အခန်း (၅၄၁)
Vol. 39 Ch. 541
လေချိုးဖျက်ခြင်းသားရဲ၏ အသိုက်နှင့် ပတ်သက်ပြီး မေးခွန်းအချို့ မေးပြီးနောက်မှာ ဟန်လိသည် ဆေးပုလင်းတစ်ပုလင်းကို ဝမ်စစ်ယွဲ့ထံသို့ လှမ်းပေးလိုက်သည်။ ဝမ်စစ်ယွဲ့က ချက်ခြင်းပင် ကျေးဇူးဥပကာ တင်ပြီး ထိုဆေးစွမ်းအားများကို သန့်စင်ရန် တံခါးပိတ် ကျင့်ကြံသည်။ ထို့နောက်တွင် ဟန်လိသည်လည်း အခြားအခန်းတစ်ခုထဲ ဝင်ရောက်ပြီး ကြေးပြားကို စတင်လေ့လာတော့သည်။
သူက ခြေချိတ်ထိုင်ကာ ၎င်းကို သေချာ စူးစမ်းကြည့်နေသည်။ ကြေးပြား၏ အခြားတစ်ဖက်တွင် အက္ခရာစာသာများ ရေးသားထားပြီး အခြားတစ်ဖက်တွင်မူ မွန်းစတားတစ်ကောင်နှင့်တူသည့် ရှိန်လောက်ဖွယ်သတ္တဝါတစ်ကောင်ပုံကို ရေးထွင်းထားသည်။ ထိုမွန်းစတားသည် ကြမ်းကြုတ်သောမျက်လုံး၊ ဦးခေါင်းသုံးလုံး ပိုင်ဆိုင်ထားပြီး ၎င်း၏ လက်ခြောက်ဖက်ကို ကောင်းကင်ထက်သို့ ပင့်မြှောက်ထားဟန် ရှိ၏။ ၎င်းသည် မည်သည့်အသွင်ဟန် ပြုလုပ်နေသလဲကမူ မရှင်းလင်းချေ။
၎င်းမွန်းစတားပုံကို မျက်မှောင်ကြုတ်၍ ခဏ ကြည့်ပြီးနောက်မှာ ဟန်လိက အမည်မဲ့မန္တာန်စာသာများပါသည့် စာအုပ်ကို ထုတ်ပြီး ကြေးပြားပေါ်ရှိ အက္ခရာများနှင့် ယှဉ်ထိုးကြည့်သည်။ သူက ထိုအက္ခရာများသည် အသေးအမွှားလောက် ကွာဟချက် ရှိတာကလွဲ၍ တော်တော်များများ တူညီနေတာကို တွေ့ရသည်။ ၎င်းတို့က ဇာစ်မြစ်တူပုံရ၏။ သို့သော် ရေးသားထားသည့်ပုံစံကမူ သိသိသာသာ ကွဲပြားသည်။ သူသည် အပြင်ပိုင်းကြည့်ပြီး မည်သည့်လျှို့ဝှက်ချက်ကိုမျှ ရှာတွေ့နိုင်ခြင်း မရှိ၍ သူ့မှော်စွမ်းအားကို ၎င်းကြေးပြားထဲသို့ ထည့်သွင်းကြည့်သည်။
၎င်းက သူ၏ မှော်စွမ်းအားကို စုပ်ယူပြီး မကြာမီမှာပင် ကြေးပြားက ကြည်လင်ထင်ရှားသော တဝီဝီမြည်သံတစ်သံကို ထုတ်လွှတ်ပြီး စတင် တုန်ခါလာ၏။ ထို့နောက်တွင် ၎င်းသည် အဖြူရောင်အလင်းဖြင့် ထွေးခြုံပြီး ကြေးပြား၏ ဘက်နှစ်ဖက်လုံးမှ အဝါရောင်အလင်းတန်းများ ထိုးထွက်လာကာ နံရံပေါ်၌ ပုံရိပ်တစ်ခု ထင်ဟပ်လာသည်။
ထိုကဲ့သို့ တိုးတက်မှုကြောင့် ဟန်လိသည် ကျေနပ်ဝမ်းသာသွား၏။ သူ တွေ့မြင်ရသည့်အရာာကိုလည်း သေချာမှတ်သား၏။ နံရံပေါ်တွင် ပေါ်လာသည့်ပုံရိပ်မှာ လူသားအသွင် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်၏။ ၎င်းကို ကြေးခွံများက ဖုံးအုပ်ထားပြီး ၎င်း၏ ဦးခေါင်းထက်တွင် ဦးချိုတစ်ချောင်းလည်း ရှိသည်။ ၎င်းသည် ကြေးပြာနောက်ဘက်ခြမ်းရှိ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် သားရဲနှင့် ချွတ်ဆွတ်တူညီသည်။ သို့သော် ၎င်း၌ ခေါင်းတစ်လုံးသာ ရှိ၏။
သည့်အတွက်ကြောင့် ဟန်လိ အံ့အားသင့်သွားရုံ ရှိသေး ထိုပုံရိပ်သည် ဖြတ်ခနဲ လင်းလက်ကာ ပြောင်းလဲသွားပြန်သည်။ ခုချိန်၌ နတ်ဆိုးသားရဲသည် ၎င်း၏လက်နှစ်ဖက်ကို ထူးခြားသည့်လက်ဟန် ပြုလုပ်ပြီး ခြေချိတ်ကာ ထိုင်နေသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထူးခြားသည့်အသွင်အနေအထားမျိုး ဖြစ်နေသည်။ ဟန်လိမှာ စဉ်းစားမရ ဖြစ်နေသည်။
ခဏအကြာတွင် ထိုပုံရိပ်သည် ထပ်မံ ပြောင်းလဲသွားပြန်သည်။ နတ်ဆိုးသားရဲက ၎င်း၏ လက်ဟန်ကို ပြောင်းလဲပြီး ၎င်း၏ ခန္ဓာကိုယ်သည် တဖန်ကြုံ့သွားပြန်ကာ အခြားထူးခြားသော ဟန်အသွင်ပုံစံ ထပ်ပြောင်းသည်။
ထိုပုံရိပ်များသည် လက်ဟန်ပုံစံများ၊ ကိုယ်ဟန်အနေအထားများစွာကို အမြန်အဆန် ပြောင်းလဲနေလေသည်။ ၎င်းသည် ပညာရပ်တစ်မျိုးမျိုးကို ကျင့်ကြံနေသည့်အလား။ တစ်နာရီလောက်ကြာပြီးနောက်မှာ ထိုကြေးပြား၏ အလင်းသည် မှိန်ဖျော့သွားပြီး ပုံရိပ်များမှာလည်း ပျောက်ကွယ်သွား၏။ ဟန်လိသည် ၎င်းနတ်ဆိုးသားရဲ အသွင်ဟန်ပန် ပြောင်းလဲတာ သုံးဆယ့်ခြောက်ကြိမ်လောက် ရှိသည်ဟု ရေတွက်မိသည်။
သူက နှာခေါင်းပွတ်၍ သူ့လက်ထဲရှိ ထိုကြေးပြားကို တမျိုးဖြစ်သည့်ဟန်ဖြင့် ကြည့်မိသည်။ သူသည် ကြေးပြားပေါ်ရှိ အက္ခရာများ၏ အဓိပ္ပာယ်ကို မသိသော်ငြား ၎င်းပုံရိပ်များသည် လူသားကျင့်ကြံသူများအတွက် မဟုတ်၊ နတ်ဆိုးသားရဲကျင့်ကြံခြင်းပညာရပ်တစ်ခုကို မှတ်တမ်းတင်ထားမှန်းတော့ သိလေ၏။
သည့်အရင်တုန်းကဆို ဟန်လိသည် နတ်ဆိုးသားရဲများသည် ကျင့်ကြံကြသည်ကို သိပင် မသိခဲ့ပေ။ နတ်ဆိုးသားရဲများသည် စိတ်ဝိညာဉ်ချီကို စုပ်ယူနိုင်စွမ်း ရှိသည့် မွေးရာပါစွမ်းရည် ပိုင်ဆိုင်ထားကြတာ မဟုတ်ပေဘူးလား။ ၎င်းတို့က မည်သည့်အတွက်ကြောင့် ကျင့်ကြံရသနည်း။ လူသားအသွင် ပြောင်းလဲနိုင်စွမ်း ရှိသည့် နတ်ဆိုးသားရဲများအဖို့ ကျင့်ကြံခြင်းပညာရပ်များသည်လည်း အတော်လေး အရေးကြီးလှပုံ ပေါ်နေသည်။ သို့ရာတွင် ဟန်လိကမူ သူ့လက်ထဲရှိ ကြေးပြားကို ကြည့်ကာ ငိုရမလား၊ ရယ်ရမလား မသိ ဖြစ်ရလေ၏။ သူသည် ၎င်းပေါ်ရှိ အက္ခရာများကို နားလည်နိုင်ခဲ့လျှင်ပင် သားရဲကျင့်ကြံခြင်းပညာရပ်ကို သူ့အနေဖြင့် မည်သို့ ကျင့်ကြံဝံ့ပါမည်နည်း။ ထို့အပြင် ခုလက်ရှိ၌ သူ့တွင် အဆင့်မြင့်ကျင့်ကြံခြင်းပညာရပ်များလည်း ကင်းမဲ့နေတာမျိုး ရှိမနေပေ။ လေးနက်ယင်ပညာရပ်များသည်ပင် သူ့သိုလှောင်အိတ်ထဲ၌ ရှိနေသေးသည် မဟုတ်လော။
အရောင်းအဝယ်စုဝေးပွဲမှာတုန်းက အသားမည်းမည်းနှင့် ကျင့်ကြံသူက သည်ထူးခြားသော ကြေးပြားကို ထုတ်ဖော်လဲလှယ်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ပါ။ ၎င်းသည် လုံးဝ အချည်းနှီး ဖြစ်နေသည်မဟုတ်လား။ ဟန်လိသည် သူ အရူးလုပ်ခံခဲ့ရသည်ဟု ခံစားမိပြီး သုန်မှုန်သွားသည်။ ကြေးပြားပေါ်ရှိ အက္ခရာများသည် သားရဲများအတွက် အထူးပြုထားသော ကျင့်ကြံခြင်းပညာရပ်တစ်ခု ဖြစ်မှတော့ သူ့အနေဖြင့် ၎င်းကို မည်သို့ အဓိပ္ပာယ်ဖော်နိုင်ပါတော့မည်နည်း။ ကြည့်ရတာ အမည်မဲ့စာအုပ်၏ အကြောင်းအရာများသည်လည်း ထိုနည်းတူ ဖြစ်နေလောက်မည်သာ။
ဟန်လိက သက်ပြင်းရှည်ကြီး ချမိပြီး ထိုစာအုပ်နှင့် ကြေးပြားတို့ကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းပြီး ကျောက်အခန်းထဲမှ သုန်မှုန်စိတ်ပျက်စွာ ထွက်လာခဲ့တော့သည်။
သူ့မျှော်လင့်ချက်များက သဲထဲရေသွန်ဖြစ်သွားသဖြင့် ဟန်လိသည် အတော်လေး စိတ်ပျက်နေ၏။ သို့ရာတွင် သူ၏ စိတ်အခြေအနေကို အလျင်အမြန် ပြန်ကောင်းမွန်အောင် ကြိုးစားသည်။ သူက အံ့ဖွယ်နက်ရှိုင်းပင်လယ်ထံ သွားရောက်ဖို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရဦးမည် မဟုတ်လား။ နတ်ဆိုးပဲ့တင်မြက်ကို အရယူနိုင်ဖို့က ခုလက်ရှိတွင် သူ၏ ပထမဦးစားပေးသာ။ ၎င်းသည် သူ့ကို သူ၏ အင်မောတယ်လမ်းကြောင်း၌ ပိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်မည် မဟုတ်လော။
သူက သက်တံပုတီးစေ့များကို သုံးစွဲပြီးနောက်မှာ သူ၏ ကျင့်ကြံခြင်းပါရမီသည် သည်နှစ်များ၌ များစွာ ပိုကောင်းမွန်လာသည်ဟု ခံစားမိခဲ့ရသည်။ သူသည် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်များ သို့မဟုတ် အခြားထူးခြားသော ပါရမီရှင်များနှင့် မယှဉ်သာသေးသော်လည်း အခုဆို ဓာတ်စင်သုံးခုစိတ်ဝိညာဉ်ရင်းမြစ်နှင့် ကျင့်ကြံသူများ၏ အဆင့်လောက်တော့ စိတ်ဝိညာဉ်ချီများကို စုပ်ယူသန့်စင်နိုင်နေပြီ ဖြစ်သည်။
ကောင်းကင်ဖာထေးခြင်းဆေးလုံးကား ၎င်း၏ ဂုဏ်သတင်းကျော်ကြားမှုနှင့် အမှန်တကယ် ထိုက်တန်လှပေ၏။ စဦးစိတ်ဝိညာဉ် ဖွဲ့စည်းရန် ဟန်လိ၏ အခွင့်အရေးမှာလည်း ခုဆို မသိမသာ ပိုမြင့်မားလာခဲ့လေပြီ။
ဟန်လိ အခန်းထဲမှ ထွက်လာသည့်အခါ၌ ဝမ်စစ်ယွဲ့သည် တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်၏။ သူမအနေဖြင့် သည်ဆေးအားလုံးကို သန့်စင်နိုင်ရန် နောက်ထပ် သုံးလလောက် အချိန်လိုအပ်ဦးမည်ဟု ဟန်လိ ယူဆထားသည်။ ဟန်လိက သူမကို မနှောက်ယှက်ပေ။ ထပ်စဉ်းစားကြည့်ပြီးနောက်မှာ သူက သည်လှိုဏ်ဂူ၏ အစီအရင်မန္တာန်များကို ထိန်းချုပ်နိုင်သည့် မန္တာန်များနှင့်အတူ မှော်ပစ္စည်းအချို့ကို သူ သည်ကျွန်းမှ မထွက်သွားခင် ချန်ထားပေးခဲ့လိုက်သည်။
ဟန်လိသည် ကောင်းကင်ထက်သို့ လှည့်ပတ်ကြည့်နေပြီး သူ သွားရမည့် အရပ်ကို ဆုံးဖြတ်သည်။ ယင်းနောက်မှာတော့ သူသည် အံ့ဖွယ်နက်ရှိုင်းပင်လယ်ပြင်ထံ ပျံသန်းလာခဲ့တော့သည်။ လမ်းတစ်လျှောက်တွင် သူသည် သားရဲများနှင့် ကြုံခဲ့သေးပြီး ၎င်းတို့ကို ရက်ရက်စက်စက်ပင် သုတ်သင်ခဲ့ပေသည်။ သူနှင့် လမ်းမှာ တွေ့မိသည့် လူသားများကိုမူ သူက လစ်လျူရှုထားပြီး သူ့လမ်းကိုယ်သူ ဆက်လာခဲ့သည်။ တစ်လလောက် ကြာပြီးနောက်မှာ ဟန်လိသည် တဖြည်းဖြည်းဖြင့် အံ့ဖွယ်နက်ရှိုင်းပင်လယ်ဝန်းကျင်သို့ ရောက်လာခဲ့လေပြီ။
ထိုအခါ သူက သူ့အော်ရာကို စတင်ကွယ်ဝှက်ထားပြီး သူ၏ ခြေရာလက်ရာများကို ဖုံးကွယ်သည်။ သည်ပင်လယ်ပြင်မှာ အဆင့်မြင့်နတ်ဆိုးသားရဲများ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသဖြင့် ဟန်လိသည် အလွန်တရာ ဂရုစိုက်ရမှာ သဘာဝပင်။ သူသည် သူ့ကံအပေါ် မမှီခိုဝံ့ပေ။
ထင်ထားသည့်အတိုင်းပင်။ သူသည် လမ်းတစ်လျှောက်တွင် နတ်ဆိုးသားရဲများစွာကို ကြုံရလေ၏။ သို့သော် သူ၏ အထင်ကြီးဖွယ် ကွယ်ဝှက်ခြင်းပညာရပ်ကြောင့် သူက ၎င်းတို့၏ အာရုံစိုက်မှုကနေ ရှောင်တိမ်းနိုင်စွမ်း ရှိခဲ့ပေသည်။ ရက်အတော်အတန်ကြာပြီးနောက်မှာ ဟန်လိသည် လေထဲတွင် ရပ်ပြီး အကွာအဝေးတစ်ခုရှိ ကျွန်းငယ်ထံ အလေးအနက်ဟန်ပန်ဖြင့် စိုက်ကြည့်နေသည်။
ထိုကျွန်းသည် ဝမ်စစ်ယွဲ့ ပြောခဲ့သော အဆင့်ရှစ်နတ်ဆိုးသားရဲကောင်၏ အသိုက်တည်ရှိရာ နေရာပင်။ သူသည် ၎င်းထံသို့ ရဲတင်းစွာဖြင့် အလိုစလို ပြေးဝင် မသွားဝံ့ပေ။ ရှေးဟောင်းလေချိုးဖျက်ခြင်းသားရဲကသာ ထိုကျွန်းပေါ်၌ ရှိနေခဲ့လျှင် သူ သေရမှာ သေချာသွားလိမ့်မည်။ သို့ဖြစ်၍ သူက ကျွန်းထံသို့ အဝေးတစ်နေရာကနေ လှမ်းကြည့်နေပြီး သူ့စိတ်ဝိညာဉ်အာရုံကိုလည်း မထုတ်လွှတ်ဝံ့ပေ။
ထိုကျွန်းနှင့် အဝေးရှိ ပင်လယ်ပြင်တွင် ပေါ်ထွန်းနေသော ကျောက်တန်းတစ်ခုကို ထောက်လှမ်းမိပြီး ၎င်းပေါ်၌ အစီအရင်အသေးစားတစ်ခုကို နေရာချသည်။ ထို့နောက်တွင် ၎င်းပေါ်တွင် ထိုင်၍ ကျွန်းထံသို့ စောင့်ကြည့်နေရင်း တိတ်တဆိတ် တရားထိုင်လျက် ရှိသည်။ သူသည် အဆင့်ရှစ်သားရဲ၏ လှုပ်ရှားမှုများကို ကြိုတင် မခန့်မှန်းမိခင်ထိ လွယ်လင့်တကူ လှုပ်ရှားဦးမည် မဟုတ်ပေ။
ကံဆိုးသည်မှာ သက်တံမြက်သည် အဆင့်ရှစ်နှင့် ထိုထက်ပို့မြင့်သော နတ်ဆိုးသားရဲများအတွက် မည်သည့်သက်ရောက်မှုမျှ မရှိနေခြင်းပင်။ မဟုတ်ပါက သူသည် အခုကဲ့သို့ ခါးသီးစွာ စောင့်ကြည့်နေမည့်အစား ထိုမြက်ကို အသုံးပြုပြီး ရှေးဟောင်းလေချိုးဖျက်ခြင်းသားရဲကို ဖြားယောင်းမိပေလိမ့်မည်။
ဟန်လိသည် ထိုကျောက်တန်းကနေ ကျွန်းကို လှမ်းကြည့်နေတာ အချိန်တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သည်။ နတ်ဆိုးသားရဲ၏ လှုပ်ရှားမှု အရိပ်အယောင်များကို ထောက်လှမ်းမိနိုင်ခြင်း မရှိဘဲနှင့် လပေါင်းများစွာ ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ သူသည် စောင့်နေရင်းနှင့်ပင် တဖြည်းဖြည်း ပျင်းလာမိသည်။
“ခုချိန် ဒီကျွန်းပေါ်မှာ ဖွံ့ဖြိုးခါစ လေချိုးဖျက်ခြင်းသားရဲပေါက်က မရှိတော့တာများလား။ အဲ့သားရဲဟာ ၎င်းရဲ့ အသိုက်ကိုများ စွန့်ပစ်သွားခဲ့ပြီလား…”
ဟန်လိသည် သံသယဝင်ပြီး တွေးမိသည်။ နောက်တစ်လ ကုန်သွားပြန်လေပြီ။ မည်သည့်တိုးတက်မှုမျှ ရှိမလာခဲ့ပေ။
အကူအညီမဲ့စွာဖြင့် ဟန်လိသည် နောက်ဆုံး၌ ကျွန်းသို့ ဝင်ရောက်ကြည့်ပြီး စူးစမ်းရန်သာ ဆုံးဖြတ်ရတော့သည်။ သူသည် သည်ကျောက်တန်းပေါ်၌ နှစ်များစွာ အချိန်မဖြုန်းနိုင်ပေ။
နောက်နေ့မနက်တွင် ကောင်းကင်ယံ၌ နေအလင်းရောင် ကွယ်ပျောက်ခါစအချိန်မှာ ဟန်လိသည် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်ချီအားလုံးကို ထိန်းချုပ်ပြီး ကျွန်းထံသို့ တိတ်တဆိတ် ခိုးကြောင်ခိုးဝှက်ပျံသန်းလာခဲ့သည်။
သူသည် ၎င်းကျွန်းကို လပေါင်းများစွာ စောင့်ကြည့်လေ့လာနေခဲ့သည် ဖြစ်၍ ၎င်း၏ အသွင်ပုံစံကို နောကြေစွာ သိထားပြီးပင်။ သူက ကျွန်းပေါ်ရှိ တောင်တန်းတစ်ခုထံ အမြင့်တစ်ဝက်ကနေ ပျ့သန်းလာခဲ့သည်။ ကျောက်ဆိုင်ကျောက်ခဲများဖြင့် ကွယ်ဖုံးနေသော မည်းမှောင်နေသည့်လှိုဏ်ဂူတစ်ခုကို သူ ထောက်လှမ်းမိသည်။ ၎င်းလှိုဏ်ဂူမှာ ဝမ်စစ်ယွဲ့ သူ့ကို ပြောပြခဲ့သော လှိုဏ်ဂူပင်။
ဟန်လိသည် မျက်လုံးမှေးကျဉ်း၍ ကြည့်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်၌ မှော်ပညာရပ်များကို နေရာချ၊ သူ့ရုပ်ဖျက်ခြင်းပညာရပ်ကို ထုတ်လွှတ်ပြီးနောက်မှာ သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ ထို့နောက်တွင် ဟန်လိသည် လှိုဏ်ဂူထဲသို့ သတိထား၍ ဝင်လာပြီး သူ့စိတ်ဝိညာဉ်အာရုံကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လျက် သူ့ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်သည်။ သည်လှိုဏ်ဂူမှာ နက်လှ၏။ သူ ပိုနက်နက် တိုးဝင်လာလေလေ အမှောင်ထုက ပိုလာလေပင်။ ဆယ့်ငါးမိနစ်လောက် အကြာတွင် ဟန်လိသည် ထောင့်တစ်ခု၌ ရပ်သည်။ သူ့မျက်နှာထက်တွင် ပူပန်ကြောင့်ကြမှု အထင်းသား ပေါ်နေသည်။
သူသည် မျက်လုံး ဖြည်းဖြည်းချင်း မှိတ်၍ သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ရှေ့သို့ ကင်းထောက်ကြည့်သည်။ ခဏအကြာတွင် သူ့မျက်နှာထက်၌ တမျိုးတမည်ဖြစ်ဟန် ပေါ်လာသည်။ သည့်နောက်မှာမူ သူက အံတင်းတင်းကြိတ်လျက် ထောင့်တစ်ခုထံ အလျင်အမြန် လှည့်သည်။
သူ့ရှေ့တွင် အလင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး သဘာဝလှိုဏ်ဂူကြီးတစ်ခုကို မြင်ရလေသည်။ ၎င်းလှိုဏ်ဂူကြီးမှာ အနည်းဆုံး မီတာသုံးရာလောက် အကျယ်ရှိပြီး မီတာသုံးဆယ်လောက် မြင့်သည်။ ဂူနံရံများနှင့် မျက်နှာကြက်များသည် အစိမ်းရောင်အလင်းနှင့် တဖြတ်ဖြတ် တောက်ပလျက် ရှိပြီး ၎င်း၏ အလယ်၌ အပြာရင့်ရောင် ရေကန်တစ်ခုပါ ရှိနေသည်။ ထိုရေကန်ရှိ ရေများသည် ဆူပွက်နေပုံ ပေါ်သည်။ ထိုကန် ပတ်ပတ်လည်တွင် ထူးခြားသည့်အပင်များလည်း ပေါက်ရောက်နေသည်။
ဟန်လိ၏အကြည့်က ၎င်းအပင်တို့အပေါ်သို့ ကျရောက်သွားပြီး ၎င်း၏ ရိုးတံများသည် တိုပြီး မည်းနက်လျက် ရှိတာကို သူ တွေ့ရသည်။ သူ၏မျက်လုံးထဲ စိတ်လှုပ်ရှားမှု အထင်းသား ပေါ်သည်။ ထိုရိုးတံများကား သူ ရှာနေသော နတ်ဆိုးပဲ့တင်မြက်များ ဖြစ်နေသည် မဟုတ်လား။
နတ်ဆိုးပဲ့တင်မြက်များသည် အဆင့်ရှစ်သားရဲ၏ အနီးဝန်းကျင်တွင် ပေါက်သည့်အချိန်၌ အမည်းရောင်အဖြစ်သို့ ပြောင်းပေသည်။ ၎င်းသည် အဆင့်နိမ့်သားရဲများ အနီးအနားတွင် ပေါက်လျှင်တော့ မီးခိုးရောင်သာ ရှိ၏။ ဟန်လိသည် ရေကန်ထံသို့ အကြည့်ရောက်သွားချိန်တွင် သူ့မျက်နှာထက်၌ ကျေနပ်ဝမ်းသာဖြစ်ဟန် ဖြတ်ခနဲ ပေါ်သည်။ သည့်နောက်မှာမူ သူ့အသွင်ဟန်ပန်သည် အလေးအနက် ဖြစ်သွားသည်။
သည်လှိုဏ်ဂူထဲ၌ လေချိုးဖျက်ခြင်းသားရဲသာ ရှိနေခဲ့လျှင် ၎င်းသည် ထိုရေကန်အတွင်း၌ ရှိနေရန် များသည်။ သူသည် ရေကန်ကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ဝေ့ခတ်ကြည့်ရှုသော်လည်း ရေကန်ကား အလွန်တရာ နက်နေသည်။ သူသည် ၎င်း၏ အစိတ်အပိုင်းငယ်တစ်ခုကိုသာ ထောက်လှမ်းနိုင်စွမ်း ရှိသည်။ သူ နှုတ်ခမ်း စုပ်သက်မိလိုက်ပြီး စိတ်ထဲ၌လည်း တင်းကြပ်နေမိသည်။ သူ့ခန္ဓာကိုယ်က ဖြတ်ခနဲ ဝေဝါးသွားပြီး ကန်၏ဘေးနားတွင် တစ်ဖန် ပြန်ပေါ်လာသည်။ သူက သူ့သိုလှောင်အိတ်ကို ခပ်ဖွဖွ ထိပြီး ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူသည်။ ယင်းနောက်မှာ သူက သူ၏ လွတ်နေသော အခြားလက်တစ်ဖက်ဖြင့် မြေပြင်ထံသို့ သွက်လက်စွာ လက်ဆန့်တန်းလိုက်သည်။