အထွတ်အမြတ်မူလကျောက်ပြား
Vol. 39 Ch. 546
ဟန်လိသည် ရေနဂါး၏ စကားကြောင့် စိတ်ရှုပ်ထွေးမိနေစဉ် ဖန်ရှိက တဟားဟား ရယ်မောကာ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်အချို့က ရောင်းရင်းတူဟာ ညီအစ်ကိုကွေးရဲ့ နတ်ဘုရားပြစ်ဒဏ်အတွက် ကာကွယ်ပေးသူအဖြစ် လုပ်ဆောင်ပေးခဲ့တဲ့အချိန် လူသားကျင့်ကြံသူသုံးလေးယောက်က သူ့ကို တိုက်ခိုက်ခဲ့တယ်လို့ ကျုပ် ကြားထားဖူးတယ်။ အဆုံးသပ်မှာ ခင်ဗျားက သူတို့ကို မောင်းထုတ်နိုင်ခဲ့ပေမဲ့ ဒဏ်ရာ အနည်းငယ် ရခဲ့တယ်ဆို။ ဒီတိုက်ပွဲရဲ့ ရလဒ်ကြောင့်များ ရေနဂါးကလန်က တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာလား။ ခင်ဗျားရဲ့ နတ်ဆိုးသားရဲကလန်ဟာ ကလန်ဝင်တွေအပေါ် အမြဲတမ်း အလေးထား ကာကွယ်ပေးလေ့ ရှိတယ်လေ…”
“အဲ့နှစ်ကာလတွေတုန်းကဆို အံ့ဖွယ်နက်ရှိုင်းကျွန်းပေါ်က ကျင့်ကြံသူတွေဟာ အလွန်ပဲ မောက်မာလွန်းခဲ့တယ်။ ပင်လယ်ပြင်ကို သူတို့အပိုင်လို့ အဲ့ကောင်တွေက အမှန်တကယ် ထင်မှတ်ခဲ့ကြတယ်။ သူတို့ဟာ ဖျက်စီးခံရဖို့ကို တောင်းဆိုနေခဲကြတာ။ ကျုပ်ရဲ့ အဖြစ်အပျက်ဟာ အဲ့တိုက်ခိုက်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးထဲက တစ်ခုသာသာပါပဲ…”
ထိုသို့ ပြောပြီး ရေနဂါးသည် ခဏရပ်ပြီးမှ ဆက်ပြောလာသည်။
“ဒါပေမဲ့ အရေးကြီးဆုံးကတော့ လူသားတွေဟာ အံ့ဖွယ်နက်ရှိုင်းကျွန်းရဲ့ ဧကရာဇ်ကလန်က အဆင့်ခုနစ်နဂါးခြင်္သေ့ကို တိုက်ခိုက်ခဲ့တာသာ ဖြစ်တယ်။ အဲ့လို တိုက်ခိုက်ခဲ့မှုရဲ့ အကျိုးဆက်ကြောင့် မြင့်မြတ်တဲ့ နဂါးခြင်္သေ့အရှင်ဟာ သူတို့ရဲ့ အင်အားတွေကို မဆိုင်းမတွ စုစည်းပြီး အသင်္ချေသားရဲနတ်ဆိုးအမိန့်စာချွန်ကို မဆိုင်းမတွ ထုတ်ပြန်ခဲ့တယ်။ ကျုပ်တို့ ရေနဂါးကလန်က အကူအညီပေးခဲ့တာဟာ နဂါးခြင်္သေ့ကလန်အတွက် လက်စားချေပေးဖို့ မဟုတ်ဘူး။ အဲ့အစား မျိုးဆက်အဆက်ဆက် လက်ကမ်းခဲ့တဲ့ အထွတ်အမြတ်မူလကျောက်ပြားကြောင့်ပဲ။ ဒီကျောက်ပြားဟာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးပြီး ၎င်းရဲ့ အစစ်အမှန်တန်ဖိုး မရှိတော့ဘူးဆိုပေမဲ့ ကျုပ်တို့ နတ်ဆိုးသားရဲကလန်တွေကြားမှာသာ ရှိနေရမဲ့ အရာသာ ဖြစ်တယ်။ ဒီဟာကို လူသားတွေလက်ထဲ ရောက်သွားခွင့် မပြုနိုင်ဘူး…”
ထို့နောက်တွင် ရေနဂါးသည် ဟန်လိထံ ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။
ဖန်ရှီ၏ အမူအရာက တင်းမာခက်ထန်သွားပြီး သူက ရေနဂါးကို ထူးခြားသည့်အပြုံးဖြင့် ကြည့်ကာ ပြောလာသည်။
“ကျုပ် ကြားတာကတော့ အထွတ်အမြတ်မူလကျောက်ပြားထက် စာရင် အသက်ခံလိုက်ရတဲ့ နဂါးခြင်္သေ့ကြောင့်တဲ့။ အမွေအနှစ်ပစ္စည်း မရှိဘဲနဲ့ နဂါးခြင်္သေ့ကလန်ဟာ အံ့ဖွယ်နက်ရှိုင်းကျွန်းရဲ့ အုပ်စိုးသူတွေအဖြစ် ဆက်ရှိနေဖို့ ခက်ခဲတာများလား။ ခင်ဗျားတို့ရဲ့ ရေနဂါးကလန်က သူတို့ကို ထိုင်ခုံပေါ်ကနေ ဖယ်ခိုင်းဖို့များ စဉ်းစားနေကြတာလား…”
“ဒါနဲ့ ပတ်သက်လို့တော့ ကျုပ်လည်း များများစားစား မသိဘူး။ တကယ်တော့ ကလန်ရဲ့ အတွင်းရေးကိစ္စတွေကို ကျုပ် သိပ်စိတ်မဝင်စားဘူး။ အထွတ်အမြတ်ကျောက်ပြားပေါ်မှာ မှတ်တမ်းတင်ထားတဲ့ အထွတ်အမြတ်မူလသုံးမျိုးပညာရပ်ကိုပဲ ကျုပ် အတော်လေး စိတ်ဝင်စားတယ်။ ကံဆိုးတာကတော့ ဒီပညာရပ်တွေဟာ အချိန်ကြောင့် ထိခိုက်ပျက်စီးနေခဲ့ပြီး ပြန်ပြုပြင်လို့ မဖြစ်နိုင်တော့တာပဲ…”
ရေနဂါး၏မျက်နှာထက်တွင် စိတ်လှုပ်ရှားဟန်ပေါ်လာပြီးနောက်မှာ စိတ်ထဲ မချင့်မရဲဖြစ်ဟန်က အစားထိုးသွားသည်။ သားရဲနတ်ဆိုးလိပ်က ရုတ်တရက် တဟားဟား ထရပ်မောပြီး ပြောလိုက်သည်။
“ဟားဟား….အစ်ကိုဝူကတော့ အတော်လေး လောဘကြီးသကို။ ဒီလျှို့ဝှက်ပညာရပ်တွေဟာ ကျုပ် အမြင်ရဆို ဒဏ္ဍာရီသပ်သပ်ပါပဲ။ ကျုပ်ကတော့ ဒီပညာရပ်တွေဟာ ခင်ဗျားတို့ဂိုဏ်းရဲ့ နဂါးဖြစ်တည်ခြင်းပညာရပ်တွေထက် သာလွန်နေလိမ့်မယ်လို့ မထင်ဘူး…”
ထိုစကားကို ကြားသည့်အခါ ရေနဂါး၏ မျက်နှာထက်တွင် ဂုဏ်ယူဟန် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်သွားသည်။
“ဒါက ဖြစ်နိုင်ပါတယ်။ ကျုပ်တို့ဂိုဏ်းရဲ့ နဂါးဖြစ်တည်ခြင်းပညာရပ်တွေဟာ အနက်ရှိုင်းဆုံးအဆင့်ထိ ကျင့်ကြံပြီးတဲ့အခါကျရင် ရေနဂါးတွေကို အစစ်အမှန်နဂါးအဖြစ် ပြောင်းလဲပေးနိုင်စွမ်းပါ ရှိတယ်။ ဒါ့ကြောင့် ဒီပညာရပ်ဟာ နတ်ဆိုးသားရဲတွေကြားမှာ အထွတ်အထိပ်ပညာရပ်ဖြစ်တာ သဘာဝပါပဲ…”
ဖန်ရှီသည် အပိုစကားထပ်မဆိုလေဘဲ တဟားဟား ရယ်မောကာ ပြောလိုက်သည်။
“အထွတ်အမြတ်မူလကျောက်ပြား” ဟန်လိက ထိုစကားကို ကြားသည့်အခါ သူသည် စိတ်ထဲ၌ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသော်ငြား သူ့ဟန်ပန်အသွင်ကိုမူ တည်ငြိမ်စွာ ဆက်ထားနိုင်စွမ်း ရှိလိုက်သည်။ ရုတ်တရက် သူက သူ မကြာသေးခင်က ရရှိခဲ့သော ကြေးပြားတစ်ခုအကြောင်းကို တွေးမိသွားသည်။ ထိုကြေးပြားသည် စွမ်းပကားကြီးမည့် သားရဲကျင့်ကြံခြင်းပညာရပ်များကို မှတ်တမ်းတင်ထားခဲ့သည် မဟုတ်လော။
သူ ရခဲ့သော ထိုကြေးပြားက သည်နတ်ဆိုးသားရဲများ ဆွေးနွေးနေကြသော ကျောက်ပြားများ ဖြစ်နိုင်သည်လား။ သူသည် အထွတ်အမြတ်မူလကျောက်ပြား၏ အသုံးဝင်မှုအတိအကျများကို မသိသော်ငြား ရှေးဦးချိန်တည်းက သားရဲကလန်များ၌ လက်ဆင့်ကမ်းခဲ့သော ပစ္စည်းဖြစ်မှန်း ကြားရပြီးနောက်မှာ အနှီကျောက်ပြားသည် ပြဿနာ ဖြစ်စေခဲ့သည့် အကြောင်းရင်းဟု သဘောပေါက်သွားခဲ့သည်။ အသားမည်းမည်းနှင့် ကျင့်ကြံသူက သားရဲစီးကြောင်းကို ဖြစ်စေခဲ့ခြင်း၏ အဓိကရန်စခဲ့သူ ဖြစ်နိုင်လောက်လား။ သို့ပေမည့် ထိုအသားမည်းမည်းကျင့်ကြံသူသည် ဟန်လိကဲ့သို့ပင် အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်၌သာ ရှိသေးသည်။ ထိုသူ့အဖို့ အဆင့်ခုနစ်သားရဲတစ်ကောင်ကို သတ်နိုင်ဖို့မှာ မဖြစ်နိုင်ခြေ။
ဟန်လိသည် ထိုသို့ တွေးမိနေစဉ် အထူးတလဲ စိတ်ပူပန်မနေပေ။ သူသည် ကံဆိုးမှုထဲ ကျရောက်ပြီးဟု ယူဆထားပြီး ဖြစ်၏။ သူ့အသက်သည် အချိန်မရွေး ဆုံးရှုံးသွားနိုင်သည် မဟုတ်လား။
ထိုစဉ် ဖန်ရှီက ဟန်လိဘက်သို့ လှည့်ကြည့်လာပြီး မထူးခြားနားစွာ ပြောလိုက်သည်။
“ရောင်းရင်းလီ…ခင်ဗျားက ခုလေးမှ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ကို ဝင်ရောက်ခဲ့တာ။ ခင်ဗျားရဲ့ ကျင့်ကြံခြင်းကို ပိုခိုင်မာအောင် လုပ်သင့်တယ်။ မှော်ရတနာသန့်စင်နေတဲ့ အတောအတွင်း ခင်ဗျားဟာ ရုတ်တရက် ခင်ဗျားရဲ့ မှော်စွမ်းအားကို အသုံးမပြုနိုင်တာမျိုး ဖြစ်သွားမှာကို ကျုပ် မလိုချင်ဘူး။ ဒီအလင်းအတိုင်း လိုက်သွားရင် ခင်ဗျား နည်းနည်းလောက် ထပ်ကျင့်ကြံနိုင်မဲ့အခန်းဆီ ရောက်သွားလိမ့်မယ်…”
ထိုသို့ ပြောပြီး သူက သူ့လက်ချောင်းတို့ဖြင့် အဖြူရောင်အလင်းလုံးတစ်လုံးကို တောက်ထုတ်လိုက်သည်။ ၎င်းက တံခါးများထဲမှ တစ်ခုထံ ဦးတည်သွားလေသည်။ ရွေးချယ်စရာ မရှိသည်ဖြစ်၍ ဟန်လိသည် အားတင်းပြုံး၍ ထရပ်ကာ ခန်းမထဲမှ ထွက်သွားသောအလင်းနောက်သို့သာ လိုက်လာခဲ့ရတော့သည်။ အမှန်တကယ်တော့ သူသည် နတ်ဆိုးသားရဲဂိုဏ်းများ၏ လျှို့ဝှက်အရေးကိစ္စများကို သည့်ထက်ပိုနားထောင်ချင်သေးသည်။
သူသည် ခန်းမအပြင်သို့ လျှောက်လာနေစဉ် ရုတ်တရက် ဖန်ရှီ၏ သတိပေးသံကို ကြားလိုက်ရသည်။
“ရောင်းရင်း…အခန်းထဲကနေ အလျင်စလို မထွက်ခွာပါနဲ့။ မဟုတ်ရင် ကျုပ်က နားလည်မှု လွဲသွားပြီး ပြဿနာ ပိုကြီးသွားလိမ့်မယ်…”
ဟန်လိ၏ နောက်ဘက်မှ နတ်ဆိုးသားရဲသုံးကောင်သည် ဟန်လိက စကားမဆိုလေဘဲ သူ့လမ်းအတိုင်း ဖြည်းဖြည်းချင်း ဆက်လျှောက်သွားတာကို မြင်နေရသည်။
ဟန်လိ ပျောက်ကွယ်သွားသော နေရာသို့ လှမ်းကြည့်နေသော ရေနဂါးက တမျိုးဖြစ်ဟန်ဖြင့် ပြောလာသည်။
“ပြဿနာတစ်ခု ရှိလို့လား။ ကျုပ် မြင်ရသလောက် ဒီကောင်လေးကလည်း မနာခံမဲ့ပုံ မပေါ်ပါဘူး။ ရတနာသန့်စင်နေတဲ့အချိန် မထင်မှတ်တာတစ်ခုခု ဖြစ်နိုင်လို့လား…”
ဖန်ရှီသည် နှာခေါင်းရှုံ့ကာ ဆက်ပြောသည်။
“စိတ်ချနေပါ။ မိုးကြိုးမုန်တိုင်းတောင်ပံတွေကို သန့်စင်ဖို့ အောင်မြင်မှုဟာ ကျုပ်တို့သုံးယောက်အပေါ်မှာပဲ အများဆုံး မူတည်တာပါ။ ဒီလူသားကောင်လေးက ရေဓာတ်စိတ်ဝိညာဉ်စွမ်းအားကို ထောက်ပံ့ပေးရမဲ့ အသုံးချခံတစ်ခုသာသာပဲ။ ဒီရတနာသန့်စင်ခြင်း စတင်တာနဲ့ သူဟာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်ထဲမှ ရှိနေတဲ့ အငြှိုးချီအကြောင်းကိုတော့ ထည့်ပြောနေဖို့တောင် မလိုပါဘူး...။ အဲ့အငြှိုးချီနဲ့ဆို သူဟာ လုံးဝ အစွမ်းမဲ့နေလိမ့်မယ်…”
နတ်ဆိုးသားရဲလိပ်သည် ရုတ်တရက် ပြုံး၍ သရော်ဟန်ဖြင့် ပြောလိုက်သည်။
“ခင်ဗျားက ဗရမ်းဗတာအငြှိုးချီအကြောင်း အခု ထည့်ပြောနေတော့…ကျောက်စိမ်းမီးအရက်ဟာ အဲ့လို အရာမျိုး မဟုတ်ဘူးလေ။ အစ်ကိုဖန်က သူ့ကို ချောက်ချခဲ့တာများလား…”
ဖန်ရှီက ဆိုးယုတ်သည့်ဟန်ပန်ဖြင့် ညစ်ကျယ်ကျယ်ပြုံးကာ ပြောလာသည်။
“ဟားဟား…ဒါပေါ့။ ကျုပ် သူ့ကို ပေးခဲ့တာက အထူးတလဲ သန့်စင်ဖော်စပ်ထားတဲ့ ကျောက်စိမ်းမီးအရက်ပဲ။ အငြှိးချီဟာ တကယ်တော့ မိစ္ဆာချီလို့လည်း ခေါ်တယ်။ အစွမ်းထက်တဲ့ မိစ္ဆာတာအိုကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တုန်းက သူဟာ သူ့ခန္ဓာကိုယ်ကနေ သန့်စင်ထားတဲ့ တစ်စုံတစ်ခုကို ဆင့်ခေါ်ခဲ့ပြီး ကျုပ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဲ့မိစ္ဆာချီကို ထားရစ်ခဲ့တယ်။ ဒါကို ဖယ်ရှားဖို့ ကျုပ်အတွက် အတော်လေး ဒုက္ခရောက်ခဲ့ရသေးတယ်လေ…”
ရေနဂါးနှင့် နတ်ဆိုးသားရဲလိပ်တို့သည် ထိုစကားကို ကြားသည့်အခါ တစ်ယောက်နှင့်တစ်ယောက် ပြုံး၍ ကြည့်မိကြသည်။ သူတို့၏ လက်ကျန်သံသယများလည်း ကင်းရှင်းသွားကြပြီ ဖြစ်၏။
ထိုအခိုက်တွင် ဟန်လိသည် အဖြူရောင်အလင်းလုံးအတိုင်း လိုက်လာရင်း အခန်းတစ်ခုထဲသို့ ရောက်လာလေပြီ။ ထိုအခန်းကို ကြည့်ကောင်းအောင် အလှဆင်ထား၏။ အဖြူရောင်ကျောက်စိမ်းကနေ သန့်စင်ထားသည့် ခုတင်တစ်ခု ရှိနေရုံသာမက ရှားပါးအပင်များ ထည့်ထားသည့် ပန်းအိုများနှင့်အတူ ထိုင်ခုံများနှင့် စားပွဲတစ်လုံးလည်း ရှိနေသေးသည်။
ဟန်လိက အခန်းထဲ ဝင်လာပြီးနောက်မှာ အဖြူရောင်အလင်းလုံးသည် ၎င်းဘာသာ ပျောက်ကွယ်သွား၏။ ထိုသည်ကို မြင်သည့်အခါ ဟန်လိက အခန်းတံခါးကို ချက်ခြင်း ပိတ်ပြီး သူ့ဝတ်ရုံထဲမှ ရောင်စုံအစီအရင်အလံများကို ထုတ်သည်။ သူက ၎င်းတို့ကို အခန်းထောင့်တိုင်းမှာ နေရာချပြီး အခန်းတစ်ခုလုံးကို အစီအရင်မန္တာန်ငယ်တစ်ခုနှင့် ခြုံလွှမ်းပစ်သည်။
ဟန်လိသည် နတ်ဆိုးသားရဲကျင့်ကြံသူများ စောင့်ကြည့်နေခြင်းကနေ လွတ်မြောက်သွားသည့်အတွက် အတော်အတန် စိတ်သက်သာရာ ရမိသည်။ သူ ချခင်းလိုက်သော အစီအရင်မန္တာန်က အကာအကွယ် ပေးနိုင်သည့် အစွမ်း မရှိသော်ငြား ၎င်းသည် အပြင်လူများ ဝင်လာပါက စောလျင်စွာ သိနိုင်ရန် သတိပေးနိုင်စွမ်း ရှိပေသည်။ ဤသည်က လေချိုးဖျက်ခြင်းသားရဲဖန်ရှီကို စိတ်တိုစေမှာ သေချာသော်ငြားလည်း သည်လို ကိစ္စလေးအပေါ်တော့ ဖန်ရှီသည် ပုံကြီးချဲ့နေလိမ့်မည် မဟုတ်ပေ။
ထိုအတွေးဖြင့် ဟန်လိသည် အရေးကြီးဆုံး စိတ်ပူပန်ရမည့် အရာများအပေါ်သို့သာ သူ့စိတ်အာရုံကို ပြောင်းလိုက်သည်။
သူက ခုတင်ရှေ့သို့ လျှောက်လာပြီး ၎င်းရှေ့မှာ တင်ပလ္လင်ခွေ ထိုင်ချကာ မျက်လုံးမှိတ်၏။ ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက်မှာ သူက မျက်မှောင်ကြုတ်လျက် မျက်လုံးပြန်ဖွင့်လာသည်။ သူ့ခန္ဓာကိုယ်သည် အရင်နှင့် တထေရာတည်း ဖြစ်သည့်ဟန် ပေါ်နေသည်။ ထူးခြားသွားတာ ဘာမျှ ရှိမနေပေ။ နတ်ဆိုးသားရဲဖန်ရှီက အလိမ်အညာစကားများဖြင့် သူ့ကို လှည့်စားခဲ့တာများလား။ ဟန်လိသည် သူ့ခန္ဓာကိုယ်ထဲ၌ အငြှိုးချီကို လုံးဝ အာရုံခံမိခြင်း ရှိမနေပေ။ သူက သူ့မေးစေ့ကို ပွတ်၍ အလေးအနက် စဉ်းစားကြည့်သည်။
ခဏ စဉ်းစားပြီးနောက်မှာ သူက ရုတ်တရက် ပစ္စည်းအမယ်တစ်ခုကို ထုတ်ပြီး ခဏ စူးစမ်းကြည့်သည်။ ထို့နောက်တွင် သူ့အမူအရာမှာ ကြမ်းတမ်းသည့်ဟန် ဖြစ်ပေါ်သွားသည်။
နောက်နှစ်ရက်အကြာတွင် ဖန်ရှီသည် ဟန်လိ၏ ကျောက်တံခါးကို တွန်းဖွင့်၍ အခန်းထဲ ဝင်လာသည်။ ဟန်လိကို မြင်သည့်အခါ လူသားအသွင်ပြောင်းထားသော ထိုနတ်ဆိုးသားရဲ၏ ဟန်ပန်၌ စိတ်လှုပ်ရှားဟန်ပေါ်ကာ သူက ပြောလာသည်။
“ကဲ…သွားကြမယ်။ ကျုပ်တို့ ဒီကနေ့ မှော်ရတနာကို သန့်စင်မယ်။ ရောင်းရင်းဝူနဲ့ ကွေတို့လည်း သန့်စင်မဲ့အခန်းထဲမှာ ကျုပ်တို့ကို စောင့်နေကြတယ်…”
ထို့နောက်တွင် သူသည် ဟန်လိကို အခန်းထဲမှ ခေါ်ထုတ်လာပြီး သူ၏ မှော်ပစ္စည်းသန့်စင်ခြင်းအခန်းထဲသို့ ဦးတည်လာခဲ့သည်။ သူ့နောက်မှ ခဏအကြာ လိုက်လာပြီးနောက်မှာတော့ ဟန်လိသည် မိုးပြာကျောက်စိမ်းနံရံတစ်ခု၏ရှေ့သို့ ရောက်လာသည်။ ဖန်ရှီက ထိုနံရံကို လက်ဖြင့် ချက်ခြင်း ထိရိုက်၏။ ထိုအခါ တံခါးတစ်ချပ် ပွင့်ဟလာသည်။ ထို့နောက်တွင် သူသည် ဘေးတွင်ရပ်ကာ ဟန်လိကို အရင်ဝင်ရန် ပြောသည်။
ဟန်လိသည် တံခါးကို ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်၏။ သူက အခန်းတစ်ခုလုံးသည် နီရဲတောက်ပနေတာကို မြင်လိုက်ရသည်။ အတွင်းဘက်မှ ခြစ်ခြစ်တောက်အပူဓာတ်ကို သူ ဝိုးတဝါး ခံစားမိ၏။ မျက်ခုံးပင့်ကာ အသက်ဝဝရှုသွင်းပြီး သူက အခန်းထဲသို့ ဝင်လာခဲ့သည်။
အခန်းအတွင်းဘက်ကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက်မှာမူ ဟန်လိထံ၌ အံ့အားသင့်တုန်လှုပ်ဟန် ဖြစ်ပေါ်သွားသည်။ ရေနဂါးနှင့် နတ်ဆိုးသားရဲလိပ်တို့ နှစ်ယောက်လုံးက အခန်းထဲ၌ ရပ်နေကြသည်။ သို့ပေမည့် ဟန်လိကို အံ့အားသင့်စေတာက အခန်းအတွင်းမှ မီးသာ ဖြစ်၏။
အခန်း၏ အလယ်တွင် ဆယ်မီတာအကျယ်လောက် ရှိမည့် လေးထောင့်စင်တစ်ခု ရှိနေသည်။ ၎င်း၌ မီးတောက်များနှင့် တဝုန်းဝုန်း ပြည့်နှက်နေသည်။ စင်ကို ခြုံလွှမ်းထားသည့် ရှုပ်ထွေးလှသော သန့်စင်ခြင်းအစီအရင်တစ်ခုလည်း ရှိနေသည်။ ၎င်းကို အလျင်အမြန် တစ်ချက် ကြည့်ပြီးနောက်မှာ ဟန်လိသည် အံ့ဩတကြီး ဖြစ်ကျန်နေခဲ့၏။
အစီအရင်မန္တာန်နှင့် မှော်ပစ္စည်းများအပေါ် သူ၏ ခုလက်ရှိ သိမြင်မှုအရဆို ၎င်းအစီအရင်မန္တာန်သည် မည်မျှ အထင်ကြီးဖွယ်ကောင်းမှန်း သူ ပြောနိုင်သည်။ ၎င်းမှာ သူ တည်ဆောက်နိုင်သည့် အရာမျိုး ဟုတ်မနေပေ။ နတ်ဆိုးသားရဲကျင့်ကြံသူနှစ်ယောက်သည် ဟန်လိ ဝင်လာသည့်အခါ အေးတိအေးစက်တစ်ချက်သာ လှမ်းကြည့်သည်။ ထို့နောက်မှာ သူတို့က ဟန်လိကို အာရုံစိုက်မနေတော့ပေ။
“ကဲ…လူလည်း စုံပြီပဲ။ ကျုပ်က ဒီအစီအရင်မန္တာန်အကြောင်းကို အစ်ကိုဝူနဲ့ကွေတို့ကို ရှင်းပြပြီးခဲ့ပြီး ဖြစ်တယ်။ ရောင်းရင်းလီကတော့ အစီအရင်ရဲ့ ထောင့်တစ်ခုမှာ ရပ်ရမယ်၊ ပြီးရင် သစ်သားဓာတ်စိတ်ဝိညာဉ်စွမ်းအားနဲ့ ဒါကို ထောက်ပံ့ပေးရမယ်။ အခု ကျုပ်တို့က ဒီအထိ ရောက်လာပြီ ဖြစ်တဲ့အတွက် ရောင်းရင်းလီအနေနဲ့ ရူးကြောင်ကြောင်ထလုပ်ဖို့ မစဉ်းစားတာ ပိုကောင်းလိမ့်မယ်…”
ဖန်ရှီက ထောင့်တစ်ခုထံ လက်ညွှိုးထိုးပြပြီး ဟန်လိကို အလေးအနက် တစ်ချက်လှမ်းကြည့်လိုက်၏။