အခန်း (၅၀၈)
Vol. 32 Ch. 508
“ဆာ...”
“အရှင်မင်းကြီးဘာတွေဖြစ်နေတာလဲ...”
ရှိဗ်ချန်ကို၊ ပီတာနှင့် ရစ်ဘရီတို့သည် ရေတွင်းများတည်ရှိရာမြို့တော်၏ အရှေ့ပိုင်းသို့ လျှင်မြန်စွာပင်ရောက်ရှိလာကြ၏။ ဖှေးကဲ့သို့ပင် သူတို့သည်လည်း ရေတွင်းများ၏အရေးကြီးပုံကိုနားလည်သောကြောင့် သူတို့လည်း စိုးရိမ်နေလျှက်ရှိကြသည်။
“သေတော့မသေချာသေးဘူး။ ငါစိတ်၀င်စားစရာကောင်းတာ တစ်စုံတစ်ခုကို ရှာတွေ့ထားတယ်။” ဖှေးသည် ခေါင်းရမ်းကာ သူ၏မျက်လုံးများကို ဖွင့်ကာ ပြောလိုက်၏။ “ရစ်ဘရီ မင်းက ဒီမြို့မှာ နှစ်ပေါင်းများစွာနေခဲ့ဖူးတာပဲ။ အလံနှစ်စုံမြို့တော်စတင်တည်ဆောက်တုံးက ထူးဆန်းတာတွေဖြစ်ခဲ့ဖူးလား...”
“ကျွန်တော်က ဒီမြို့မှာပဲ မွေးပြီးတော့ ဒီမြို့မှာပဲ ကြီးပြင်းလာတာပါ။ ကျွန်တော်မွေးလာတုန်းက ဒီမြို့တော်က တည်ဆောက်ပြီးနေပါပြီ။ ကျွန်တော့ရဲ့ မိဘတွေပြောဖူးတဲ့ သမိုင်းကြောင်းတွေထဲမှာလဲ ထူးဆန်းတာတွေဖြစ်ခဲ့တယ်လို့ မပါဘူး။ ဘာလို့လဲဆရာ...” ရစ်ဘရီသည် ဖှေး၏ မေးခွန်းကို အကောင်းဆုံးကြိုးစားကာဖြေလိုက်၏။
“ဘာမှမဟုတ်ပါဘူး...” ဖှေးသည် ကျန်သည့်လူများမသိသေးသည့် လျို့၀ှက်ချက်တစ်ခုခုကို သိရှိလိုက်ကြောင်းအား သိလိုက်၏။ ဤနေရာတွင်လူပေါင်းများစွာရှိနေသည့် အတွက်သူသည် ချက်ချင်းထုတ်ဖော်ပြောကြားလိုခြင်းမရှိသေးပေ။
“မြို့တော်တည်ဆောက်မှုနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကရော ဘယ်နေရာမှာ သိမ်းထားလဲ...” ဖှေးမေးလိုက်၏။
“အဲ့မှတ်တမ်းတွေက မြို့တော်၀န်ရဲ့ စံအိမ်ထဲမှာရှိပါတယ်...” အရှင်ကြည့်ချင်တယ်ဆိုရင် အချိန်မရွေးယူလာပေးလို့ရပါတယ်...”
“အေးကောင်းတယ်။ ယာယီအနေနဲ့ ဒီနေရာကို လော့ခ်ဒေါင်းချလိုက်။ နောက်ပြီးတော့ ရေတွင်းကောင်းသေးတယ်ဆိုတဲ့အကြောင်းကို လူတွေကိုအသိပေးလိုက်။ မင်းတို့ကောင်တွေဒီနေရာကို စောင့်ကြပ်ထားကြ။ ငါဘာတွေဖြစ်နေလဲဆိုတာကြည့်ဖို့ ရေတွင်းထဲကိုဆင်းကြည့်လိုက်ဦးမယ်...”
ရှိဗ်ချန်ကို၊ ပီတာနှင့် ရစ်ဘရီတို့သည် ထိတ်လန့်သွားကြပြီးဖှေးအား တားဆီးရန်ကြိုးစားလိုက်ကြသည်။
“ဆာ အောက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့မသိရသေးဘူး အန္တရာယ်များတာဖြစ်နိုင်တယ်။ ဆာက မြို့ထဲမှာ ရှိတဲ့လူတွေအကုန်လုံးရဲ့ မျှော်လင့်ချက်တစ်ခုလေ အဲ့လို မစွန့်စားသင့်ပါဘူး...” သူတို့အားလုံးပြောလိုက်ကြသည်။
သူတို့ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ဖှေးအစား ရေထွင်းထဲသို့ သူတို့ကိုယ်တိုင်ဆင်းကြည့်လိုသည်ဟု အပြိုင်ပြောလိုက်ကြ၏။
ဖှေး အနည်းငယ်ပျော်ရွှင်သွား၏။
ပီးရာ့စ်၊ ဒရော့ဂ်ဘာနှင့် ပီတာတို့ဤကဲ့သို့ပြုမူနေပါက ဖှေးသည် သူတို့၏ ဘုရင်ဖြစ်သောကြောင့် သဘာ၀ကျသေးသည်။ သို့သော် ရှိဗ်ချန်ကို၊ ရစ်ဘရီတို့နှင့် သိသည်မှာ ရက်ပိုင်းသာရှိသေးသော်လည်း သူတို့သည် သူ့အား အလွန်ပင် စိုးရိမ်ပေးလျှက်ရှိနေကြသည်။ ထို့အပြင် ဟန်ဆောင်နေပုံနှင့်လဲ မတူညီလှပေ။
သူ၏ပတ်လည်တွင် ဤကဲ့သို့ခေါင်းဆောင်များရှိနေသည့်အတွက် ဖှေးသည် ရန်သူများအားခုခံရန်အတွက် ပို၍ ယုံကြည်ချက်ရှိလာ၏။
“ရပါတယ်။ ငါကိုယ်တိုင်သွားကြည့်ချင်လို့ပါ။ ငါဘာလုပ်နိုင်လဲဆိုတာကို ငါကိုယ်တိုင်သိပါတယ်။ အသက်အန္တရာယ်ဖြစ်လောက်တဲ့ထိ အရဲမစွန့်ပါဘူး။ မင်းတို့ကောင်တွေ ဒီနေရာကိုပဲ ကောင်းကောင်းကာကွယ်ပေးထားကြ။ နောက်ပြီးတော့ ခံတပ်နံရံပေါ်က စစ်သည်တွေကိုလည်း သတိထားဖို့ပြောလိုက်။ ရန်သူတွေ ဒီအခွင့်ရေးကိုအသုံးချပြီးမကျူးကျော်လာစေနဲ့...”
ဖှေး၏ ခေါင်းဆောင်များသည် ထိတ်လန့်အံ့သြနေကြဆဲဖြစ်သော်လည်းဖှေးအား တားဆီးလိုက်နိုင်ခြင်းမရှိပေ။ သူတို့မတုန့်ပြန်နိုင်သေးခင်မှာပင် ဖှေးသည် ရေတွင်းထဲသို့ ခုန်ချသွားပြီဖြစ်သောကြောင့်ပင်။
......
......
ရေတွင်းများထဲမှ ရေသည် အလွန်ပင် အေးစက်လှသည်။
ဖှေးရေထဲသို့ရောက်လျှင်ရောက်ခြင်းပင် လူရိုင်းဇာတ်ကောင်၏အစွမ်းတစ်ချို့ကို ထုတ်လွှတ်လိုက်ရာ အချင်း၃မီတာခန့်ရှိသည့် စက်လုံးတစ်ခုသည် သူ၏ပတ်ပတ်လည်တွင်ပေါ်လာတော့၏၊ စက်လုံးထဲတွင် လေများဖြည့်ထားပြီး အေးစက်သည့် ရေများကို ၀င်ရောက်မလာအောင်တားဆီးကာ ဖှေးသည် စက်လုံးအတွင်းတွင်ရပ်နေရင်းဖြင့် ရေစိုခြင်းမရှိပေ။
သူ၏စွမ်းအားကို ထိန်းချုပ်ပြီး ရေအောက်သို့ ဖြေးညှင်းစွာဆင်းလာခဲ့၏။ သူ၏ ပတ်ပတ်လည်အား အာရုံခံနိုင်ရန်အတွက် သူ၏ ၀ိဉာဥ်စွမ်းအားများကိုလည်း ဖြန့်ကျက်ထားသည်။ အန္တရာယ်တစ်စုံတစ်ရာချည်းကပ်လာပါက အချိန်မှီတုန့်ပြန်နိုင်စေရန်ဖြစ်သည်။
ဖှေးသည် ရေစီးကြောင်းများကို အာရုံခံလိုက်မိပြီး ရေများမည်ကဲ့သို့အပေါ်သို့ ပျံတက်နေရသည်ကို နားလည်လိုက်သည်။
ဆယ်မိနစ်ခန့်ကြာသည့်အချိန်တွင် ဖှေးသည် ရေတွင်းများကို ကျော်လွန်ကာကျယ်ပြန့်သည့် မြေအောက်ပင်လယ်ထဲသို့ရောက်ရှိလာ၏။
ဤနေရာတွင် အလွန်မှောင်မဲလှပြီး ရေများသည်အမဲရောင်မှင်များကဲ့သို့ပင်။
လယ်ဗယ်၉၀ လူရိုင်းဇာတ်ကောင်တစ်ယောက်အနေဖြင့် ဖှေးသည် သူနှင့်ဆယ်မီတာပတ်လည်ကိုသာ မြင်နိုင်ရ၏။ သူ၏ ပတ်ပတ်လည်တွင်ရှိနေသည့် အမှောင်ထုသည် အလင်းကို ၀ါးမျိုထားပြီး မြေအောက်ရေစီးကြောင်းများသည် မိုးချုန်းသံကဲ့သို့သောအသံများကို ပြုလုပ်နေလျှက်ရှိသည်။
သို့သော် ဖှေး၏ ၀ိဉာဥ်စွမ်းအားသည်အမြင်အာရုံကဲ့သို့ပြုမူပေးနေပြီး ဖှေးသည် ပတ်ပတ်လည် မီတာ၁၅၀၀ကို ၀ိဉာဥ်စွမ်းအားဖြင့်မြင်နိုင်စွမ်းရှိ၏။
သို့သော် ထိုအမြင်အာရုံကပင် မြေအောက်ပင်လယ်ပြင်နှင့် နှိုင်းယှဥ်ကြည့်ပါက သေးငယ်နေသေး၏။
သူ၏အပေါ်တွင်ရှိသည့် မျက်နှာကျက်မှလွဲ၍ ဖှေးအာရုံခံနိုင်သည့်အရာမှာ ပတ်လည်တွင်ရှိနေသည့် ရေအေးများပင်။ သူသည် သက်ရှိများကိုအာရုံခံနိုင်ခြင်းမရှိပဲ ဤအေးစက်ကာ ကျယ်ပြန့်မှောင်မိုက်သည့် မြေအောက်ပင်လယ်သည် သေမင်း၏ တိုင်းပြည်ကဲ့သို့ ခံစားနေရ၏။
“ရေက အေးလွန်းလို့ သာမန်သက်ရှိတွတော့ အသက်ရှင်နိုင်မှာမဟုတ်ဘူး...”
ဖှေး စဥ်းစားကြည့်လိုက်ပြီး ခနရပ်လိုက်သည်။ ထို့နောက်တွင် ရေတွင်း၏ တည်နေရာကို မှတ်သားလိုက်ပြီး အောက်သို့ဆက်လက်ကာ ဆင်းသက်ခဲ့၏။
“ဒီပင်လယ်က ဘယ်လောက်ပဲကြီးနေကြီးနေ အောက်ခြေတော့ ရှိရမယ်...” သူတွေးလိုက်မိသည်။
ရေအောက်သို့ ဆယ်မိနစ်ခန့်ဆက်လက်ဆင်းသက်လာခဲ့ပြီးသည့်နောက်တွင် ဖှေး ဖိအားများစွာကို အာရုံခံလိုက်ရသည်။
ဤအချိန်တွင် ဖှေးသည် အပေါ်တွင်ရှိနေသည့် ရေဖိအားများကို ခံနိုင်ရန်အတွက် လယ်ဗယ်၉၀လူရိုင်းဇာတ်ကောင်၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်ထားရ၏။
နောက်ထပ် ဆယ်မိနစ်ခန့်ဆက်လက်ဆင်းသက်ပြီးသည့်နောက်တွင် ရေဖိအားသည် ပို၍ပင် သန်မာလာ၏။
နောက်ဆုံးတွင် ဖှေးသည် သူ၏ ဒိုင်ယာဘလိုကမ္ဘာမှ ပစ္စည်းများအားလုံးကို ဆင့်ခေါ်လိုက်ရပြီး ထိုပစ္စည်းများ၏စွမ်းအားကိုအသုံးပြုကာ တောင့်ခံထားရ၏။
ယခုအချိန်တွင် ဖှေးသည် ပင်လယ်အောက် ၁၅၀၀မီတာခန့်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။
“ဆက်ပြီးတော့ ဆင်းကြည့်လို့မရတော့ဘူး။ ရေဖိအားက အတော်လေးပြင်းထန်လွန်းတယ်။ အန္တရာယ်ရှိလာနိုင်တယ်...” ဖှေးသည် သူ၏ခေါင်းကို ခါရမ်းကာတွေးလိုက်မိသည်။ “ဒီပင်လယ်က အတော်လေးကြီးမားလွန်းတယ် ငါသက်ရှိတွေကိုအာရုံမခံနိုင်တာကအတော်လေးထူးဆန်းတာပဲ သဘာ၀တရားကြီးက ဆန်းကျယ်လွန်းပါတယ်....”
ဤအခိုက်တန့်တွင် ရုတ်တရက်တစ်စုံတစ်ခုပြောင်းလဲသွား၏။ လှိုင်းထန်နေသည့် မြေအောက်ပင်လယ်ပြင်သည် တဖြည်းဖြည်းဖြင့် ငြိမ်သက်သွားကာ ပင်လယ်ထဲတွင်ရှိနေသည့် မမြင်နိုင်သည့်စွမ်းအားသည်လည်း ရုတ်တရက်ပျောက်ကွယ်သွား၏။
ရုတ်တရက်အပြောင်းလဲသည် ဖှေးအား အလွန်ပင်ထိတ်လန့်အံ့သြသွားစေပြီး ၀ိဉာဥ်စွမ်းအားကို အသုံးပြုကာ အောက်သို့ ငုံ့ကြည့်လိုက်မိသည်။
ရုတ်တရက်ပင် သူ၏မျက်လုံများပြူးကျယ်သွားတော့၏။
ရေသူမကဲ့သို့သော သတ္တ၀ါများစွာသည် အောက်ခြေ၁၅၀၀မီတာခန့်တွင် ကူးခတ်နေကြသည်ကို မြင်တွေ့လိုက်မိသည့်အတွက်ပင်။ ထိုသတ္တ၀ါများသည် လျှင်မြန်စွာပင် ကူးခတ်နေကြပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် ပျောက်ကွယ်သွားကြ၏။
ထိုသတ္တ၀ါများ၏ အောက်တွင် ဖှေးသည် သူ၏ ၀ိဉာဥ်စွမ်းအားဖြင့် ကြီးကျယ်ခန့်ညားသည့်နန်းတော်ဆောင်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
“ဟာ ပင်လယ်အောက်ခြေမှာ နန်းတော်ဆောင်တွေရှိနေတာလား...WTF...”
ဖှေးသည် အလွန်ထိတ်လန့်အံ့သြသွားသဖြင့် သဘာ၀အတိုင်းပင် ကျိမ်ဆဲလိုက်မိသည်။
သူ၏ စိတ်ကို ပြောင်းလိုက်ပြီး ပို၍ ကောင်းကောင်းမွန်မွန်ကြည့်နိုင်ရန်အတွက် အောက်သို့ဆက်လက်ဆင်းသက်ရန်ကြိုးစားကြည့်လိုက်သည်။
သို့သော် သူ၏ ၀ိဉာဥ်စွမ်းအားအသုံးပြုနိုင်သည့်နေရာပမာနမှာ တဖြည်းဖြည်း ကျံ့လာသကဲ့သို့ပင် ခံစားနေရသည်။ ရေဖိအားသည်လည်း ပို၍ပို၍ ပြင်းထန်လာနေလျှက်ရှိသည်။ စက်လုံးအတွင်းမှ ညင်သာသည့်ကွဲအက်လာသံတစ်ချို့ကိုလည်း ကြားလိုက်ရသည်။ ဖှေးသည် ထိုသတ္တ၀ါများနှင့် ပင်လယ်အောက်တွင်ရှိနေသည့် နန်းတော်ဆောင်များကိုလည်း ဆက်လက်မြင်တွေ့နိုင်ခြင်းမရှိတော့ပေ။
ခနတာစဥ်းစားပြီးသည့်နောက်တွင် ဖှေးလက်ရှိတွင် လက်လျှော့လိုက်ရန်အတွက်ဆုံးဖြတ်လိုက်၏။ သူသည် လက်ရှိစွမ်းအားဖြင့် နောက်ထပ်မီတာ၁၅၀၀ခန့်နက်ရှိုင်းစွာဆင်းသက်ရန်မှာမဖြစ်နိုင်သေးပေ။ အတင်းကြိုးစားကြည့်ပါက သူ၏ခန္ဓာကိုယ်သည် ရေဖိအားကြောင့် အရိုးတခြားအသားတခြားပင်ဖြစ်သွားနိုင်၏။ သူသည် ပင်လယ်အောက်တွင်ရှိနေသည့် အရာများကို သိရှိလိုပါက သူ၏ ၀ိဉာဥ်စွမ်းအားကို မြှင့်တင်ရဦးမည်ဖြစ်သည်။ သူသည် ပင်လယ်အောက်တွင်ရှိနေသည့် လျို၀ှက်ချက်များကိုလေ့လာသိရှိလိုပါက လအဆင့်စစ်သည်တစ်ယောက်အရင်ဖြစ်လာရဦးမည်ဖြစ်သည်။
ဖှေးသည် ရေစီးကြောင်းအတိုင်းပင် အပေါ်သို့ ပြန်တက်လာခဲ့၏။