← Chapters

အခန်း (၄၉၅)

Vol. 32 Ch. 495

အခန်း (၄၉၅)

Vol. 32 Ch. 495

အလံနှစ်စုံမြို့နှင့်မီတာ၃၀၀၀ခန့်၀ေးသည့်နေရာ ဂျက်အင်ပါယာ၏စခန်းထဲတွင်ဖြစ်သည်။

ရှည်လျားအေးစက်သည့်ညရောက်ရှိလာပြီး ဤရာသီဥတုနှင့်အသားကျသည့် ဂျက်အင်ပါယာမှစစ်သည်များသည် တဲများအတွင်းသို့ပြန်၀င်ပြီး မီးဖိုများဖိုနေကြရ၏။ မီးပုံ၏ အနွေးဓာတ်သည်သာ သူတို့အား ဤကဲ့သို့သောရာသီဥတုမျိုးတွင်ရှင်သန်စေနိုင်သောကြောင့်ပင်။

သူတို့သည် တိုက်ပွဲတွင်အသာစီးရထားနေပြီး ညအချိန်မှာသွားလာရန်ခက်ခဲလှသော အေးစက်သည့် ရာသီဥတုကြောင့် စခန်းတွင်းကင်းလှည့်မှုမှာ သိပ်ပြီးမတင်းကြပ်လှပေ ။

စခန်းနှင့် ၃၀၀မီတာခန့်၀ေးသည့်နေရာတွင် အတားဆီးများချထား၏။ ထိုအတားဆီးများသည် ဇီးနစ်အင်ပါယာမှ မြင်းစစ်သည်များ၀င်ရောက်လာပါက တားဆီးရန်ပင်။ သို့သော် အေးစက်သည့်ရာသီဥတုကြောင့် ထိုကဲ့သို့ဖြစ်ရန်မှာလည်း ခဲယဥ်းလှ၏။

စခန်းထဲတွင် သစ်သားဖြင့်ပြုလုပ်ထားသည့် မျှော်စင်များဖြင့်လည်း ပြည့်နှက်နေသည်။ စစ်သည်များသည် အအေးဒဏ်ကိုကာကွယ်ရန်အတွက် မိနစ်သုံးဆယ်ကြာသည့်အချိန်တိုင်းတွင်လူလဲကြမည်ဖြစ်သည်။

ကောင်းကင်ပေါ်တွင် လမင်းမှာ လှပစွာတောက်ပနေပြီး ငွေရောင်လရောင်သည် မြေပြင်ပေါ်တွင်ပတ်ဖြန်းနေကာ အရာအားလုံးကို ကဗျာဆန်နေစေလျှက်ရှိ၏။

ဤအခိုက်တန့်တွင် အရိပ်တစ်ခုသည် အလံနှစ်စုံမြို့ဂိတ်တံခါးမှ ဤစခန်းထံသို့ ရုတ်တရက် လျင်မြန်စွာပြေးလာနေ၏။

စခန်းနှင့်နီးကပ်လာလေလေ ဤအရိပ်သည်ပို၍မြန်ဆန်လာလေလေဖြစ်သည်။ အလွန်မြန်ဆန်လွန်းလှသဖြင့် သာမန်လူသားမျက်လုံးနှင့်မြင်တွေ့နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဤအရိပ်သည် အလွန်မြန်ဆန်စွာပြေးလာနေပြီး လမ်းတစ်လျှောက်တွင် အသံများ၊ ခြေရာလက်ရာများကိုချန်ထားခဲ့ခြင်းမရှိပေ။ ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင် အတားဆီးများ၊ မျှော်စင်များအားလုံးကို ဖြတ်ကျော်ကာ ဂျက်အင်ပါယာတပ်ဖွဲ့စခန်းထဲသို့၀င်ရောက်သွားတော့၏။

ဤအရိပ်သည် လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲထားသည့် ဖှေးပင်။

လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အဖြစ်သို့ပြောင်းလဲပြီးသည့်အချိန်တွင် သူသည် ငှက်မွေးတစ်ခုကဲ့သို့ပင် ပေါ့ပါးပြီး လျှပ်စီးတစ်စင်းကဲ့သို့ပင် မြန်ဆန်သွား၏။ လုပ်ကြံသတ်ဖြတ်သူ၏ အစွမ်းများကိုအသုံးပြုကာ သူသည် ဂျက်အင်ပါယာစခန်းထဲသို့ လွယ်ကူစွာပင်ခိုး၀င်နိုင်ခဲ့သည်။

ဂျက်အင်ပါယာ၏ ပိုင်နက်နေရာတော်တော်များများမှာ သဲကန္တာရများဖြစ်သည့်အတွက် ဂျက်အင်ပါယာတွင် နေထိုင်သည့်လူအများစု၏ ဘ၀သည်ကြမ်းတမ်း၏။ ထို့ကြောင့် ဂျက်အင်ပါယာမှစစ်သည်များသည် ရွတ်ဖျင်တဲများကို သင့်လျော်သည့်နေရာတွင်ထိုးရာတွင် ကျွမ်းကျင်ကြ၏။ ထိုတဲများသည် တည်ငြိမ်ကာ၊ ရွေ့လျားရန်လွယ်ကူပြီး အပေါ်တွင် သဲများတင်ကျန်နေခြင်းမရှိပေ။ တဲများ၏ ထိပ်ပိုင်းသည် ထုလုံးရှည်ပုံဖြစ်ပြီး တဲတစ်ခုနှင့်တစ်ခု ခြောက်မီတာခန့်ကွာ၀ေးထားသည်။ အ၀ေးမှကြည့်ပါက သာမန်သဲတောင်များကဲ့သို့ပင်ဖြစ်နေပြီး သတိထားမိနိုင်ရန်အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။

လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အနေဖြင့် ဖှေးသည် အရိပ်၀တ်ရုံအစွမ်းကိုအသုံးပြုလိုက်သည်။

ဖှေး၏လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်သည် လယ်ဗယ်၆၉သို့ရောက်ရှိနေသဖြင့် ဤအစွမ်းသည်သူနှင့် ပတ်လည်၅၀မီတာတွင်ရှိသည့် ရန်သူများမမြင်နိုင်စေရန် ကိုယ်ယောင်ဖျောက်ပေးထားမည်ဖြစ်သည်။ တကယ်၍သူအလိုရှိပါက မီတာ၂၀ပတ်လည်တွင်ရှိသည့် ရန်သူများ၏ အမြင်အာရုံကို၀ေ၀ါးအောင်လုပ်နိုင်စွမ်းရှိ၏။

လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်၏ အဆင့်မြင့်ကိုယ်ယောင်ဖျောက်အစွမ်းများ၊ အတားဆီးများထောင်ခြောက်များစစ်ဆေးခြင်းအစွမ်းတို့ကြောင့် ဂျက်အင်ပါယာမှမည်သည့်သိုင်းဆရာမှ သူ့အားသတိထားမိခြင်းမရှိပေ။ ထို့အပြင် မှော်ထောင်ခြောက်များမှာ ဖှေး၏ရှေ့တွင်သိပ်အသုံးမ၀င်လှချေ။

ဖှေးသည် ဂျက်အင်ပါယာစခန်းထဲတွင်လှည့်လည်သွားလာနေသည်။

အရိပ်၀တ်ရုံကိုအသုံးပြုထားသည့်အတွက် ဖှေးကိုယ်တိုင် တစ်စုံတစ်ယောက်အားစတင်၍မတိုက်ခိုက်မခြင်း မြင်နိုင်မည်မဟုတ်ပေ။ ယခုအချိန်တွင် သူရောက်ရှိနေကြောင်းကို မည်သူမှမသိကြသေးပေ။ ရန်သူ၏စခန်းသည် ဖှေး၏အိမ်နောက်ဖေး ဥယျာဥ်ကဲ့သို့ပင်။

မိနစ်၃၀ခန့်ဖှေးသည် ရန်သူ၏ရွက်ဖျင်တဲများကို လမ်းလျှောက်ဖြတ်ကျော်လာပြီးဂျက်အင်ပါယာ၏ စစ်အင်အားကို ပို၍နားလည်လာ၏။

သူတို့သည် ဆိုး၀ါးသည့် ရာသီဥတုပတ်၀န်းကျင်တွင် မွေးဖွားကြီးပြင်းလာကြသဖြင့် ဂျက်အင်ပါယာမှစစ်သည်များသည် ပို၍အကြမ်းခံကာ ဇီးနစ်အင်ပါယာမှစစ်သည်များနှင့်နှိုင်းယှဥ်ပါက တိုက်ခိုက်နိုင်စွမ်းပို၍မြင့်မားကြသည်။ ဖှေးလေ့လာမှုတစ်ချို့ပြုလုပ်ပြီးသည့်နောက်တွင် ကြယ်အဆင့်စစ်သည်၇၀၀ခန့်ရှိကြောင်းကို သတိထားလိုက်မိသည်။ ဤကဲ့သို့သော တပ်ဖွဲ့တစ်ခုတွင်ကြယ်အဆင့်စစ်သည်များပါ၀င်နေသည့် ပမာနမှာ ကြောက်မက်ဖွယ်ပင်။

အကယ်၍ မင်းသားဖာရင်တန်သည်သာ အသေပျောက်ကိုဂရုမစိုက်ပဲ အလံနှစ်စုံမြို့အား ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်ရန်ကြိုးစားပါက ဖှေးကျူးကျော်လာသူများကိုခုခံနိုင်ပါ့မလား မသေချာပေ။

All Chapters