← Chapters

တိုးတက်မှု

Vol. 39 Ch. 544

တိုးတက်မှု

Vol. 39 Ch. 544

ဟန်လိ၏ မျက်လုံးထဲ၌ မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် မကြာခင်တွင် စိတ်ပျက်မှုက ပြန်အစားထိုးသွားသည်။ ထိုဓားငယ်သည် လက်မအနည်းငယ်လောက်ထိသာ ဖောက်နိုင်ပြီး သည့်နောက်မှာ တန့်သွား၏။ ၎င်းဓားငယ်၏ တောက်ပသော အလင်းရောင်မှာလည်း နံရံအတွင်း၌ မှိန်ဖျော့သွားခဲ့သည်။ သားရဲကျင့်ကြံသူသည် ထိုသန္တာကျောက်နံရံအတွင်း၌ ရှိန်လောက်ဖွယ် အတားအဆီးများ အထပ်ထပ် ချထားခဲ့တာ ဖြစ်ရမည်။ ဟန်လိသည် ၎င်းကို သူ၏ မှော်ရတနာများဖြင့် ချိုးဖျက်နိုင်စွမ်း မရှိဖို့များသည်။

ဟန်လိသည် မျက်မှောင်ကြုတ်လျက် သူ့မှော်ရတနာကို ပြန်နှုတ်ယူပြီး ၎င်းကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ဆင့်ခေါ်လိုက်သည်။ ထို့နောက်တွင် သူက ခါးရှိ သားရဲသိုလှောင်အိတ်ထံ အလိုလို လက်ရောက်မိသွားသည်။ သူက ထိုနံရံရှိ အတားအဆီးများသည် မည်မျှ အစွမ်းထက်ပါစေ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ ကိုက်ဖြတ်ခြင်းကိုမူ ခုခံနိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်မှု ရှိသည်။ သို့ရာတွင် သူသည် ၎င်းတို့ကို အလျင်စလို မထုတ်လွှတ်သည့် အကြောင်းရင်းတစ်ခု ရှိနေသည်။

ပိုးတောင်မာများက ၎င်းအတားအဆီးများကို အချိန်တိုအတွင်း ဝါးမြိုနိုင်လိမ့်မည် မဟုတ်ပေ။ အချိန်ကြာသွားခဲ့လျှင် သားရဲကျင့်ကြံသူဖန်သည် ပိုးတောင်မာများ၏ လုပ်ဆောင်မှုများကို အာရုံခံမိသွားမည်သာ။ ထိုသားရဲ၏ အံ့ချီးဖွယ်အမြန်နှုန်းဖြင့်ဆို ဟန်လိအဖို့ သူ့လက်မှ လွတ်အောင် ထွက်ပြေးရန် နည်းလမ်း ရှိမနေပေ။ သက်ပြင်းလေးလံစွာ ချလိုက်မိပြီးနောက်မှာ ဟန်လိက ရန်လိုဟန်ဖြင့် နံရံကို တစ်ချက်ကြည့်ပြီး ကျောက်စိမ်းကုတင်ထံသို့ မျက်နှာပျက်ဖြင့် ပြန်လှမ်းသွား၏။

သူ့ဝမ်းဗိုက်ထဲ၌လည်း လောင်ကျွမ်းမှုကို သူ ခံစားနေရပြီ ဖြစ်၏။ ကြည့်ရတာ ကျောက်စိမ်းမီးအရက်က အစွမ်းပြလာပုံ ရသည်။

သူက ထိုအရက်ကို လစ်လျူမရှုဝံ့ပေ။ ထွက်ပြေးမည့် သူ့အတွေးများကို ဖယ်ရှားကာ ဤအခိုက်အတန့်၌ သူသည် ချီစတင် သန့်စင်တော့သည်။ သူ တင်ပလ္လင်ခွေ ထိုင်ပြီး မျက်လုံးမှိတ်၏။ မျက်မှောင်ကြုတ်လျက် ဟန်လိသည် သူ၏ သုံးရောင်စုံ ရွှေအမြုတေထံမှ မိုးပြာအမြုတေမီးတောက်တန်းတစ်ခုကို ထုတ်လွှတ်ကာ ကျောက်စိမ်းမီးအရက်ကို အလုံးတစ်ခုအဖြစ် သိပ်သည်းစေသည်။ မျက်စိတစ်မှိတ်အတွင်း အမြုတေမီးတောက်တန်းသည် ကျောက်စိမ်းမီးအရက်ကို အလုံးစုံ ထိန်းချုပ်ပြီး ဖြစ်၏။

ကျောက်စိမ်းမီးအရက်ကို သန့်စင်နေသော အမြန်နှုန်းမှာ နှေးလှ၏။ တစ်လလောက် ကြာပြီးသည့်အထိ အရက်၏ လေးပုံတစ်ပုံလောက်ကိုပင် မသန့်နိုင်သေးပေ။ ဖန်ရှီက ဟန်လိအနေဖြင့် ထိုအရက်ကို သန့်စင်ရန် နှစ်ဝက်လောက် အချိန်ကြာလိမ့်မည်ဟု ပြောခဲ့ခြင်းက လွန်လွန်ကဲကဲ ပြောခဲ့တာမျိုး မဟုတ်လေပေ။ သို့ပေမည့် သည်မျှ နှေးကွေးလှသော အမြန်နှုန်းက ဟန်လိကို စိတ်ကသိကအောက် ဖြစ်စေ၏။ သူက အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ အမှန်တကယ် ဝင်ရောက်နိုင်ခြင်း မရှိခဲ့လျှင် ထိုလေချိုးဖျက်ခြင်းသားရဲဖန်ရှီသည် သူ့အသက်ကို ချက်ခြင်း နှုတ်ယူလိမ့်မည်သာ။ ထို့ကြောင့် ဟန်လိသည် စိတ်ထဲ၌ ရတက်မအေး ဖြစ်နေရပြီး သူ၏ရွှေအမြုတေထံမှ အမြုတေမီးတောက်အားလုံးကို ထုတ်ဖော်လေတော့သည်။ ရလဒ်ကား အစိမ်းရင့်ရောင်အရည်ကို ခြုံလွှမ်းထားသော မိုးပြာမီးတောက်များ၏ ထုထည်သည် နှစ်ဆ ဖြစ်လာခြင်းပင်။ ဟန်လိသည် သူ့မှော်စွမ်းအားလုံးကို ထိန်ချန်မထားတော့ဘဲ အနှီအရက်ကို သန့်စင်တော့သည်။

ထိုအခါ သူ၏ မှော်စွမ်းအား ကုန်ခမ်းမှုသည် နှစ်ဆ ဖြစ်လာသည်။ သူ့မှော်စွမ်းအား လုံးဝ ကုန်ခမ်းခါနီးတိုင်း ဟန်လိသည် နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်တစ်စက်ကို သောက်၍ သူ့မှော်စွမ်းအားကို ပြန်ဖြည့်တင်းပေးသည်။

ထိုကဲ့သို့ သူ၏အမြုတေမီးတောက်ကို အင်ကုန်အားကုန် အသုံးပြု၍ နှစ်လကြာလောက် သန့်စင်ပြီးနောက်မှာ အရက်၏ သုံးပုံတစ်ပုံသာ သန့်စင်ရန် ကျန်တော့သည်။ ထိုအခါကျမျှ ဟန်လိသည် အတော်အတန် စိတ်အေးနိုင်တော့သည်။ ကံဆိုးသည်ကား မမျှော်လင့်ထားသည့် တစ်ခုက မကြာခင် ဖြစ်လာခြင်းပင်။ ထိုအဖြစ်သနစ်ကြောင့် ဟန်လိသည် သူ့ကိုယ်သူ သေမင်းတံခါးဝသို့ ရောက်သွားသည့်နှယ် ခံစားလိုက်ရ၏။ ၎င်းအဖြစ်မှာ သူ သားရဲကျင့်ကြံသူနှင့် ကြုံရသည့်နေ့၌ မြိုချခဲ့သော ကောင်းကင်ရေခဲပုလဲနှင့် ပတ်သက်သည်။ သူက ၎င်းပုလဲကို သားရဲကျင့်ကြံသူနှင့် ရင်ဆိုင်နိုင်ရန် နောက်ဆုံးဝှက်ဖဲအဖြစ် သူ့ဝမ်းဗိုက်ထဲမှာ ဆက်ရှိနေစေခဲ့တာ ဖြစ်၏။

တစ်နေ့၊ ဟန်လိက သူ၏မှော်စွမ်းအားအားလုံး ကုန်ခမ်းခါနီးအချိန် နှစ်အသင်္ချေနို့ရည်ကို သောက်မည်ဟု တွေးနေရုံ ရှိသေး ကောင်းကင်ရေခဲပုလဲပေါ်ရှိ မိစ္ဆာဖယ်ရှားခြင်းနတ်လျှပ်စီး၏ အပေါ်ယံအလွှာသည် ရုတ်တရက် မတည်မငြိမ် ဖြစ်လာခဲ့ပေသည်။

သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို အာရုံအပြည့်အဝထားပြီး စောင့်ကြည့်နေသော ဟန်လိသည် ထိုမြင်ကွင်းကြောင့် ခြေမကိုင်လက်မကိုင် ဖြစ်သည့်အထိ တုန်လှုပ်သွားတော့၏။ ထိုအခိုက်တွင် သူ၏ မှော်စွမ်းအားမှာလည်း လုံးဝ ကုန်ခမ်းနေပြီ။ အရေးပေါ် မည်သည့်မှော်ရတနာကိုမျှလည်း ထုတ်ယူနိုင်စွမ်း မရှိတော့ပေ။ ပုလဲ၏ အပြင်ပိုင်းသည် သူ့မျက်စိရှေ့မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသည့်အခါ သူသည် အကြွင်းအကျန်ကျောက်စိမ်းမီးအရက်ကို ကောင်းကင်ရေခဲပုလဲကို လုပ်မိလုပ်ရာ သဘောဖြင့် ဝန်းရံခြုံလွှမ်းစေလိုက်သည်။

သူ့စိတ်နှလုံးကား ခုန်ပေါက်နေ၏။ သူသည် ၎င်းခြုံလွှမ်းမှုမြင်ကွင်းကို ဖြူရော်စွာ စောင့်ကြည့်နေမိသည်။ ကျောက်စိမ်းအရက်ကို ကောင်းကင်ရေခဲပုလဲအား ခြုံလွှမ်းစေခြင်းသည် မည်သို့တုန့်ပြန်မှု ဖြစ်လာမလဲကို မိုးကောင်းကင်ကသာ သိနိုင်ပေတော့မည်။ ဟန်လိသည် ထိုပုလဲကသာ ပေါက်ကွဲလာခဲ့လျှင်ဟု စိတ်ကူး နေမိပြီး သူ့ခန္ဓာကိုယ်ရှိ သွေးကြောများထဲ၌ပင် ချွေးစေးများ ပြန်နေသလိုနှယ် ခံစားမိရသည်။

သူ ကံကောင်းသွား၏။ ကောင်းကင်ရေခဲပုလဲသည် အရက်ဖြင့် ထွေးခြုံခံရပြီးနောက် ပြန်တည်ငြိမ်သွားလေ၏။ ဟူး…။ သူ သက်ပြင်းရှည် မှုတ်ထုတ်လိုက်ပြီး နဖူးမှ ချွေးစေးများကို သုတ်လိုက်၏။ သူသည် သေမင်းတံခါးဝမှ လက်မတင်လေး လွတ်လာသည့်နှယ် ခံစားမိရသည်။

သူက နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်ကို ခပ်မြန်မြန် မြိုချ၏။ သူ့မှော်စွမ်းအားများ ပြန်ပြည့်တင်းလာပြီးမှ သူက ပုလဲကို ဝမ်းဗိုက်ထဲကနေ ပြန်ထွေးထုတ်ပြီး အပြင်ဘက် သိုလှောင်အိတ်ထဲမှာသာ ထည့်သိမ်းလိုက်တော့သည်။ ထိုပုလဲကို သူ၏ ခန္ဓာကိုယ်တွင်း၌ ထားထားခြင်းကား မီးနှင့် ကစားရသလိုမျိုး မဟုတ်လား။

အားလုံး အဆင်ပြေသွာပြီးမှ သူက သူ့ခန္ဓာကိုယ်ကို ထပ်မံ စစ်ဆေးကြည့်၏။ ထိုအခါ သူပင် မသိလိုက်ရပါဘဲ သူ၏အဆင့်တစ်ဆို့မှုမှာ ကျိုးပျက်သွားပြီး အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး ဖြစ်တာကို သူ တွေ့လိုက်ရသည်။ စစချင်းတော့ ဟန်လိသည် အကြောင်သား ဖြစ်နေသေး၏။ ပြီးမှ သူသည် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

အမှန်တိုင်းဆိုရလျှင် သူသည် ကျောက်စိမ်းမီးအရက်၏ ထူးထူးခြားခြား အာနိသင်ကို မခံစားမိခဲ့ပေ။ ထိုအရက်ကို လုံးဝ သန့်စင်ရခြင်း မရှိသေးဘဲ အဆင့်တစ်ဆို့မှုကို ချိုးဖျက်နိုင်ခဲ့သည့်အပေါ် သူသည် လုံးဝ အံ့အားတသင့် ဖြစ်ရသည်။

သူ၏ ကျင့်ကြံမှု တိုးတက်လာသည်ဖြစ်၍ ဟန်လိသည် ဝါးတိမ်အုပ်ဓားနှစ်ဆယ့်လေးလက်ကို ထုတ်ကာ စမ်းသပ်ကစားကြည့်သည်။ သူ၏ ခွန်အားကား ရုတ်တရက်ကြီး အမှန်တကယ် တိုးတက်လာခဲ့တာကို သူ တွေ့ရှိသည်။

ဟန်လိသည် ပျော်မြူးသွားသော်ငြား ကျန်ကျောက်စိမ်းမီးအရက်ကို အလကားဟသ ဖြုန်းတီးပစ်ရန်တော့ စိတ်ကူးမထားပေ။ ကျန်သည့်နှစ်လတွင် သူ့ကျင့်ကြံမှု တိုးတက်ခြင်းဖြစ်စဉ်ကို ခိုင်မာအောင် လုပ်နေရင်း သူက ကျန်အရက်များကို သန့်စင်ပစ်သည်။ ယင်းနောက်မှာမူ အဆင့်ကိုးလေချိုးဖျက်ခြင်းသားရဲက သူနှင့် ပတ်သက်ပြီး မည်သည့်ရည်ရွယ်ချက် ရှိသလဲဟု သူ စဉ်းစားနေသည်။

နှစ်ဝက်ဟူသည့် အချိန်ကာလမှာ တဖြည်းဖြည်း ကုန်လာနေပြီ ဖြစ်၏။ ဟန်လိ၏မျက်နှာမှာလည်း ပိုပျက်လာသည်။ သူ့မျက်လုံးထဲ၌လည်း စိတ်ပူပန်မှုက အထင်းသား ပေါ်နေ၏။

နှစ်ဝက်တာ အချိန်ကုန်ဆုံးပြီး ရက်ပိုင်းအကြာတွင် သန္တာကျောက်နံရံသည် ပွင့်ဟလာ၏။ ဖန်ရှီ၏ ဂရုမစိုက်သည့် လေသံနှင့် အသံက အခန်းထဲသို့ တိုးဝင်လာခဲ့သည်။

“ရောင်းရင်းလီ…ထွက်လာခဲ့တော့။ အချိန်ကျပြီ။ မင်းရဲ့ ကျင့်ကြံမှုကော တိုးတက်လာခဲ့လား…”

ကျောက်စိမ်းကုတင်ပေါ်တွင် ထိုင်နေလျက်ကနေ ဟန်လိသည် စိတ်ခံစားချက်ကင်းမဲ့ဟန်ဖြင့် မျက်လုံးဖွင့်ကြည့်၏။ သူက မည်သည့်စကားမျှ ခွန်းတုန့်မပြန်နေဘဲ အခန်းထဲကနေ ထွက်လာခဲ့သည်။ ဖန်ရှီသည် မျက်လုံးမှေးစင်းလျက် အခန်းအပြင်ဘက်တွင် သူ့ကို စောင့်နေသည်။

ထိုသားရဲကျင့်ကြံသူသည် အခန်းထဲမှ ထွက်လာသော ဟန်လိကို စစ်ဆေးကြည့်သည်။ ခဏအကြာတွင် သူက သူ့လက်ဝါးနှစ်ဖက်ကို ပွတ်သပ်ပြီး အူလှိုက်အသည်းလှိုက် ရယ်မောတော့သည်။

“ကောင်းတယ်…ကောင်းတယ်…။ ရောင်းရင်းလီက အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ကို ဝင်ရောက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ကြည့်ရတာာ ကျုပ်ရဲ့ ကျောက်စိမ်းမီးအရက်က အလကားဟသ မဖြစ်သွားဘူးပဲ…”

ဖန်ရှိသည် အတော်လေး ပျော်ရွှင်သွားသည်။ ဟန်လိ၏ အောင်မြင်မှုက သူ၏ ရည်ရွယ်ချက်ကို ဖြည့်တင်းပေးနိုင်တော့မည် မဟုတ်လား။ ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏စိတ်ထဲ၌ တုန်လှုပ်ချောက်ချားနေမိသည်။

ဖန်ရှီသည် တဟားဟား ရယ်မောကာ ဟန်လိကို ပြောလာသည်။

“ရောင်းရင်းလီ…ကျုပ်နောက်ကို လိုက်ခဲ့ချေ။ ကျုပ် မင်းကို ကျုပ်နဲ့ ရင်းနှီးတဲ့ နတ်ဆိုးသားရဲ အပေါင်းအဖော်နှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ကျုပ်ရဲ့ ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ကျုပ်အနေနဲ့ မင်းတို့သုံးယောက် ပူးပေါင်းလုပ်ဆောင်မှုကို လိုအပ်တယ်…”

“နောက်ထပ် စီနီယာနှစ်ယောက်လား…” ထိုစကားကို ကြားသည့်အခါ ဟန်လိသည် တုန်လှုပ်ရပြန်သည်။

“အမှန်ပဲ။ ကျုပ်ရဲ့ မိတ်ဆွေကောင်းနှစ်ယောက်လုံးဟာ ကနဦးဆင့်ကဲအသွင်ပြောင်းခြင်းအဆင့်မှာ ရှိကြတယ်။ မင်းတို့ လူသားအသုံးအနှုန်းနဲ့ဆိုရင်တော့ သူတို့က အဆင့်ရှစ်နတ်ဆိုးသားရဲတွေပေါ့။ ဒါပေမဲ့လို့ သူတို့နှစ်ယောက်လုံးဟာ ရှေးဦးမျိုးနွယ်ကနေ မွေးဖွားခဲ့ကြတာ။ ဒါ့ကြောင့် သူတို့ရဲ့ အစစ်အမှန် ခွန်အားဟာ ကျုပ်နဲ့ မတိမ်းမယိမ်းပဲ။ သူတို့ဟာ ဒီဒေသခံပင်လယ်ပြင် မျိုးနွယ်စုတွေရဲ့ ပါရမီရှင်တွေ ဖြစ်ကြတဲ့အတွက် သူတို့က မင်းလိုမျိုး လူသားကိုတော့ သဘောတွေ့ကြမှာ မဟုတ်ဘူး…”

ဖန်ရှီက ဟန်လိကို တစ်ချက်လှမ်းကြည့်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် သတိပေးလိုက်သည်။

စိတ်ထဲ တုန်လှုပ်ချောက်ချားနေရင်းဖြင့်ပင် ဟန်လိသည် တိတ်တဆိတ်သာ သဘောတူရတော့သည်။

ခဏအကြာတွင် ဖန်ရှီသည် ဟန်လိကို ခေါ်ပြီး ခန်းမကျယ်ထံ ရောက်လာသည်။ ထိုတွင် သူသည် ဖန်ရှီပြောခဲ့သော သူ့မိတ်ဆွေနှစ်ယောက်ကို မြင်ရလေ၏။ ဟန်လိအနေဖြင့် သူ့မျက်နှာထက်တွင် တုန်လှုပ်သည့်ဟန် မဖြစ်ပေါ်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

သူတို့ထဲမှ တစ်ယောက်သည် ရေနဂါးဦးခေါင်း၊ သံမဏိအမြှီးကို ပိုင်ဆိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သွေးနီရောင်ကြေးခွံများက ဖုံးအုပ်ထားသည်။ အခြားတစ်ယောက်ကမူ ခန္ဓာကိုယ်ကြီးကြီးနှင့် မိုးပြာမျက်နှာနှင့် ဖြစ်ကာ လိပ်ခွံကို ပိုင်ဆိုင်ထားသည်။ ထိုရေနဂါးသည် သူအရင်တုန်းက မြင်တွေ့ခဲ့ဖူးသည့် မြူကျွန်းအနီးဝန်းကျင်၌ ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့သော ရေနဂါးနှင့် အတော်လေး တူသည်။

အခြားသားရဲကမူ ထိုစဉ်တုန်းက ၎င်းရေနဂါး နတ်ဘုရားပြစ်ဒဏ်ကို ခံယူနေသော လိပ်ကြီး ဖြစ်ဖို့များသည်ဟု ဟန်လိအနေဖြင့် ဝိုးတဝါး ခန့်မှန်းမိသည်။

ဖန်ရှီ ရောက်လာချိန်တွင် အဆင့်ရှစ်သားရဲနှစ်ကောင်သည် သူတို့ထံသို့ ခေါင်းငဲ့ကြည့်လာသည်။ ရေနဂါးက ဟန်လိ၏ ဟန်ပန်ကို မြင်သည့်အခါ သူ၏ စိမ်းဖန့်ဖန့်မျက်လုံးသည် အေးစက်သွားပြီး သူက ဟန်လိကို စစ်ဆေးကြည့်သည်။

“ဘာဖြစ်လို့လဲ…လူသား။ မင်းက ကျုပ်ကို အရင်က မြင်ဖူးလို့လား…”

သူက အေးစက်စွာ မေးလိုက်သည်။

ဟန်လိသည် ချက်ခြင်းပင် ချီတုံချတုံ ဖြစ်သွားမိ၏။ အတိတ်တုန်းက သူသည် သွေးနီရောင်ဝတ်ရုံရှည်ကို အသုံးပြုခဲ့သောကြောင့် သူ့ရုပ်သွင်ကို တွေ့မြင်ခံခဲ့ရတာမျိုး မရှိခဲ့ပေ။ သို့ဖြစ်၍ ထိုစဉ်တုန်းက တိုက်ပွဲအကြောင်းကို ရှောင်ပြောတာကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက သူသည် ဒုက္ခရှာသလို ဖြစ်သွားနိုင်၏။ သူ့တွင် ရွေးချယ်စရာ မရှိတော့၍ ထိုရေနဂါးကို လိမ်ညာရတော့သည်။

ယင်းအတွေးဖြင့် ဟန်လိသည် ချောင်းဟန့်ကာ အတည်ငြိမ်ဆုံး ဖြစ်စေပြီး ပြောသည်။

“ကျနော်က စီနီယာကို ခုမှ ပထမဆုံး မြင်ဖူးတာပါ။ ဂျူနီယာရဲ့ အတွေ့အကြုံက နိမ့်ပါးလွန်းတဲ့အတွက် အခုမတိုင်ခင်ထိ အစစ်အမှန် ရေနဂါးကို မမြင်ဖူးခဲ့ပါဘူး။ ဒါ့ကြောင့် ကျနော်ဟာ ဘယ်လို ယဉ်ယဉ်ကျေးကျေး ပြုမူရမလဲ ဆိုတာကို မေ့သွားခဲ့တာပါ။ စီနီယာ ဗွေမယူဖို့ မျှော်လင့်မိပါတယ်….”

အကူအညီမဲ့စွာဖြင့် ပြဿနာကို ရှောင်နိုင်ရန် ဟန်လိသည် နှိမ့်ချစွာ ပြောလိုက်လေ၏။

All Chapters