အခန်း (၅၀၁)
Vol. 32 Ch. 501
ဖှေး အိပ်မရခြင်း၏ အကြောင်းရင်းကိုရှာတွေ့သွားသည်။ သူသည် အိပ်ယာပေါ်သို့ လဲလျောင်းနေသည့်အချိန်တွင် နူးညံ့နွေးထွေးသည့် ကောင်မလေးတစ်ယောက်၏အထိတွေ့ကို လိုအပ်နေခြင်းပင်။
ဖှေး မျက်လုံးကို မှိတ်လိုက်သည်နှင့်သူ၏ ဇနီးလောင်းအကြောင်းကို တွေးမိနေသည်။ သူသည် စိုးရိမ်နေမိ၏။ “အန်ဂျယ်လာက ကျန်တဲ့၀ံပုလွေစွယ်တပ်ဖွဲ့နဲ့ပါလာပဲ။ သူအဆင်ရောပြေရဲ့လား။ ငါ့ကိုရော သတိရနေမလား...”
ဖှေးသည် အလံနှစ်စုံမြို့တော်အား စစ်သည်အင်အား ၆၀၀၀ပါ၀င်သည့် ရှေ့ပြေးတပ်ဖွဲ့နှင့်အတူ ကြိုတင်ကာ ရောက်ရှိခဲ့သည်။ ကျန်ရှိနေသည့် စစ်သည်၃၄၀၀၀ပါ၀င်သည့် ၀ံပုလွေစွယ်တပ်ဖွဲ့သည် အဖိုးကြီးအာရန်း၊ လမ်းပါ့ဒ်၊ မှော်မင်းသမီးစင်ဒီ၊နှင့် ငွေရောင်ချပ်၀တ်ဓားသွားတို့၏ ဦးဆောင်မှုနှင့်အတူ အလံနှစ်စုံမြို့တော်သို့ ချည်းကပ်လာနေလျှက်ရှိသည်။ သူတို့သည် အကောင်းဆုံးပူးပေါင်းဆောင်ရွက်ကာ ပုံမှန်နှုန်းဖြင့် ချီတပ်လာနေ၏။
အန်ဂျယ်လာ၊ အန်မာ၊ ဗစ်တိုးရီးယားနှင့် နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းတို့ အစေခံကောင်မလေး လေးယောက်တို့သည်လည်း ဤအဖွဲ့ထဲတွင်ပါနေ၏။
ယခင်က မင်းသမီးနှင့် ပဲရစ်တို့နှစ်ယောက်လုံးသည် ဖှေးအား အန်ဂျယ်လာနှင့် ကောင်မလေးများကို မြို့တော်စိန့်ပီတာစဘာ့တ်တွင်သာ ထားခဲ့ရန်အတွက် အကြံပြုခဲ့သည်။ မြို့တော်ထဲတွင်ရှိသည့် အင်ပါယာတော်၀င်စစ်သည်များနှင့် ကျွမ်းကျင်သိုင်းဆရာများသည် မြို့သူမြို့သားများကိုကာကွယ်နိုင်သည့် အတွက် စစ်မြေပြင်နှင့်နှိုင်းယှဥ်ပါက များစွာပို၍လုံခြုံသည့်အတွက်ပင်။ ထို့အပြင် မြို့တော်အတွင်းတွင် အာဏာအကြီးမားဆုံးအမျိုးသမီးနှစ်ယောက်၏ ကာကွယ်မှုကိုလည်း ရရှိထားသည့်အတွက် အနိုင်ကျင့်ခံရမည်ကိုလည်း စိုးရိမ်စရာမလိုပေ။ ထို့အပြင် ဖှေးမြို့တော်မှ မထွက်ခွာမှီ ဒိုမင်ဂူနှင့်လဲစကားပြောခဲ့သည့်အတွက် ဒိုမင်ဂူသည်လည်း ကောင်မလေးများကို စောင့်ရှောက်ပေးမည်ဟု ကတိပေးခဲ့သည်။
သို့သော် ဖှေး သူတို့၏ အကူညီများကို ငြင်းဆန်ခဲ့သည်။
အကြောင်းပြချက်တစ်ခုမှာ အန်ဂျယ်လာသည်ဖှေးနှင့် ခွဲခွာလိုခြင်းမရှိပေ။ သူမသည် မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် လုံခြုံသော်လည်း ထိုလူများသည် သူမ၏ မိသားစု၀င်များမဟုတ်သည့်အတွက်ကြောင့် အထီးကျန်မည်ဖြစ်သည်။ ဒုတိယအနေဖြင့် ဤကဲ့သို့ ဗရမ်းဗတာအခြေအနေထဲတွင် မြို့တော်စိန့်ပီတာစဘာ့တ်သည်လည်း လုံခြုံမှုမရှိနိုင်ဟု ဖှေးယူဆမိသည့်အတွက်ပင်။ အန်ဂျယ်လာသည် သူနှင့်အနီးဆုံးနေရာတွင်သာ အလုံခြုံဆုံးဖြစ်မည့်အတွက်ပင်။
ဖှေးသည် ဂျက်အင်ပါယာမှ စစ်ပွဲအခြေအနေငြိမ်ကျသွားသည့်အချိန်တွင် ချမ်းဘော့ဒ်သို့ပြန်ရန်လဲစီစဥ်ထားသည်။ သူသည် အန်ဂျယ်လာနှင့် ကောင်မလေးများကို ချမ်းဘော့ဒ်တွင် ထားခဲ့မှ စိတ်ချနိုင်သည့်အတွက်ပင်။
ကောင်းကင်ကြီးသည် တဖြည်းဖြည်းတောက်ပလာပြီး လာနှင့် ကြယ်အလင်းရောင်များသည် မှေးမှိန်သွား၏။
ဖှေးအိပ်မရသည့်အတွက် ခရမ်းရောင်စာအုပ်ထဲတွင်ပါရှိသည့် ကျင့်စဥ်များကို ကျင့်ကြံနေ၏။ ဖှေး၏ ၀ိဉာဥ်စွမ်းအားသည် လက်ရှိတွင် လယ်ဗယ်၃၅၀သို့ရောက်ရှိသွားပြီဖြစ်သောကြောင့် သူသည် အာမာယူရီချန်ထားခဲ့သည့် ၀ိဉာဥ်အမှတ်သားကို ရှင်းလင်းပြီးဖြစ်သည်။
သူ၏ ၀ိဉာဥ်စွမ်းအားသည် ကြောက်မက်ဖွယ်ပင်ဖြစ်နေပြီး ၀ိဉာဥ်စွမ်းအားများစွာကျင့်ကြံခြင်း၏ အကျိုးကျေးဇူးကိုလည်း တွေ့ကြုံပြီးဖြစ်သည်။
သူသည် စွမ်းအားကိုထိန်းချုပ်ခြင်းနှင့် ကျင့်စဥ်အား နားလည်ခြင်းတို့ကိုသာ တိုးတတ်ခဲ့သည်မဟုတ်ပေ။ ၀ိဉာဥ်စွမ်းအားသည် သူ၏အမြင်အာရုံအသစ်ကဲ့သို့ပင် ခံစားနေရ၏။ သူသည် ၀ိဉာဥ်စွမ်းအားကို အာရုံခံနိုင်ပြီး ပတ်၀န်းကျင်ကို အာရုံခံနိုင်၏။ ဤကဲ့သို့အာရုံခံခြင်းသည် အတွင်းအားစွမ်းအင်များ၊ မှော်စွမ်းအင်များကိုအသုံးပြုကာ အာရုံခံခြင်းထက်ပို၍ ရှင်းလင်းကာ ထိရောက်လှသည်။
သူသည် ၀ိဉာဥ်စွမ်းအားကျင့်စဥ်တွင် ဤအဆင့်သို့ရောက်သည်မှာ သူတစ်ယောက်ထဲသာဖြစ်ကြောင်းကို ဖှေးသတိထားလိုက်မိသည်။
၀ိဉာဥ်စွမ်းအား လယ်ဗယ်၃၅၀ရှိသည့်အတွက် သူသည် ပတ်ပတ်လည် ၁၅၀၀မီတာအား အာရုံံနိုင်၏။ လအဆင့်စစ်သည်များဖြစ်ကြသည့် ကွန်စတာကာတာ၊ ဟွန်းတလားနှင့် အာမာယူရီတို့ပင် သူ၏ အာရုံခံခြင်းမှ မလွတ်မြောက်နိုင်ပေ။
၀ိဉာဥ်စွမ်းအား၏ အကျိုးကျေးဇူးများကိုခံစားရသည့်အချိန်ကတည်းက သူသည်ပုံမှန်ကျင့်ကြံနေခဲ့လေ့ရှိ၏။
......
သုံးနာရီခန့်ကြာသည့်အချိန်တွင် မိုးကုတ်စက်၀ိုင်းမှနေထွက်လာပြီး ကမ္ဘာကြီးကို စတင်၍အသက်၀င်စေတော့သည်။ အပူရှိန်သည် စတင်၍ မြင့်တတ်လာတော့၏။
အလံနှစ်စုံမြို့တော်အတွင်းမှ ခေါင်းဆောင်များကို အံ့သြစေသည်မှာ ရန်သူများသည် အလံနှစ်စုံမြို့တော်ကို တိုက်ခိုက်မည့်ပုံမပေါ်သည့်အတွက်ပင်။ ဂျက်အင်ပါယာမှ စစ်သည်များသည် သူတို့၏စခန်းကို အနောက်သို့ ၅ကီလိုမီတာဆုတ်ခွာကာ မြို့တော် အနောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်တို့ကိုသာ ၀ိုင်းရံထား၏။ သူတို့သည်စစ်ပွဲကိုအချိန်ဆွဲရန်အတွက်ပြင်ဆင်နေသည့်အတိုင်းပင်။
မြို့တော်အတွင်းတွင်ဖြစ်ပေါ်နေသည့် စိုးရိမ်ခြင်းများနှင့် ကြောက်စိတ်များသည်လည်း အနည်းငယ်ငြိမ်သက်သွား၏။
သို့သော် မည်သူမှ အပြည့်၀စိတ်သက်သာခြင်းမရှိသေးပေ။ ရန်သူများသည် အလံနှစ်စုံမြို့တော်နှင့် နီးကပ်နေသ၍ ရက်စက်ကြမ်းကြုတ်သည့်တိုက်ပွဲများသည်အချိန်မရွေးဖြစ်ပေါ်လာနိုင်၏။ သွေးများ၊ အလောင်များသည် ခံတပ်နံရံထောင့်များတွင် အချိန်မရွေးစုပုံသွားနိုင်သည်။
တစ်ရက်လုံး ရစ်ဘရီသည် လူငယ်များကို စုဆောင်းကာ အရံတပ်ဖွဲ့အတွက် လေ့ကျင့်ပေးရန်အလုပ်များနေခဲ့သည်။
ဤအလံနှစ်စုံမြို့မှ စစ်ရေးခေါင်းဆောင်သည် အလွန်လေးစားမှုခံနေရကြောင်းကို ဖှေး၀န်ခံရမည်ဖြစ်သည်။ တစ်ရက်အတွင်းမှာပင် သူသည် အရံတပ်ဖွဲ့အတါက် လူငယ်၈၀၀၀ကို ရှာဖွေစည်းရုံးနိုင်ခဲ့သည်။ ဤလူများကို လက်နက်များချပ်၀တ်များ၊ စုဆောင်းပေးပြီးသည့်အချိန်တွင် ပင်မတပ်ဖွဲ့များထဲသို့ ထည့်သွင်းကာ အတွေ့ကြုံရှိသည့်စစ်သည်များမှ လေ့ကျင့်ပေးကြ၏။
“ချွေးထွက်များမှ သွေးထွက်နည်းမယ်...”
ဖှေး ရစ်ဘရီအား မနေ့ညခံတပ်နံရံပေါ်တွင် ပြောခဲ့သည့်စကားသည် ဤစစ်သည်အသစ်များအတွက် အားတက်စရာစာသားတစ်ခုပင်။ ဤစကားအား လေ့ကျင့်ရေးကွငး်၏ အလည်တွင်ရှိသည့် ကျောက်တုံးကြီးတစ်ခုပေါ်တွင်ရေးထိုးထားပြီး စစ်သည်အသစ်များလေ့ကျင့်မှုမစတင်မှီ သံပြိုင်အော်ဟစ်ရမည်ဖြစ်သည်။
အရံတပ်ဖွဲ့အတွင်း မြို့တော်အတွင်းတွင်ရှိနေသည့် ကြေးစားစစ်သည်တပ်ဖွဲ့များကိုလည်း ဖိတ်ခေါ်ထား၏။ ဤကဲ့သို့ အရေးကြီးသည့်အချိန်တွင် ကြေးစားစစ်သည်များကိုလည်း ခုခံကာကွယ်မှုတိုက်ပွဲတွင် ပါ၀င်ရန်အတွက် ဖိတ်ခေါ်ထားသည်။ အမှန်ပင် သူတို့ကိုလည်း အခကြေးငွေပေးမည်ဖြစ်သည်။
ကြေးစားစစ်သည်တော်တော်များများသည် တိုက်ပွဲများ၊ တိုက်ပွဲပညာရပ်များကို ကျွမ်းကျင်ကာ အတွေ့ကြုံရှိပြီးဖြစ်သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကောင်းမွန်စွာပူးပေါင်းဆောင်ရွက်နိုင်ကြသည့်အတွက် စစ်သည်အသစ်များကဲ့သို့ လေ့ကျင့်ရန်မလိုပေ။
တစ်ချိန်တည်းမှာပင် မြို့တော်ထဲမှ စစ်ရေးအရာရှိများသည် စားနပ်ရိက္ခာများကိုလိုက်လံ၀ယ်ယူကာ လုံခြုံသည့်နေရာများတွင် တိတ်တဆိတ်သိမ်းထားကြ၏။ ဖှေးသည် ကြာရှည်သည့်စစ်ပွဲတစ်ခုကို တိုက်ခိုက်ရန်စီစဥ်နေသည့်အတွက်ပင်။
စစ်ဘက်ဆိုင်ရာဌာနသည် စားနပ်ရိက္ခာများကို ခြွေတာကြရန်လည်း ကြေငြာထား၏။ သူတို့သူမြို့သားများကို စားနပ်ရိက္ခာချွေတာရန်မှာကြားထားပြီး ဆောင်းဂျုံများနှင့် ကောက်ပဲသီးနှံများ ရိတ်သိမ်းတော့မည့်အချိန်ထိ တောင့်ခံထားကြရန်မှာကြားထား၏။
စစ်ဌာနသည် စားနပ်ရိက္ခာနှင့်ပတ်သက်သည့်အသေးစိတ်အစီစဥ်များကိုလည်း ချမှတ်ထား၏။
စစ်ဌာနသည်သာ စားနပ်ရိက္ခာများကို ၀ယ်ယူသိုလောင်နိုင်ကြောင်းအမိန့်ကို ထုတ်ပြန်ရန်ဖှေးခေါင်းဆောင်များကို မှာကြားထားသည်။ စားနပ်ရိက္ခာများစွာကို ၀ယ်ယူသိုလောင်ထားသည့်လူတိုင်းသည် ပထမဆုံးအကြိမ်သတိပေးခြင်းခံရမည်ဖြစ်ပြီး သတိပေးချက်ကို လျစ်လျူရှုသည့်လူတိုင်းအား ပြင်းထန်စွာအပြစ်ပေးမည်ဖြစ်သည်။
မြို့တော်အတွင်းတွင် အခြေအနေမငြိမ်သက်သည့်အတွက် ရာဇ၀တ်မှုများသည် ပိုမို၍ဖြစ်လာနိုင်၏။
ဖှေးဤကဲ့သို့သော ပြသနာများကို မုန်းတီးသောကြောင့် ရှေ့ပြေးတပ်ဖွဲ့မှ ကျွမ်းကျင်စစ်သည်များကို ရွေးချယ်ကာ ကင်းလှည့်တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းထား၏။ ရာဇ၀တ်မှုမျိုးစုံကို အပြစ်ပေး၏။ တစ်ရက်အတွင်းမှာပင် သူခိုးအဖွဲ့နှစ်ခုနှင့် မုဒိန်းမှုကျူးလွန်ခဲ့သည့် ကြေးစားစစ်သည်အဖွဲ့တစ်ခုကို ကွပ်မျက်ကာအပြစ်ပေးခဲ့သည်။ သူတို့၏ ဦးခေါင်းများကိုလည်း မြို့လည်ခေါင်တွင် ချိတ်ဆွဲကာ ပြသထား၏။
ဖှေးသည်လည်း တစ်ရက်တာလုံးအလုပ်များနေ၏။
သူသည် မှော်ဆရာများကို ကျေးဇူးတင်စကားပြောရရန်အတွက် မှော်ဆရာအစည်းရုံးထံသို့ မနက်ပိုင်းတွင်သွားရောက်ခဲ့သည်။ အမှန်ပင် သူသည် ယဥ်ကျေးစွာဖြင့် သူတို့အား မြို့တော်အား ဆက်လက်ကာကွယ်ပေးရန်လဲတောင်းဆိုခဲ့၏။
ဤမာနထောင်လွှားသည့် မှော်ဆရာများသည် မြို့တော်အား ကူညီလိုနေသည့်အတွက် သူ့အပေါ်တွင် ခင်မင်ရင်းနှီးလိမ့်မည်ဟု ဖှေးထင်ခဲ့၏။ သို့သော် တကယ့်လက်တွေ့တွင် ဆန့်ကျင်ဘက်ဖြစ်နေ၏။
မြို့တော်ထဲတွင် လေးစားမှုခံရဆုံးလူတစ်ယောက်ဖြစ်သည့် ရစ်ဘရီကိုယ်တိုင်ဖှေးအားခေါ်လာပြီး မိတ်ဆက်ပေးခဲ့သော်လည်း ဘုရင်တစ်ယောက်ထဲမှာ မှော်ဆရာအဖွဲ့စည်း၏ ဥက္ကဌနှင့်တွေ့ဆုံခွင့်ရခဲ့သည်။
ဥက္ကဌသည် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် အသက်၆၀အရွယ်အဖိုးကြီးတစ်ယောက်ဖြစ်ပြီး သူသည် ဖှေးအား မျှော်မျှော်စင်၏အရှေ့တွင် သူ၏အစေခံနှစ်ယောက်နှင့်အတူ စောင့်နေခဲ့သည်။
ကံမကောင်းစွာပင် ထိုအဖိုးကြီးသည် ခရီးသွားကဗျာဆရာများပြောသည့် ဇာတ်လမ်းများထဲကလို သဘောကောင်းကာ ဖော်ရွေသည့်အဖိုးကြီးတစ်ယောက်မဟုတ်ပေ။ သူ၏ မျက်နှာသည် မာကြောနေပြီး ဖှေးနှင့် စက္ကန့်၃၀ခန့်သာ စကားပြောခဲ့သည်။ သူသည် ဖှေးအား မှော်မျှော်စင်အတွင်းသို့ပင် မဖိတ်ခေါ်ခဲ့ပေ။ စကားပြောအပြီးတွင် အထဲသို့၀င်ကာ တံခါးပိတ်လိုက်၏။
ဖှေးသည် ဤကမ္ဘာသို့ရောက်ရှိစဥ်ကတည်းက ရရှိခဲ့သည့် စိုးမိုးနိုင်သည့်အရှိန်၀ါသည် ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။
“ဒီအဖိုးကြီးကအတော်ရိုင်းတာပဲ အရှင်မင်းကြီး သူ့ပြတင်းပေါက်တွေကို အုတ်ခဲနဲ့ ပစ်ခွဲလိုက်မယ်...” ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့နှစ်ယောက်လုံးသည် သူတို့ဘုရင်ဤကဲ့သို့ဆက်ဆံခံရသည်ကို မြင်တွေ့ရသည့်အတွက် ဒေါသဖြစ်သွား၏။
ဖှေး သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်ကာ နှစ်ယောက်လုံးချက်ချင်းပင် ပါးစပ်ပိတ်သွားတော့၏။
ဖှေးသည် မှော်မျှော်စင်မှ ထွက်ခွာလာပြီးသည့်အချိန်တွင် စခန်းသို့ချက်ချင်းမပြန်သေးပေ။ သူ၏ ကိုယ်ရံတော်များကို ပြန်လွှတ်ပြီးသည့်အချိန်တွင် မြို့တော်အတွင်း၌ တစ်ယောက်ထဲလှည့်လှည်နေ၏။
သူသည် ကန္တာရထဲတွင်တည်ရှိသည့် လှပသောမြို့တော်ကို ကြည့်ရှုခွင့်မရသေးသောကြောင့်ပင်။ အင်ပါယာယရှင်းသည် နဂါးလက်သီးကိုအသုံးပြု၍ ရေတွင်းတစ်ရာကို ဖန်တီးခဲ့သည့်အကြောင်းကိုတွေးလိုက်မိသည့်အချိန်တိုင်းတွင် စိတ်လှုပ်ရှားမိ၏။ သူ၏ နှလုံးသားသည် ခုန်လာပြီး သွေးများဆူပွက်လာမည်ဖြစ်သည်။
မကြာမှီတွင် သူသည် မြို့တော်၏ အရှေ့ဘက်မှရေတွင်းများကို ရှာတွေ့လိုက်၏။
လွင်ပြင်ကျယ်တစ်ခုဖြစ်နေပြီး ဤလွင်ပြင်သည် နေရာအများပြားကို ယူထား၏။ ရေတွင်းများသည် ကောင်းကင်ပေါ်မှ ကြယ်ပွင့်များကဲ့သို့ပြန့်ကျဲနေ၏။
ရေတွင်းတစ်ခုခြင်းစီတိုင်းသည် လေးမီတာခန့် အကျယ်ရှိပြီး ရေတွင်းနံရံများကို မှန်ကဲ့သို့ပင် ချောမွေ့သည့် အစိမ်းရောင်ကျောက်တုံးများကို အသုံးပြုပြီး စီချယ်ထား၏။ ရှေးကျသည့်ပုံစံရှိသည့် ရေတွင်းထဲသို့ ငုံ့ကြည့်လိုက်သည့်အချိန်တွင် ဖှေး အမှောင်ထဲတွင် ငွေရောင်အလင်းတန်းများကိုမြင်လိုက်ရ၏။ ဤသည်မှာ ရေမှ ရောင်ပြန်ဟပ်လာသည့်အလင်းရောင်များပင်။
ရေတွင်းတစ်ခုခြင်းစီ၏ ထိပ်တွင် မြူများဆိုင်းနေပြီး အ၀ေးမှကြည့်ပါက တိမ်တိုက်များကဲ့သို့ပင်။ ဤမြင်ကွင်းသည် ထူးခြားကာ လှပ၏။
ရေတွင်းများဘေးတွင် ရှုပ်ထွေးသည့်လမ်းကြောင်းများနှင့် ပိုက်တန်းများရှိနေ၏။ ရေများကို ရိုးရှင်းသည့် မှော်အစီတစ်ခုကို အသုံးပြုကာ ဆွဲတင်ပြီး မြို့အတွင်းသို့ပြန်လည်ဖြန့်၀ေထားခြင်းဖြစ်သည်။
ဖှေးသည် ရေတွင်းတစ်ခု၏ နံရံအား ဖြေးညှင်းစွာဖြင့် ပွတ်သပ်ကြည့်လိုက်ရာ ချက်ချင်းပင် အားကောင်းသည့်အရှိန်၀ါတစ်ခုကို အာရုံခံလိုက်မိသည်။
ဤသည်မှာ အလွန်ရင်းနှီးသည့်အရှိန်၀ါတစ်ခုပင်။
ဤညင်သာသော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်၀ါသည် ဖှေးအား သူ၏အရှေ့တွင် အင်ပါယာအရှင်သခင်ယရှင်းကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ခံစားရစေ၏။
“ဒါက နဂါးလက်သီးရဲ့ ခံစားချက်ပဲ...”