← Chapters

မိုးကြိုးမုန်တိုင်းတောင်ပံများ

Vol. 39 Ch. 545

မိုးကြိုးမုန်တိုင်းတောင်ပံများ

Vol. 39 Ch. 545

လက်ထဲပ ရွှန်းလဲ့တောက်ပသည့် ပုလဲလုံးကြီးကို ဆော့ကစားနေသော ရေနဂါးက ဟန်လိထံ အေးစက်ရန်လိုသည့်အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။

“ဟက်…မင်းတို့လူသားတွေအားလုံးဟာ ဉာဏ်များကောက်ကျစ်ပြီး အရှက်မရှိကြဘူး။ မင်းက ကျုပ်ကို အရင်က မြင်ဖူးလည်း ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းအနေနဲ့ လိမ်မာပါးနပ်ရင်တော့ ပိုကောင်းလိမ့်မယ်…”

ဟန်လိ၏စိတ်ထဲ မသိမသာ တုန်ရင်သွား၏။ သို့သော် ခါးသက်စွာ ရယ်မောလိုက်ရုံကလွဲ၍ အခြား ဘာမျှတော့ သူ မပြောလိုက်ပေ။

အခြေအနေများက သူ့သဘောကျ မဟုတ်တော့တာ မြင်သည့်အခါ ဖန်ရှီက ကြားကနေ ခပ်မြန်မြန် ဝင်ပြောလာ၏။

“တော်လောက်ပြီ။ ရောင်းရင်းလီဟာ ခုဆို ခင်ဗျားရဲ့ ညီအဖြစ် သတ်မှတ်လို့ ရနေပြီပဲ။ ကျုပ်က ခင်ဗျားတို့ သုံးယောက်လုံးဆီက အကူအညီလိုချင်နေတာ။ ခင်ဗျားတို့ထဲက တစ်ယောက် မရှိတာနဲ့ ကျုပ်အတွက် ပြဿနာ တက်နိုင်တယ်…”

ထို့နောက်တွင် သူက ထိုနှစ်ယောက်နှင့် ခပ်လှမ်းလှမ်းရှိ ခုံတစ်ခုံတွင် သွားထိုင်ခိုင်း၏။

ရေနဂါးသည် သူ့ရှေ့၌ အရက်ခွက်ကို ချလိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“အစ်ကိုဖန်…ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် သိတာ နှစ်အနည်းငယ် ရှိခဲ့ကြပြီ။ ခင်ဗျားက အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာကြောင့်များ လျှို့ဝှက်လွန်းနေတာလဲ။ ခင်ဗျား ကျုပ်တို့ကို ခုထိ မရှင်းပြရသေးဘူး။ ဒါ့အပြင် ခင်ဗျားဟာ လူသားကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ ဒီလို သေးနုပ်တဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဆီကလည်း အကူအညီ တောင်းထားသေးတယ်…”

“အမှန်ပါပဲ။ ကျုပ်လည်း အတော်လေး သိချင်နေတာ။ ခင်ဗျားက ကျုပ်တို့နှစ်ယောက်ကိုလည်း အတူတူ လာခိုင်းထားသေးတယ်။ အစ်ကိုဖန်က အန္တရာယ်ရှိတဲ့ တစ်ခုခုကိုများ လုပ်ချင်နေတာလား…”

ကျောပေါ်တွင် ထူထဲသည့် လိပ်ခွံကြီးနှင့် သားရဲလိပ်ကြီးက မျက်မှောင်ကြုတ်၍ ပြောလာ၏။ သူ၏ခန္ဓာကိုယ်က ကြီးမားလွန်းသော်လည်း အတော်လေး အတော်လေး တွန့်ဆုတ်ဆုတ် ဖြစ်တတ်ပုံ ပေါ်သည်။

ဖန်ရှီက ပြုံးပြီး သူ့လက်နှစ်ဖက်ကို မသိမသာ ကား၍ ပြောလိုက်သည်။

“စိတ်ပူဖို့ မလိုပါဘူး…ရောင်းရင်းကွေ။ ကျုပ်က ရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် ဒါမှမဟုတ် အန္တရာယ်များတဲ့ ဧရိယာဆီ ခရီးနှင်ဖို့အတွက် ခင်ဗျားတို့ကို ခေါ်လိုက်ရတာ မဟုတ်ပါဘူး။ ကျုပ်က မှော်ရတနာတစ်ခုကို သန့်စင်ချင်လို့သာ ခင်ဗျားတို့ရဲ့ အကူအညီ လိုချင်တာပါ…”

“မှော်ရတနာသန့်စင်ဖို့လား…” လိပ်နှင့် ရေနဂါးတို့သည် ခဏ ကြောင်သွားပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြ၏။ ဟန်လိ၏မျက်နှာထက်တွင်လည်း အံ့အားသင့်ဟန် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ဖန်ရှီသည် အလေးအနက်ဟန်ဖြင့် ဖြည်းဖြည်းချင်း ပြောလေ၏။

“အမှန်ပါပဲ။ ကျုပ်က ကျုပ်ခန္ဓာကိုယ်နဲ့ အပ်စပ်မဲ့ မှော်ရတနာတစ်ခုကို သန့်စင်ဖို့အတွက် ပြင်ဆင်နေတာပါ…”

“ကျုပ် ကြားရတာ အမှန်ပဲလား။ အစ်ကိုဖန်က မှော်ရတနာတစ်ခုကို သန့်စင်ချင်တာလား။ ကျုပ်တို့ရဲ့ သားရဲကျင့်ကြံသူခန္ဓာကိုယ်တွေဟာ ဘယ်မှော်ရတနာထက်မဆို ပိုသာတာကို မေ့နေပြီလို့တော့ ကျုပ်တို့ကို လာမပြောလေနဲ့။ ခင်ဗျားရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ထက် ပိုသန်မာတဲ့ သတ္တုအမယ်က ဘယ်လိုအရာမျိုးလဲ၊ ဟုတ်ကောဟုတ်ပါ့မလား…”

ရေနဂါးက လက်မခံဟန်ဖြင့် ခေါင်းခါ၏။

သားရဲလိပ်ကလည်း သဘောတူပြီး ခေါင်းညိတ်၏။ သူက ပြောလိုက်သည်။

“အစ်ကိုဝူရဲ့ စကားက သံသယရှိစရာ မလိုအောင် မှန်တယ်။ ဘယ်မှော်ရတနာပဲ ဖြစ်ဖြစ် ကျုပ်တို့ သားရဲကျင့်ကြံသူတွေရဲ့ မွေးရာပါခန္ဓာကိုယ်ထက်စာရင် နိမ့်ကျတာပဲ။ ဒီလို ပြင်ပအရာမျိုးအပေါ်မှာ အချိန်ဖြုန်းတာထက်စာရင် ကိုယ်ပိုင်စွမ်းရည်နဲ့ ကျင့်ကြံတာကမှ ပိုသာဦးမယ်မလား။ ဥပမာ အစ်ကိုဝူရဲ့ ရေနဂါးဖွဲ့စည်းမှုပုံစံဖြစ်တဲ့ သူ့မွေးရာပါ ရေဓာတ်ပညာရပ်တွေဆို နည်းနည်းလောက် ကျင့်ကြံလိုက်ရုံနဲ့ အခြားမျိုးနွယ်တွေထက် အဆတစ်ရာလောက် ပိုအားကောင်းတယ်မလား။ ခင်ဗျားရဲ့ စိတ်ဝိညာဉ်ငှက်အသွင်ဖွဲ့စည်းမှုပုံစံနဲ့ဆို ခင်ဗျားဟာ လေဓာတ်ပညာရပ်တွေနဲ့ ပတ်သက်ပြီး ထူးထူးကဲကဲ ပါရမီကောင်းလှတယ်မလား။ ခင်ဗျားရဲ့ မီးမုန်တိုင်းတောင်ပံကို ပိုနက်နဲတဲ့အဆင့်ထိ ကျင့်ကြံပြီးရင် ခင်ဗျားဟာ ခဏလေးအတွင်း မိုင်ပေါင်းတစ်သောင်းကို သွားလာနိုင်စွမ်း ရှိသလို ခင်ဗျားစိတ်ကြိုက် ပင်လယ်ပြင်မှာ သောင်းကြမ်းလို့လည်း ရဦးမယ်။ ကျုပ်ရဲ့ လိပ်ဖွဲ့စည်းမှုပုံစံကတော့ ခင်ဗျားတို့လောက် မထူးကဲလှပေမဲ့ ကျုပ်ရဲ့ လိပ်ခွံဟာ အာရုံခံစားမှုအသွင်ပြောင်းလဲခြင်းအဆင့်ထိ ကျင့်ကြံပြီးတာနဲ့ အဖိုးမဖြတ်နိုင်တော့ဘူးလေ။ လူသားကျင့်ကြံသူတွေ သန့်စင်ကြတဲ့ မှော်ရတနာတွေက ဘယ်လိုလုပ် ကျုပ်တို့ကို ယှဉ်နိုင်မှာလဲ…”

သူတို့၏စကားများကြောင့် ဖန်ရှီသည် ဒေါသမထွက်သွားပေ။ ထိုအစား သူက သက်သောင့်သက်သာဖြစ်စွာ ပြုံး၍ ပြောလိုက်သည်။

“ကျုပ် ကျင့်ကြံခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ကျုပ်ကလည်း ဒါတွေကို မသိဘဲ ဘယ်နေပါ့မလဲ။ ဒါပေမဲ့လို့ ကျုပ် သန့်စင်ချင်တဲ့ မှော်ရတနာဟာ နက်နဲထည်ဝါလွန်းတယ်။ ဒါက ဝိညာဉ်တောင်ပံတစ်စုံပဲ။ ဒီမိုးကြိုးမုန်တိုင်းတောင်ပံနဲ့ဆို ကျုပ်ဟာ ကောင်းကင်ယံထိ အကန့်အသတ်မရှိ သောင်းကြမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိတယ်…”

“မိုးကြိုးမုန်တိုင်းတောင်ပံလား…” လိပ်သားရဲသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားလေ၏။ သူသည် ဆွံ့အသွားမိသည်။

“အမှန်ပါပဲ။ လွန်ခဲ့တဲ့ နှစ်အချို့က ကျုပ်က ကျင့်ကြံဖို့အတွက် ပင်လယ်ပြင်အနက်ပိုင်းထဲ ခရီးနှင်ခဲ့တဲ့အချိန်မှာ ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ရဲ့ အပျက်အစီးအကြွင်းအကျန်တစ်ခုကို တွေ့ကြုံခဲ့ရပြီး အဲ့မှာ ဧရာမငှက်တစ်ကောင်ရဲ့ အကြွင်းအကျန်တွေကို ရှာတွေ့ခဲ့တယ်။ ဒီငှက်ကြီးရဲ့ ငွေရောင်တောင်ပံအရိုးတွေပဲ ကျန်နေတာဆိုပေမဲ့ ၎င်းတို့ဟာ အံ့အားသင့်ထိတ်လန့်ဖွယ် လျှပ်စီးစွမ်းအင်ပမာဏများစွာကို ပိုင်ဆိုင်ထားနေတုန်း ဖြစ်တယ်။ ကျုပ်က ဒီတောင်ပံတွေဟာ အထွတ်အထိပ်ဆင့်ကဲအသွင်ပြောင်းခြင်း လျှပ်စီးကျောက်သားရဲရဲ့ ဟာတွေဖြစ်လိမ့်မယ်လို့ ယူဆခဲ့တယ်။ မင်းတို့လည်း သိပါတယ်။ ဒီလျှပ်စီးကျောက်သားရဲဟာ အလွန်တရာ မြန်ဆန်တဲ့ အမြန်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ရှေးဦးငှက်သားရဲ ဖြစ်တယ်ဆိုတာကိုလေ။ ဒီသားရဲကို ငှက်အမျိုးအစား နတ်ဆိုးသားရဲတွေထဲမှာ ထိပ်ဆုံးအဆင့်တစ်ဆယ်ထဲမှာ ပါတယ်လို့လည်း သတ်မှတ်နိုင်တယ်။ ၎င်းရဲ့ အမြန်နှုန်းဟာ လျှပ်စီးလက်သလိုပဲ။ ကျုပ်တို့ လေချိုးဖျက်ခြင်းသားရဲတွေထက် အဆများစွာ သာလွန်တယ်။ ဒါ့ကြောင့် ကျုပ်လည်း အဲ့တောင်ပံအရိုးကို ကျုပ်ရဲ့ နေအိမ်လှိုဏ်ဂူဆီ ယူချလာပြီး စူးစမ်းခဲ့တယ်။ တခြား ငှက်တောင်ပံအမယ်တွေနဲ့အတူတူ အသုံးပြုပြီး လူသားတွေလို မှော်ရတနာကို ဖန်တီးခဲ့ပြီး ကျုပ်ရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ခဲ့တယ်…”

ဖန်ရှီ၏မျက်လုံးသည် အရောင်တောက်နေသည်။ သူ့စိတ်နှလုံးထဲရှိ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်သည့်အလား ထင်ရ၏။ ထို့နောက်တွင် သူက ထပ်ပြောသည်။

“ဒီတောင်ပံအရိုးတွေကို သန့်စင်ပြီးတဲ့နောက်မှာတော့ ဒီတောင်ပံတွေဟာ လျှပ်စီးဓာတ်တစ်မျိုးတည်းပဲ သီးသန့်ဟုတ်မနေဘူး။ လေဓာတ်စိတ်ဝိညာဉ်စွမ်းအားကို ထည့်ပေါင်းလိုက်မှသာ ကျုပ်က ဒါတွေကို အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်တယ်…”

“ဒါက ဖြစ်နိုင်လို့လား…” ရေနဂါးသည် သံသယဝင်ဟန် ပေါ်နေသည်။ သူ့ဘေးရှိ လိပ်သားရဲကလည်း အလားတူပင်။

“စိတ်မပူနဲ့။ ကျုပ်က ဒီတောင်ပံကို လေ့လာခဲ့တာ တစ်နှစ်လောက် ရှိခဲ့ပြီ။ ကျုပ်က ကျုပ်ရဲ့ ရုပ်သွင်ကိုပါ ပြောင်းလဲပြီး သူတို့ရဲ့ သန့်စင်ခြင်းနဲ့ ပတ်သက်တဲ့ ကျမ်းစာတွေ၊ ညွှန်ကြားချက်တွေအတွက် လူသားတွေဆီကိုပါ သွားခဲ့ပြီးဖြစ်တယ်။ အဲ့နောက်မှာတော့ ကျုပ်က ဒီနည်းလမ်းတွေကို ကျုပ်ရဲ့ မီးမုန်တိုင်းလေသန့်စင်ခြင်း နည်းလမ်းတွေနဲ့ ပေါင်းစပ်ပြီးတော့ ခုလိုမျိုး မှော်ရတနာတစ်ခုကို သန့်စင်မယ်လို့ စီစဉ်ခဲ့တာ။ ဒါက သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ကျုပ်အနေနဲ့ မပြောဝံ့ပေမဲ့ အောင်မြင်နိုင်ခြေကတော့ အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ရှိနေတယ်…”

လေချိုးဖျက်ခြင်းသားရဲသည် ယုံကြည်မှုရှိရှိဖြင့် ပြောလာသည်။ သူက အသံပို့လွှတ်၍ ပြောနေခြင်းပင်။ သူတို့၏ စကားများကို ဟန်လိ ကြားသွားမှာကို မလိုလားချေ။

ဟန်လိက ဘေးတွင် တည်ငြမ်စွာသာ ထိုင်နေပြီး ဖြစ်ပျက်သမျှကို မမြင်ချင်ယောင်ဆောင်ထားလေ၏။ သို့ပေမည့် စားပွဲပေါ်တွင် တင်ထားသော သူ့လက်နှစ်ဖက်ကမူ သူ၏ စိတ်ရှုပ်မှုနှင့် ကြောင့်ကြမှုကို အထင်းသား ပေါ်လွင်စေပြီး သူ၏ တည်ငြိမ်သောဟန်ပန်နှင့် ဆန့်ကျင်ဘက်ပင်။

ဟန်လိသည် ထိုနတ်ဆိုးသားရဲသုံးယောက်၏ အခြေအနေများသည် သူ့အဖို့ မထောင်းသာမှန်း၊ ကောင်းဖို့မဟုတ်မှန်း သိ၏။ သို့ပေမည့် သူ့၌ သူတို့ကို မေးခွန်းထုတ်ရန် အခွင့်အရေး မရှိပေ။ သူသည် သူ၏ သိချင်စိတ်ကို ဖိနှိပ်ထားပြီး တိတ်တဆိတ် မည်သို့ တုန့်ပြန်ရမလဲကိုသာ စဉ်းစားရုံ တတ်နိုင်လေ၏။

ဆွေးနွေးပြီးသည့်နောက်မှာ လိပ်သားရဲ၊ ရေနဂါးတို့သည် တဖြည်းဖြည်း သဘောတူလာသည်။

“ကောင်းတယ်။ အစ်ကိုဖန်က ဒီလို အခြေအနေတွေကို ထုတ်ဖော်ပြလာမှတော့ ကျုပ်တို့ကလည်း ခင်ဗျားကို ကျိန်းသေပေါက် ကူညီပေးမယ်…”

ထိုစကားကို ကြားသည့်အခါ ဖန်ရှီသည် ကျေနပ်ပျော်ရွှင်သွားပြီး ယုံကြည်မှုရှိစွာ ပြုံး၏။

“ခင်ဗျားရဲ့ မြေဓာတ်ပညာရပ်တွေနဲ့ဆို ခင်ဗျားရဲ့ မန္တာန်အစီအရင်တွေကို အသုံးပြုပြီး လျှပ်စီးဓာတ်စိတ်ဝိညာဉ်စွမ်းအားကို ယာယီတော့ ဖန်တီးနိုင်မှာပဲ။ ကျုပ်က အဲ့စွမ်းအားထဲကို လေစိတ်ဝိညာဉ်စွမ်းအား ပေါင်းထည့်နိုင်တယ်။ ဒါပေမဲ့လို့ စွမ်းအားတွေ မျှခြေဖြစ်နေဖို့အတွက်တော့ ကျုပ်တို့ဟာ ရောင်းရင်းလီရဲ့ သစ်သားဓာတ်ကျင့်ကြ့ခြင်းပညာရပ်တွေကို ကျုပ်တို့ လိုအပ်တယ်။ ဒါမှသာ စွမ်းအားတွေဟာ မပြန့်ကြဲသွားမှာ။ အဲ့လိုနည်းနဲ့ဆို လေနဲ့မိုးကြိုးဟာ အောင်မြင်နိုင်ပြီလို့ မျှော်လင့်လို့ ရပါပြီ…”

သူ့အကြည့်သည် ဟန်လိပေါ်သို့ ကျရောက်သွားပြီး ရုတ်တရက် သူက တစ်စုံတစ်ခုကို တွေးမိသွားပုံ ရသည်။ သူက ပြုံး၍ ပြောလာသည်။

“ရောင်းရင်းလီ…ကျုပ် မင်းကို ပြောမလို့ မေ့သွားတာ။ ဒီကျောက်စိမ်းမီးအရက်ဟာ လူသားရဲ့ ကျင့်ကြံမှုကို ကူညီပေးနိုင်ပေမဲ့ တကယ်တော့ ဒီအရက်ဟာ နတ်ဆိုးသားရဲတွေအတွက် ပြင်ဆင်ထားတာပဲ။ ဒါ့ကြောင့် လူသားကျင့်ကြံသူတွေဟာ ဒီအရက်ကို သောက်ရင် ဗရမ်းဗတာနိုင်တဲ့ အငြှိုးချီ ဖြစ်တာမျိုး ကြုံရနိုင်တယ်။ အခုချိန်မှာ ဘာမျှ မဖြစ်ပေမဲ့ အချိန်တစ်ခုကြာရင်တော့ ဒီအငြှိုးချီဟာ ပျံ့နှံ့ပြီး လူတစ်ယောက်ရဲ့ အစစ်အမှန်အနှစ်သာရနဲ့ ရောနှောသွားလိမ့်မယ်။ အဲ့အခါကျရင် လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအားဟာ ပြင်းထန်စွာ ပေါက်ကွဲမှုကို ဖြစ်စေလိမ့်မယ်…”

ထိုသို့ ပြောပြီးနောက်မှာ ဖန်ရှီက ပါးစပ် ချက်ခြင်းပိတ်ပြီး ဟန်လိကို တိတ်တဆိတ် အေးစက်စွာ စိုက်ကြည့်နေသည်။ ဟန်လိသည် မျက်မှောင်ကြုတ်၍ သက်ပြင်းသဲ့သဲ့သာ ချနိုင်တော့သည်။ သူက ကြောက်ရွှံ့လွန်းဟန်ကော၊ ဒေါသဖြစ်ဟန်ကော မပြချေ။

ဟန်လိက မေးလိုက်၏။

“အစ်ကိုဖန်က ဒီအငြှိုးချီကို ဖယ်ရှားပေးဖို့ ကျုပ်ကို ကူညီပေးချင်တယ်ဆို…ကျေးဇူးပြုပြီး ပြောပါဗျ။ ခင်ဗျားရဲ့ မှော်ရတနာသန့်စင်တာ အောင်မြင်သွားခဲ့ရင် ကျုပ်လည်း အသက်ရှင်နိုင်မယ် မလား…”

ဖန်ရှိ၏မျက်လုံးထဲ၌ ထိုအခိုက်တွင် အံ့အားသင့်ဟန် ဖြတ်ပြေးသွားသည်။ အခြားနတ်ဆိုးသားရဲနှစ်ယောက်ကလည်း ဟန်လိ၏ စကားကို ကြားသည့်အခါတွင် စိတ်ဝင်စားဟန် ဖြစ်ပေါ်သည်။

“ဟားဟား…ရောင်းရင်းလီက တယ်သိတတ်တဲ့သူပဲ။ ခင်ဗျားက သိပြီးပြီဆိုတော့ ကျုပ်လည်း ရှည်ရှည်ဝေးဝေး မပြောနိုင်ဘူး။ မိုးကြိုးမုန်တိုင်းတောင်ပံကိုသာ အောင်အောင်မြင်မြင် သန့်စင်ပြီးရင် ကျုပ်က အဲ့အငြှိုးချီကို ဖယ်ရှားပေးမှာပေါ့။ ဒါပေမဲ့ ကျရှုံးခဲ့ရင်တော့ ခင်ဗျားက ကျုပ်ရဲ့ ပထမဆုံး ဒေါသပုန်ချစရာ ဖြစ်လာလိမ့်မယ်။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေက ခင်ဗျားကို ကူညီပေးချင်တယ်ဆိုရင်တောင် သူတို့လည်း ကျောက်စိမ်းမီးအရက်ရဲ့ ဗရမ်းဗတာအငြှိုးချီကို ဖယ်ရှားပေးနိုင်မှာ မဟုတ်ဘူး…”

ဖန်ရှီက အေးစက်စွာ ပြောလိုက်ပြီး စိတ်ခံစားချက် နည်းနည်းလေးမျှ မထုတ်ဖော်ပြပေ။

“ကျုပ် ဘာလုပ်ရမယ်ဆိုတာ သိပါတယ်…” ဟန်လိက ခေါင်းညိတ်၏။ သူ့စိတ်ထဲ၌ ခါးသီးစွာ ပြုံးမိနေသည်။

ဟန်လိသည် အကူအညီမဲ့စွာ ခံစားနေရစဉ် နတ်ဆိုးသားရဲကျင့်ကြံသူသုံးယောက်သည် စားပွဲမှာ ထိုင်၍ အေးအေးဆေးဆေး စကားစမြည် ပြောနေကြသည်။

သန့်စင်ခြင်းသည် အောင်မြင်နိုင်ခြေများသည်ဟု ခံစားမိနေ၍ ဖန်ရှီက ရွှင်မြူးစွာဖြင့် ရေနဂါးကို မေးလိုက်၏။

“ညီလေးဝူရဲ့ နဂါးကလန်က အံ့ဖွယ်နက်ရှိုင်းပင်လယ်ပြင်ရဲ့ လူသားကျင့်ကြံသူတွေကို အပြင်းအထန် ထိုးနှက်တိုက်ခိုက်ခဲ့တယ်လို့ ကျုပ် ကြားသိခဲ့ရတယ်။ အဲ့ကိစ္စက အမှန်ပဲလား။ ကျုပ် ပြန်စဉ်းစားမိသလောက်ဆို ရေနဂါးတွေဟာ ဒီလိုကိစ္စတွေမှာ ဝင်ပါလေ့ မရှိပါဘူး…”

“ဟားဟား…။ အမှန်ပါပဲ။ အဲ့အချိန်တုန်းက ကျုပ်တို့ကလန်ရဲ့ ကျွမ်းကျင်သူအချို့ဟာ လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြတာ။ မဟုတ်ရင် အံ့ဖွယ်နက်ရှိုင်းပင်လယ်ရဲ့ အမှိုက်တွေက တိုက်ခိုက်မှု ဘယ်အောင်မြင်နိုင်ပါ့မလဲ။ ကျုပ်တို့ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် သူတို့ဟာ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို ရှင်းထုတ်နိုင်ခဲ့မှာ မဟုတ်ဘူး…”

ရေနဂါးသည် ဟန်လိ ရှိနေသော်ငြား ဤကိစ္စကို မဖုံးကွယ်ထားပေ။ ဟန်လိ၏မျက်နှာထက်တွင် မည်သည့်စိတ်ခံစားမှုမျှ မပေါ်လာခဲ့သော်လည်း သူသည် အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်ရလေ၏။

All Chapters