အခန်း (၅၄၂)
Vol. 39 Ch. 542
ဟန်လိသည် နတ်ဆိုးပဲ့တင်မြက်ကို မြန်မြန် ခူးယူပြီး ၎င်းကို ကျောက်စိမ်းသေတ္တာထဲသို့ ထည့်သိမ်းသည်။ ချပ်…။ သူက ထိုသေတ္တာအဖုံးကို ချောချောမွေ့မွေ့ ပြန်ပိတ်လိုက်သည်။ သူ့ပုံစံမှာ ပျော်ရွှင်ကျေနပ်နေဟန် ပေါ်သည်။
သည်အဖြစ်မှာ သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ သူသည် နတ်ဆိုးပဲ့တင်မြက်ကို မည်မျှ အလွယ်တကူ ရလိုက်သနည်း။ သို့ရာတွင် သူက သည်မှာ ကြာကြာ နေ၍ မဖြစ်ပေ။ ချက်ခြင်းပင် တစ်ဖက်သို့ လှည့်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် တည်ငြိမ်သော အသံတစ်သံကို သူ့နောက်မှ ကြားလိုက်ရ၏။
“ဒီအပင်ကို ရဖို့အတွက် မင်းက ဒီအနီးအနားမှာ အခုလောက် အချိန်အကြာကြီး နေနေတာပဲ။ မင်းတို့ လူသားကျင့်ကြံသူတွေဟာ တကယ်ကို ကြောင်တောင်တောင်နိုင်ပါလား…” ထိုစကားများကို ထူးခြားသည့် အမျိုးသားလေသံဖြင့် ပြောလာခြင်းပင်။
ဟန်လိ၏ အမူဟန်ပန်သည် ကြီးစွာ ပြောင်းလဲသွားပြီး မျက်နှာလည်း အလွန်ပျက်သွား၏။ သူက သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်စေပြီး တစ်ဖက်သို့ ဖြတ်ခနဲ လှည့်သည်။ သူ့ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်နေသော ပုံရိပ်တစ်ခုကို မြင်ရ၏။ ထိုပုံရိပ်သည် မိုးပြာဝတ်စုံကို ဝတ်ထားသည်။ ထိုပုံရိပ်၏ အသွင်အပြင်ကို မြင်ရသည့်အခါ၌ ဟန်လိသည် မျက်နှာရှုံ့မဲ့သွားသည်။
ထိုပုံရိပ်သည် နတ်ဆိုးသားရဲ ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။ သူ၏ဦးခေါင်းထက်တွင် ငွေရောင်ခေါင်းစည်းပဝါတစ်ခု ရှိနေ၏။ ၎င်း၏ ချွန်မြမြ နှာခေါင်း၊ ကျဉ်းမြောင်းသော မျက်လုံးစိမ်းများကလွဲ၍ ကျန်သည့် ခန္ဓာကိုယ်အသွင်ပုံစံများသည် လူသားတစ်ယောက်နှင့် ခွဲမရအောင် တူသည်။
ဟန်လိသည် ထိုသူ့ကို သေချာ စူးစမ်းကြည့်နေသည်။ နတ်ဆိုးသားရဲတစ်ကောင်က ပြီးပြည့်စုံလုနီးနီး လူသားအသွင် ပြောင်းလဲထားပုံ ထောက်၍ ဒဏ္ဍာရီလာ အဆင့်ကိုး သို့မဟုတ် အဆင့်တစ်ဆယ်သားရဲတစ်ကောင် ဖြစ်နေသည်လား။
ဟန်လိ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားမိသည်။ သူ့လက်ထဲ၌ ဒြပ်စင်ငါးခုကြိုးမျှင်နှင့် စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်တို့ကို အသင့်ပြင်သည်။ သို့ရာတွင် သူက မတိုက်ခိုက်ရဲချေ။
“ခင်ဗျားက ကျုပ်ကို စောင့်ကြည့်နေတာ အချိန်အတော်ကြာပြီမလား…”
ဟန်လိသည် သူ၏အသံသည် ရန်လိုသံ ပေါက်နေတာကို သိ၏။
နတ်ဆိုးသားရဲကျင့်ကြံသူသည် ထိုစကားကို ကြားသည့်အခါ သူ့အမူအရာက တင်းမာခက်ထန်သွား၏။ ထို့နောက်တွင် သူက ပြုံး၏။ သူ၏ ဖြူဖွေးကြည်လင်နေသော သွားများ အထင်းသား ပေါ်လာပြီး ထိုသူသည် မျက်လုံးမှေးစင်းလျက် ပြောလာသည်။
“အမှန်ပဲ။ မင်း ဒီကို ရောက်လာတဲ့ နေ့တည်းက ကျုပ် သိတယ်။ မင်းက ဖြတ်သွားဖြတ်လာ လူသားကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်တယ် ထင်ပြီး ကျုပ်က မင်းကို အရေးမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့မတိုင်ခင်ထိ မင်းက ဒီအနီးဝန်းကျင်က ကျောက်တန်းပေါ်မှာ ထိုင်နေခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ ဖန်ဆိုတဲ့ ကျုပ်က တကယ်ပဲ သိချင်စိတ် ပြင်းပြမိတယ်…”
ဟန်လိသည် ထိုသူ၏ သွားများမှာ အလွန်ထက်မြနေပြီး အေးစိမ့်စိမ့်အလင်းတစ်ခု လင်းလက်နေသည်ဟု ခံစာားမိသည်။ သူသည် ဖန်ဟူသည့် သူ၏မျိုးရိုးအမည်အကြောင်း ဆက်တွေးမိသည့်အခါ သူ့စိတ်ထဲ၌ ခြောက်ချားသွားတော့သည်။ သည်ဖန်ဆိုသူမှာ အပြည့်အဝ အရွယ်ရောက်ပြီးသော လေချိုးဖျက်ခြင်းသားရဲ ဖြစ်ရပေမည်။
ဟန်လိသည် အားတင်းပြုံးပြီး မေးလိုက်သည်။
“အဲ့လိုဆိုမှတော့ ခင်ဗျားက ကျုပ်ကို ဘာကြောင့် မတိုက်ခိုက်တာလဲ…”
လေချိုးဖျက်ခြင်းသားရဲသည် ပြုံး၍ ပြောသည်။
“ကျုပ်က မင်းကို လာတွေ့ချင်နေတာပါပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ ဒုတိယမြောက် ဆင့်ကဲအသွင်ပြောင်းမှုဟာ မကြာသေးခင်ကမှ ပြီးမြောက်ခဲ့တာ။ ဒါကို အထိုင်ကျအောင် တည်ငြိမ်အောင် လုပ်နေတဲ့အချိန် ကျုပ်အတွက် အပြင်ထွက်ဖို့ ခက်ခဲတယ်။ ဘာပဲပြောပြော အခု ကျုပ်ရဲ့ အဆင့်က အထိုင်ကျတည်ငြိမ်သွားပြီဆိုတော့ ကျုပ်လည်း ထွက်လာတော့မလို့။ ဒါပေမဲ့ ရောင်းရင်းက ကျုပ်နေတဲ့ နေရာထိ ပြေးဝင်လာခဲ့လိမ့်မယ်လို့တော့ ကျုပ်လည်း မထင်ထားမိခဲ့ဘူး။ ဒါက အတော်လေး အံ့အားသင့်ဖို့ ကောင်းတယ်…”
“ဒုတိယအဆင့် ဆင့်ကဲအသွင်ပြောင်းမှုလား…။ ဒါဆို ခင်ဗျားက အဆင့်ကိုးထဲ ဝင်ရောက်သွားပြီလား…”
ဟန်လိ၏ မျက်နှာသည် ဖြူရော်သွားလေပြီ။ သူ့လက်နှစ်ဖက်တွင်လည်း ချွေးစေးများ ပြန်လာသည်။
အရွယ်ရောက်ပြီးသော လေချိုးဖျက်ခြင်းသားရဲသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
“အဆင့်ကိုးလား။ ဒါက မင်းတို့လူသားတွေ ကျုပ်တို့အပေါ် အဆင့်သတ်မှတ်ချက်တွေပဲ။ ထားပါတော့လေ။ ငါက မင်းတို့ အဆင့်ကိုးသားရဲလို့ခေါ်တာနဲ့ ညီမျှတဲ့ အဆင့်နှစ်ဆင့်ကဲအသွင်ပြောင်းခြင်းကို ရောက်ပြီးပြီ…”
ဟန်လိသည် ထိုနတ်ဆိုးသားရဲ၏ တည်တည်ငြိမ်ငြိမ် လက်ခံပုံကို ကြားသည့်အခါ သူသည် တိတ်ဆိတ်သွားမိသည်။ ခဏကြာပြီးနောက်မှာ သူ၏ ပါးစပ်ထောင့်မှာ တွန့်ကွေးသွားပြီး ခါးသီးစွာ ပြုံးမိသည်။ ၎င်းသည် အဆင့်ရှစ်သားရဲတစ်ကောင် ဖြစ်နေလျှင်ပင် သူ့အတွက် ထွက်ပြေးနိုင်ရန် အခွင့်အရေးတစ်ခု ရှာတွေ့ချင် ရှာတွေ့နိုင်သေးသည်။ သို့သော် အဆင့်ကိုးသားရဲတစ်ကောင်နှင့် ရင်ဆိုင်ရသည့်အခါတွင်မူ သူသည် ချိုးဖျက်နိုင်ရန် မျှော်လင့်ချက် လုံးလုံး မရှိတော့ပေ။ ကြည့်ရတာ သူ၏ သေဆုံးမှုသည် ကျိန်းသေသလောက် ဖြစ်သွားပေပြီ။
ထိုအတွေးဖြင့် ဟန်လိသည် ဘာမျှ ထပ်မပြောတော့၊ သူ့ပါးစပ်ကို ရုတ်တရက် ဖွင့်ဟပြီး မိုးပြာအလင်းတန်းဆယ်ခုကျော်ကို သူ့အား လှည့်ပတ်စေသည်။ ထို့နောက် သူသည် သူ့လက်ကို ပင့်မြှောက်လျက် သူ့စိတ်ဝိညာဉ်သားရဲအိတ်များကို ဖွင့်လှစ်ရန် ဟန်ပြင်သည်။ သို့သော် ထိုခဏ၌ နတ်ဆိုးသားရဲကျင့်ကြံသူသည် လှုပ်ရှားသည်။
သူက ဟန်လိ၏ မျက်စိရှေ့သို့ ဖြတ်ခနဲ ရောက်လာပြီး သူ့လက်ထဲမှ သိုလှောင်အိတ်ကို လှစ်ခနဲ ယူသည်။ ဟန်လိသည် နတ်ဆိုးကျင့်ကြံသူကို တားဆီးနိုင်ရန် သူ့ကိုယ်သူ ဓားများဖြင့် ကာကွယ်ထားသော်ငြား တစ်ဖက်သူကား အလွန်မြန်လွန်းသည်။ သူ ဓားများဖြင့် မတိုက်ခိုက်နိုင်ခင်မှာပင် တစ်ဖက်သူသည် သူ့မူလနေရာသို့ ပြန်ရောက်သွားခဲ့လေပြီ။
အံ့အားသင့်တုန်လှုပ်ပြီးနောက်မှာ ဟန်လိ၏ မျက်နှာသည် ပြာနှမ်းသွားတော့သည်။ လေချိုးဖျက်ခြင်းသားရဲ၏ အံ့ချီးဖွယ်အမြန်နှုန်းနှင့် ပတ်သက်ပြီး သူသည် မည်သို့များ မေ့သွားရသနည်း။ အဆင့်ကိုးသားရဲဖြစ်သော ၎င်းသားရဲများ၏ အမြန်နှုန်းကား အခုကဲ့သို့ အကွာအဝေးလောက်တွင် တည်နေရာရွှေ့ပြောင်းလိုက်သည့်အလား မြန်လှပေသည်။ သူ့၌ ၎င်းသားရဲကို ဒဏ်ရာရအောင် လုပ်နိုင်ရန်ပင် အခွင့်အရေး မရှိလေပေ။
ချက်ခြင်းပင် သူ့စိတ်ထဲ၌ ကြမ်းတမ်းရုန့်ရင်းသော အတွေးများ ပေါ်လာ၏။ သူက သူ့သိုလှောင်အိတ်ကို ပုတ်ပြီး ရွှေရောာင်အမျှင်တန်းများ ဖြာထွက်နေသည့် အလုံးတစ်လုံးကို ထုတ်ယူသည်။ ထိုအလုံးကို လက်ဖြင့် လျင်မြန်စွာ ဖမ်းဆုပ်ပြီး မြိုချသည်။ ယင်းနောက်မှာ သူက မိုးပြာဝတ်စုံနှင့်ကျင့်ကြံသူ ဝါ နတ်ဆိုးသားရဲထံသို့ ဘာစကားမျှ မဆိုလေဘဲ လှမ်းကြည့်သည်။
သူသည် သေမင်းတံခါးဝသို့ ရောက်နေပြီ ဖြစ်၍ ကောင်းကင်ရေခဲပုလဲနှင့် သူ၏ မိစ္ဆာဖယ်ရှားခြင်းနတ်လျှပ်စီးတို့ကို လောင်ကျွမ်းပစ်ရန်ထိ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူသည် ဟန်လိ၏ စဉ်းစားရခက်သော အပြုအမူကို မြင်သည့်အခါ အံ့အားသင့်တုန်လှုပ်သွားသည်။ သို့သော် ခဏအကြာတွင် သူက ပြုံး၍ ပြောလာ၏။
“ဟားဟား…ရောင်းရင်းအနေနဲ့ စိုးရိမ်ကြောင့်ကြဖြစ်နေဖို့ မလိုပါဘူး။ ကျုပ်မှာ မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး…”
သူက ထိုသို့ ပြောနေရင်း ဟန်လိ၏ သားရဲသိုလှောင်အိတ်ကို လက်ထဲ၌ မြှောက်လိုက်ချလိုက် လုပ်နေသည်။
ဟန်လိက မျက်မှောင်ကြုတ်သွားပြီး အေးတိအေးစက် ပြောလိုက်သည်။
“ခင်ဗျားက ဘာကို ဆိုလိုတာလဲ။ ခင်ဗျားတို့ နတ်ဆိုးသားရဲတွေဟာ လူသားကျင့်ကြံသူတွေကို ခုလက်ရှိမှာ အမြစ်ဖျက်သုတ်သင်နေကြတာ မဟုတ်ဘူးလား…”
နတ်ဆိုးကျင့်ကြံသူ၏ ပါးစပ်သည် ရှုံ့တွသွားပြီး သူက ခေါင်းရမ်းကာ ပြောလိုက်သည်။
“မင်းတို့ကို သတ်နေတဲ့ သားရဲတွေဟာ ဒီအနီးနားဝန်းကျင် ပင်လယ်ပြင်က မျိုးနွယ်စုတွေပဲ။ ကျုပ်က သူတို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူး။ ကျုပ်က ဒီမှာ အချိန်တစ်ခု နေနေတာဟာ ဒီရေပူစမ်းကန်ကို သဘောကျလို့ပဲ…”
ဟန်လိသည် အကြောင်သား ဖြစ်သွားမိသည်။ သူသည် ရုတ်တရက် လေချိုးဖျက်ခြင်းသားရဲများသည် ငှက်သားရဲများနှင့် ပင်လယ်သားရဲများကြား နေရာတစ်ခုခုမှာ နေထိုင်ကသော သားရဲများ ဖြစ်မှန်း ပြန်စဉ်းစားမိသွားသည်။ သူတို့သည် သည်ပင်လယ်ပြင်၏ သားရဲများ မဟုတ်ဟု သတ်မှတ်၍ ရပေသည်။ ထို့အပြင် ထိုသားရဲ၏ လေသံအရဆို ၎င်းသည် သည်နေရာဝန်းကျင်၌ ကြီးပျင်းခဲ့တာ မဟုတ်သည့်ပုံပင်။
“သူက ငါ့ကို အမှန်တကယ် သတ်ပစ်ချင်စိတ် တကယ်ပဲ မရှိတာလား…”
ဟန်လိ၏ အမူအရာသည် ထိုခဏ၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ ခဏကြာပြီးနောက်မှာ သူက လက်ဝေ့ရမ်းပြီး သူ့ဓားများကို ခန္ဓာကိုယ်ထဲသို့ ပြန်ရုတ်သိမ်းသည်။ သူ့အမူအရာ သက်သောင့်သက်သာ ဖြစ်သွား၏။
သူ၏ဓားများသည် ထိုသားရဲကျင့်ကြံသူကို ယှဉ်နိုင်စွမ်း မရှိမှတော့ သူ့အနေဖြင့် ပြန်သိမ်းထားလိုက်တာကသာ ပိုကောင်းပေသည်။ အဆိုးဆုံးဖြစ်လာခဲ့လျှင်လည်း သူသည် ကောင်းကင်ရေခဲပုလဲကို ဖောက်ခွဲပစ်လိုက်ရုံသာ။ သားရဲကျင့်ကြံသူသည် ဟန်လိက မှော်ရတနာများ ပြန်သိမ်းဆည်းလိုက်တာ မြင်သည့်အခါ ကျေနပ်သွားသည်။
“ကျုပ်က လူသားတွေနဲ့ စကားပြောရဆိုရတာ သဘောကျတယ်။ အရင်ဆုံး မင်းဟာကို ပြန်ပေးလိုက်မယ်…”
သူသည် စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ကို ကြည့်ပင် မကြည့်ဘဲ ဟန်လိထံ ပြန်ပစ်ပေးလိုက်သည်။ ဟန်လိသည် ၎င်းကို ဖမ်းယူလိုက်ပြီး အတော်လေး စိတ်အေးသွားမိသည်။
ထိုသားရဲကျင့်ကြံသူသည် ဟန်လိကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ရောင်းရင်းအနေနဲ့ ကျုပ်ရဲ့ လှိုဏ်ဂူထဲ လည်ပတ်ကြည့်ဖို့ စိတ်ဝင်စားပါသလား။ ဒါက လူသားကျင့်ကြံသူတစ်ယောက်ကို ကျုပ်အနေနဲ့ ပထမဆုံး ဖိတ်ခေါ်ဖူးတာပဲ…”
နတ်ဆိုးသားရဲကျင့်ကြံသူ၏ လေသံသည် ယဉ်ကျေးပျူငှာဟန် ပေါက်နေသော်လည်း ဟန်လိသည် မည်သို့ ငြင်းဆန်ရပါမည်နည်း။ သူ့၌ အားတင်းပြုံး၍ ခေါင်းညိတ်ရုံကလွဲ၍ အခြား ရွေးချယ်စရာ မရှိလေပေ။
နတ်ဆိုးကျင့်ကြံသူက ဟန်လိ သဘောတူတာ မြင်သည့်အခါ၌ ကျေနပ်သွား၏။ သူက သူ့လက်ကို ပင့်မြှောက်လိုက်သည်။ သူ၏လက်ထဲ၌ အပြာရောင်အလင်းလုံးတစ်လုံး ပေါ်လာသည်။ ထို့နောက်တွင် ၎င်းအလင်းလုံးသည် အဆများစွာ ပိုကြီးမားလာပြီး ဟန်လိကို လွှမ်းခြုံသွား၏။
ဟန်လိ၏ မျက်နှာထက်၌ တုန်လှုပ်ဟန် ဖြစ်ပေါ်၏။ သို့ပေမည့် သူက မခုခံပေ။ အပြာရောင် တစ်ချက်လင်းဖြာသွားပြီး နတ်ဆိုးသားရဲကျင့်ကြံသူက သူ့ကို အပြာရောင်အလင်းနှင့် ခြုံလွှမ်းစေလျက် ခေါ်ဆောင်သွားသည်။ သည့်နောက်မှာ သူတို့သည် ရေကန်ထဲသို့ ကျဆင်းသွားကြ၏။
ဟန်လိသည် သူ့ဘေးပတ်လည်၌ အပြာရောင်အလင်းလုံးမှ ဖြာထွက်နေသော ခပ်သဲ့သဲ့အလင်းကြောင့် ရေအောက်လောကကို ရှင်းလင်းစွာ မြင်ရ၏။ လက်ဝါးအရွယ် အဖြူရောင်ငါးများကလွဲ၍ သည်ရေကန်ထဲတွင် အခြားသတ္တဝါများ ရှိမနေပေ။ ပင်လယ်တွင် ပေါက်သော အပင်များပင် ရှိမနေချေ။ သားရဲကျင့်ကြံသူသည် ရေအောက်မြင်ကွင်းက ဟန်လိကို ဖမ်းစားနေတာ မြင်သည့်အခါ သူက ပြုံးသည်။
ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက်မှာ ရေပူဖောင်းသည် ရပ်တန့်သွားပြီး ခဏ တုန်ခါကာ ဘေးတစ်ဖက်သို့ တိုးဝင်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်း ဟန်လိသည် သူ့ရှေ့၌ အနက်ရောင်ကျောက်တံခါးကြီးတစ်ခု ရှိနေတာကို မြင်ရလေသည်။ ထိုတံခါးသည် အဖြူရောင်အလင်း တောက်ပလျက် ရှိသည်။ ၎င်းကို အတားအဆီးတစ်ခုက ခြုံလွှမ်းထားတာ သိသာသည်။
နတ်ဆိုးသားရဲကျင့်ကြံသူက တံခါးထံ လက်ညွှန်ပြီး ပြောလိုက်သည်။
“ကျုပ်တို့ ရောက်ပြီ။ ကျုပ်ရဲ့ ရိုးရှင်းနိမ့်ကျတဲ့အိမ်ကနေ ကြိုဆိုပါတယ်။ ရောင်းရင်းအနေနဲ့ မလှောင်ရယ်ဖို့တော့ ကျုပ်အနေနဲ့ မျှော်လင့်မိပါတယ်…”
ဟန်လိက အားတင်း၍သာ ပြုံးပြရတော့၏။ သူက နှုတ်ဆိတ်၍သာ နေနေသည်။
ရေပူဖောင်းက ထိုတံခါးနှင့် ထိမိချိန်တွင် တံခါးသည် အဖြူရောင်အလင်းလွှာတစ်ခုအသွင် လှစ်ဟပေါ်ပြီး ပွင့်ဟသွားသည်။ သူတို့က ၎င်းထဲ ဖြတ်သန်းလာကြပြီးနောက်မှာ ခြောက်သွေ့သော လျှောက်လမ်းတစ်ခုထဲ ဝင်လာခဲ့ကြသည်။ သည့်နောက်မှာ ဟန်လိ၏ ဘေးပတ်လည်ရှိ ပူဖောင်းသည် ပျောက်ကွယ်သွားသည်။
ကျောက်နံရံများထဲ၌ ပုလဲမျိုးစုံ မြှုပ်ထားလျက် ရှိ၏။ ၎င်းတို့ထံမှ အလင်းပြန်နေသဖြင့် လျှောက်လှမ်းသည် နေ့အချိန်ကဲ့သို့ပင် အလင်းဓာတ် ရနေသည်။ ၎င်းတို့မှာ သာမန်ကာလျှံကာပုလဲများ ဟုတ်မနေပေ။ ယင်းတို့သည် ပင်လယ်ကြမ်းပြင် အနက်ရှိုင်းဆုံးတွင် နေထိုင်ကျက်စားသော နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိသည့် မုတ်ကောင်များထံမှ ပုလဲများ ဖြစ်ကြလေ၏။ ၎င်းတို့သည် မီးနှင့်ရေဓာတ်နှစ်မျိုးလုံးကို တွန်းကန်ပေးနိုင်သည့် ထူးခြားသော ဂုဏ်သတ္တိရှိ၏။
“ကျေးဇူးပြုပြီး…ဝင်လာခဲ့ပါ…တာအိုရောင်းရင်းရေ…” နတ်ဆိုးသားရဲကျင့်ကြံသူသည် ဟန်လိ အံ့ဩထိတ်လန့်နေတာ မြင်သည့်အခါ သူက ဂုဏ်ယူစွာ မခံစားမိဘဲ မနေနိုင် ဖြစ်ရသည်။ ဟန်လိသည် သည်လျှောက်လမ်းကို စိတ်ထဲ၌ အင်တင်တင်ဖြစ်လှစွာဖြင့် ကြည့်နေမိပေသည်။ သို့ပေမည့် အဆင့်ကိုးနတ်ဆိုးသားရဲက သူ့ကို စိုက်ကြည့်နေသည် မဟုတ်လား။ သူ့အဖို့ အရင်ဆုံး ရှေ့တည့်တည့် ဆက်သွားရန်သာ တတ်နိုင်၏။
မိုးပြာဝတ်စုံနှင့် သားရဲကျင့်ကြံသူက ဟန်လိ၏နောက်မှ ပျင်းရိပျင်းတွဲဟန်ဖြင့် လိုက်ပါလာသည်။
သည်လျှောက်လမ်းက ကြီးမားလှသည်ဟု မဆိုသာပေ။ ခဏအကြာတွင် ဟန်လိသည် သန္တာကျောက်မျိုးစုံဖြင့် ခြယ်မှုန်းဆင်ယင်ထားသော လှပသည့် ခန်းမတစ်ခုထဲသို့ ရောက်လာမှန်း တွေ့လိုက်ရသည်။ သည်ခန်းမ၏ အလယ်၌ တဖြတ်ဖြတ် တောက်ပနေသောကျောက်စိမ်းစားပြွတစ်လုံး ရှိပေသည်။ သည်ခန်းမ၏ ထောင့်တိုင်း၌ ကျော့ရှင်းသော အမွှေးတိုင်အိုးငယ်များ ရှိနေပြီး ၎င်းတို့အတွင်း၌ လက်ချောင်းအရွယ်ခန့်ရှိ အမွှေးတိုင်များက လောင်ကျွမ်းလျက် ရှိသည်။ ခန်းမတစ်ခုလုံးသည် ခပ်သင်းသင်းမွှေးရနံ့နှင့် ထုံသင်းနေလေသည်။