်။ ဟန်လိက သူ၏ စကားများကို ကြားသည့်အခါ သူ့ဟန်အမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲ၏။ ခဏအကြာတွင် သူက ပြောလိုက်သည်။
“ကျုပ် ဒီအရက်ကို သောက်လိုက်ပြီးမှ အဆင့်မချိုးဖျက်နိုင်ရင်ကော…”
ဖန်ရှီက နှာခေါင်းရှုံ့ပြီး တည်ငြိမ်စွာ ပြောသည်။
“ဟားဟား…ဒါဆိုလည်း ရောင်းရင်းလီက ကျုပ်အတွက် အသုံးမဝင်တော့ဘူးပေါ့။ ကျုပ်ရဲ့ ကျောက်စိမ်းမီးအရက်ဟာ ဖော်စပ်ဖို့ အလွန်ခက်ခဲတဲ့အတွက် တန်ကြေးအနေနဲ့ မင်းရဲ့ အသက်ကို ယူရတော့မှာပေါ့လေ…”
ဟန်လိက ထိုရလဒ်ကို မျှော်လင့်ထားပြီး ဖြစ်သော်ငြား သေချာကြားရသည့်အခါတွင် သူ့မျက်နှာသည် ရှုံ့မဲ့သွားလေသည်။ ခဏအကြာတွင်တော့ သူက အလေးအနက် ပြောလိုက်တော့သည်။
“ကောင်းပြီ…ကျုပ် သောက်မယ်…”
ဖန်ရှီသည် ကျေနပ်သွားလေ၏။
ဟန်လိက စားပွဲကို လက်ဖြင့် ပုတ်လိုက်သည်။ မိုးပြာအလင်းလင်းလက်သွားခြင်းနှင့်အတူ ခွက်ထဲမှ အစိမ်းရင့်ရောင်အရည်များသည် သူ့ပါးစပ်ထဲသို့ ပျံသန်းဝင်လာသည်။
ဟန်လိသည် အရသာပင် မခံလေဘဲ ထိုအရည်များသည် သူ့ဝမ်းဗိုက်ထဲသို့ ရောက်သွားသည်။
“ကောင်းတယ်။ ရောင်းရင်းလီက ဘယ်လို ဆုံးဖြတ်ရမလဲ သိတဲ့လူမှန်း ကျုပ် သိတာပေါ့။ ကျုပ် နောက်ကို လိုက်ခဲ့ပါ။ မင်းအတွက် တိတ်ဆိတ်တဲ့ အခန်းတစ်ခု ကျုပ် ပြင်ဆင်ပေးထားတယ်…”
ဟန်လိသည် ဘာစကားမျှမဆိုဘဲ သူ၏နောက်သို့ တည်တည်ငြိမ်ငြိမ် လိုက်လာသည်။
ထိုသားရဲကျင့်ကြံသူ၏ နောက်မှ လိုက်လာနေရင်း သူက ရှေ့၌ အနီရောင်ကျောက်နံရံတစ်ခု ရှိနေတာကို တွေ့ရလေ၏။
ထိုကျောက်နံရံကို ထပ်မံ စူးစမ်းကြည့်ပြီးသည့်အခါတွင်မူ ဟန်လိသည် ထိုနံရံမှာ သန္တာကျောက်ပြားကြီးတစ်ခုကို ဖြစ်နေမှန်းကို အံ့အားသင့်ထိတ်လန့်စွာဖြင့် သိရှိလိုက်ရသည်။ ဟန်လိက ထိုအကြောင်းကို စဉ်းစားနေစဉ် ဖန်ရှီသည် ၎င်းနံရံကို တွန်းဖွင့်သည်။ သုံးမီတာမျှ အကျယ်ရှိ ဝင်ပေါက်တစ်ခု ပေါ်လာသည်။
ဖန်ရှီက ထိုဝင်ပေါက်ကို လက်ညှိုးထိုးပြီး ပြောသည်။
“ဒီလျှို့ဝှက်အခန်းထဲမှာ အရက်ကို သန့်စင်ပါ။ ကျုပ် ခန့်မှန်းမိသလောက်ဆို ဒါကို သန့်စင်ဖို့ အများဆုံး နှစ်ဝက်လောက် ကြာနိုင်တယ်။ အဲ့အချိန်လောက်ဆိုရင်တော့ ရောင်းရင်းအနေနဲ့ အောင်မြင်နေလောက်ပါပြီ။ အချိန်ကျလာရင် ကျုပ်က အတားအဆီးကို ဖြေလျှော့ပေးပြီး မင်းကို ထွက်လာခိုင်းမယ်…”
ဟန်လိသည် ထိုဝင်ပေါက်ကို အမူဟန်ပန်ကင်းမဲ့စွာဖြင့် တစ်ချက်ကြည့်သည်။ သည်လိုအနေအထားထိ ရောက်လှမှတော့ သူ့အနေဖြင့် ဖန်ရှီကို နောက်ထပ် ဘာစကားမျှ ပြောဖို့ စိတ်ကူး ရှိမနေတော့ပေ။ ဟန်လိ လှမ်းဝင်ပြီးသည်နှင့် သူ၏နောက်မှ ဝင်ပေါက်က ပျောက်ကွယ်သွား၏။
ဖန်ရှီက ချက်ခြင်း မထွက်သွားသေးဘဲ နံရံအပြင်ဘက်မှာ ရပ်နေ၏။ သူက နံရံကို စိတ်လှုပ်ရှားဟန်ဖြင့် တစ်ချက်ကြည့်သည်။ ခဏအကြာတွင်မူ သူသည် အဖြူရောင်တစ်ချက်လင်းလက်ပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။
ခုလက်ရှိတွင် ဟန်လိသည် သန္တာကျောက်နံရံအတွင်းရှိ လျှို့ဝှက်ခန်းဟု ခေါ်ညွှန်းသည့် အခန်းကို စူးစမ်းလေ့လာကြည့်နေ၏။ ၎င်းအခန်းသည် ကျဉ်းသည်ဟု မဆိုသာ။ မီတာတစ်ရာအကျယ်နှင့် အမြင့် မီတာနှစ်ဆယ် ရှိ၏။ အခန်းအလယ်ရှိ ကျောက်စိမ်းကုတင်ကလွဲ၍ အခြားမည်သည့်အရာမျှ ရှိမနေချေ။ သို့ပေမည့် ဟန်လိကို စဉ်းစားမရ အဖြစ်စေဆုံးကမူ အခန်းနံရံများပေါ်၌ မရေမတွက်နိုင်သော အပေါက်ငယ်များ ရှိနေခြင်းပင်။
အခုချိန်တွင် ဟန်လိ၏ မျက်နှာမှာ သုန်မှုန်နေပေသည်။ သူက ကျောက်စိမ်းကုတင်ပေါ်မှာ တင်ပလ္လင်ခွေကာ ထိုင်၏။ မျက်လုံးမှိတ်၏။ သူ့စိတ်ဝိညာဉ်အာရုံကို သူ့ခန္ဓာကိုယ်ထံမှ ဖြည်းဖြည်းချင်း ထုတ်လွှတ်၏။
တအောင့်အကြာတွင် သူက သူ့စိတ်ဝိညာဉ်အာရုံကို အခန်းတစ်ခုလုံးကို ဖြန့်ကြက်ကြည့်သည်။ ထိုအခါ နံရံများထံမှ သူ့စိတ်ဝိညာဉ်အာရုံသည် ပြန်ကန်ထွက်လာတာကို အံ့အားသင့်ဖွယ်ကောင်းစွာ တွေ့လိုက်ရသည်။ ခဏအကြာတွင် သူသည် သူ့စိတ်ဝိညာဉ်အာရုံ ဖြတ်သန်းကျော်ဖြတ်နိုင်မည့် နေရာလပ်မရှိသည်ကို သေချာသွားတော့သည်။ ဟန်လိသည် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးပြန်ဖွင့်သည်။ သူ၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ခု တောက်ပနေသည်။
သူက အချိန်ခဏယူကာ စဉ်းစားပြီးသည့်နောက် ကျောက်စိမ်းကုတင်ပေါ်မှ ထပြီး အခန်း၏ တစ်ဖက်သို့ လှမ်းသွားသည်။ သူ့ရှေ့ရှိ သန္တာကျောက်နံရံကို မျက်လုံး မှေးကျဉ်းလျက် စူးစမ်းကြည့်နေသည်။ သူ့လက်ချောင်းကို မိုးပြာဓားအလင်းဖြင့် တောက်ပစေလျက် နံရံကို ထိကြည့်သည်။ ထိုဓားအလင်းသည် သုံးလေးလက်မအရှည် ရှိပြီး အဆက်မပြတ် လင်းလက်နေသည်။