← Chapters

အခန်း (၄၉၄)

Vol. 32 Ch. 494

အခန်း (၄၉၄)

Vol. 32 Ch. 494

“ငါ့အမိန့်ကို ပြောလိုက်။ လောလောဆယ်တော့ မြို့တော်၀န်ဆိုရိုယော့ခ်ကို ဖမ်းထားလိုက်။ သူက ရွှေဒင်္ဂါးတစ်သိန်းကို သုံးရက်အတွင်းမှာ အပြီးပေးရမယ်။ ကျန်တဲ့ဆွေကြီးမျိုးကြီးတွေကလည်း ရွှေဒင်္ဂါးငါးသောင်းစီပေးရမယ်။ နောက်ပြီးတော့ မိသားစုတစ်ခုခြင်းစီတိုင်းက မြို့တော်ကို ကာကွယ်ဖို့အတွက် စစ်သည်တစ်ရာပေးရမယ်...” ဖှေးထိုကဲ့သို့ ပြောရင်းဖြင့် အသက်ရှင်ခွင့်ရသဖြင့် ပျော်ရွှင်နေကြသည့် ဆွေကြီးမျိုးကြီးများကိုကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။ “ဒီနေ့ကစပြီး မင်းတို့ကောင်တွေက ခံတပ်နံရံရဲ့အနောက်ဘက်အခြမ်းမှာ ကာကွယ်တိုက်ခိုက်ရမယ်။ ငါလဲဒီမှာပဲရှိနေပြီးတော့ မင်းတို့ကောင်တွေကို သေချာစောင့်ကြည့်နေမယ်...”

ဖှေး၏အသံနေအသံထားသည် အလွန်ပင်ဆုံးဖြတ်ချက်ပြတ်သားနေပြီး ညှိနှိုင်းဆွေးနွေးခွင့်ပေးမည်မဟုတ်ပေ။

“ဆာ ကျွန်တော်တို့ ရွှေဒင်္ဂါးလဲပေးပါ့မယ်။ မြို့တော်ကို ကာကွယ်ဖို့အတွက် ကိုယ်ပိုင်တပ်ဖွဲ့က စစ်သည်တွေကိုလည်း ပေးပါ့မယ်။ ကျွန်တော်တို့ကအရှင့်ရဲ့အမိန့်တွေအားလုံးကို လိုက်နာဖို့အတွက် ဆန္ဒရှိနေပါတယ်...” ဆွေကြီးမျိုးကြီးတစ်ယောက်သည် သူ၏မျက်နှာပေါ်တွင် အူယားဖားယားအပြုံးတစ်ခုဖြင့် ပြောလိုက်၏။

ဆွေကြီးမျိုးကြီးများသည်အသက်ရှင်ခွင့်ရလိုက်သည့်အတွက် ၀မ်းသာနေကြ၏။ တစ်ချို့မှာ ပိုက်ဆံများစွာပေးလိုက်ရသည့်အတွက် အနည်းငယ်နှမြောနေကြသော်လည်း ဘာမှမတတ်နိုင်ကြပေ။

နောက်ဆုံးတွင် သူတို့အားလုံး ထိုဆွေကြီးမျိုးကြီးကိုသာ အတုယူလိုက်ကြပြီး သူ၏အမူယာအတိုင်းပင် ဖှေးအား လိုက်လံမြှောက်ပင့်ကာ ဖားယားကြတော့၏။

“ကောင်းပြီ မင်းတို့ကောင်တွေပြန်လို့ရပြီ။ မနက်ဖြန်အတွက်ပြင်ဆင်ထားကြပေါ့။ မင်းတို့လူတွေကို မနက်ဖြန်ခံတပ်နံရံပေါ်ကို ခေါ်ခဲ့ကြ။”

ဖှေးသူ၏လက်ကို ၀ှေ့ရမ်းလိုက်ကာ စစ်သည်တစ်ချို့ရောက်လာပြီး ဆိုရိုယော့ခ်အား ခေါ်ဆောင်သွားလိုက်၏။ တစ်ခြားဆွေကြီမျိုးကြီးများသည် ဖှေးအားလေးစားမှုအပြည့်ဖြင့် အရိုသေပေးကာ ခံတပ်နံရံပေါ်မှ ပြေးဆင်းသွားကြတော့၏။ တစ်ချို့ဆွေကြီးမျိုးကြီးများဆိုလျှင် အလွန်ထိတ်လန့်နေခဲ့ရသဖြင့် သူတို့၏ခြေထောက်များပင် ပျော့ခွေနေကြ၏။

“ဒီနေ့ကစပြီး အနောက်ဘက်ဂိတ်တံခါးက င့ါရဲ့အမိန့်ပေးနေရာပဲ။ ဂျက်အင်ပါယာကတပ်ဖွဲ့တွေပြန်ပြီးတော့ မဆုတ်ခွာမခြင်း ငါကလည်း ဒီနေရာကနေထွက်သွားမှာမဟုတ်ဘူး...” ဖှေးသူ၏ အမိန့်ပေးနေရာကို ဤနေရာတွင်သက်မှတ်ရန်အတွက် ဆုံးဖြတ်ချက်ချလိုက်၏။ နေရာတိုင်းသည် သူ၏မျက်လုံးထဲတွင်အတူတူပင်ဖြစ်ပြီး ဤနေရာကို အမိန့်ပေးနေရာအဖြစ်သက်မှတ်လိုက်ခြင်းဖြင့် သူသည်ရန်သူများ၏ လှုပ်ရှားမှုများအားလုံးကို မြင်နိုင်မည်ဖြစ်သည်။

ဤအပြုမူကြောင့် စစ်သည်များနှင့်ခေါင်းဆောင်များသည် သူ့အား ပို၍ပင်လေးစားသွားကြ၏။

လူများစွာသည် ဤကဲ့သို့ ဇီးနစ်အင်ပါယာမှ ဆိုး၀ါးစွာရှုံးနိမ့်နေသည်ဟုဆိုရမည့် စစ်ပွဲတွင် မျှော်လင့်ချက်ရှိနေသေးသည်ဟု ယုံကြည်လာကြ၏။ ဤဘုရင်ငယ်သည်သာ အလံနှစ်စုံမြို့တော်အား ဆက်လက်ကာကွယ်ပေးနေပါက သူတို့အားလုံးသည် အနာဂတ်ကို မြင်နိုင်နေသေး၏။

......

အနီရောင်နေလုံးကြီးသည် နောက်ဆုံးတွင် မိုးကုတ်စက်၀ိုင်းမှ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

ကောင်းကင်ကြီးသည် မှောင်မဲစပြုလာနေပြီး အဖြူရောင်တိမ်တိုက်များသည်အနီရောင်အဖြစ်သို့ပြောင်းလဲသွားကြပြီး အ၀ေးမှကြည့်ပါက သွေးများကဲ့သို့ပင်။

အပူချိန်သည်လည်း လျှင်မြန်စွာပင် ကျဆင်းနေ၏။

သဲကန္တာရဖြစ်ပြီး သဲများသည်အပူချိန်ကို ထိန်းသိမ်းထားနိုင်ခြင်းမရှိသောကြောင့် နေ့နှင့်ညအပူချိန်ကွာခြားမှုမှာ ကြီးမားလှသည်။

ကန္တာရလှေများဟု တင်စားခေါ်ကြသည့်သဲကျားများပင် ညအချိန်ကန္တာရထဲတွင်ပစ်ထားမိပါက အေးခဲကာ သေဆုံးသွားတတ်သည်ဟု ပြောကြ၏။

ရလဒ်အနေဖြင့် ဤကဲ့သို့သောရာသီဥတုမျိုးတွင် ချီတပ်တိုက်ခိုက်ရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် ဆောင်းညတွင် ရန်သူများ၀င်ရောက်စီးနင်းတိုက်ခိုက်လာမည်ကို စိုးရိမ်ရန်မလိုအပ်ပ။ ထို့ကြောင့် ဖှေးနှင့် သူ၏လက်အောက်မှခေါင်းဆောင်များသည် သိပ်ပြီးစိုးရိမ်ခြင်းမရှိကြပေ၊။

မြို့တော်အတွင်းမှ တစ်နေကုန်တိုက်ခိုက်ခဲ့ရသည့်စစ်သည်များသည်လည်း နားနေရန်အတွက် အခွင့်ရေးရလာပြီဖြစ်၏။

ဆွေကြီးမျိုးကြီးမိသားစု ၇ခုကိုလည်း သိမ်းဆည်းထားလိုက်ပြီး ရရှိသည့် ပစ္ည်းများတန်ဖိုးမှာ ရွှေဒင်္ဂါး၁၀၀၀၀၀၀ကျော်ခန့်ပင် တန်ကြေးရှိပြီး သူတို့၏ဘဏ္ဏာတိုက်ထဲတွင် ရှားပါးသည့်ရတနာပစ္စည်းများအပြင် ရွှေဒင်္ဂါး၆၀၀၀၀၀ခန့်ပါရှိနေကြ၏။

ဤရတနာများကို စစ်ရေးကိစ္စများတွင်အသုံးပြုရန်ယာထားလိုက်၏။

မြို့တော်အတွင်းတွင်ရှိနေသည့်စစ်သည်များ ကိုယ်တိုင်မြင်တွေ့ကာ ထိုကဲ့သို့ သိမ်းဆည်းသည့် ကိစ္စများတွင် ပါ၀င်ကူညီခဲ့ကြပြီး ဖှေးနှင့် မြို့တော်အတွင်းရှိဆရာ၀န်များ၏ ကုသပေးမှုတို့ကြောင့် ပြန်လည်ကာ သတိရလာပြီဖြစ်သည့် ဖရန့်ခ်-ရစ်ဘရီလဲ ရောက်ရှိလာပြီး ပါ၀င်ကူညီခဲ့သည်။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည်သည် သိမ်းဆည်းသည့်ရတနာများကို အလွဲသုံးစားလုပ်ခြင်းမရှိကြောင်းကို မြင်တွေ့ခဲ့သည်လူများစွာရှိ၏။

၀ံပုလွေစွယ်တပ်ဖွဲ့၏လုပ်ဆောင်ချက်များသည် သာမန်မြို့ခံစစ်သည်များ၏ လေးစားမှုများစွာကိုရရှိခဲ့၏။

ရှေ့ပြေးတပ်ဖွဲ့မြို့တော်ထဲသို့ ၀င်လာခဲ့ပြီးသည့်အချိန်တွင် မြို့ခံစစ်သည်များ၏ စိတ်နေစိတ်ထားသည် သံသယမကင်းရာမှ လေးစားသည့်ဘက်သို့ပင် ပြောင်းလဲလာခဲ့ပြီဖြစ်၏။ ဖှေး၏ အပြုမူသည် ၈၀ရာခိုင်နှုန်းခန့်ပါ၀င်သည်ဟုဆိုနိုင်သော်လည်း ၀ံပုလွေစွယ်တပ်ဖွဲ့မှစစ်သည်များနှင့် မြို့ခံစစ်သည်များအတူတကွတိုက်ခိုက်ရင်းနှင့် ဖြစ်ပေါ်လာခဲ့သည့် ခင်မင်ရင်းနီးမှုများလည်း ပါ၀င်သည်ဟုဆိုနိုင်၏။

လူစိမ်းများမှ ခင်မင်ရင်းနီးသည့် မိတ်ဆွေများအဖြစ် စစ်သည်အဖွဲ့နှစ်ခုသည် တစ်ဦးနှင့်တစ်ဦး လျှင်မြန်စွာပင် ရင်းနီးကျွမ်း၀င်လာခဲ့ကြ၏။

ဖှေးသည် ဤသည်ကို မြင်တွေ့ရသည့်အတွက် ၀မ်းသာနေလျှက်ရှိသည်။ ထိုမှသာ ပူးပေါင်းတိုက်ခိုက်မှုမှာ ပို၍ထိရောက်လာမည်ဖြစ်သောကြောင့်ပင်။

ညမရောက်ခင်မှာပင် ချမ်းဘော့ဒ်ဘုရင် ဆွေကြီးမျိုးကြီးများကို ကွပ်မျက်လိုက်သည့် သတင်းများသည် မြို့တော်ထဲတွင် ပြန့်နှံ့သွားခဲ့၏။

ထိတ်လန့်အံံသြသွားခဲ့ခြင်းအပြင် အလံနှစ်စုံမြို့တော်ထဲတွင်ရှိသည့်လူများသည် ဖှေး၏ ဒဲ့တိုးနှင့် ပြတ်ပြတ်သားသားဆောင်ရွက်တတ်သည့် စိတ်ဓာတ်တို့ကို အာရုံခံလာကြမိကြသည်။ ဖှေး၏ မြို့တော်ထဲတွင် လိုက်လံကပ်ထားသည့် ပေါ်လစီအသစ်များနှင့် ဆုပေးဒဏ်ပေးစနစ်များသည်လည်း စတင်၍အသက်၀င်လာတော့၏။

အနောက်ဘက်ဂိတ်တံခါးတွင် ချိတ်ဆွဲထားသည့် ဦးခေါင်းပြတ်များကို မြင်အပြီးတွင်မြို့တော်ထဲတွင်ရှိသည့် မည်သူမှ ဖှေး၏အမိန့်ကို မလွန်ဆန်ရဲကြတော့ပေ၊

ဤသည်မှာ စစ်သည်များနှင့် မြို့သူမြို့သားများကို ကြီးမားစွာပင် စိတ်ဓာတ်မြှင့်တင်ပေးလိုက်၏။

အနောက်ဘက်ဂိတ်တံခါးတွင်ရှိသည့် ကြီးမားသည့် မျှော်စင်ကြီးထဲတွင်ဖြစ်သည်။ ဖှေးသည် စစ်မြေပြင်၏ နံပါတ်၁ခေါင်းဆောင်တစ်ယောက်အနေဖြင့် ပထမဆုံးအစည်း၀ေးပွဲကို ကျင်းပနေလျှက်ရှိ၏။

မြို့ခံတပ်ဖွဲ့၏အမိန့်ပေးခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ဖရန့်-ရစ်ဘရီသည်လည်း အစည်း၀ေးပွဲတွင် တက်ရောက်နေလျှက်ရှိသည်။ ဤအစည်း၀ေးတွင် ခေါင်းဆောင်တစ်ယောက်ခြင်းစီ၏ အာဏာနှင့် ရာထူးအရှိန်၀ါတို့ကို တစ်ခါတည်းဆုံးဖြတ်လိုက်ကြသည်။ ဆက်သွယ်ရန်အတွက် လမ်းကြောင်းများကိုလည်း ဆုံးဖြတ်လိုက်ကြ၏။ မြို့ခံတပ်ဖွဲစစ်သည်သုံးသောင်း၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဖရန့်ခ်-ရစ်ဘရီသည် ဖှေးကဲ့သို့ပင် လူများစွာ၏လေးစားမှုကိုရရှိထားသောကြောင့်သူ့အား အာဏာများစွာပေးလိုက်၏။

ရှိဗ်ချန်ကို၊ ပီတာနှင့် ရစ်ဘရီတို့သည် ဖှေးနှင့်တိုက်ရိုက်ဆက်သွယ်ကာ အမိန့်ပေးအုပ်ချုပ်မည့်ခေါင်းဆောင်များပင်။

“ရစ်ဘရီ ကျွန်တော်ခင်ဗျားကို တပ်ဖွဲ့ပြန်ဖွဲ့စည်းဖို့တာ၀န်ပေးလိုက်မယ်။ ခင်ဗျားကျွန်တော်တို့နဲ့ယှဥ်မယ်ဆိုရင် မြို့တော်နဲ့လဲပိုပြီးရင်းနီးတော့လေ။” ဖှေး ရယ်မောကာပြောလိုက်၏။ “မင်းက ဒီရက်ပိုင်းတော့ အလုပ်များဦးမယ်...”

“ဆာ့စီမှာ တာ၀န်ထမ်းဆောင်ရတာ ဂုဏ်ယူစရာပါ...” ရစ်ဘရီ ပြန်ဖြေလိုက်သည်။ သူသည် ရိုးသားပွင့်လင်းကာယောက်ျားဆန်သည့်လူတစ်ယောက်လဲဖြစ်၏။ သူသည် ဖှေးအား အလွန်လေးစားနေပြီးသားဖြစ်သောကြောင့် ဖှေး၏အမိန့်များအားလုံးကိုလည်း တွန့်ဆုတ်ခြင်းမရှိပဲလိုက်နာနေလျှက်ရှိ၏။

“ကောင်းတယ် ငါတို့မှာရှိတဲ့စစ်သည်၃၆၀၀၀ကို အုပ်စုသုံးခုခွဲလိုက်ကြမယ်။ မင်းတို့သုံးယောက်က အုပ်စုတစ်ခုစီကို ဦးဆောင်ကြပေါ့။ အုပ်စုတစ်ခုခြင်းစီတိုင်းက သက်မှတ်ထားတဲ့အချိန်မှာ ခံတပ်နံရံပေါ် ကင်းလှည့်ဖို့နဲ့ ကာကွယ်စောင့်ရှောက်ဖို့တာ၀န်ရှိတယ်။ မင်းတို့ကောင်တွေက တာ၀န်ကိုအလှည့်ကျထမ်းဆောင်ရမယ်။ ညအချိန်ရောက်တယ်ဆိုရင် ကင်းလှည့်တဲ့စစ်သည်အရေတွက်ကို တစ်၀က်လောက်လျှော့ချရမယ်။ လိုအပ်တဲ့ပစ္စည်းရိက္ခာတွေကိုတော့ ၀ံပုလွေစွယ်တပ်ဖွဲ့မှာရှိတဲ့ စာရင်းအင်းဌာနကနေထုပ်ပေးလိမ့်မယ်။ လောလောဆယ်တော့ ဒီလောက်ပါပဲ။ ကျန်ရှိနေတဲ့ ၀ံပုလွေတပ်ဖွဲ့က နှစ်ရက်အတွင်းမှာရောက်လိမ့်မယ်။ အဲ့ကျမှ ငါတို့ကောင်တွေ ဆက်ပြီးတော့ ဆွေးနွေးကြတာပေါ့...”

ဖှေး အစည်း၀ေးကို အဆုံးသတ်လိုက်၏။

ဤအစည်း၀ေးပွဲသည် သိပ်ပြီးမကြာလှပေ။ ခေါင်းဆောင်များအားလုံးသည် သူတို့နှင့်သက်ဆိုင်သည့် နေရာများထံသို့ အသီးသီးပြန်လည်ကာ ထွက်ခွာသွားကြ၏။

ဖှေး၏ အသိမှတ်ပြုတန်ဖိုးထားခြင်းကို ခံရသည့် ရစ်ဘရီသည်လည်း များစွာပျော်ရွှင်နေ၏။ ဒဏ်ရာများအပြည့်၀ပြန်လည်ပျောက်ကင်းလာခြင်းမရှိသေးသော်လည်း သူသည် မြို့သားများပါ၀င်မည့် အရန်တပ်ဖွဲ့ကို တည်ဆောက်ရန်အတွက် စတင်ကာ ပြင်ဆင်နေပြီဖြစ်သည်။ ကျူးကျော်သူများရောက်ရှိလာသောကြောင့် မြို့တော်ထဲတွင်လည်း ညမထွက်ရအမိန့်များကို ထုတ်ပြန်ထား၏။ သို့သော် ညမှောင်သည့်တိုင်အောင်ဖိအားများရှိနေဆဲပင်။

ဖှေးသည် ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ဟူအက်နှင့်ခါနော့တ်တို့ကို သူ၏ ယာယီကိုယ်ရံတော်များအဖြစ် ခေါ်ထားလိုက်၏။

စစ်သည်များသည် မျှော်စင်အရှေ့တွင် ကင်းလှည့်နေကြသော်လည်း မျှော်စင်ထဲတွင် လူများသိပ်မရှိပေ။

ဖှေးသည် လယ်သာအလွှာတစ်ခုခင်းထားသည့် ကျောက်ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်နေ၏။ ကျန်ရှိနေသည့် ၀ံပုလွေစွယ်တပ်ဖွဲ့များသည် မြို့တော်အား ၀န်းရံထားကြသည့် ဂျက်အင်ပါယာမှတပ်ဖွဲ့များကို ထိုးဖောက်လာနိုင်ခြင်းရှိမရှိအကြောင်းကို စဥ်းစားနေမိခဲ့သည်။ ရန်သူ၏စစ်အင်အားသည် တစ်နေ့တခြားပို၍တိုးပွားလာနေလျှက်ရှိသည့်အတွက်ပင်။

ဤသည်မှာ ပြသနာကြီးတစ်ခုပင်။ ချီတပ်လာနေသည့် ၀ံပုလွေတပ်ဖွဲ့တွင် စစ်သည်များအပြင် ရိက္ခာများစွာကို သယ်ဆောင်လာသည့် စာရင်းအင်းဌာနမှလူများလည်းပါ၀င်နေပြီး သူတို့သည် ဖြေးညှင်းစွာပင် ရွေ့လျားနိုင်ကြ၏။ ရန်သူများကိုအရှိန်ဟုန်ဖြင့် ထိုးဖောက်နိုင်ခဲ့သည့် ရှေ့ပြေးတပ်ဖွဲ့မှမြင်းစစ်သည်များနှင့်မတူပဲ ၀ံပုလွေတပ်ဖွဲ့၏ ကျန်ရှိနေသည့်တပ်ဖွဲ့တွင် ခြေလျင်စစ်သည်များစွာပါ၀င်နေသည့်အတွက် ရန်သူအား တိုက်ရိုက်ထိုးဖောက်၀င်ရောက်ရန်ကြိုးစားပါက အသေပျောက်များစွာရှိလာနိုင်ပြီး အစာရေစာများဆုံးရှုံးပျက်ဆီးသွားပါကလည်း ပြန်လည်ယူဆောင်နိုင်တော့မည်မဟုတ်ပေ။

ထိုအရာများအားလုံးအပြင် ထိုစစ်သည်များ မြို့တော်အတွင်းသို့ မည်ကဲ့သို့၀င်ရောက်မည်ဆိုသည်ကို စဥ်းစားရသည်မှာလည်း ခေါင်းကိုက်စရာတစ်ခုပင်။ စစ်သည်သုံးသောင်းခန့်မြို့ထဲသို့ ၀င်ရောက်နိုင်ရန်မှာ အချိန်များစွာကြာမည်ဖြစ်ပြီး ရန်သူများသည်လည်း ဂိတ်တံခါးဖွင့်ထားသည့်အခွင့်ရေးကိုအသုံးချကာ ၀င်ရောက်လာနိုင်သောကြောင့်ပင်။

ဖှေး စဥ်းစားကြည့်ရုံဖြင့်ပင် မောပန်းလာ၏။

ခါဆစ်သေဆုံးသွားခြင်းနှင့် ချမ်းဘော့ဒ်သည်လည်း အလံနှစ်စုံမြို့တော်နှင့်ကီလိုမီတာ၄၀၀ခန့်သာ ကွာ၀ေးသည့်အတွက် အလံနှစ်စုံမြို့တော်ကျဆုံးသွားပါက ချမ်းဘော့ဒ်တိုင်းပြည်အတွက် အန္တရာယ်ရှိသောကြောင့်သာ မဟုတ်ပါက ဖှေးသည် ဤနေရာသို့ပင် တာ၀န်ယူကာ လာရောက်ခဲ့လိမ့်မည်မဟုတ်ပေ။

သူသည် ဒိုင်ယာဘလိုကမ္ဘာရှိနေသည့်အတွက် ချမ်းဘော့ဒ်တိုင်းပြည်တွင်သာ နေထိုင်၍ သူ၏စွမ်းအားများကို ပြသကြွား၀ါနေနိုင်၏။ ဤသည်မှာ ပို၍ပင် ပျော်ရွှင်စရာကောင်းသည့် ဘ၀နေထိုင်မှုပင်။

ဖှေးသည် တံခါးပေါက်မှကြည့်လိုက်ကာ အမှောင်ထဲတွင် တောက်ပနေသည့် ဂျက်အင်ပါယာစခန်းကို တွေ့လိုက်ရသည့်အတွက် သူ၏ခေါင်းထဲတွင် အကြံတစ်ခုပေါ်လာ၏။

သူသည် တာနာရှာနှင့် ပဲရစ်တို့ပေးခဲ့သည့် သေတ္တာများအကြောင်းကို လည်းပြန်သတိရလိုက်မိသည်။

“နင်အခက်ခဲတစ်ခုကြုံလာတိုင်း သေတ္တာတစ်ခုကို ဖွင့်လိုက်။” ဤသည်မှာ ဉာဏ်ပညာမြင့်မားသည်ဟုနာမည်ကြီးသည့်အမျိုးသမီးနှစ်ယောက်သူ့အား ပြောခဲ့သည့်အရာပင်။

All Chapters