အခန်း (၅၀၂)
Vol. 32 Ch. 502
ဖှေးသည် ဒဏာရီလာနဂါးလက်သီးသိုင်းကွက်သည် မည်မျှပင် ဆန်းကြယ်ကြောင်းကို ကိုယ်တိုင်မြင်တွေ့ရခဲ့သည်။
ထိုသိုင်းကွက်သည် နတ်ဘုရားများကိုပင် အံ့သြစေနိုင်ပြီး နတ်ဆိုးများကို ထိတ်လန့်နိုင်စေ၏။
ထိုစဥ်က လူတိုင်းအင်ပါယာအရှင်သခင်ယရှင်းသေခါနီးနေပြီဟု ထင်နေသည့်အချိန်တွင် သူသည် သိုင်းပညာတောင်တန်းမှ အတော်တန်၀ေးသည့် နေရာတွင်ရှိသည့် နန်းတော်ထဲတွင် လက်သီးထိုးလိုက်ပြီး ရွှေရောင်မီးတောက်များသည် ကောင်းကင်အား ဖုံးလွှမ်းသွားခဲ့ပြီး ၅၀၀၀မီတာအမြင့် ဂရစ်ဖင်ကောင်များပေါ်တွင်ရှိနေသည့် လအဆင့်စစ်သည်သုံးယောက်ကို ဖျက်ဆီးခဲ့၏။
ထိုသိုင်းကွက်သည် ဖှေးမြင်ခဲ့ဖူးသမျှသိုင်းကွက်များထဲတွင် စွမ်းအားအမြင့်ဆုံးသိုင်းကွက်တစ်ခုပင်။
အင်ပါယာအရှင်သခင်ယရှင်းနှင့် နှိုင်းယှဥ်ကြည့်ပါက လအဆင့်စစ်သည်များစွာသည် အားနည်းနေ၏။ သူတို့အား အင်ပါယာအရှင်သခင်ယရှင်းနှင့် နှိုင်းယှဥ်နေခြင်းသည် ပိုးစုန်းကျူးများကို နေမင်းနှင့် နှိုင်းယှဥ်နေသကဲ့သို့ပင်။
ယနေ့တွင် ဖှေးသည် ထိုသိုင်းကွက်၏ စွမ်းအားအကြွင်းကျန်များကို အာရုံခံလိုက်မိခဲ့သည်။
သို့သော် ကွဲပြားမုတစ်ချို့ရှိနေ၏။ မြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင်ကြုံတွေ့ခဲ့ဖူးသည့် နဂါးလက်သီး၏ အရှိန်၀ါနှင့် နှိုင်းယှဥ်ကြည့်ပါက ဤအရှိန်၀ါသည် ပို၍ တက်ကြွပြီးစွမ်းအားပြင်းထန်နေသကဲ့သို့ပင်။ မြင့်တက်နေသည့် နေမင်းကဲ့သို့ပင်။ သူမြို့တော်စိန့်ပီတာစဘာ့တ်ထဲတွင် ကြုံတွေ့ခဲ့ဖူးသည့်အရှိန်၀ါသည်လည်း စွမ်းအားပြင်းထန်သော်လည်း ထိုအရှိန်၀ါသည် နေ၀င်တော့မည့် နေမင်းကဲ့သို့ပင်။
ဤကဲသို့ မတူညီသည့်အရှိန်၀ါနှစ်ခုသည် လူအများထင်နေသည့် သီအိုရီတစ်ခုကို သက်သေပြနေ၏။ အင်ပါယာအရှင်သခင်ယရှင်းသည် အမှန်တကယ်ပင် နတ်ရွာစံတော့မည်ဖြစ်သည်။
ဖှေးမည်ကဲသို့ ခံစားရမည်ကို မသိချေ။
......
အင်ပါယာအရှင်သခင်ယရှင် သူ၏ သာလွန်သောစွမ်းအားများကို ဖန်တီးပြီး ဤနေရာတွင် ရေတွင်းတစ်ရာကျော်ကို ဖန်တီးခဲ့စဥ်ကသူသည် စွမ်းအားအကြွင်းကျန်များအားလုံးကို စုစည်းကာဤနေရာတွင် ထိန်းချုပ်ထားခဲ့သည်။ ထိုကဲ့သို့သာ မပြုလုပ်ခဲ့ပါက ဤနေညသည် တားမြစ်နယ်မြေတစ်ခုဖြစ်နေမည်ဖြစ်သည်။ ထိုစွမ်းအားအကြင်းကျန်များကို ထိန်းချုပ်ထားခြင်းမရှိပါက မြို့သူမြို့သားများမဆိုစေကာမူ လအဆင့်စစ်သည်များပင် ဤနေရာသို့ ကပ်နိုင်ကြမည်မဟုတ်ပေ။
ဖှေးဤနေရာအားလည်ပတ်ကြည့်ရှုပြီးသည့်နောက်တွင် တစ်ခြားနေရာများကိုလည်း လှည့်လည်သွားလိုက်၏။
ချမ်ဘော့ဒ်ဘုရင်၏ နာမည်ကို မြို့တော်အတွင်းမှလူများအားလုံးသိရှိပြီးဖြစ်သော်လည်း လူတော်တော်များများသည် ဖှေး၏မျက်နှာကို မမြင်ဖူးကြသေးပေ။ ထို့ကြောင့် ဖှေးလမ်းလျှောက်နေသည့်အချိန်တွင် ဤ၀တ်ရုံအပြာရောင်၀တ်ဆင်ထားသည့်လူငယ်လေးသည် မြို့တော်အတွင်းရှိဆွေကြီးမျိုးကြီးများကို တုန်လှုပ်စေခဲ့သည့် ဘုရင်အလတ်ဇန္ဒားဖြစ်ကြောင်းကို မည်သူမှ မသိရှိကြပေ။
ဖှေးလမ်းမေးကာ မြို့တော်၏အရှေ့မြောက်ဘက်တွင်ရှိသည့် လယ်ကွင်းများထံသို့ လမ်းလျှောက်သွားလိုက်၏။
အလံနှစ်စုံမြို့၏ ခံတပ်နံရံများကို မြို့တော်တည်ထောင်စဥ်ကတည်းက မှော်အစီရင်များစွာကိုအသုံးပြု၍ စွမ်းအားမြှင့်တင်ထားခဲ့သည်။ ထို့ကြောင့် ကျောက်တုံးပစ်လောက်လွှဲများမှ ပစ်လွှတ်လိုက်သည့် ပေါင်တစ်သောင်းခန့်အားရှိသည့် ကျောက်တုံးကြီးများကို ခံနိုင်၏။ ထိုအပြင် ခံတပ်နံရံ၏အရှေ့တွင် အဆင့်နိမ့်မှော်အစွမ်းများကို ကာရံပေးထားသည့် မှော်အစီရင်များလဲရှိနေ၏။ ဤကဲ့သိုသောကြံ့ခိုင်သည့် ခံတပ်နံရံများရှိနေသည့်အတွက် အစာနှင့်ရေသာ လုံလုံလောက်လောက်ရှိပါက စစ်သည်၇၀၀၀၀နှင့် သောင်းချီသောမြို့သားများသည် စစ်ပွဲအား၃နှစ်ခန့်တောင့်ခံနိုင်ထားလိမ့်မည်ဟု ယူဆမိ၏။
ထို့ကြောင့် ဖှေးသည် ရေတွင်းများအား စစ်ဆေးပြီးသည့်နောက်တွင် လယ်ကွင်းများကို လာရောက်စစ်ဆေးနေခြင်းပင်။
အလံနှစ်စုံမြို့သည် ကန္တာရထဲတွင်တည်ရှိနေသည့် အတွက် လယ်ကွင်းများ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်အား မြို့တော်ထဲတွင်မြင်တွေ့နေရ၏။ ထိုလယ်ကွင်းများကို ရေတွင်းများမှ ရေများပုံမှန်ပေးပို့ပေးလျှက်ရှိသည်။ မြို့တော်တွင်းတွင်ရှိသည့် လယ်ကွင်းများသည် စစ်ပွဲကြောင့်ပျက်ဆီးခြင်းမရှိသေးသည့်အတွက် ဖှေးသည် စစ်သည်တစ်ချို့အား လယ်ကွင်းအားကာကွယ်စောင့်ရှောက်မှုကို ပို၍ အင်အားတိုးမြှင့်ရန်မှာကြားထား၏။
လယ်ကွင်းများ၏ အရှေ့မြောက်ဘက်တွင် နေရာတော်တော်များများကို ယူဆောင်ထား၏။
နှစ်၂၀ခန့်ပျိုးထောင်လာခဲ့သဖြင့် ဤလယ်ကွင်းများသည် အလွန်အထွက်နှုန်းကောင်းလှ၏။ ဖှေးသည် ဤကဲ့သို့သော နေ့နှင့်ည အပူချိန်ကွာြခားသည့်ရာသီဥတုမျိုးတွင် အပင်များမည်ကဲ့သို့စိုက်ပျိုးကြသည်ကို စိတ်၀င်စားနေမိခဲ့သည်။ နောက်ဆုံးတွင် လယ်ကွင်းများကို မြင်တွေ့လိုက်ရပြီး သူသဘောပေါက်သွားပြီဖြစ်၏။
လယ်ကွက်များကြားထဲတွင် မှော်အစီရင်များရေးထိုးထားသည့်ကြီးမားသည့် ကျောက်တုံကြီးများ ရှိနေ၏။
ဤအရာများအားလုံးသည် မှော်လမ်းကြောင်း၂၁ခုပါရှိသည့် ရိုးရှင်းသည့် သုံးထောင့်ကြယ်မှော်အစီရင်များဖြစ်ကြပြီး မှော်ပညာအား နက်ရှိုင်းစွာနားလည်သည့် လူတစ်ယောက်မှ ပြုလုပ်ထားခြင်းပင်။ ဤမှော်အစီရင်များအလုပ်လုပ်ပုံမှာ အပူချိန်ကျဆင်းသည့် ညအချိန်သို့ရောက်ရှိသည့်အချိန်တွင် ပတ်၀န်းကျင်သို့ အပူဓာတ်ထုတ်လွှတ်ပေးရန်ဖြစ်၏။ ထိုမှသာ ကောက်ပင်များ အေးခဲကာ မသေဆုံးကြမည်ဖြစ်သည်။
ကန္တာရထဲတွင် နေရောင်ခြည် အမြဲရရှိနေသည့်အတွက် အလံနှစ်စုံမြို့ထဲမှ ကောက်ပင်များသည် အင်ပါယာထဲမှ ကောက်ပင်များထက်ပင် ပို၍အရည်သွေးမြင့်သည်ဟု ဆိုနိုင်၏။
လယ်ကွင်းထဲတွင် စုစုပေါင်းမှော်ကျောက်တုံး၄၀၀ခန့်ရှိနေပြီး ကျောက်တုံးတစ်ခုခြင်းတိုင်းသည် တစ်နှစ်တာအလုပ်လုပ်နိုင်ရန်အတွက် အဆင့်နိမ့်မှော်တလင်းကျောက်တစ်လုံးသာလိုအပ်၏။ ဤကဲ့သို့သော မှော်ပညာကိုအသုံးပြုကာ ပြုလုပ်သည့် ပစ္စည်းများသည် ဖှေးယခင်ဘ၀တွင်နေထိုင်ခဲ့စဥ်က အသုံးပြုခဲ့သည့် နည်းပညာများထက်ပင် ပို၍ ထိရောက်မုုရှိကြောင်းကို ၀န်ခံရမည်ဖြစ်သည်။
ဖှေးသည် ဤတန်ဖိုးရှိသည့်လယ်ကွင်းများကို များစွာအာရုံစိုက်ပေးခဲ့သည့် ဇီးနစ်အင်ပါယာမှ အရာရှိများကို ကျေးဇူးတင်ရမည်ဖြစ်သည်။
ပါးကွပ်သားသူရဲကောင်းများသည် လယ်ကွင်းများအားနှစ်တိုင်းလာရောက်စစ်ဆေးလေ့ရှိသည်ဟုလည်း ပြောကြ၏။ ဤအတွက်ကြောင့်သာ ဆိုရိုယော့ခ်နှင့် ဆွေကြီးမျိုးကြီးများသည် လယ်ကွင်းများကို ဖျက်ဆီး၍ ပန်းခြံများမဆောက်လုပ်ပစ်နိုင်ခဲ့ခြင်းပင်။
ဖှေးလန်းဆန်းနေသည့် အစိမ်းရောင်ကောက်ပင်များကို မြင်တွေ့ရသည့်အတွက် စိတ်ချမ်းသာနေ၏။
အရာအားလုံးသည်အစီစဥ်အတိုင်းပဲသွားမည်ဆိုပါက ဤကောင်ပင်များကို မေလတွင် ရိတ်သိမ်းနိုင်မည်ဖြစ်ပြီး မြို့တော်တစ်ခုလုံးကို နောက်ထပ်တစ်နှစ်စာအစားသောက်ဖူလုံစေမည်ဖြစ်သည်။
အင်ပါယာအရှင်သခင်ယရှင်းသည် မြို့တော်ကို စတင်တည်ထောင်ခဲ့စဥ်ကတည်းက လက်ရှိအဖြစ်ပျက်ကို ကြိုတင်တွေးခဲ့သည်ဟုပင် ဖှေးထင်မိသည်။ သူသည် ရေတွင်းများ၊ လယ်ကွင်းများကို ဖန်တီးခဲ့ပြီး ခိုင်မာသည့် ခံတပ်နံရံများကိုလည်း ဖန်တီးပေးခဲ့သည့်အတွက်ပင်။
......
အပြန်လမ်းမတွင် ဖှေးဖြေးဖြေးခြင်းလမ်းလျှောက်လာပြီး မြို့တွင်းမှ တည်ငြိမ်သည့်လေထုကို ခံစားနေ၏။ ပစ္စည်းများရောင်းချနေကြသည့် ကုန်သည်များ၏အော်ဟစ်သံများ၊ ဆော့ကစားနေကြသည့်ကလေးများ၏ ရယ်မောသံများ၊ ညစာချက်ပြုတ်နေကြသောအမျိုးသမီးများ၏ စကားပြောသံများ၊ ပြေးနေသည့် ခွေးများကြောင်များ၏ ဆူညံသံများသည် ဖှေးအား အလွန်သက်တောင့်သက်သာ ဖြစ်နေစေလျှက်ရှိသည်။
“ဟမ် မင်းလား...” သူ၏အနောက်မှ အံ့သြသွားသည့်အသံတစ်ခုကို ကြားလိုက်ရ၏။
ဖှေးတစ်ဖက်သို့လှည့်လိုက်ကာ ပခုံးပေါ်တွင် ဂျုံအိတ်တစ်အိတ်ထမ်းထားသည့် ပြုံးနေသော အီမိုးလ်-ဟူစကီကို တွေ့လိုက်ရ၏။ ဤရိုးသားပွင့်လင်းသည့် အဆင့်နိမ့်ခေါင်းဆောင်သည် သူ့အား အပြုံးတစ်ခုနှင့်အတူ ကြည့်နေ၏။
“တိုက်ဆိုင်တာပဲ အီမိုင်းလ်..မင်းဘယ်သွားမလို့...” ဖှေးပြုံးလိုက်ကာ ချွေးများပျံနေသည့် ဤလူကို မေးလိုက်၏။
“ဟီးဟီး စစ်ဌာနက ကျွန်တော့ကို သုံးလစာလစာထုတ်ပေးလိုက်ပြီလေ။ အဲ့တာကြောင့် ကျွန်တော့ညီမအတွက် ဂျုံမှုန့်တစ်အိတ်၀ယ်လာတာ...” အီမိုင်းလ်သည် သူ၏ခေါင်းကို ကုတ်ကာရ်လိုက်၏။ ထို့နောက်တွင် အနီးတွင်မည်သူမှ ရှိမနေကြောင်း သေချာအောင်ကြည့်လိုက်ကာ အီမိုင်းလ်သည် ဖှေးအနီးသို့ကပ်လာပြီး ကပ်ပြောလိုက်၏။ “ဟေး တပ်ဖွဲ့ကလောလောဆယ်မှ အလုပ်များနေတာ။ မင်းဘယ်လိုလုပ်ပြီး လျှောက်သွားဖို့အချိန်ရခဲ့တာလဲ။ မင်းရဲ့အထက်လူကြီးသိရင် ဒုက္ခရောက်လိမ့်မယ်။ နံပါတ်၁စစ်ရေးခေါင်းဆောင် ဘုရင်အလတ်ဇန္ဒားက အတော်လေးတင်းကြပ်ပြီး စည်းကမ်းကြီးတယ်ဆိုပဲ။ မြို့တော်၀န်နဲ့ ဆွေကြီးမျိုးကြီးတွေတောင် သူ့ကို မလွန်ဆန်ရဲကြဘူး။ ဆွေကြီးမျိုးကြီးတစ်ချို့ကလိုလည်း ကွပ်မျက်ခဲ့တာ။ မင်းအပြစ်ပေးခံနေရလိမ့်မယ်...”
ဖှေးရယ်စရာကောင်းသလို ခံစားလိုက်ရသည်။ သူပြုံးကာ ပြောလိုက်၏။ “စိတ်မပူပါနဲ့ င့ါမှာ အထက်လူကြီးစီက ခွင့်ပြုချက်ရထားပါတယ်...”
“ဒါဆိုကောင်းတာပေါ့..ကျွန်တော်နဲ့ ကျွန်တော့ညီမအိမ်ကိုလိုက်ခဲ့လေ။ ကျွန်တော်ဂျုံတွေ၀ယ်လာတာ။ ညီမက ပျားရည်ပေါင်မုန့်လုပ်မလို့။” ဟူစကီသည် အလွန်ခင်မင်တတ်သည့်လူတစ်ယောက်ပင်။ သူဖှေးအားချက်ချင်းပင် ဖိတ်ခေါ်လိုက်သည်။
အနည်းငယ်စောသေးသောကြောင့် ဖှေးလည်း ဖိတ်ခေါ်မှုကို လက်ခံလိုက်၏။
သူသည် ဤပွင့်လင်းသည့် ခေါင်းဆောင်နှင့်အတူ လမ်းလျှောက်လိုက်လာနေပြီး လမ်းဘေးတွင်ရှိနေသည့် အဆောက်ဦးများသည် တဖြည်းဖြည်းနည်းပါးလာတော့၏။ မိနစ်၂၀ခန့်လမ်းလျှောက်ပြီးသည့်အချိန်တွင် သူတို့နှစ်ယောက်၀ါးထရံများဖြင့် ကာရံထားသည့် ရိုးရှင်းသည့် ခြံ၀န်းတစ်ခုအနီးသို့ရောက်လာကြ၏။
အဖြူရောင်သိုးမတစ်ကောင်သည် မြေပြင်ပေါ်တွင် အိပ်နေပြီး သိုးကလေးနှစ်ကောင်မှာ တစ်ယောက်နှင့်တစ်ယောက်ကစားနေကြ၏။ ကြက်အနည်းငယ်မှာ အရွက်တစ်ချို့ကို စားနေရင်းဖြင့် တွန်သံများပြုလုပ်နေကြ၏။
“ခြံထဲတွင် အစိမ်းရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် အိမ်နှစ်လုံးရှိနေပြီး အမိုးများကို ကောက်ရိုးများဖြင့် ပြလုပ်ထား၏။ အသားခြောက်တစ်ချို့ကို နံရံပေါ်တွင် ချိတ်ဆွဲထားသည်။ အိမ်မွေးကြောင်နှစ်ကောင်မှာ ဤအသားများကို စားသောက်လိုသည့်အတွက် ထိုအနီးတွင်လှည့်ပတ်ကာ သွားလာနေလျှက်ရှိ၏။
“ဟေး ဂျက်စီကာ အကိုပြန်လာပြီ။ ငါဧည့်သည်တစ်ယောက်ပါလာတယ်။” အီမိုင်းသည် ဂိတ်တံခါးကို တွန်းဖွင့်လိုက်ပြီး အော်ဟစ်လိုက်သည်။ သူ၏အသံသည် မိုးကြိုးကဲ့သို့ပင် ကျယ်လောင်လှ၏။
ဖှေးပြုံးလိုက်သည်။ ဤဟူစကီဟု ခေါ်သည့်လူမှာ အတော်တန်ပင် ရယ်ဆရာကောင်းလှသည်။
“ချွတ်...”
သစ်သားတစ်ကားပွင့်သွားပြီး ဖှေး၏မျက်လုံးများအရောင်တောက်ပသွား၏။
အမဲရောင်ဖျင်ကြမ်းတစ်ထည်နှင့် အပြာရောင်ပန်းပွင့်ပုံပါသည့် ခေါင်းစည်းကြိုးတစ်ခုကို ၀တ်ဆင်ထားသည့်အမျိုးသမီးတစ်ယောက်သည် အိမ်အတွင်းမှ လမ်းလျှောက်ထွက်လာ၏။
ဤကောင်မလေးသည် ၁၈နှစ်အရွယ်ရှိပုံရ၏။ သူမသည် အတော်တန်ချစ်စရာကောင်းသည့် ကောင်မလေးတစ်ယောက်ပင်။ သူမ၏ခန္ဓာကိုယ်သည် ငယ်ရွယ်နုပျိုနေသေးပြီး လှပနေ၏။ သူမသည် ၁.၇မီတာခန့်အရပ်မြင့်ပြီး သူမ၏ ခြေထောက်များသည် တစ်ခြားကောင်မလေးများထက်ပို၍ ရှည်လျား၏။ သူမ၏မျက်ခုံးများသည် ပါးလွှာကာ စူးရှနေသည်။ သူမ၏ ပြီးပြည့်စုံကာ ကြည်လင်နေသည့် အမဲရောင်မျက်လုံးလေးများသည် တောက်ပကာ ဆွဲဆောင်မှုရှိနေ၏။
အကြောင်းပြချက်တစ်ချို့ကြောင့် ဖှေးဤကောင်မလေးကို အရင်ကလည်းမြင်ဖူးသလို ခံစားနေရသည်။
သူသည် သူမ၏ ရုပ်ရည်အသွင်ပြင်ကြောင့် ထိတ်လန့်အံ့သြသွား၏။
သူသည် ဟူစကီကဲ့သို့သော ကြမ်းတမ်းကာ သန်မာထွားကျိုင်းသည့် လူတစ်ယောက်တွင် ဤကဲ့သို့ ချစ်စရာကောင်းသည့် ညီမတစ်ယောက်ရှိနေလိမ့်မည်ဟု ထင်မထားသည့်အတွက်ပင်။ မကြာမှီတွင် ဂျက်စီကာအား ရင်းနီးသလိုခံစားနေရခြင်းသည် သူမ၏မျက်လုံးများနှင့် အရှိန်၀ါတို့သည် အန်ဂျယ်လာနှင့် တူညီသလိုဖြစ်နေသည့်အတွက်ပင်။ သူသည်သာမျက်လုံးများကို မှိတ်လိုက်ပါက သူ၏ဇနီးလောင်းအရှေ့တွင်ရောက်နေသလိုပင် ထင်မြင်မိမည်ဖြစ်သည်။
“အာ အီမိုင်းလ် အကိုပြန်လာပြီလား...” ကောင်မလေးသည် တောက်ပသည့်အပြုံးတစ်ခုနှင့်အတူ ပြေးထွက်လာ၏။ သူမအကို၏လက်များကို လှမ်းကိုင်ကာရယ်မောလိုက်သည်။ “ဟဟ အကိုဂျုံတွေပါလာတယ်ပေါ့။ အတော်ကြီးတဲ့ အိတ်ပဲ။ အကို့လိုနွားတစ်ကောင်ကို ကျွေးဖို့အတွက် ပျားရည်ပေါင်မုန့်လုံလုံလောက်လောက်လုပ်လို့ရတာလဲ...”
“ဟေး နင်က ကိုယ့်အကိုကိုယ်နွားလို့ခေါ်နေတာလား...” ဟူစကီသည် ဂျုံအိတ်ကို အောက်သို့ချလိုက်ပြီး ပြောလိုက်၏။ ရုတ်တရက် သူတစ်စုံတစ်ခုကို စဥ်းစားလိုက်မိသဖြင့် မေးလိုက်၏။ “ဂျက်စီကာ အာနိုးနဲ့ နိုက်တ်တို့လို ခွေးသားတွေ နင့်ကို အနှောင့်ယှက်လာပေးနေသေးလား...”